ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ပင်လုံစာချုပ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခွဲထွက်နိုင်သောအခွင့်အရေး - ၁


မောင်မောင်စိုး - ပင်လုံစာချုပ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခွဲထွက်နိုင်သောအခွင့်အရေး - ၁
(မိုးမခ) မေ ၂၆၊ ၂၀၁၆


ပင်လုံစာချုပ်သည် စာချုပ်တခုလည်း ဖြစ်သည်။ သဘောတူညီမှုတခုလည်းဖြစ်သည်။ ကတိကဝတ်တခုလည်း ဖြစ်ပါသည်။ ပင်လုံစာချုပ်နှင့် ပတ်သက်၍ ပြောဆိုကြလျှင် ပြည်နယ်များ၏ခွဲထွက်ခွင့်ကို ပြောဆိုကြသည်။ သို့သော် ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်ကို ဖော်ပြရေးသားထားခြင်းမရှိပေ။

ပင်လုံ၏အရေးပါပုံ

မြန်မာပြည်သမိုင်းတွင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ပင်လုံသည် အရေးပါသည်။ ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ ပေါင်းစည်း၍ လွတ်လပ်ရေးယူခြင်းသည် ပင်လုံသဘောတူညီချက် ကြောင့် ဖြစ်သည်။ ပင်လုံသဘောတူညီချက်သာမရရှိပါက ယနေ့ မြန်မာပြည် ပြည်ထောင်စုဟုခေါ် သော နယ်မြေအားလုံး တစုတစည်းတည်း လွတ်လပ်ရေးယူရန်ခက်ခဲပေလိမ့်မည်။

ထိုကြောင့်လည်း ၁၉၄၇ ခုနှစ်တွင် ပြည်မနှင့် ချင်းတောင်တန်း ကချင်တောင်တန်း ရှမ်းပြည်နယ်မှ ခေါင်းဆောင်များ တက်ရောက်ကြသော ပင်လုံအစည်းအဝေး၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းဖြင့် ရှမ်း ကချင် ချင်း တို့သည် ပြည်မနှင့်အတူ လွတ်လပ်ရေးကို လျင်မြန်စွာ ရရှိလိမ့် မည်ဟုယူဆကာ ပင်လုံစာချုပ်ကို တညီတညွတ်ထဲသဘောတူခဲ့ကြသည်ဟု ဆိုရပါမည်။

ထိုစဉ် အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုစနစ်အရ ပြည်မ ချင်း/ကချင်/ရှမ်းပြည်နယ်တို့ပါသော တောင်တန်း ဒေသနှင့် ကရင်နီပြည်နယ်တို့အဖြစ်ခွဲခြားထားလေရာ တစုတစည်း လွတ်လပ်ရေး ရယူရေးနိုင်ရေး အတွက် လိုအပ်ချက်ဖြစ်လာခြင်း ဖြစ်သည်။ ထိုစဉ် ရခိုင် မွန် ကရင်တို့မှာ ဗြိတိသျှတို့၏ ပြည်မအုပ်
ချုပ်ရေးတွင်ပါဝင်လေရာ ပင်လုံတွင် သီးခြားမပါဝင်ခဲ့ကြပေ။

ထိုပင်လုံစာချုပ်သည် မြန်မာပြည်တပေါင်းတစည်းထဲ လွတ်လပ်ရေးရယူပေးရာတွင် အရေးပါခဲ့ သကဲ့သို့ ယခုကာလတွင်လည်း ပင်လုံ ကတိကဝတ်များနှင့်ပတ်သက်၍ မည်သူက လိုက်နာ၍ မည်သူက ဖေါက်ဖျက်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၍ များစွာအငြင်းပွားနေဆဲဖြစ်သည်။

အတိုင်ပင်ခံဝန်ကြီးနှင့် အုပ်ချုပ်ခွင့်အာဏာ
ပင်လုံစာချုပ်အရ တောင်တန်းဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလည်များကရွေးချယ်သည့်ကိုယ်စားလှယ်တဦးကို ဘုရင်ခံ၏အမှု ဆောင်ကောင်စီတွင် အတိုင်ပင်ခံအဖြစ် ခန့်အပ်ရမည်။၎င်းပုဂ္ဂိုလ်ကို ဌာနလက်ကိုင်မရှိ ဝန်ကြီး အဖြစ်ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနနည်းတူ တောင်တန်းဒေသရေးရာဌာနကို ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီအောက်တွင် ထားရှိရမည်။ အဆိုပါတောင်တန်းဒေသဆိုင်ရာအတိုင်ပင်ခံ ဝန်ကြီးအား အုပ်ချုပ်ရေးအာဏာများ လွှဲအပ်ရမည်။

ထို့ပြင် ထိုအတိုင်ပင်ခံဝန်ကြီးအားကူညီရန် ယင်းနှင့်လူမျိုးတူ မဟုတ်သည့် အခြားတောင်တန်းသား များအား ကိုယ်စားပြုသည့် တွဲဖက်အတိုင်ပင်ခံ ၂ ဦးရှိရမည်ဟု ဆိုသည်။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ် ၂ ဦး သည် ပထမဦးစွာ မိမိနယ်ပယ်ရေးရာများကို ဆောင်ရွက်ရမည်။ အတိုင်ပင်ခံဝန်ကြီးက ကျန်ရှိ
သည့် အခြားတောင်တန်းဒေသရေးရာများကို စီမံရမည်ဟုဆိုသည်။ ယင်းပုဂ္ဂိုလ် ၃ ဦးသည် အခြေခံ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း စုပေါင်းတာဝန်ယူလုပ်ကိုင်ရမည်ဟု ဆိုသည်။ ရှမ်း ကချင် ချင်း ကိုယ်စားလည် ၃ ဦးစလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ခဲ့သည်ကိုတွေ့ရသည်။

အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေနှင့် တောင်တန်းဒေသများ၏ တဦးတည်း သောကိုယ်စားလည်ဖြစ်သော်လည်း တောင်တန်းကိစ္စများဆွေးနွေးသောအခါ တွဲဖက်အတိုင်ပင်ခံ ပုဂ္ဂို လ် ၂ ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိရမည်ဟု ဆိုပါသည်။

အထက်ပါသဘောတူချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏နယ်အတွင်း အုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်ဟု ဆိုသည်။ တောင်တန်းဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိကြောင်း မူအရလက်
ခံသည်ဟု ဆိုသည်။

ထို့ပြင် မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်တည်ထောင်ရေးကို တိုင်းပြု ပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူလက်ခံကြသည်။

ချုပ်၍ဆိုရလျှင် ပင်လုံစာချုပ်တွင် လက်တွေ့ကျကျ အသားပေး၍ သဘောတူခဲ့သည်မှာ ဗြိတိသျှ အစိုးရမှ သီးခြားအုပ်ချုပ်ထားသော ချင်းတောင်တန်း ကချင်တောင်တန်း ရှမ်းပြည်နယ် ၃ ခုအား ဘုရင်ခံအတိုင်ပင်ခံကောင်စီ မြန်မာပြည်အစိုးရနှင့် ပူးပေါင်းလိုက်ခြင်းအား အလေးထားခဲ့သည်ဟု ဆိုရပါမည်။ အဆိုပါတောင်တန်းဒေသ ၃ ခုအား ပြည်မနှင့် အုပ်ချုပ်ရေးပေါင်းရာတွင် တောင်တန်းသားများ ညီညွတ်ရေးဦးစီးအဖွဲ့မှ ရွေးချယ်သော ကိုယ်စားလှယ် ၁ ဦးအား ဘုရင်ခံ အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်နှင့် အတိုင်ပင်ခံဝန်ကြီးခန့်အပ်ခြင်း လူမျိုးမတူသူ ၂ ဦးအားထပ်မံ၍ တွဲဖက်အတိုင်ပင်ခံပုဂ္ဂိုလ်များအဖြစ်ခန့်အပ်ပြီး တောင်တန်းဒေသ ၃ ခုအား သူ့လူမျိုးကိုယ်စားလည် အုပ်ချုပ်ခြင်းတို့အား သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ပင်လုံစာချုပ်သည် ပြည်မနှင့်တောင်တန်းဒေသများအား အုပ်ချုပ်ရေး အရ ပူးပေါင်း လိုက်ပြီး ပြည်မနှင့်တောင်တန်းဒေသများပါ ပူးတွဲ၍ ပြည်ထောင်စုတရပ်အနေနှင့် အင်္ဂလိပ်အောက်မှ လွတ်လပ်ရေးအရယူရန် အလေးထားခဲ့သည်ဟု ဆိုရမည်။ ပင်လုံစာချုပ်ပါ အချက် ၉ ချက်တွင် ၎င်း
ဦးတည်ချက်ကို အလေးထားခဲ့ပါသည်။

လက်မှတ်ထိုးခဲ့သူများ

ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခဲ့သူများမှာ

၁။ ဗိုလ်ချုပ်အောင်ဆန်း မြန်မာအစိုးရကိုယ်စားလှယ်
၂။ စဝ်ခွန်ပန်းစိန် နမ့်ဆန်တောင်ပိုင်စော်ဘွား
၃။ စဝ်ရွှေသိုက် ညောင်ရွှေစော်ဘွား
၎။ စဝ်ဟုန်ဖ မြောက်ပိုင်း သိန္နီစော်ဘွား
၅။ စဝ်နွံ လဲချားစော်ဘွား
၆။ စဝ်စံထွန်း မိုင်းပွန်စော်ဘွား
၇။ စဝ်ထွန်းအေး သာမိုင်ခမ်းစော်ဘွား
၈။ ခွန်ဖုန်း လူထုကိုယ်စားလည် ( မြောက်ပိုင်းသိန္နီ)
၉။ ဦးတင်ဧ ( တောင်ကြီး )
၁၀။ ဦးကြာပု ( သီပေါ )
၁၁။ စဝ်ယိပ်ဖ ( သီပေါ )
၁၂။ ဦးခွန်ထီး ( ပင်လုံ )
၁၃။ ဦးထွန်းမြင့် ( မောက်မယ်)
၁၄။ ဦးခွန်စော ( ပင်းတယ )
၁၅။ ဦးဖြူ ဆီဆိုင်စော်ဘွားကိုယ်စားလှယ်
၁၆။ ဆမားဒူဝါဆင်ဝါးနောင် ကချင်ကိုယ်စားလှယ် ( မြစ်ကြီးနား )
၁၇။ ဒူဝါ ဇော်ရစ် ( ။ )
၁၈။ ဦးဒိန်ရတန် ( ။ )
၁၉။ ဒူဝါဇော်လွန်း ( ဗန်းမော် )
၂၀။ လဘန်ဂရောင် ( ။ )
၂၁။ ဦးလှူ မှုန် ချင်းကိုယ်စားလှယ် ( ဖလမ်း )
၂၂။ ဦးသောင်ဇာခုတ် ။ ( တီးတိန် )
၂၃။ ဦးကီးယိုမန် ( ဟားခါး ) တို့ဖြစ်ကြသည်။

မြန်မာကိုယ်စားလှယ် ၁ ဦး ရှမ်းကိုယ်စားလှယ် ၁၄ ဦး ကချင်ကိုယ်စားလှယ် ၅ ဦး ချင်းကိုယ်စားလှယ် ၃ ဦး၊ စုစုပေါင်း ၂၃ ဦးတက်ရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။

ပင်လုံစာချုပ်ပါပြည်နယ်အခွင့်အရေးများ
လွတ်လပ်ရေးယူရန် မည်သို့ပင်အလေးထားသည်ဆိုသော်လည်း ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ အရေး ပြည်နယ်များအရေးကို အောက်ပါအတိုင်းသတ်မှတ်ဖော်ပြထားသည်ကို တွေ့ရပါသည်။

အပိုဒ် ၅ တွင် " တောင်တန်းဒေသများ၏နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိကြောင်း မူအရ လက်ခံသည်။ " ဟုဖော်ပြရာ ပင်လုံစာချုပ်တွင် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိမှတ်ပြု သဘောတူထားသည်ဟုဆိုရပါမည်။

ပင်လုံစာချုပ် အပိုဒ် ၇ တွင် " တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တောင်တန်းဒေသများ ရရှိခံစားစေရမည် " ဟုပါရှိသည်။ တိုင်းရင်းသားပြည်သူများအတွက် အခြေခံ ရပိုင်ခွင့် အခွင့်အရေးကို သတ်မှတ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်ကို စကားလုံးအတိအကျဖြင့်မဖော်ပြခဲ့ပေ။ သို့သော် " ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် " စကားရပ်ကို မူအရလက်ခံသည်ဟု ဖော်ပြထားရာ အများစုနားလည်မှုအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုလျှင် ခွဲထွက်ခွင့်ပါသည်ဟု မှတ်ယူထားကြပေသည်။ သို့သော် ပင်လုံစာချုပ်တွင် ပြည်နယ်များ ခွဲထွက်ခွင့်အား တိကျစွာ ဖော်ပြမထားချေ။

ပင်လုံကတိကဝတ်

ပင်လုံစာချုပ်ဟုဆိုလျှင် ပြည်နယ်များခွဲထွက်ခွင့်ကိုပါ တပါတည်းတွဲမြင်ကြသည်။ သို့သော် ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ရှင်းလင်းစွာ ဖော်ပြထားခြင်း လုံးဝမရှိပေ။

ပင်လုံစာချုပ်နှင့်ပတ်သက်၍ ပြန်ပြောင်းရေးသားကြသော စာအုပ်များ မှတ်တမ်းများတွင်မတော့ ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ အဓိကဖော်ပြချက်မှာ ပြည်နယ်များအနေနှင့် လွတ်လပ်ရေးရအပြီး ၁၀ နှစ်ကျော်ပါက ခွဲထွက်လိုပါက ခွဲထွက်ခွင့် ရှိသည်ဟူသော အချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သော ကတိဟု ဆိုကြသည်။ တဖန် အဆိုပါခွဲထွက်ခွင့်အား မလိုလားသော သူ၏လက်အောက်တပ်မှူးများအားလည်း ဗိုလ်ချုပ်အောင်ဆန်း က " ငါတို့တွေ ကောင်းကောင်းလုပ်ခဲ့ရင် တိုင်းရင်းသားတွေ ခွဲမထွက်ပါဘူးကွာ " ဖြောင့်ဖျ ခဲ့သည်ဟု ဆိုကြသည်။

အဆိုပါအချက်များအား ပင်လုံညီလာခံအတွင်းမှ ကတိကဝတ်များဟုဆိုနိုင်သည်။ သို့သော် ပင်လုံစာချုပ်တွင်တော့ ခွဲထွက်ခွင့်နှင့်ပတ်သက်၍ တိကျစွာဖော်ပြထားခြင်းမရှိပေ။ " ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပတ်သက်၍ မူအရ သဘောတူသည် " ဟူ၍သာဖော်ပြထားပေသည်။ ပင်လုံစာချုပ်တွင် မဖော်ပြထားသော ပင်လုံကတိကဝတ်များဟု ဆိုရမည်။

သို့သော် ထိုပင်လုံညီလာခံတွင်ပြောဆိုခဲ့ကြသော ကတိကဝတ်များသဘောထားများကို လက်တွေ့ဖော်ပြသည်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ ၁၉၄၇ အခြေခံဥပဒေတွင် ပင်လုံကတိကဝတ်များကို ဥပဒေကြောင်းအရ အခိုင်အမာရေးဆွဲဖော်ပြခဲ့သည်ဟု ဆိုရပေမည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ တွင် " ခွဲထွက်နိုင်သောအခွင့်အရေး " ဟုဖော်ပြခဲ့သည်။ ထို့ကြောင့် ပင်လုံစာချုပ်နှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တတွဲတည်း တဆက်စပ်တည်း ဖြစ်ပေသည်။ ၁၉၄၇ အခြေခံဥပဒေသည် ပင်လုံကတိကဝတ်များပေါ်တွင် အခြေပြုသည်ဟု ဆိုရပေမည်။

သို့ဖြစ်ရာ ပင်လုံညီလာခံပြောလျှင် ခွဲထွက်ခွင့်ပါရမည်ဟူသော ပြောဆိုချက်များသည် မလုံလောက်ချေ။ ပင်လုံကတိကဝတ်များပေါ် အခြေခံသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မှ ခွဲထွက်နိုင်သော အခွင့်အရေးကို ဥပဒေအရ အတည်ပြုသတ်မှတ်သည်ဟုဆိုနိုင်သည်။ သို့မဟုတ်ပါက ခွဲထွက်နိုင်သောအခွင့်အရေးသည် ပင်လုံစာချုပ်တွင်မပါသော်လည်း ပင်လုံကတိကဝတ်တွင် ပါသည်ဟု ဆိုနိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Mg Mg Soe ( မောင်မောင်စိုး )