ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဦးလေး ကိုကြီးမြင့်

 လှကျော်ဇော ● ဦးလေး ကိုကြီးမြင့်
(မိုးမခ) မေ ၂၁၊ ၂၀၁၆

ဖေဖေ့မှာ ဘီအိုင်အေကာလကတည်းက ရင်းနှီးခင်မင်ခဲ့တဲ့ ရဲဘော်ကြီးတယောက်ရှိပါတယ်။ သခင်ကြီးမြင့်တဲ့၊ ပဲခူးဘက်က ပါ၊ ဘီအိုင်အေကာလမှာ ဖေဖေဖွင့်ခဲ့တဲ့ မင်္ဂလာဒုံ စစ်သင်တန်းကျောင်းကို လာတက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားတဦးဖြစ်ပြီးနောက် ပုသိမ်ခရိုင်မှာ တာဝန်ခံတပ်မှူးကြီး ဖြစ်လာပါတယ်။ ၁၉၄၂ ဘီအိုင်အေဖျက်ပြီး ဘီဒီအေ(ဗမာ့ကာကွယ်ရေး တပ်မတော်)  အဖြစ် ပြောင်းလဲဖွဲဩစည်းတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက လျှို့ဝှက်ညွှန်ကြားချက် တခုပေးပါတယ်။ အဲဒါကတော့ ဘီအိုင်အေတပ်ကလူတွေအားလုံး ဘီဒီအေထဲမ၀င်ဘဲ တချို့လူတွေကို အရပ်သားအဖြစ် အပြင်မှာနေရစ်စေပြီး ဂျပန်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင် ရန်ဆိုတာ ဖြစ်ပါတယ်။ လက်နက်များကိုလည်း သိုဝှက် ထားနိုင်သမျှထားဖို့လည်း မှာပါတယ်။ ဒီအကြောင်းတွေကို ဖေဖေက သခင်ကြီးမြင့်ကိုပြောပြတော့ ဒီလိုဆိုရင် သူအပြင်မှာ နေခဲ့မယ်ဆိုပြီး တပ်ကထွက်လိုက်ပါတယ်။ သူ့အပြင် တခြားလူတချို့ (ဒလဗိုလ်ထွန်းစိန်၊ သထုံသခင်ဖေညွန့် စသူများ)လည်း ဒီလိုပဲ တပ်ပြင်မှာနေခဲ့ကြပါတယ်။ ဖေဖေကတော့ သူ့ အဲဒီရဲဘော်တစုကို ကရုဏာသက်ဟန်တူပါတယ်။ သူ့စာအုပ် ထဲမှာ “သူတို့တတွေ တပ်ပြင်မှာ အရပ်သားအဖြစ် ဆင်းဆင်းရဲရဲနေကြပြီး ဗိုလ်ချုပ်တာဝန်ပေးချက်များကို လျှို့ဝှက်စွာ လုပ်ကိုင်နေခဲ့ပါသည်။ တပ်တွင်းဆက်နေကြလျှင် တပ်မှူးကြီးများ ဖြစ်လာနိုင်သည့်သူများ ဖြစ်ကြပါသည်” လို့ ရေးထားပါ တယ်။

သခင်ကြီးမြင့် (ကျွန်မတို့မောင်နှမတွေအခေါ် ဦးလေးကိုကြီးမြင့်) ဟာ ကျွန်မတို့ မင်္ဂလာဒုံ အိမ်ကြီးကို ၁၉၅၁ ခုမှာ ရောက် လာပါတယ်။ ဖေဖေကိုယ်တိုင် ဗိုလ်ချုပ်နေ၀င်းကိုပြောပြီး ထောင်က သွားထုတ်လာတာပါ။ သူက ဂျပန်တော်လှန်ရေးအပြီး ၁၉၄၈ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အတူ တောခိုသွားပြီး တိုက်ပွဲတပွဲမှာ ဖမ်းမိပါတယ်။ အဲဒီကနေ ထောင်ကျသွားတာပါ။

ထောင်ထဲကနေ ခါးရိုးတီဘီရောဂါ ရလာပါတယ်။ အဲဒီရောဂါကို ဖေဖေက သူနဲ့ရင်းနှီးတဲ့ ဆရာဝန်ကြီး ကာနယ်မင်းစိန်နဲ့ပြပြီး ကုသပေးပါတယ်။ ဦးလေးရဲ့ဇနီး ဒေါ်ဒေါ်မခင်ကြည်နဲ့ သမီးအငယ် ဆွေဆွေဝင်းတို့လည်း ပဲခူးကလိုက်လာပြီး မိသားစုသုံး ယောက်ပေါင်း ကျွန်မတို့ မင်္ဂလာဒုံအိမ်မှာပဲ နေကြပါတယ်။ ကလေးအကြီးနှစ်ယောက် (သားတယောက်၊ သမီး တယောက်) ကတော့ ပဲခူးမှာ အဘိုးအဘွားနဲ့ ကျန်ခဲ့ပါတယ်။

ကျွန်မတို့ မင်္ဂလာဒုံအိမ်ကြီးဟာ အလွန်ကြီးပြီး ကျယ်လည်းကျယ်ဝန်းပါတယ်။ အိပ်ခန်းလည်း အကြီးကြီး လေးခန်းလောက် ရှိပါတယ်။ Suite လို့ခေါ်တဲ့ အစုံလိုက် အခန်းကြီးများပါ။ အိပ်ခန်း၊ အ၀တ်လဲခန်းနဲ့ ရေချိုးခန်း အိမ်သာတစုံလုံး ပါပါတယ်။ ဦးလေးတို့ မိသားစုက အဲသလို အခန်းကြီးတခုမှာ နေပါတယ်။ အခန်းတွေထဲမှာလည်း နံရံကပ်ဘီရိုအကြီးကြီးတွေ ရှိပါ တယ်။

အဲဒီဘီရိုကြီးတခုအကြောင်း ပြောပြရဦးမယ်။ ကျွန်မတို့ကလေးများတသိုက် တနေ့ ဘီရိုကြီး တခု ဖွင့်ဆော့မိပါတယ်။ (တူတူပုန်းတန်းကစားကြတာပါ၊)။ ဘယ်လိုက ဘယ်လိုဖြစ်ပြီး ဘယ်ခလုပ် နှိပ်မိတယ်မသိပါဘူး။ တခါတည်း ဝေါ- ဝေါဆိုတဲ့ အသံကြီးနဲ့ ဘီရိုကြီးရဲဩ ကျောနံရံကြီး ပွင့်ထွက်သွားပါတော့တယ်။ ကျွန်မတို့ကလေးအုပ်လည်း လန့်ဖျတ် အော်ဟစ်ပြေးကြ ပါတယ်။ နောက်မှ လူကြီးတွေက ကင်းတပ်ကရဲဘော်တွေခေါ်ပြီး စစ်ဆေးကြည့်တော့ အတွင်းမှာ လှေကားနဲ့ မြေအောက် လိုဏ်ခေါင်းတူးထားပြီး အဲဒီလိုဏ်ခေါင်းကိုဆက်လိုက်တဲ့အခါ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ သွားပေါက်ပါတယ်။

အင်္ဂလိပ်အရာကြီးများအနေနဲ့ (ဆရာစံအရေးတော်ပုံလည်း ကြုံထားရလို့) ကိုလိုနီ နိုင်ငံများမှာနေတဲ့အခါ လုံခြုံရေးအတွက် လိုအပ်တဲ့အစီအစဉ်တွေ လုပ်ထားဟန်ရှိပါတယ်။ အရေးအကြောင်းဖြစ်လာရင် အဲဒီလိုဏ်ခေါင်းများကတဆင့် လေယာဉ် ကွင်းထဲရောက်ပြီး လေယာဉ်နဲ့ပြေးရန် ပြင်ဆင်ထားဟန်ရှိပါတယ်။

ကျွန်မတို့ အဲဒီအိမ်ကြီးရောက်စက အခန်းတွေထဲက လူမရှိဘဲ အသံဗလံတွေ ကြားရတတ်တယ်။ တစ္ဆေခြောက်သလား မသိဘူးဆိုပြီး ပြောသံဆိုသံတွေ ကြားဖူးပါတယ်။ ကြည့်ရတာတော့ အဲဒီလိုဏ်ခေါင်းတွေကတဆင့် တောကြောင်တွေ ၀င်လာတတ်ဟန်တူတယ်လို့ မေမေတို့က ပြောကြပါတယ်။ အဲဒီတုန်းက မင်္ဂလာဒုံက အခုလို မစည်ကားသေးပါဘူး။ တောသာသာပါပဲ။

ကျွန်မတို့ ၁၉၅၃ မေမြို့ပြောင်းရတော့ ဦးလေးတို့မိသားစု ကျွန်မတိုနဲ့မလိုက်တော့ဘဲ ပဲခူးပြန်သွားပါတယ်။ ၁၉၅၇ အောင်မာ ဃ စစ်ဆင်ရေးအပြီး တောထဲကမိလာတဲ့ ဖိုင်တွဲများအရဆိုပြီး ဦးလေးလည်း အဖမ်းခံရ၊ ဖေဖေလည်း တပ်ကထွက် လိုက် ရပါတယ်။

ဦးလေးထောင်ကလွတ်လာပြီးနောက် ကျွန်မတို့ စမ်းချောင်းအိမ်လေးကို မကြာခဏ လာရောက်လည်ပတ်တတ်ပါတယ်။ သူတို့ရဲ့အငယ်ဆုံးသားလေး (ကျွန်မတို့နဲ့ ခွဲသွားပြီးမှ မွေးတာ)လည်း ခေါ်ခေါ်လာတတ်ပါတယ်။ ဖေဖေနဲ့ ကျွန်မတို့တတွေ ၁၉၇၆ တောခိုပြီးနောက် မေမေတယောက်တည်းကျန်နေချိန်မှာ ဦးလေးဟာ အန်ကယ်ဦးအုန်းမြင့် (သခင်အုန်းမြင့်) နဲ့အတူ မကြာခဏ မေမေ့ဆီလာပြီး အားပေးစကားပြောတတ်တယ်။ ကျန်းမာရေးအခြေအနေ၊ နေရေးထိုင်ရေးအခြေအနေတွေ အမြဲလာမေးမြန်းတတ်တယ်လို့ မေမေက ပြန်ပြောပြဖူးပါတယ်။

နောက်ပိုင်းမှာတော့ ဦးလေးဟာ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများ အစုအဝေးထဲပါဝင်ပြီး သခင်အုန်းမြင့်၊ ဗိုလ်အုန်းမောင် (လေထီး) တို့နဲ့အတူ အခါကြီးနေ့ကြီးများနဲ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်တာ သမိုင်းနောက်ကြောင်းတွေ ပြောဆိုဆွေးနွေးတာ တွေ လုပ်ကြတယ်လို့ ကြားရပါတယ်။ နောင်မျိုးဆက်တွေအတွက် သမိုင်းအချက်အလက်များကို မှတ်တမ်းအဖြစ် ကျန်ရစ် စေဖို့ ကြိုးပမ်းဆောင်ရွက်ဟန်ရှိပါတယ်။

အဲဒီမှတ်တမ်းများထဲက တခုဖြစ်တဲ့ ၁၉၈၆ သြဂုတ်လ ၁၆ ရက်နေ့ ဗိုလ်မှူးဘသစ်အိမ်မှာ ပြုလုပ်တဲ့ဗိုလ်မှူးဘသစ်၊ သခင် ကြီးမြင့်၊ သခင်အုန်းမြင့်တို့ရဲ့ဆွေးနွေးပွဲမှတ်တမ်း ကျွန်မတို့ဆီ ရောက်လာဖူးပါတယ်။ အဲဒီထဲမှာ ဖတပလနိဒါန်းအစ ပဲခူး ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနဲ့ သခင်သန်းထွန်းတို့သုံးဦး ပါဝင်ဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စာတမ်း ကျွန်မတို့ဆီရောက်လာတော့ ၂၀၀၀ ခုနှစ်လွန်များကျမှပါ။

တကယ်တော့ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဖေဖေက အစောကြီးကတည်းက မှတ်တမ်းရေးထားပြီးသားပါ။ ပထမဆုံးအပြည့်အစုံ ဆောင်းပါးအဖြစ် ၁၉၉၅ ဖက်ဆစ်ဆန့်ကျင်ရေး အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ “ ပြည်သူ့အာဏာဂျာနယ်”မှာ ဖော်ပြပြီးသားပါ။ ခေါင်းစဉ်က “ ဖက်ဆစ်တော်လှန်ရန် (ဖတပလ) အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီး ဖွဲ့စည်းခြင်း” တဲ့။ တခါ ၂၀၀၇ ခုမှာ ထုတ်ဝေတဲ့ဖေဖေကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာလည်း တခါ ထပ်ရေးထားတာတွေရှိပါတယ်။ “ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဖြစ်လာခြင်း” နဲ့ “ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ဖတပလနိဒါန်း” ဆိုတဲ့အခန်းနှစ်ခန်းပါ။

ဖေဖေ့ရေးသားချက်များမှာ သခင်စိုးကိုသွားရောက်ခေါင်ဆောင်တဲ့ခရီစဉ်မှာရော၊ ပြန်ပို့တဲ့ခရီးစဉ်မှာရော၊ အားလုံးကို သခင်ထွန်းက အသေးစိတ်စီစဉ်ပေးကြောင်းတွေ ရေးထားတာတွေ တွေ့ရပါတယ်။ ဖေဖေတို့အုပ်စု သခင်စိုးခေါ်ဖို့ သွားစဉ် က သင်္ဘောဆိပ်အထိ သခင်သန်းထွန်းက ဆင်းလာတွေ့တဲ့အကြောင်းတွေပါ တွေ့ရပါတယ်။ ဒါပေမဲ့ ပဲခူးဖေဖေ့အိမ်မှာပြုလုပ် တဲ့ ဆွေးနွေးပွဲမှာတော့ သခင်စိုးနဲ့ဗိုလ်ချုပ်အောင်ဆန်းနှစ်ဦးတည်းသာဖြစ်ကြောင်း ပါပါတယ်။

ဒါကြောင့် သခင်ကြီးမြင့်တို့ရဲ့ဆွေးနွေးပွဲမှတ်တမ်း (လက်ရေးမူ) ဆိုတာ ကျွန်မရတော့ ကျွန်မဖေဖေကိုဖတ်ပြပြီး သခင်သန်း ထွန်း ပါ မပါ ထပ်ရှင်းဖို့ဖေဖေ့ကို မေးပါတယ်။ ဖေဖေက ဒီလိုပြောပါတယ်။

“သခင်သန်းထွန်း အဲဒီ့ဆွေးနွေးပွဲမှာ မပါပါဘူး။ အဲဒီကာလက သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့နှစ်ဦးလုံးက ဂျပန် ခေတ်အစိုးရ၀န်ကြီးတွေလေ၊ ဂျပန်ရဲ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ပြီး ဂျပန်တော်လှန်ရေး ကြိတ်လုပ်နေကြတာ။ တပြိုင် ထဲ ၀န်ကြီးနှစ်ဦးလုံးပျောက်သွားလို့ ဘယ်ဖြစ်မလဲ။ အလွန်လျှို့ဝှက်လုပ်နေရတာ။ ဒါပေမဲ့ ဒီခရီးစဉ်အားလုံးကို အသေးစိတ် စီစဉ်ပေးတာကတော့ သခင်သန်းထွန်းပဲ” တဲ့။

ဒီအကြောင်းကို ကျွန်မအနေနဲ့ နီးစပ်သူများကိုသာ ပြောပြထားခဲ့ပါတယ်။။ ဖေဖေအခိုင်အမာရေးခဲ့တာတွေလည်း ရှိပြီးဖြစ်လို့ ဘာမှရေးကြီးခွင်ကျယ်လုပ်ပြီး ရှင်းလင်းပြောကြားတာတွေ မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ တချို့လူတွေက အဲဒီသခင်ကြီးမြင့်တို့ရဲ့ မှတ်တမ်းဆိုတာကိုကိုင်စွဲပြီး ပြောဆိုတာတွေ လုပ်လာပါတယ်။

တခါတခြားလူတွေ ရေးသားတဲ့စာအုပ်များ (ဥပမာ-ကိုကိုမောင်ကြီးရဲ့ “ တရံရောအခါများ”) မှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနဲ့ သခင်သန်းထွန်းသုံးဦး ဆွေးနွေးပွဲဆိုတာမျိုး အရေးအသားတွေ တွေ့လာရပါတယ်။ တကယ်တော့ ၁၉၆၀-၇၀ ခုနှစ်များမှာ ထုတ်ဝေခဲ့တဲ့ သခင်တင်မြရဲ့ “ဘုံဘ၀မှာဖြင့်”  နဲ့ “စစ်တိုင်းကြီး ၁၀ တိုင်း” စာအုပ်များမှာကတည်းက ဗိုလ်ချုပ် အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း လေးဦးဆွေးနွေးပွဲလို့တောင် ရေးထားတာတွေရှိပါတယ်။ နောက်ပိုင်း ရေးသားသူများက အဲဒါကို ကိုးကားပြီး ရေးသားကြတာတွေလည်း ရှိပါတယ်။

၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၇ ရက်နေ့အထိ ပဲခူးစံပြတပ်ရင်းအတွင်းက ဖေဖေအိမ်မှာ ကျင်းပခဲ့တဲ့ လျှို့ဝှက်ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ နှစ်ဦးပဲဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးသာဖြစ်ပါတယ်။

ဖေဖေရဲ့ ၁၉၉၅ ခုနှစ်က ရေးခဲ့တဲ့ဆောင်းပါးမှာ-

“သခင်စိုးကို စစ်ယူနီဖောင်းဝတ်နဲ့ ပဲခူးစံပြတပ်ရင်း ကျွန်တော့်အိမ်ကို ကားဖြင့် ခေါ်သွားသည်။ နောက် ဗိုလ်ချုပ်အောင်ဆန်း လည်း ပဲခူးကို ဇနီးဒေါ်ခင်ကြည်ပါကားနဲ့ ခေါ်လာပြီး မြို့တွင်း ရပ်ကွက်တခုရှိ အိမ်တအိမ်မှာ မူလစီစဉ်ထားသည့်အတိုင်း လည်ပတ်အနားယူ တည်းခိုနေသည့် အနေဖြင့် ရောက်လာသည်။”

“နောက်တနေ့နံနက် ၈ နာရီလောက် ဗိုလ်ချုပ်အောင်ဆန်းက သူ့ကားနဲ့ ကျွန်တော့်အိမ်ကို ရောက်လာပြီး သခင်စိုးနဲ့ ကျွန်တော့်အိမ်ခန်းတွင် သမိုင်းဝင်ဆွေးနွေးပွဲကြီး စတင်ပါတော့သည်။ ညနေ ၄ နာရီလောက်ကျမှ ဗိုလ်ချုပ်က သူ့ကားဖြင့် တည်းခိုအိမ်သို့ ပြန်သည်။ နေ့စဉ် ၃ ရက်လောက် ဒီအတိုင်း ဆွေးနွေးကြသည်။”

“ထိုဆွေးနွေးပွဲ လုံခြုံရေးအတွက် အပြင်ကင်းအတွက် မသိမသာ လျှို့ဝှက်စွာ ယုံကြည်ရသူ တချို့နှင့်ကင်းစောင့်ရန် ဗိုလ် အောင်မင်းနှင့် တပ်မှူးတချို့နှင့် စီစဉ်သည်။ ကျွန်တော်အိမ်တွင် ကျွန်တော် တဦးတည်းစောင့်သည်။ နောက်ဆုံးနေ့ ဗိုလ် ရန်အောင် ရောက်လာသဖြင့် ကျွန်တော်တို့ နှစ်ယောက်အတူ စော့်ကြသည်။ စားသောက်ရေးကို ကျွန်တော့်အား ဘီဒီအေ တခေတ်လုံး ချက်ပြုတ်စောင့်ရှောက်ကျွေးမွေးပြုစုသည့် ကျွန်တော့် ရဲဘော်လူငယ်ကိုပါ (ကွယ်လွန်) ကို တဦးတည်း ချက်ပြုတ်ကျွေးမွေးစေခဲ့သည်။ ”

“ဆွေးနွေးပွဲအစ ပထမနေ့အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းရော သခင်စိုးပါ ရွှင်လန်းကျေနပ် နေကြပုံ ထင်ရှားစွာ မြင်တွေ့နေ ရသည်။ သခင်စိုးက ဗိုလ်ချုပ်အပေါ် အားရကျေနပ်နေပုံရသည်။ ဗိုလ်ချုပ်ပြန်သွားပြီးသောအခါ သခင်စိုးက အခြေအနေ နည်းနည်းပါးပါး ပြန်ပြောတတ်သည်။ ၎င်းပြောချက်အရ ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီး ဖွဲ့တော့မည်သိရ၍ ကျွန် တော် ၀မ်းသာသွားသည်။”

“ဆွေးနွေးပွဲအတွင်း ပဲခူးတွင် ဒေါ်ခင်ကြည်ကလည်း နို့စားနွားမ၀ယ်ရန် ဟန်ပြစီစဉ်သေးသည်။ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ် တို့ ရန်ကုန်ပြန်ကြပြီဖြစ်သည်။”

“ကျွန်တော်တို့ တာဝန်ပေးထားသော လုံခြုံရေးတာဝန်ခံများလာပြောသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးလာတာဟာ အိန္ဒိ ယမှ ကိုသိန်းဖေလေထီးဖြင့် ပဲခူးအနားဆင်းပြီး ကိုသိန်းဖေနဲ့ လာဆွေးနွေးသည်ဟု သံသယရှိ၊ ယခုမကြာခင် ပဲခူးမှာ ၀ိုင်းပြီး မြို့တွင်းရှာဖွေတော့မည်၊ ယခုမြို့ဝင်မြို့ထွက်ဂိတ်တွေ ဂျပန်ကင်းစပြီးချပြီဟု ဆိုသည်။ ထို့ကြောင့် သခင်စိုးကို ထိုနေ့ နေ့ လယ် ချက်ချင်းပင် ရန်ကုန်ပြန်ပို့ရန် အမြန်စီစဉ်ရသည်။ သခင်စိုးမိသွားရင် ဖက်ဆစ်တော်လှန်ရေး ကြီးစွာထိသွား နိုင်သည်”   

“ရန်ကုန်ရောက်ပြီး အောင်မြင်စွာ တာဝန်ပြီးဆုံးကာ တော်လှန်ရေးအတွက်လည်း အားလုံး အဆင်ပြေကြမည်ဖြစ်၍ စိတ် လက်ပေါ့ပါးစွာ ပဲခူးပြန်ရန် ကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းထံ သတင်းသွားပို့သည်။ ဗိုလ်ချုပ်က မျက်နှာမကောင်းစွာဖြင့်ပဲ ပဲခူးတွင် ကျွန်တော့်အိမ်မှကိုပါကို ဂျပန်ဖမ်းသွားပြီဟု စိုးရိမ်စွာဖြင့် ပြောသည်။ ကျွန်တော်ကမစိုးရိမ်။ ၎င်းကိုပါ အကြောင်း ပြောပြသည်။ ”

“ကျွန်တော်နဲ့ ကိုပါသားအဖညီအစ်ကိုကဲ့သို့ ချစ်ခင်ပြီး တလျှောက်လုံး ပြုစုလာတာ နောက်နိုင်ငံရေး အသိဝင်လာပြီး တော်လှန်ရေးသမားကလေးစိတ်ရှိလာသူဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးလုပ်ရမယ်ဆိုတာ သူလည်း ရိပ်မိသိရှိနေသူဖြစ် ကြောင်း သူဟာ ဗိုလ်ချုပ်တို့ကိုလည်းများစွာ လေးစားသူဖြစ်သည်။ ဘယ်လိုမှ ဖော်ပြောမှာမဟုတ်ကြောင်း ပြောခဲ့သည်။ ”

“နောက်ကိုပါ လွတ်လာပြီသိရတော့သည်။ ၎င်းကို အတော်အတန် ခြောက်လှန့် ညှဉ်းပန်းပြီး ဗိုလ်ချုပ်အိမ်မှာ ဘယ်သူနဲ့ တွေ့သလဲဟု အကြိမ်ကြိမ်မေးရာ ၎င်းက ဗိုလ်ချုပ် ကျွန်တော်တို့ အိမ်လာနားတဲ့အခါ (ဗိုလ်မှူးကျော်ဇော) နှင့်သာ နှစ်ဦး တည်း ဆွေးနွေးပြောဆိုကြတာ တွေ့ရကြောင်း သတမတ်တည်း အခိုင်အမာပြော၍ လွှတ်လိုက်သည်။ ကျွန်တော်တို့အားလုံး စိတ်အေးချမ်းသာသွားကြသည်။”

ဒါတွေကတော့ ဖေဖေ ၁၉၉၅ ခုနှစ်က ရေးခဲ့တဲ့ ဆောင်းပါးထဲက အချက်အလက်တွေ ဖြစ်ပါတယ်။  ဒါ့အပြင် ဖေဖေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရေးထားတာတွေလည်း ရှိပါသေးတယ်။

“ကျွန်တော် ပဲခူးမြို့အိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ တွေ့ဆုံဆွေးနွေးနေမှုကို ကျွန်တော်တို့ကို ထမင်းချက်ပြုတ် ကျွေးမွေးနေသော ကျွန်တော့်ကိုယ်ရံရဲဘော် ကိုပါ ဟူသော ကုလား ကပြားကလေးသာ သိပေသည်။ ထိုကိုပါမှာ အလွန်ပါး နပ်လိမ်မာပြီး ကျွန်တော့်အပေါ် အလွန်သစ္စာ ရှိသော ရဲဘော်ကလေး ဖြစ်သည်။ ကိုပါမှာ သခင်စိုးကိုတော့ ဘယ်သူမှန်းမ သိချေ။” (နှာ-၆၉)

“နေ့လယ်ထမင်းစားတော့မှ ဗိုလ်ချုပ်တို့ သခင်စိုးတို့ကို စောစောက ဗိုလ်ရန်အောင်လာတဲ့ အကြောင်းနှင့် ကျွန်တော်က ဗိုလ်ချုပ်တို့ သခင်စိုးတို့ ဆွေးနွေးနေတဲ့အကြောင်းပြောတော့ သူ ခေတ္တနေပြီး ပြန်သွားကြောင်း ပြောရပါသည်။ သခင်စိုးက ဗိုလ်ရန်အောင်ကို တွေ့ချင်နေပုံရသည်။ သို့သော် သခင်စိုးအကြောင်း အထူးလျှို့ဝှက်ရသဖြင့် ဗိုလ်ရန်အောင်နှင့် တွေ့ရန် စီစဉ်မပေးနိုင် တော့ပါ၊” (နှာ-၇၀)

“ကျွန်တော့်အိမ်တွင် သခင်စိုးရောက်ကတည်းက အရေးပေါ်သုံးရန် လူစီးကားတစီး ဓာတ်ဆီအပြည့်နှင့် အရံသင့်ထားပါသည်။ ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့နှစ်ယောက်ကိုလည်း သူတို့အိမ်တွင် အမြဲအသင့် စောင့်နေရန်မှာကြားထားရာကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့ကို အမြန်လူလွှတ်ခေါ်ခိုင်းပြီး ကျွန်တော်ပါသုံးယောက်နှင့် သခင်စိုးကိုလိုက်ပို့ရန် ထိုကားဖြင့် ကျွန်တော်တို့ ရန်ကုန်ဘက်ကို ချက်ချင်းထွက်ကြပါသည်။” (နှာ-၇၁)

“ကိုပါမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကိုသာကယ်တင်လိုက်ရုံမက ဖက်ဆစ်တော်လှန်ရေးကြီးကိုပါ လုံးဝမထိခိုက် အောင် ကယ်တင်လိုက်ရာကျသဖြင့် ကိုပါကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ရပါတော့သည်။ ကိုပါကို ကျွန်တော်တို့သာမက တိုင်းပြည်ကပါ ကျေးဇူးတင်သင့်ပေသည်။ ” (နှာ-၇၂)

ဒါတွေမှာ ဖေဖေရေးထားတာတွေကိုကြည့်ရင် အလွန်လျှို့ဝှက်စွာနဲ့ ဘေးအန္တရာယ်အမျိုးမျိုး အကြား ဘယ်လိုလုပ်ဆောင်ခဲ့ကြ ရသလဲဆိုတာ သိနိုင်ပါတယ်။ ဒီပဲခူးက တွေ့ဆုံမှုဟာ သာမန် တွေ့ဆုံမှု မဟုတ်ပါဘူး။ ဖေဖေရေးပုံကြည့်ရတာ ဘယ်သူမှ ဘာမှ ရေရေရာရာ သိပုံမရပါဘူး။ ဖေဖေတောင်မှ သခင်စိုးရိပ်ဖမ်းသံဖမ်း ပြောသလောက်ကလေးပဲ သိပုံရပါတယ်။ အလွန်လျှို့ဝှက်သိုသိပ်စွာလုပ်ခဲ့ရတာ ရှင်းပါတယ်။

တခါ သခင်တင်မြရဲ့ဘုံဘ၀မှာဖြင့်မှာရေးထားတာတွေကိုကြည့်ရင် ဒီဂျပန်တော်လှန်ရေးအတွက် ဘယ်လောက် လျှို့ဝှက်ရ တယ်။ စကားဖွာတဲ့လူတွေ၊ မြေအောက်စည်းကမ်း မလိုက်နာသူတွေကို သခင်စိုးက ဘယ်လိုအဆက်ဖြတ် ပစ်တယ်ဆိုတာ တွေ ပါပါတယ်။ သခင်သန်းထွန်းက ၀န်ကြီးရုံးခန်းမှာ ထိုင်ပြီး ဂျပန်တွေရှေ့မှာပဲ ဂျပန်တော်လှန်ရေးအတွက် ဘယ်လိုစာ စောင်တွေ ဘယ်လိုရေးတယ်။ ဘယ်လိုထုတ်တယ်။ ဘယ်လိုစီစဉ်တယ်ဆိုတာတွေ ပါပါတယ်။

ဒါတွေအားလုံးကို ခြုံကြည့်ရင် ဖေဖေပြောတဲ့ ဂျပန်ခေတ်ဝန်ကြီးနှစ်ဦးစလုံး တပြိုင်နက် ပျောက်သွားလို့ဘယ်ဖြစ်မှာလဲဆိုတာဟာ ဘယ်လောက်အရေးပါကြောင်း သိနိုင်ပါတယ်။

ဒါကြောင့် ပဲခူးစံပြတပ်ရင်းအတွင်း ဖေဖေအိမ်ခန်းအတွင်း ပြုလုပ်ခဲ့တဲ့”ဖတပလ” ရဲ့ ကာလလရေကြည် သန္ဓေတည် ပြည်တည်ခန်းဆိုတဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးတို့နှစ်ယောက်သာ ပါခဲ့ကြောင်း ထပ်လောင်းရေးသား အပ်ပါတယ်။

ဒါပေမဲ့ သမိုင်းကြောင်းအရ ခြုံငုံပြောကြဆိုကြရာမှာတော့ ဖတပလ တပ်ပေါင်းစုအဖွဲ့ချုပ်ကြီး ကို စတင်ဖွဲ့စည်းရာမှာ

၁။ နိုင်ငံရေးအရ ခေါင်းဆောင်မှုက သခင်စိုး
၂။ စစ်ရေးအရခေါင်းဆောင်မှုက ဗိုလ်ချုပ်အောင်ဆန်းနဲ့
၃။ နိုင်ငံခြားဆက်သွယ်ရေးက သခင်သန်းထွန်းတို့ ခေါင်းဆောင်သုံးဦးက ဦးဆောင်ကာ တာဝန်တွေခွဲဝေပြီး လုပ်ဆောင် တယ်ဆိုတာကတော့ ပိုသင့်တော်မှန်ကန်ပါတယ်။

၂၀-၁-၂၀၁၄
လှကျော်ဇော။

မှတ်ချက်။ ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ။ အတွဲ(၁)။ ဖြိုးမောက်သာစာပေ။