ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သင့်လူ – အခမဲ့ဆေးကုသခွင့်

သင့်လူ – အခမဲ့ဆေးကုသခွင့်
(မိုးမခ) မေ ၄၊ ၂၀၁၆

အခြေခံလူတန်းစားတွေအတွက် အခမဲ့ဆေးကုသခွင့်ဟာ လာဘ်တပါးဖြစ်တယ်လို့ ဆိုကြတယ်။ မှန်ပါတယ်။ ပညာ-ဥစ္စာ-စည်းစိမ် ပါးလျချို့တဲ့ပြီး ဝေဒနာ-ဘယာ-ရောဂါ သာ ကြွယ်ဝပေါများတဲ့ အခြေခံ လူတန်းစားတွေအဖို့ ဉာဏထက် ကာယ ကိုအားကိုးပြီး အလုပ်လုပ်ရ၊ ထမင်းရက်ကျန် ရေရက်မှန်ကို ပုံမှန်လေးစားရသောက်ရဖို့အရေး ငွေကြေးကို ပြူးပြဲရှာရ-နွမ်းပါးလှတဲ့အတွက် ဈေးပေါတဲ့အစားအသောက်လေးတွေကို အသက်ဆက်နိုင်အောင်စားကြသောက်ကြ၊ စားတဲ့သောက် တဲ့အစားအသောက်က ဆိုးဆေး-မှည့်ဆေး-ဘာဆေး-ညာဆေး (ဆန်အတု-ကြက်ဥအတုဆိုတာတောင်ရှိသေး) ပေါင်းစုံနဲ့ စီမံပြုပြင် အာဟာရဓါတ်ဆိုတာချိုနဲ့လားဆိုတာမျိုးနဲ့ တွေ့ကြ၊ လူကပင်ပန်း၊ အာဟာရကမပြည့်၊ ကိုယ်ခံအားကညံ့၊ ပတ်ဝန်းကျင်က မသန့်ဆိုတော့ ရာဂေါ ဝါဒနေ ထွာထွာရေ ဆိုတာ အခြေခံလူတန်းစားတို့အတွက် ကြွေးရှင်အိမ်ပေါ်တက်ထိုင်နေသလို မမြင်ချင်လည်းမြင်ရ၊ မတွေ့ချင်လည်းတွေ့ရတဲ့ နိစ္စဓူဝ ပြဿနာဖြစ်လာတာပေါ့။


အဲသလို ရောဂါနတ်ဆိုး မိစ္ဆာမျိုးက ဖိစိးနှိပ်စက်လာပြီဆိုရင် အမြန်ပျောက်ကင်းသက်သာချင်တာ လူ့သဘာဝကိုး။ “ဥုံဖွ ပျောက်စေ..” လို့ မန်းမှုတ်လို့မရဘူးဆိုတာလည်း အနည်းနဲ့အများသိကြတာကိုး။ လူတွေဟာ ဆေးမြီးတို၊ နှပ်ဆေး၊ အုပ်ဆေး၊ သုံးခွက် တခွက်တင်၊ ပထဝီ၊ အာဘဲ၊ တေဇဲ၊ ဝါယဲ ဆိုတာတွေ နည်းမျိုးစုံစမ်းရင်း ပိုဆိုးလာတဲ့အခါမတော့ ဆေးခန်း၊ဆေးရုံဆိုတာကို ပက်လက်တမျိုး မှောက်ခုံတသွယ် ရောက်လာတတ်ကြတယ်။


အဲသလိုရောက်လာတဲ့အခါ သူတို့ရောဂါအဆင့်က ကျွံနေပြီ၊ လွန်နေပြီ၊ ဂိတ်ဆုံးပြီ၊ မျှော်လင့်ချက်မဲ့ပြီ ဆိုတဲ့ အခြေအနေမျိုးမို့ အသက်အန္တရာယ်ရှိနေပါပြီ။ ကုသတဲ့အခါမလည်း ဆေးတွေမျိုးစုံယဉ်ပါးခဲ့ပြီမို့၊ တသက်လုံး အလွန်အကျွံ ခိုင်းလာတဲ့ ခန္ဓာက ပန်းလှပြီမို့၊ ရောဂါအဆင့်ကရင့်လှပြီမို့၊ ကုစရာဆေးတွေ၊ ကုထုံးတွေက အစွမ်းကုန် ဂိတ်ကုန် ချရတယ်။ အဲသလိုအကြီး အကျယ်ကုတဲ့အခါ လက်ဖဝါးလေးဖြန့်ပြီး လိုတဲ့ဆေးရောက်လာစေ၊ လိုတဲ့ကုထုံးချက်ခြင်းရောက်စေလို့ တံခိုးပြာဋီဟာ ပြ လို့မရ၊ ပိုက်ဆံငွေကြေးနဲ့ဝယ်ရတာဖြစ်တဲ့အတွက် ဆေးကုသမှုစရိတ်ဟာ လူနာအဖို့ မျက်လုံးပြူးပြီး ရင်ဘတ်ထဲက နှလုံး အပြင်ခုန်ထွက်မတက် တနင့်တပိုး ဖြစ်တာပေါ့။


အခြေခံလူတန်းစားမို့ ဆင်းရဲ-ဆင်းရဲလို့ မကျန်းမာ ရောဂါရ၊ တနေ့ပျောက်နိုးနဲ့ ကောင်းနိုးရာရာလေးတွေ ကြံဖန်လုပ်ရင်း ပိုဆိုး၊ အချိန်လွန်မှ ဆေးကုသ၊ ဆေးကုခ စရိတ်ထောင်းလို့ ရောဂါကြောင့် မွဲပြာကျ ဆိုတာကို ဆင်းရဲခြင်းသံသရာလို့ ခေါ်တာပါပဲ။ အဲသလို အစိုးရက တာဝန်မယူပဲ ဆေးကုသမှုစရိတ်ကို ကိုယ့်ပိုက်ဆံကိုယ်ပေး၊ ငွေရှိရင်နေ မရှိရင်သေလို့ ပေယျာလကန် ပစ်ထားတဲ့စနစ်ကို Out-of-pocket health care payment system လို့ ခေါ်တယ်။ တကယ်တော့ ဒါဟာ စနစ် တောင်မဟုတ်ပါဘူး။ ဘာတာဝန်မှမယူဘဲ နင်တို့ဘာသာဖြစ်တာ နင်တို့ဘာသာကုပေါ့လို့ မျက်နှာလွဲခဲပစ်လုပ်တာပဲဖြစ်တယ်။


မြန်မာနိုင်ငံဟာ ၁၉၈၉ ကစလို့ ၂ဝ၁၁ လောက်ထိ အဲဒီ မျက်နှာလွှဲခဲပစ် စနစ်နဲ့ နေခဲ့ရတယ်။ အဲသလိုနေခဲ့ရလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျန်းမာရေးစနစ်စစ်တမ်းမှာ ကမ္ဘာ့ဘိတ်ချေးဖြစ်ခဲ့တယ်။ ဆင်းရဲမှုပပျောက်ရေး စီမံကိန်းဆိုတာတွေကလည်း ဒီကိစ္စကို ထည့်မစဉ်းစားတဲ့အတွက် ဘာအကောင်အထည်မှ မပေါ်ဘဲ ရေပေါ်အရုပ်ရေးသလို ဖြစ်ခဲ့ရတယ်။ လူတွေဟာလည်း ဆင်းရဲခြင်းသံသရာထဲ ပက်လက်ရော မှောက်ခုံပါ မျောရင်း ရောဂါ-ဘယာ-မရဏာ ဂါထာရွတ်နေခဲ့ကြရတယ်။


၂ဝ၁၁ မှာ အစိုးရပြောင်းတော့ ဒီကိစ္စဟာ အစိုးရရဲ့ ဦးစားပေးအစီအစဉ်အဖြစ် အလျှင်အမြန်ပဲ ထိပ်ဆုံးရောက်လာခဲ့တယ်။ အစိုးရအသစ်တက်တဲ့အခါ လူကြိုက်များစေဖို့ ပညာရှင်တွေအကြံပေးတဲ့ အလျှင်အမြန်အောင်ကြောင်း ဗျူဟာတွေ (Quick Win Strategies)ထဲ သူက ပါနေတာကိုး။ ဒါကြောင့်မို့ ကျန်းမာရေးဝန်ကြီးဌာနကို ဘတ်ဂျက်တွေ ဆယ်ဆလောက်တိုးချ ပေးလိုက်တယ်။ လူတွေကို အခမဲ့ဆေးကုသခွင့်ပေးစေ ဆိုပြီး စီမံခိုင်းစေလိုက်တယ်။


ဘာမှ ပြင်ထားဆင်ထားတာမရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ငွေပုံကြီးကိုကြည့်ရင်း ငူ-ငိုင်-ငေး-ငိုက်-ငေါင် နေရာက နေ့ခင်းကြောင်တောင် အိပ်မက်မက် နေရာက လန့်ဖြန့်နိုးလာပြီး ဟယ်… အခမဲ့ဆေးကုသခွင့်ပေးဆိုပါလား၊ ကိုင်း.. ဆေးတွေဝယ်ကြစို့ ဆိုပြီး ထုံးစံအတိုင်း ဆေးတင်ဒါခေါ်တယ်။ ဆေးသိုလှောင်ရေးဌာနကို မျိုးရင်းနာမည်နဲ့ဆေး (Generic drugs) တွေ အစုလိုက် အပြုံလိုက်ဝယ်ခိုင်း တယ်။


ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့ နယ်အဆင့်၊ တိုက်နယ်အဆင့် ဆိုတဲ့ အဆင့်ဆင့်သော ဆေးရုံတွေကို ဒီဆေးတွေရောက်အောင်ပို့၊ တပြေးညီဖြန့်ဆိုပြီး ဖြန့်ချလိုက်တဲ့အခါမတော့ လူနာနှစ်ယောက်နဲ့တပိုင်း လောက်ရှိတဲ့ မြို့ နယ် တိုက်နယ်အဆင့်ဆေးရုံတွေမှာ ပါရာစီတမော အလုံးသုံးသိန်းတို့၊ တက်ထရာဆိုက်ကလင်း ထိုးဆေး အလုံးရေ ရှစ်သောင်းတို့ ဆေးသေတ္တာတွေရောက်လာတယ်။


ဒါတွေကို ပေးတဲ့စာရင်းနဲ့ သုံးတဲ့စာရင်းကိုက်ရမယ်ဆိုပြီး ကြပ်လိုက်တဲ့အခါ သက်ဆိုင်ရာပုဂ္ဂိုလ်တွေခမျာ ပေးစရာလူနာကမရှိလို့ သေပြီးသားလူတွေကို စာရင်းထဲမှာဆေးပေး၊ မီးရှို့ တန်ရှို့ -ရေမျှောတန်မျှော-မြေမြှုပ်တန်မြှုပ်လုပ်ကြရှာပေမဲ့ ဆေးကမကုန်-ဒုက္ခတွေရောက်။ လူနာများတဲ့ ဗဟိုအဆင့် တိုင်းအဆင့် ဆေးရုံတွေမှာတော့ စပယ်ရှယ်လစ်ဆိုတဲ့ အထူးထု (အဲ မှားလို့ အထူးကု) ဆရာဝန်တွေက ဒီ မျိုးရင်းနာမည်နဲ့ ဆေးတွေဟာ အောက်တန်းကျတယ်ဆိုပြီးတော့မသုံး၊ ဆေးကုမ္ပဏီတွေက အထူးနာမည်နဲ့ထုတ်ထားတဲ့ ရှယ်ဆေးတွေကို ပဲသုံးမယ်ဆိုတဲ့အတွက် ဆေးတွေက အလကားဖြစ်၊ တကယ်သုံးပြန်တော့လည်း မလောက်နဲ့ ဒုက္ခတွေရောက်။


ဒါနဲ့ပဲမဖြစ်ချေဘူးဆိုပြီး အကြံထုတ်ကြ၊ ကဲ… သက်ဆိုင်ရာဆေးရုံတွေကို ငွေပုံပေးလိုက်မယ်၊ ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်တွေ ကိုယ်သုံးချင်တဲ့ဆေးကိုယ်ဝယ်ကြ ဆိုပြီး လုပ်လိုက်တယ်။ ဘာပြောကောင်းမလဲ တကျောင်းတဂါထာ-တရွာတပုဒ်ဆန်းလိုက်ကြတာ ဝက်ဝက်ကိုကွဲနေတာပဲ။


အခြေခံလူတန်းစားတွေကတော့ ဆေးရုံကြီးတွေမှာ ဆေးတွေအလကားပေးနေပြီ၊ အခမဲ့စမ်းသပ်နေပြီ၊ ကုသနေပြီဆိုတော့ ဝမ်းသာကြတာပေါ့။ တကယ်လည်းဝမ်းသာစရာပဲကိုး။ ဒါကြောင့် အရင်က ပိုက်ဆံကုန်မှာစိုးလို့ တပိန်ပိန်တလိန်လိန် ကြိတ်မှိတ်နေကြသူတွေဟာ ခု ဆေးရုံကိုရောက်လာကြတယ်။ ရောက်လာတာမှ အစုလိုက်အပြုံလိုက် ကြိတ်ကြိတ်ကိုတိုး လို့။


သို့သော်ခက်တာက ဘယ်ဒေသမှာနေတဲ့လူနာဟာ အဲဒီဒေသကဆေးရုံမှာအရင်ဆုံး စမ်းသပ်ကုသမှုကိုခံယူ၊ အဲဒီက သက်ဆိုင်ရာဆရာဝန်က အထက်အဆင့်ဆေးရုံတွေကို ညွှန်းပို့ဖို့လိုရင် တရားဝင်ညွှန်းပို့လွှဲစာရေးပြီး ဒီလွှဲစာပါမှ အထူးကု ဆေးရုံကြီးတွေက လက်ခံဆိုတဲ့ စနစ်ဟာ စာထဲမှာပဲရှိပြီး လက်တွေ့မသုံးဘူး။ ဒါကြောင့် ဘာလွှဲစာမှမပါလည်း အထူးကုဆေး ရုံကြီးတွေဟာလက်ခံရတယ်။ ဆိုတော့ လူတွေဟာ အဲဒီဆေးရုံကြီးတွေကိုတန်းသွားတယ်။ ဒါကြောင့် ဆေးရုံကြီးတွေဟာ ကြိတ်ကြိတ်တိုးစည်ကားပြီး မြို့ နယ်တိုက်နယ်ဆေးရုံလေးတွေဟာ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်လာတယ်။


အစိုးရကတော့ ဒါကိုပဲ အခမဲ့ဆေးကုသခွင့်ကြောင့် လူနာတွေဆေးရုံမှာများလာပြီဆိုပြီး ဂုဏ်လုပ်ကျေနပ်နေခဲ့တယ်။ တကယ်က ဒါဟာ စနစ် အလွဲကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုး (Side Effect) ပဲ။ စနစ်ရဲ့ အကျိုးရလဒ်မဟုတ်ဖူး။ စနစ်ကျတဲ့ ညွှန်းပို့လွှဲစာစနစ်နဲ့ အဆင့်ဆင့်လွှဲပြောင်းခြင်းမရှိရင် ဆေးရုံကြီးတွေဟာ လူနာများတိုင်းတိုးချဲ့နေရရင် ကုတင် ၁ဝဝဝ ကနေ ၁၅ဝဝ-၂ဝဝဝ-၂၅ဝဝ- ကုတင် တသောင်း ကုတင် တသိန်းဆန့်လုပ်လည်းလောက်မှာမဟုတ်ဘူး။ ဒီလို လူနာတက်တာများလို့ ဆေးရုံ ချဲ့ရတယ်ဆိုတာ ဆန်စဉ်ရာကျည်ပွေ့လိုက်တဲ့ ဝေလေလေ စီမံခန့်ခွဲမှုပဲ။


အခမဲ့ဆေးကုသခွင့်လို့ ဆိုရာမှာ ဘယ်ရောဂါကို ဘာဆေးနဲ့ ဘယ်လိုကုပြီး ဘယ်လောက်အတိုင်းအတာအထိ အခမဲ့မယ်လို့ မပါတဲ့အတွက်၊ မပြောတဲ့အတွက်၊ မပြဋ္ဌာန်းထားတဲ့အတွက် ခြေသည်းလန်တာကနေ အသည်းအစားထိုးတဲ့အထိ အခမဲ့ ရမဲ့သဘောဖြစ်နေတယ်။ အခမဲ့ဆိုတာ လူနာတွေအဖို့သာ အိတ်ထဲကပိုက်ဆံမထွက်လို့ အခမဲ့ပြောတာ။ တာဝန်ယူရတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဝန်ကြီးဌာနအနေနဲ့ ကုန်ကျစရိတ်ရှိတယ်၊ အခမမဲ့ဘူး။


ဒီအတွက် ဘယ်လိုအခမဲ့ရမှာတုန်းဆိုတဲ့ ပြဋ္ဌာန်း လမ်းညွှန် အရင်ကလည်းမရှိ၊ ခုလည်းမရှိသေး။ နောက်တခါ ရောဂါကုသတဲ့အတွက် ကုန်ကျစရိတ်ကို ဘယ်ရောဂါဘယ်လိုကုရင် ဘယ်လောက်ကုန်တယ်ဆိုတဲ့ စံ ကုန်ကျစရိတ် (Standard Costing) ရှိမှ၊ တနှစ်တနှစ် ဒီလိုရောဂါမျိုးနဲ့ ဒီဆေးရုံကို လူနာ ဘယ်နှစ်ယောက်တက်တယ်၊ နောင်လည်း ဘယ်လောက်တက်ဦးမယ်ဆိုတဲ့ ဆေးရုံသတင်းအချက်အလက်စနစ်ကောင်းမှ၊ ဒီ အခမဲ့ ဆေးကုသခွင့်ဆိုတဲ့စကားလုံးဟာ ရေရှည်တည်မြဲစွာဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။


ဒါတွေဘာမှမရှိဘဲ အခမဲ့ ကျန်းမာရေး၊ အခမဲ့ ဆေးကုသခွင့်ဆိုတာတွေကို ပြောတဲ့အခါ လုပ်တဲ့အခါ ဝိဝါဒကွဲချင်စရာကိစ္စတွေ အများကြီးပေါ်လာခဲ့ပါတယ်။ ရေရှည်တည်တံ့တဲ့ စနစ်မျိုးဖြစ်ချင်ရင် အခြေခိုင်ရပါမယ်။ အခြေခိုင်ဖို့ဆိုရင် အများသဘောတူတဲ့ (သဘောတူ အောင်လုပ်ထားတဲ့) စံ လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းရပါမယ်။ လိုက်နာရပါမယ်။ အဲသလိုမဟုတ်ဘူးဆိုရင်တော့ အခမဲ့ ဆေးကုသခွင့်ဟာ ခုတလောဖြစ်ဖြစ်နေတဲ့ လေပြင်းနဲ့အတူ ရောက်ရာပေါက်ရာ လွင့်မျောသွားဖို့ မှတပါးအခြားမရှိလေ။


သင့်လူ

မေ ၂၊ ၂၀၁၆