ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ - ဘယ်ဆီဘယ်ဝယ်

လောကပါလ - ဘယ်ဆီဘယ်ဝယ်
(မိုးမခ) မေ ၁၈၊ ၂၀၁၆

ဒုံးပျံနဲ့ မီးခွက်
ကျွန်တော်တို့မကြီးမငယ်အရွယ် ၁၉၇၀ နှစ်များဆီလောက်က စမ်းချောင်းမုန့်လုပ်ဆောင်းကုန်းရပ်ကွက်တွင် နှစ် စဉ်ကျင်းပလေ့ရှိသော ဘုရားလေးပွဲတော်သည် လွန်စွာမှစည်ကား၏။ ရာသီက တန်ဆောင်မုန်း နတ်တော် ဟေ မန်လေပြန်ဖျန်းကာ ချမ်းစပြုသည့်အချိန်။ ရပ်ကွက်အတွင်းမှာလည်း မိုးလေလွတ်ကင်း ခြေခင်းလက်ခင်းသာ၍ လန်းဆန်းတက်ကြွကြချိန်။ ဘုရားပွဲကို တလကိုးသီတင်းကျင်းပရာတွင် ဓမ္မကထိကတရားပွဲများ ကြည့်ချင်ပွဲများ စုံလင်စွာပါဝင်သည်။ ကျွန်းတောလမ်းမကြီးပေါ်မှာ ကားတစီးသွားသာရုံချန်ပြီး ဇာတ်စင်ကြီး ဟီးနေအောင်ထိုး ကာ ရိုးရာခြင်းလုံးခတ်ပွဲနှစ်ည အရပ်ဇာတ်နှစ်ည ဗလာပွဲ (ဇာတ် သို့မဟုတ် အငြိမ့်) နှစ်ည စသည်ဖြင့် ဖျော်ဖြေ လေ့ရှိသည်။ အရပ်ဇာတ်ဆိုသော်လည်း အနုပညာဗီဇရှိပြီး ပွဲတိုးဖူးသူတွေ (အများစုက သင်္ကြန်မင်းသားတွေ) ပါဝင်သဖြင့် ကြေးစားအဖွဲများနှင့်အပြိုင်ကျဲနိုင်ကြသူများ ဖြစ်လေသည်။ အောက်ပါ အတိုင်အဖော်က် ပြက်လုံး တခုကို ယ္ခုတိုင်မှတ်မိနေ၏။

ပထမလူရွင်တော်။ (နိုင်ငံခြားမှာဆိုရင်ကွယ်)၂ အပိုလိုဒုံးပျံကြီးက လကမ္ဘာကြီးကိုသွား။

ဒုတိယလူရွှင်တော်။ (ဒါလောက်တော့ အပျော့ပါကွယ်)၂ ဒို့ဗမာနို့ဆီခွက်က မီးခွက်ဖြစ်လို့သွား။

ထိုအချိန် လပေါ်သို့လူသားတွေခြေချခဲ့သည်မှာ အတန်ကြာပြီဖြစ်ပြီး အပိုလိုအာကာသယဉ်ကို ကလေးကအစ ကြားဖူးနေကြသည်။ ထို့အပြင် နို့ဆီဗူးခွံတွေ နို့မှုန့်ဗူးခွံတွေပြန်ဝယ်ကာ ရေနံဆီမီးခွက်ကတော့ စုဗူး စသည့် အသုံးအဆောင်များပြုလုပ်ရောင်းချသော သံဖြူဆိုင်တွေဈေးတိုင်းမှာရှိနေကြသည်။ ပြက်လုံးရှင် အရပ် လူရွှင် တော်ကြီးများ ခုနေရှိသေးလျှင် မီးပြတ်သည့်ညများ၌ (စကားချပ်။ သူတို့ဇာတ်ကသည့်အချိန်က ရန်ကုန်မှာ မီး ပြတ်သည့်အလေ့အထ မရှိသေး။) တရုတ်ပြည်ဖြစ်ဖယောင်းတိုင် သို့မဟုတ် ဈေးပေါပေါ အယ်အီးဒီ မီးချောင်း တချောင်းထွန်းပြီး ဘာတွေများစဉ်းစားနေကြမည်ကို ကျွန်တော်သိလိုလှ၏။


ဆိုက်ကားနဲ့ ဒစ္စကာဗာရီ

၁၉၈၉ ခုနှစ် နဝတအစိုးရတက်ကာစတွင် ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်၌ ဖွင့်ပွဲတခုကိုထူးထူးခြားခြား ကြုံခဲ့ ရဖူးသည်။ ဆိုက်ကားဖွင့်ပွဲ။ အမှန်ပင်သည့်မတိုင်မီက ဒလမှာ ဆိုက္ကားမရှိ။ တွံတေးနှင့်ဒလပြေးဆွဲသော ခရီး သည်တင်ဂျစ်ကားတွေ သင်္ဘောဆိပ်မှာရှိသော်လည်း ဒလမြို့မထဲသို့ ဆိုက္ကားဖြင့် လာ၍မရ။ မြို့တွင်းလမ်း အား လုံးအုတ်ခဲခင်းလမ်းတွေဖြစ်သောကြောင့် အဘယ်မည်သောဆိုက်ကားဆရာမှ ဘီးအခွင် စပုတ်အပြတ်ခံကာ မဝင်လိုကြ။ ထို့ကြောင့် ဘုရားသွားကျောင်းတက်မှသည် နာရေးကိစ္စအထိသွားလေရာ ခြေလျင်မဟုတ်လျှင် ကုန်းကြောင်း။ နဝတအစိုးရလက်ထက် ပူပူနွေးနွေး မြို့နယ်ငြိမ်ဝတ်ပိပြာမှုတည်ဆောက်ရေးအဖွဲ့သည် ပြည်သူ တို့၏အကျိုးစီးပွားကိုသည်ပိုးရန် သစ္စာနှံထားပြီးဖြစ်သည်နှင့်အညီ ပွဲဦးထွက်ခြေလှမ်းအဖြစ် တခုတည်းသော မြို့ဝင်လမ်းမကြီးပေါ်၌ ကြွစောင်းကြွစောင်းဖြစ်နေကြသည့်အုတ်ခဲကျိုးများကို ထုတန်ထု ထောင်းတန်ထောင်း ကာ အရေးပေါ်ညာညှိပြီးသကာလ ရှိရှိသမျှဆိုက်ကားလေးငါးခြောက်စီးကို စည်းရုံးသိမ်းသွင်းလျက် စမ်းသပ် စေပြီးနောက် ထိုခေတ်ထုံးဆံအတိုင်းဖွင့်ပွဲတရပ်ကို မထင်မရှား ကျင်းပခဲ့ခြင်းဖြစ်လေသည်။

လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးတည်းဟူသော အစိုးရလုပ်ငန်းစဉ်ကြီးတရပ်၏ ခေါင်းစီးအောက်မှ အဆိုပါဆောင်ရွက်ချက်မှာ ကျွန်တော့်အတွက် အမှတ်ထင်ထင်ဖြစ်၍နေသည်။ တလောက မရောက်သည်မှာ ကြာပြီဖြစ်သော ဒလမှမိတ်ဆွေများထံအလည်သွားသည့်အခါ ကူးတို့ရေယာဉ်ပေါ်မှဆင်းလျှင် ဆင်းခြင်း ဆိုက် ကားတွေက ဆိုင်ကယ်တွေ ကားတွေနှင့်အပြိုင် ခရီးတိုပို့ဆောင်ရေးလုပ်နေကြသည်ကိုမြင်လေရာ ယခင် အား ကိုးနေကျ ကိုယ့်ခြေထောက်ကို ကိုယ်အနားပေးပြီးသကာလ ဆိုက်ကားစီးဖြစ်ခဲ့လေသည်။ ဆိုက်ကားဆရာ လူငယ်နှင့် ရန်ကုန်ဒလခေတ်မီတံတားကြီးတစင်း မကြာမီပေါ်ပေါက်လာတော့မည့်အကြောင်း အားပါးတရ ပြော ဆိုကြရင်းက ကျွန်တော့်အာရုံသည် ဟိုးယခင်ဆိုက်ကားဖွင့်ပွဲကျင်းပရာနံက်ခင်းဆီသို့ ရောက်သွားခဲ့၏။ မျောက် နှင့်တူသည်ဆိုသောအာရုံက ထိုတွင်မရပ်သေးပဲ ဆိုက်ကားဖွင့်သည့်နေ့နှင့်တိုက်ဆိုင်စွာ (စောလျှင် နောက်ကျ လျှင်နှစ်ရက်) ကြည့်ခဲ့ရသည့် မြန်မာ့ရုပ်မြင်သံကြား နိုင်ငံတကာသတင်းတပုဒ်ဆီကိုပါ ရောက်သွား ခဲ့လေသည်။

မမေ့နိုင်စရာထိုသတင်းမှာ အမေရိကန်ပြည်ထောင်စု အမျိုးသားအာကာသစခန်း (NASA)မှ ဒစ္စကာဗရီ (Discovery) အာကာသယာဉ်ကိုလွှတ်တင်သည့်သတင်း။ ဆိုက်ကားနှင့်ဒစ္စကာဗရီအလယ်မှာ ဝ တလုံးပဲခြား သည်မို့ ဘာများကွာလို့လဲဟု ပြောင်တက်တက် ပြက်ချော်ချော်တွေးရင်း တကိုယ်တည်း ပြုံးမိခဲ့ခြင်းကို ဝန်ခံပါ ၏။

ရောင်းသူမဲ့ နဲ့ ဈေးရောင်းစက်

ခုတလော မြန်မာနိုင်ငံအနှံ့အပြားမှ ရောင်းသူမဲ့အအေးဆိုင်သတင်းတွေကြားနေရသည်မှာ နှစ်ထောင်းအားရဖြစ် စရာကြီး။ နေပူပူလေပူပူမှာ ရာသီဥတုကိုအန်တုနေကြရသည့် ရောင်းသူနှင့်ဝယ်သူတို့အကြားက သစ္စာတရား တရပ်ကို တအံ့တသြဝမ်းမြောက်ကြချီးကျူးကြ ဂုဏ်ယူဂုဏ်ပြုကြနှင့် အယ်နီညိုပင် ဘယ်ဆီကိုရောက်တိုး မပေါက်အောင်ဟု ဆိုရမလိုဖြစ်၏။ အလုပ်မရှိအလုပ်ရှာတတ်သောကျွန်တော်ဆိုလျှင် အားအားလျားလျား အာရုံကိုတနံတလျားဖြန့်ကျက်ထားမိသည်အထိ။ သူများတိုင်းပြည်တွေမှာ (သည်မှာပင် ရှိချင်ရှိလောက်ပြီ) သည်လို စုံစီနဖာသွားရေစာများကို ဈေးရောင်းစက် (Vending Machine) ဖြင့် ရောင်းချတတ်ကြသည်။ ဈေး ရောင်းစက်ဆိုသောကြောင့် ပို၍စံနစ်ကျပို၍သန့်ရှင်းကာ ပို၍လည်းအဆင်ပြေမည်မှာ မလွဲဧကန်ဖြစ်သလို ဈေး လည်းအတန်အသင့်ပိုကြီးမည်မှာအမှန်။ ငွေအကြွေပင်မကိုင်နိုင်သေးပဲ ဈေးရောင်းစက်ထားဖို့စဉ်းစားခြင်းမှာ သီလရှင်ဖွားမယ်ကင်းကြီး ဘုရားဆုပန်သလို ဖြစ်ချင်ဖြစ်နေမည်။ (ယခု ငွေစက္ကူလက်ခံနိုင်သည့် စက်တွေ ရှိနေပါပြီ။ ရင်းနိုင်ဖို့သာလို၏။)။

သည်ကိစ္စက ဝယ်သူ၏ရိုးသားမှုကိုစမ်းသပ်ခြင်းတရပ်သာဟုပြောလျှင်တော့ အငြင်းပွားစရာရှိနိုင်သည်။ ဈေး ရောင်းစက်ထားတိုင်း မရိုးသားကြလို့မဟုတ်ကြောင်း ကပ်သီးကပ်သပ်တွေပြောလာနိုင်ကြသောကြောင့် ဖြစ်၏။ ပြောမည်ဆိုလည်းပြောစရာ ဥဒဟိုသွားလာကာ လူတကာဝယ်နေသော ဈေးရောင်းစက်နံဘေးမှာ မေ့ကျန်ရစ် သည့်ပိုက်ဆံအိပ်ကို မည်သူမျှမတို့မထိကြဘဲ နာရီများစွာကြာမှ ပိုင်ရှင်ကိုယ်တိုင်ပြန်လာယူရသည့် အဖြစ်တွေ ရှိနေကြသည်။ သည်မှာလည်း စမ်းသပ်ခြင်းပြီးပြည့်စုံအောင် ပိုက်ဆံအိပ်ထဲငွေအပြည့်ထည့်ပြီး ရောင်းသူမဲ့ ဆိုင်ပေါ် တင်ထားကြည့်ရမလိုဖြစ်၏။ လုပ်တော့လုပ်ဖူးကြသည်။ သည်မှာတော့မဟုတ်။ ဒေသ ပထဝီအနေ အထား ပညာရေးလူမှုရေးနောက်ခံ ကျား မ အသက်အရွယ်အုပ်စု စသည်ဖြင့် အချက်အလက် ကိန်းဂဏန်းတွေ စုဆောင်းပြီး သုတေသနဆန်ဆန် ဆောင်ရွက်ကာ စံနစ်တကျသရုပ်ခွဲပြကြခြင်းဖြစ်သည်။

မယုံကြည်စိတ်လွန်ကဲခြင်းမရှိသင့်။ သို့သော် အစားအသောက်အစရှိသော ရောင်းကုန်ပစ္စည်းတခုခုကို တန်ရာ တန်ကြေးမပေးဘဲ မယူဆောင်မသုံးစွဲခြင်းနှင့် ကိုယ်ပိုင်မဟုတ်သော ကိုယ့်ရပိုင်ခွင့်မဟုတ်သော ငွေကြေး ဥစ္စာ ပစ္စည်းတို့အား (အခွင့်ရပါလျက်) မမက်မောမယူငင်ခြင်းတို့သည် ပင်စည်တခုတည်း၏ အကိုင်းအခက်များပမာ မြေခံတူသော်လည်း ရေခံနေခံကိုလိုက်၍ ကြီးထွားပုံခြင်းတူမည်မဟုတ်သလို ချိုးနှိမ်ရပုံခြင်းလည်း တူမည် မဟုတ်။ သူ၏ဥစ္စာ သူ့ဘဏ္ဍာကို မေတ္တာမရှေး သူမပေးဘဲ ဆေးတအိုးမျှ မယူကြနှင့်ဟု ရှေးအတီတေက ဆုံးမ စကားတွေ ကျွန်တော်တို့မှာရှိပြီးသား။ ထိုစကား ထိုအဆုံးအမတွေကို နုနယ်စဉ်ကတည်းက ပဲ့ပြင်သင်ကြား ကိုယ်ကစံနမူနာထားနေပြတတ်ကြလျှင် အအေးဆိုင်ဖွင့်ရသည့် ကရိကထအတော်ပင် သက်သာ ရချေမည်။ မသကာ မေတ္တာရှေးပြီးပေးသည့်တိုင် ဘေးဖြစ်မည့်အရာမှန်လျှင်မယူရဆိုသည့် ကော်ရော်လာရီ (corollary) လောက်ကို လှုံ့ဆော်ကြပ်မတ်ရရုံသာရှိမည်။ ထိုအတွက်တော့ အအေးဆိုင်တွေပင် လိုမည်မထင်။

မောင်းသူမဲ့နဲ့ တာဝန်မဲ့

လွန်ခဲ့သောတစ်လခန့်က ဖတ်ဘူးသည့်သတင်းတစ်ပုဒ် အတွေးထဲသို့ဝင်လာ၏။ စင်ကာပူမှာ ၂၄ ယောက်စီး မောင်းသူမဲ့ခရီးသည်တင်မော်တော်ယာဉ် (ကား) တွေ သည်နှစ်ကုန်ပိုင်းလောက်မှာ စတင်အသုံးပြုနိုင်မည် ဆို သော သတင်းတပုဒ်ဖြစ်၏။ စင်စစ် မောင်းသူမဲ့မော်တော်ယာဉ်ထုတ်လုပ်ရန် စင်ကာပူနှင့်အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ကြီးနှစ်ခုတို့၏ ပူးပေါင်းသုတေသနလုပ်ငန်းမှာ မနေ့တနေ့ကမှ နောက်ဆုံးအဆင့်သို့ ရောက်၏။ သို့သော် နိုင်ငံကြီးအချို့ ယခုနှစ်အတွင်း မောင်းသူမဲ့မော်တော်ယာဉ်တွေ စတင်အသုံးပြုတော့မည် ဆိုသောသတင်းတွေ ထွက်ပေါ်လာခြင်းကြောင့် သူဌေးဖြစ်နောက်မကျစေရန် ကပျာကယာထကာ ကြေညာ လိုက်ခြင်း ဖြစ်ဟန်တူသည်။ ကပျာကယာဆိုသော်ငြား အာပလာတော့မဟုတ်။ တတိယမျိုးဆက် အုပ်စုလိုက် အမြန်ပို့ဆောင်ရေး (3rd Generation Group Rapid Transit) ဟု အမည်ပေးထားသော ထိုအစီအစဉ်တွင် အသုံးပြုမည့်ယာဉ်တွေက အသင့်ရှိနေပြီ။ လေဆိပ် ကျောင်းပရဝုဏ် လူနေရပ်ကွက် အပန်းဖြေစခန်းနှင့် စက်မှု ဇုန်ကွန်ယက်တွေအတွက်ဦးတည်ကာ ဒီဇိုင်းရေးဆွဲထားသည်ဟုဆိုသည်။

စီးပွားရေးမှာ ခြေတလှမ်းဦးခြင်းနှင့် နောက်ကျခြင်းတို့၏ အကျိုးနှင့်အပြစ်တို့ကို ကောင်းစွာနားလည် တက်ကြွလှုပ်ရှားတတ်သူတွေအဖို့ရာ အဆန်း တကျယ်ကိစ္စတရပ်မဟုတ်။ ပြောရလျှင် သည်မှာရောင်းသူမဲ့ ဟိုကမောင်းသူမဲ့ အနည်းဆုံး မဲ့သည်ခြင်းတော့ တူနေသည်။ မည်သို့ဆိုစေ လက်သည်မဲ့တွေ တာဝန်မဲ့တွေ ပိုင်ရှင်မဲ့တွေ ဖန်တရာတေနေခိုက် ရောင်းသူမဲ့ကို သတိနှင့်ကြိုဆိုပါ၏။

နောက်ကျတဲ့ ခြေထောက်တွေ ပြေးနေရဆဲ

ဗိုလ်ချုပ် (အောင်ဆန်း) က လွပ်လပ်ရေးရသည့်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ သူများတွေလမ်းလျှောက်ချိန်မှာ ကိုယ်ကပြေးကာမှတော်ရာကျမည်ဟုပြောခဲ့၏။ ဒါကိုပင်ရည်ညွှန်းလျက် ဗိုလ်ချုပ်သမီး (နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်) က ဒီမိုကရေစီလမ်းပေါ်မှာ တိုင်းပြည်ကြီးပွားတိုးတက်ဘို့ သူများတွေလမ်းလျှောက်လျှင် ကိုယ်က ပြေး ကာမှတော်ရာကျမည်ဟု နှစ်ထပ်အသိဖြင့် မှတ်မိစေခဲ့၏။ ဗိုလ်ချုပ်ခမျာ လွပ်လပ်ရေးကို၎င်း လွတ်လပ်ရေး အလွန်ကာလ သူ့နိုင်ငံသားတွေ ပြေးနေကြသည်ကို၎င်း မြင်ခွင့်ရမသွားရှာခဲ့။ ဗိုလ်ချုပ်သမီးကိုမူ ဒီမိုကရေစီ ဒီမို ကရေစီ၏ အသီးအပွင့်တွေနှင့် ပြည်သူတွေပြေးနေကြသည်ကိုပါ အလုံးစုံမြင်စေချင်ပါ၏။ အမှန်ပင် လွပ်လပ် ရေးနှင့်အတူ ကျွန်တော်တို့တတွေ ပြေးနေခဲ့သည်မှာ ယခုအချိန်ထိရပ်တည်ရာ မရနိုင်ကြသေး။