ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဒဂုန်တာရာ ကြာပန်းရေစင် ၀ထ္ထု ထဲက အရောင်များ

 
Illustration - Than Htay Maung

ဒဂုန်တာရာ ကြာပန်းရေစင် ၀ထ္ထု ထဲက အရောင်များ
စာတမ်းပြုစုသူ- သားကြီးမောင်ဇေယျ (မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

အနုပညာရသ ဖန်တည်းသူတွေက စာဖတ်သူကို ခံစားမှု ဝေငှတဲ့ အခါ အမြင်၊ အကြား၊ အနံ၊ အတွေ့အထိ၊ အရသာတွေ တကယ်ခံစား ရ သလို ဖြစ်လာအောင် ရေးဖွဲ့လေ့ရှိပါတယ်။
အထူးသဖြင့် အမြင်ကိုခံစားစေရာမှာ အရောင်တွေကို တကယ်မြင်လာအောင် ရေးဖွဲ့လေ့ရှိပါတယ်။ အဲဒီလို အရောင်တွေနဲ့ အမြင်အာရုံရအောင် ရေးဖွဲ့ သူတွေထဲမှာ ဆရာဒဂုန်တာရာ က ထူးထူးခြားခြား ထိထိမိမိ ရေးသားနိုင်တယ်လို့ အများက အသိအမှတ်ပြုကြပါတယ်။ ဆရာဒဂုန်တာရာရဲ့ ရွေအိုရောင်၊ ဝေါ့ဒစနေ အပြာ၊ စတဲ့ အသုံးအနူံးတွေဟာ မြန်မာစာပေလောကမှာ ပြောစမှတ်ပြုရတဲ့ အသုံးအနူံးတွေဖြစ်ပါတယ်။
ကျနော်တို့ အခု ဆရာဒဂုန်တာရာရဲ့ ကြာပန်းရေစင် ၀ထ္ထုထဲက အရောင်အဖွဲ့အနွဲ့တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်ရအောင်ပါ။

ဒဂုန်တာရာ ကြာပန်းရေစင်ဝထ္ထု
ကြာပန်းရေစင် ၀ထ္ထုကို ၁၉၅၃ ခုက စတင်ရေးသားခဲ့ပါတယ်။
သွေးသောက် မဂ္ဂဇင်းမှာ ၁၉၅၄ အောက်တိုဘာလ မှ  ၁၉၅၆ ဧပြီလ အထိ လစဉ်ဖေါ်ပြခဲ့ပါတယ်။
စစ်ပြီးခေတ် ၁၉၅၀ - ၅၂ အခြေအနေကို ခံစားသိမြင်အောင် ရေးဖွဲ့ခဲ့တာပါ။

အစိမ်းရောင်ရွက်နုစတို့သည် ကျောက်စိမ်းကဲ့သို့ စိုကြည်လန်းစိမ်းလျှက် ရော်ရင့်ရွက်တို့ ကား ပယင်းသွေးဖြင့် ၀ါကြန့်ကြန့်နီထွေးထွေး ဖြစ်နေကြလေသည်။
စိန်ပွင့်နှင့် ပုလဲလုံးများ လွင့်ကြွေသွားပြီးသောအခါ ကျောက်စိမ်းနှင့် ပယင်းအကွဲအစများသည် တရိပ်ရိပ်ပေါ်လာပြန်သည်။
(ကြာပန်းရေစင်။ အခန်း ၁။ စာမျက်နှာ ၇။)

ရန်ကုန်ပြည်လမ်းပေါ်က မိုးရွာပြီးစ မြင်ကွင်းလေးပါ။ မိုးရွာပြီးချိန်ကို စိန်ပွင့်နှင့် ပုလဲလုံးများ လွင့်ကြွေသွားပြီးသောအခါ လို့ ရေးဖွဲ့ခဲ့သလို သစ်ရွက်များကြွေကျ ခဲံသည်ကို ကျောက်စိမ်းနှင့် ပယင်းအကွဲစများသည် တရိပ်ရိပ် ပေါ်လာပြန်သည် လို့ သစ်ရွက်ကြွေတို့ရဲ့အရောင်တွေနဲ့ မိုးရွာပြီးစအချိန်ကို ရေးခြယ်ခဲ့ပါတယ်။

ဇင် ၀တ်ထားသော ပယင်းရောင် ထဘီမှာ ထိုည၌ အလှဆုံးအရာဖြစ်နေခဲ့၏။ အနက်ဆုံး ပယင်းသွေးတို့ရောက်နေလျက် ကွမ်းရိုးစင်းအနက်များမှာ အနည်းကြည့်ယူမှမြင်နိုင်သည့် အပေါ်ယံက ပြေးနေသော အရောင်ဖြစ်လေ၏။ အကျီင်္မှာ ပယင်းရင့်နှင့် လိုက်လှသော အဖျော့ဆုံး ရွှေဝါရောင်နုနုဖြစ်ပေသည်။
(ကြာပန်းရေစင်။ အခန်း ၁။ စာမျက်နှာ ၈။)

အမျိုးသမီး ဇာတ်ကောင် ၀တ်ထားတဲ့ အရောင်တွေပါ။ ည နဲ့လိုက်ဖက်တဲ့ အရောင် တွေပါ။ ဇာတ်ကောင် ရဲ့ ၀တ်စာဆင်ယာဉ်မှု နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ် လူတန်းစားဆို တာကို အ၀တ်အစားအရောင်တွေနဲ့ ဖေါ်ပြတာပါ။

ငှက်ဖြူ၏ ၀မ်းဗိုက်မှ ပန်းရောင်တခု ဖိတ်ကျလာသည်။ ပန်းရောင်တွင် ရွှေကြယ်ပွင့် သေးသေးကလေးနှင့် နိုင်လွန်လက်ပြတ် မရမ်းစေ့အနီရင့်တွင် ရွှေနား အစင်းထဘီ၊ ခေါင်းမှာ ဆံပင်တိုတိုခွေလိပ်ရစ်ပတ်ကာ အလှပြင်ထားသည့် မိန်းမပျို . . .
(ကြာပန်းရေစင်။ အခန်း ၁။ စာမျက်နှာ ၁၃။)

ဇင် ဆိုတဲ့ အမျိုးသမီး ဇာတ်ကောင် ဟာ လေယဉ်ပျံပေါ်က  ဆင်းလာတာကို အရောင်တွေနဲ့ ရေးပြထားတာပါ။ လေယဉ်ကို ငှက်ဖြူ၊ အမျိုးသမီးကို ပန်းရောင် တခု၊ လို့ ကိုယ်စားပြုအရောင်တွေနဲ့ ဖေါ်ပြထားတာပါ။

မီးချောင်းမှာ ပြာနှမ်းနှမ်းဖြစ်ကြလေရာ နေအလင်းရောင် မပျောက်တစ်ပျောက် ဆည်းဆာ၌ ငွေလရောင်အတုဖြင့် တစ္ဆေခြောက် နေလေသည်။
(ကြာပန်းရေစင်။ အခန်း ၂၆။ စာမျက်နှာ ၁၈၁။)

ရန်ကုန်ညနေခင်း ကို အရောင်တွေ ရေးဖွဲ့ထားတာပါ။ ပြာနှမ်းနှမ်း  မီးချောင်းအရောင်တွေနဲ့လင်းနေတဲ့ ရန်ကုန်ညနေဆည်းဆာရောင်ပါ။ မီးချောင်းက အရောင်တွေကို ငွေလရောင် အတု လို့ ရေးထားပါတယ်။ အရောင်တွေရဲ့ အခင်အကျင်းဟာ သာယာလှပမှုမရှိဘူးလို့ စာဖတ်သူကို ခံစာမိစေပါတယ်။

သူ့အဖို့ ညသည် နှင်းဆီရောင်မြူတို့ဖြင့် ဝေလျက် ပန်းရောင်ကြယ်များလက်နေသည်။
(ကြာပန်းရေစင်။ အခန်း ၂၆။ စာမျက်နှာ ၁၈၃။)

ရေခဲတုံးတွေထည့်ထားတဲ့ ဖန်ခွက်၊ ၀ီစကီအရက်၊ စာရေးဆရာ ကိုစိန်ပွင့်ရဲ့ ညနေခင်း ရီဝေ တဲ့ ခံစားမှု၊ တွေကို ရေးဖွဲ့ထားတာပါ။

သားကြီးမောင်ဇေယျ(၂၈-၄-၂၀၁၆)