ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် ● စိန်ပင်းပင် အလွမ်း

 
ဖိုးထက် ● စိန်ပင်းပင် အလွမ်း
(မိုးမခ) မေ ၂၄၊ ၂၀၁၆

နွေရာသီရောက်သည်နှင့် ပြင်းထန်လှသည့်အပူဒဏ်အောက်မှာ သက်ရှိသက်မဲ့တွေ အတုံးအရုံး အလူးအလဲ ခံစားကြရသည်။ ငါနဲ့အဝေးကြီးပါ၊ ငါနဲ့မဆိုင်ပါဘူး စိတ်ထားတွေကြောင့် အမှိုက်တွေကို စွန့်ပစ်ချင်သလို စွန့်ပစ်ကြသည်။ သစ်ပင်တွေကို စိတ်အလိုလောဘအတိုင်း ထင်သလိုခုတ်လှဲကြသည်။ လောဘစိတ်အပူငွေ့ များက ကမ္ဘာကြီးကို မီးမြိုက်ထားသကဲ့သို့။

နွေရောက်သည်နှင့် စိမ်းစိမ်းစိုစိုအရွက်တဖားဖားအပင်ကြီး အချို့ကိုတွေ့ရနိုင်သော်လည်း ရွှင်ရွှင်လန်းလန်းမရှိ။ အပွင့်မဝေ။ ညှိုးတရော်ရော်။ ရက်စက်လွန်းသည့် နွေအပူဒဏ်နှင့် အံတုဖက်ပြိုင်၊ ထီမထင်အမူအရာဖြင့် အပွင့်တွေကို အစွမ်းကုန်ဖူးပွင့် ဝေဆာသည့်အပင်တမျိုးတော့ရှိသည်။ စိန်ပန်းပင်နှင့်စိန်ပန်းပွင့်များ။ နွေအပူကို ဒေါင်းတင်မောင်းတင် ရွဲ့စောင်းပြီးများ ပွင့် ကြလေသလားထင်ရလောက်အောင် စိန်ပန်းပင်က သူတို့၏အရွက်တွေပျောက်သွားလောက်အောင် ဖူးပွင့်ကြသည်။

စိန်ပန်းပင်က ဒူပေဒါပေခံသည်။ ကရိကထမများ။ မျှော်လင့်ချက်တွေလည်းအများကြီးမပေး။ သူ့ဆီက အရိပ်အာဝါသ အ များကြီး မျှော်လင့်တောင်းခံလို့မရ။ သို့သော် စိန်ပန်းပင်က အပူဒဏ်ကြောင့် အရုပ်ဆိုး အထီးကျန်သော နွေနှောင်းရက်များကို အစွမ်းကုန်ပွင့်ဖူးခြင်းဖြင့် အလှဆင်ပေးသည်။ အပူကြောင့် အကျည်းတန်နေသည့်လောကကို အဆင်ပြေစေသည်။

စိန်ပန်းပွင့်များကို အင်္ဂလိပ်စာတွေထဲမှာ The flames in the forest. ဟု တင်စားကြသည်။ ရဲပဒေါင်းခတ်နေအာင် အဆုပ် လိုက်အဆုပ်လိုက် တပင်လုံးပွင့်ကြသည့်စိန်ပန်းပွင့်တွေကို တောအုပ်ထဲကမီးတောက် မီးလျှံတခုအလား တင်စားဟန်တူ သည်။ စိန်ပန်းပွင့်တွေ၏အရောင်ကိုအနီရောင်ဟု တသတ်မတ်တည်း သတ်မှတ်လို့ မရစကောင်း။ နီသလိုလိုဝါသလိုလို မြန် မာတို့အခေါ် အုတ်ခဲကျိုးအရောင်၊ အ၀ါရောင်ဘက်အများကြီး လိုက်သည့်အ၀ါမဟုတ်သော အရောင်၊ ဘာအရောင်ဟု ခေါ်ရမည်မှန်းပင်မသိသည့်အခြားအရောင်တွေ ရှိသေးသည်။ စိန်ပန်းအပြာတွေပင် ရှိသည်။ စိန်ပန်းပင်များ၏အရောင်အသွေးကွဲပြားခြားနားမှုများစွာကို ရုက္ခဗေဒပညာရှင် မဟုတ်သောသူများပင် အလွယ်ကလေး တွေ့မြင်သတိထားနိုင်သည်။

စိန်ပန်းပင်များကို ပူအိုက်ခြောက်သွေ့သည့်အညာအရပ်ဒေသနှင့် တွဲစပ်မှတ်သား တတ်ကြသော်လည်း အောက်အကြေ ရန်ကုန် မှာလည်း စိန်ပန်းတွေအများကြီးရှိသည်။ အထူးသဖြင့် ပြည်လမ်းမကြီးတလျှောက်။ ရန်ကုန်မှ ပြည်မြို့ကိုအသွား လှည်းတန်းကိုကျော်သည်နှင့် စိန်ပန်းတွေက ဟိုနား၊ သည်နား၊ ခပ်စိပ်စိပ်တွေ့ရ သည်။ စော်ဘွားကြီးလမ်းဆုံကျော်သည်နှင့် အရောင်အသွေးစုံလင်သောစိန်ပန်းတွေက ၀ါဝါထိန်နေသော ငုဝါပင်များနှင့် အတွဲအစပ်မိမိ ပွင့်ဖူးကြသည်။ အနီနှင့်အ၀ါ။ အပြာနှင့်အ၀ါ။ နီဝါ၀ါနှင့် အ၀ါ။ အနီ၊ အပြာ၊ နီဝါ၀ါနှင့် ထိန်ထိန်ဝါ။ လှပလွန်းသည့် အရောင်အတွဲအစပ်များ။

စိန်ပန်းပင်ကို အင်္ဂလိပ်လို Gold Mohur Tree လို့ခေါ်သည်။ ဇီဝဗေဒအမည်အရ Poinciana Regia လို့လည်းခေါ်သည် ထင် သည်။ ရွှေရောင်လို ၀င်းဝင်းဝါ၀ါ ၀င့်ဝင့်ကြွားကြွား တောက်တောက်ပပအရောင်နှင့် ဘယ်လိုမှမပတ်သက်သည့်အပွင့်တွေကို ပွင့်ကြသည့်စိန်ပန်းကို Gold Mohur Tree လို့ခေါ်တာ အဆက်အစပ် ဘယ်လိုရှိခဲ့သနည်းဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းသည်။ ဒါမှမဟုတ် မြန်မာတွေမြင်ကြသောအရောင်နှင့် အနောက်တိုင်းက မြင်ကြသော အရောင်ခံစားမှုကြိမ်နှုန်းများမတူညီခြင်းလည်း ဖြစ်နိုင်ပါသည်။

ယေရှုခရစ်တော်ကိုသစ္စာဖောက်ခဲ့သည့် ဂျူးဒတ်စ်၏ သေခြင်းမူကွဲတွေအများကြီး ရှိကြသည့်အထဲမှာ စိန်ပန်းနီလာမှာ ကြိုး ဆွဲချပြီး သူ့ကိုယ်သူ သေကြောင်းကြံသွားခဲ့သည်တဲ့။ ယေရှုခရစ် မွေးဖွားရာဒေသမှာ စိန် ပန်းပင်တွေ ပေါက်ရောက်ပေါများခဲ့ သလား။ ဖြစ်နိုင်သည်။ စိန်ပန်းက နေရာဒေသမရွေး။ အထူးသဖြင့် ပူလောင် ပြင်းပြသော ရာသီဥတုအောက်မှာ ပိုပြီးပျော်မွေ့ သည့်အပင်။ မျိုးစိတ်၊ မျိုးကွဲတွေ အလွန်များသည့်စိန်ပန်း။ စိန်ပန်းပွင့်အပြာတွေက လူတယောက်၏အမှားတွေကို နောင်တ ကြီးစွာရစေသလော။ လာလှည့်၊ ထွက်ပြေးလွတ် မြောက်လှည့်လို့များ လက်ယပ်ခေါ်ငင်နိုင်သလော။ စိန်ပန်းနီလာအပင် များကို ယုဒသစ်ပင်ဟုပင် ခေါ်တွင်ခဲ့ကြသည်။ ၀ိညာဉ်ပျောက်ဆုံးသူတို့၏သစ်ပင်တဲ့။ လူတို့သတ်မှတ်ခေါ်ဝေါ်လိုက်သော အမည်နာမတခုက သဘာဝ တရားအတိုင်း ရှင်သန်ပေါက်ဖွားနေသည့် အပင်မျိုးစိတ်တခုအပေါ်မှာ တရားမျှတမှုကင်းမဲ့ခြင်း သက်သက်သာ ဖြစ်သည်။ ဂျူးဒတ်စ်၏ သစ္စာမစောင့်သိခြင်းက စိန်ပန်းနီလာပင်နှင့် မသက်မဆိုင် ရှိသင့်ပါသည်။
ကျွန်တော်ငယ်စဉ်က အမေနဲ့အမတွေနဲ့အတူတူ အမေတာဝန်ကျရာ စာသင်ကျောင်းဝန်းကြီးတွေထဲမှာ နေခဲ့ရသည်။ အမေ တာဝန်ကျသည့် ကျောက်မီးကျောင်းမှာ ဘ၀၏ပထမဆုံးစိုက်ပျိုးသည့်သစ်ပင်အဖြစ် စိန်ပန်းပင်တပင် စိုက်ခဲ့ဖူးသည်။ အပင် ပေါက်လေးကို မြေချ။ မကြာခဏ အထိန်းအကွပ်မဲ့ရောက်လာလေ့ရှိသည့် နွားကြီးတွေရန်က ကာကွယ်ဖို့ ဆူးကိုင်းလေးတွေ၊ ၀ါးချွန်လေးတွေနှင့် အလုပ်ရှုပ်နေခဲ့သော ငါးတန်းကျောင်းသား ကျွန်တော့်ကို အမေက နည်းနည်းမှ အကူအညီမပေး။ အပင်တပင်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲသလဲသိစေခဲ့ သည်။ ညနေတိုင်းဘောလုံးကန်ရာကအပြန် မောကြီးပန်းပြီးခြေကုန်လက်ပန်းကျဖြစ်နေသော်လည်း ရေလောင်း ပေါင်းသင်၊ မြေဆွအလုပ်ရှုပ်နေသည့်ကျွန်တော့်ကို အမေက လွှတ်ထားခဲ့သည်။ အမေ့ရဲ့ပေယျလကန်ပြုမှုတွေထဲမှာ Environment ဆိုသည့် သင်ကြားမှုတွေပါသည်။ ပြုစုစောင့်ရှောက်ခြင်းဆိုသည့် ပီတိ တွေ ခံစားတတ်အောင် သင်ကြားမှုများ ပါဝင်သည်။

နှစ်အနည်းအငယ်ကြာ ကျွန်တော်စိုက်ပျိုးခဲ့သော စိန်ပန်းပင်ကြီးဆီသို့ပြန်ရောက်တော့ အကူအညီမလိုသော၊ စည်းမရှိ၊ ကမ်းမရှိ နွားတွေ၏ရန်ကိုလွတ်ကင်းအောင်နေနိုင်သော၊ ပျိုမြစ်အရွယ်ရောက်ပြီးသော စိန်ပန်းပင်ကြီးဖြစ်နေခဲ့ပြီ။ မွမွရွရွ စိန်ပန်းပင်ပင်စည်ကိုကိုင်ကြည့်ရင်း သက်ရှိတယောက်နှင့် ထိတွေ့ဆက်ဆံရသည့်ခံစားမှုတွေ ကျွန်တော်ရခဲ့သည်။ ဒီအပင်ကြီး ကို ငါစိုက်ခဲ့တာပါလားဆိုသည့်စိတ်ခံစားမှုက ခရစ်ယာန်ဘာသာ ၀င်တို့၏ယုံကြည်ခြင်းဖြစ်သည့်ကမ္ဘာကြီးကို ဖန်ဆင်းတော် မူခဲ့သော ထာဝရဘုရားရှင်၏စိတ်ထားတော်မျိုးဆိုတာ ဒီလိုနေမှာပဲဟု မတန်မရာခံစားရသည်။

နောက်တခေါက် ကျောက်မီးကိုကျွန်တော်ပြန်ရောက်ပြန်တော့ ကျွန်တော့်စိန်ပန်းပင်ကြီးမရှိတော့။ သွေ့ခြောက်နေသော ငုတ်တိုကြီးကကျက်သရေကင်းမဲ့သော အမူအရာဖြင့် ကျွန်တော့်ကိုဆီးကြိုငိုယို တိုင်တည်နေသယောင်ယောင်။ သူတပင် တည်းမဟုတ်။ သူ့ပတ်ဝန်းကျင်က သူ့အကိုတော်များဖြစ်ကြသည့် နှစ်သက်တမ်း ကြာရင့်လှပြီဖြစ်သော ကုက္ကိုလ်ပင်ကြီးများ၊ မန်ကျည်းပင်ကြီးများ၏ ပင်စည်၊ အငုံး၊ အတိုများ၏ ငိုယို မြည်ကြွေးသံကိုအတိုင်းသား ကြားခဲ့ရသည်။ အချည်းအနှီးမဲ့ လွန်းသောလူများ၏ ယုတ်မာပက်စက်မှုကို ရှိုက်ကြီးတငင် ငိုယိုတိုင်ကြားနေကြသော ပင်စည်ငုတ်တိုကြီးများနှင့်ဝေးရာသို့ ကျွန်တော်ထွက်ပြေးခဲ့ဖူးသည်။

စိန်ပန်းဆိုသည့်အပင်မျိုးက အပင်ဖြစ်လွယ်သည်။ အမှီအခိုအနည်းဆုံးနဲ့ ရှင်သန်ပေါက်ဖွားနိုင်သည်။  မလေးရှားပိတောက် တို့လို၊ ယူကလစ်ပင်တို့လို ဘေးထွက်ဆိုးကျိုးမရှိ။ ကောင်းကျိုးလည်း အများကြီးမရှိ။ သက်တမ်းလည်း မရှည်ရှာ။ သို့သော် စိန်ပန်းပင်တွေပွင့်ရင် ကျွန်တော် ဘာကိုလွမ်းမှန်းမသိ လွမ်းသည်။ လွမ်းခြင်းသည် ချစ်ခြင်းအငယ်စားသာ ဖြစ်သည်။ ထို့ ကြောင့် ချစ်ခင်မြတ်နိုးခြင်း အနုစားကိုဖြစ်စေသည့် ကျွန်တော့် ငယ်ချစ်စိန်ပန်းပင်နှင့် အပွင့်တွေကိုတွေ့တိုင်း အသက်အရွယ်နှင့်ဘယ်လိုမှမလိုက်ဖက်သောကလေးတယောက်ကဲ့သို့ အသံထွက်အော်ဟစ်မိနေဆဲ ဖြစ်သည်။ တပင်လုံးဝေနေအောင် ပွင့်သော စိန်ပန်းပင်များကိုတွေ့တိုင်း ကျွန်တော်လွမ်းသော်လည်း မိုးကျသည်နှင့် စိန်ပန်းပွင့်တွေက ရိုရိုကျိုးကျိုး မြေပေါ်သို့ ဆင်းလာကြမြဲဖြစ်သည်။

ဖိုးထက်