ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သော်တာသစ် ● ရေပေါ်ဆီအမျိုးသမီးဝါဒီ၊ နယ်ချဲ့ဝါဒနှင့် ဂျန်ဒါ


သော်တာသစ် ● ရေပေါ်ဆီအမျိုးသမီးဝါဒီ၊ နယ်ချဲ့ဝါဒနှင့် ဂျန်ဒါ
မေ ၁၆၊ ၂၀၁၆
(မိုးမခ မဂ္ဂဇင်း မေ ၂၀၁၆ ပါ ဆောင်းပါး)

ဣထိယ၀ါဒ (Feminism) ဟူသော စကားလုံးကို ကြားလျှင် သည်သဘောတရားကို ကောင်းစွာမစေ့ငုံသူများက ဣထိယ၀ါဒီများကို ယောက်ျားမုန်းသူ၊ တယူသန်များ၊ အမျိုးသမီးချင်းလိင်တူ စိတ်ဝင်စားသူ (ယောက်ျားလျာ)များ၊ ခင်ပွန်းသည် စွန့်ပစ်ခံရသော တခုလပ်အမျိုးသမီးများ၊ ဆန့်ကျင်ဘက်လိင်၏ စိတ်ဝင်စားခြင်းကို မခံရသော အပျိုကြီးများဟူ၍ လွဲမှားစွာ မှတ်ယူလေ့ရှိကြသည်။  အမှန်မှာ ဣထိယ၀ါဒသည် အမျိုးသားများအပေါ် မနာလို၊ မုန်းတီးခြင်းမျိုးမဟုတ်ဘဲ အင်အားကြီးသူတို့ နိုင်ထက်စီးနင်းဆန်သော ဖိုဝါဒလွှမ်းမိုးသည့်စနစ် (Patriarchal System) ကို တော်လှန်ခြင်းသာဖြစ်သည်။  အဆိုပါ ဖိုဝါဒလွှမ်းမိုးသည့်စနစ်သည် အမျိုးသားများက အမျိုးသမီးများအပေါ် ချုပ်ကိုင်မှုအနေနှင့် တည်ရှိရုံမကဘဲ အမျိုးသားများအချင်းချင်းကြားတွင်လည်း လူမှုအဆင့်အတန်း၊ အသားအရောင်၊ လူမျိုး၊ ဘာသာ ကွာခြားမှုအလိုက် အင်အားကြီးသူက နည်းသူအပေါ် လွှမ်းမိုးဖိနှိပ်သည့်အသွင်ဖြင့် တည်ရှိနိုင်ပါသည်။

၁၉၈၀ ခုနှစ်များအလွန်တွင်မူ လူ့အဖွဲ့အစည်းအတွင်း လူမှုအဆင့်အတန်း၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ မတူညီမှုများအကြား ပါဝါအာဏာအနိမ့်အမြင့်ကြောင့် ခွဲခြားဆက်ဆံခံနေရသော အမျိုးသား၊ အမျိုးသမီး တို့အတွက် လူမှုတရားမျှတရေးစနစ်ကို ရှေးရှုသည့် ကျား၊ မ တန်းတူညီမျှရှိရေး၊ ဂျဲန်ဒါဖွံ့ဖြိုးရေး (Gender and Development) ကို ဦးတည်လာကြပါသည်။

သို့သော် အစွန်းရောက်သော ဣထိယ၀ါဒလည်း ရှိပါသည်။  ရှိနေဆဲလည်း ဖြစ်ပါသည်။  ၁၉၆၀ - ၇၀ နှစ်ကာလများတွင် ဣတ္ထိယ၀ါဒ ဒုတိယလှိုင်းလုံးနှင့်အတူ အမျိုးသမီးများ လိင်လွတ်မြောက်ခွင့်၊ အမျိုးသမီးများ၏ လုပ်အားကို အသိအမှတ်ပြုရေး၊ အလုပ်လုပ်ရာတွင် တန်းတူညီမျှအခွင့်အရေးတို့ကို တောင်းဆိုကြရာတွင် အမျိုးသားများသည် အမျိုးသမီးများ ဖိနှိပ်ခံရမှု အလုံးစုံသောအခြေအနေများအတွက် အဓိကတရားခံဖြစ်ခဲ့သည်။  ထိုကဲ့သို့သော အမျိုးသမီးများအားလုံးကို ဖိနှိပ်ခံရသူများရှုထောင့်ကနေ၍ သိမ်းကျုံး ရှုမြင်ခြင်းသည် ယေဘုယျဆန်လွန်းနေခဲ့ပါသည်။  အမျိုးသမီးများအကြားတွင်တောင် ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာ၊ ပညာအရည်အချင်း၊ ကိုယ်လက်အင်္ဂါပြည့်စုံခြင်း၊ မပြည့်စုံခြင်း စသည့်အကြောင်းအချက်ပေါ်မူတည်ပြီး ခွဲခြားခံရသည့် ပုံစံများ ကွာခြားနိုင်ပါသည်။  သို့ဖြစ်၍ အမျိုးသမီးများအားလုံး တန်းတူဖိနှိပ်ခံနေရသည်ဟု မဆိုနိုင်ပါ။

“အမျိုးသမီးများသာလျှင် ဖိနှိပ်ခံနေရတယ်၊ အမျိုးသမီးမှ အမျိုးသမီး” ဟူ၍ ဖြစ်နေခြင်းကြောင့် အစွန်းထွက်ရလဒ်အဖြစ် ကျား-မ လူမှုရေးရာတန်းတူညီမျှရေး အစစ်အမှန်အခြေအနေသို့ မရောက်နိုင်အောင် ဣတ္ထိယ၀ါဒကို ထိပါးစေမည့် အကြောင်းအရာနှစ်ခု ရှိပါသည်။  ၎င်းမှာ မိမိတို့ရည်မှန်းချက် ပြည့်မြောက်အောင် ဣတ္ထိယ၀ါဒကို ပေါ်ပင်အသုံးချခြင်းနှင့် သိမ်းကျုံးတန်းညှိလိုက်ခြင်းအားဖြင့် လူမှုအခြေအနေမတူညီသော အမျိုးသမီးများ၏ဘ၀ကို သေချာ ဂရု မထားနိုင်တော့ခြင်းပင်ဖြစ်သည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ယှဉ်ပြိုင်မည့် ဟီလာရီကလင်တန်၏ ဣတ္ထိယအမြင်ကို အမေရိကန်အခြေစိုက် လူမှုရေးအကျိုးပြု Turthout သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် Liza Featherstone က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါသည်။  အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာမှုအခန်းကဏ္ဍကို မြှင့်တင်နေချိန်၊ ထို့အတူ နိုင်ငံ့ဥသျှောင်အဖြစ် အမျိုးသမီးသမ္မတခန့်အပ်မှုများအပေါ် အများအားဖြင့် ကြိုဆိုလာကြသည်ဖြစ်၍ ဟီလာရီကလင်တန်ကိုလည်း အမေရိကန်နိုင်ငံ၏ သမ္မတနေရာအတွက် အမျိုးသမီးအရေး လှုပ်ရှားသူအများစုက ထောက်ခံကြသည်။  သို့သော် ညီမချင်းရိုင်းပင်းမှုစိတ်ထား (Sisterhood) ဖြင့် အမျိုးသမီးဖြစ်လျှင် ပြီးရော ဆိုသည့်သဘောမျိုးနှင့် ဟီလာရီ့အပေါ် ထောက်ခံမှုသည် မှားယွင်းနေကြောင်း ဆောင်းပါးရှင်က ထောက်ပြထားပြီး၊ အထက်စီးဆန်သော၊ တနည်း လူ့မလိုင်တို့၏ တနပ်စားပေါ်ပင် ဣတ္ထိယ၀ါဒအပေါ်လည်း မေးခွန်းထုတ်ထားပါသည်။

ဆောင်းပါးရှင် လစ်ဇာ၏ ပထမဝေဖန်ချက်မှာ ဟီလာရီသည် သမ္မတောင်းဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သဖြင့် နိုင်ငံရေးအသိုင်းအ၀ိုင်း၏ ထိပ်ပိုင်းသို့ ပို၍လွယ်လွယ်ကူကူ ရောက်နိုင်ခဲ့သည့်အကြောင်းဖြစ်သည်။  ဟီလာရီ်ဦးတည်းတင် မဟုတ်၊ ကမ္ဘာတ၀ှမ်းရှိ နိုင်ငံရေးသမားအကျော်အမော်တို့၏ ဇနီးသည်များ နိုင်ငံရေးလောကသို့ ၀င်ရောက်လာခြင်းမှာ ၎င်းတို့ခင်ပွန်း၏ ကျောက်ထောက်နောက်ခံရှိမှုကြောင့် ဖြစ်သည်။  သမ္မတကလင်တန်အတွက် ဟီလာရီမရှိလို့ မဖြစ်သလို ဟီလာရီအတွက်လည်း ကလင်တန် လိုအပ်ခဲ့သည်။  မိမိတို့၏ သမီးဖြစ်သူကို အတ္တကြီးပြီး တကိုယ်ကောင်းဆန်သူ၊ ရည်မှန်းချက်ကြီးသူနှင့် လက်ဆက်ပေးပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့အနားကနေ တဖ၀ါးမှမခွာဘဲ ပါရမီဖြည့်ပေးဖို့ မိဘများက အဘယ့်ကြောင့် သဘောတူခဲ့ရတာလဲ။ စာဖတ်သူဆိုလျှင်ရော ဘာကြောင့်သဘောတူမှာလဲ။ ဆောင်းပါးရှစ်လစ်ဇာက ထိုသို့ မေးခွန်းထုတ်ထားသည်။

အမှန်မှာ အထက်တန်းလွှာတို့ ကျင့်သုံးလေ့ရှိသော အဆင့်မြင့်မြင့် နေနိုင်ရေးအတွက် လင်စံရွေးခြင်း၊ ထိုမှတဆင့် မိမိတို့သမီးဖြစ်သူ အထက်လွှာတွင် နေရာတနေရာ ခိုင်ခိုင်မာမာရရန် စီမံခြင်းသက်သက်သာ ဖြစ်သည်။  သည်အဖြစ်ကို ရိုးရာအစဉ်အလာအရ အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားခြင်းခံရသော သာမန်လူတန်းစားအလွှာက အမျိုးသမီးငယ်လေးများ၏ ဖြစ်ရပ်နှင့် ထပ်တူပြု၍ မရပါ။ ထိုနည်းတူ အမျိုးသမီးတို့အခွင့်အရေးအတွက် ဒေါင်းတင်မောင်းတင် ဦးဆောင်တိုက်ပွဲဝင်နေကြရသော အမျိုးသမီးများ၏ ရဲရင့်ခြင်းမျိုးနှင့်လည်း ခိုင်းနှိုင်း၍ မဖြစ်နိုင်ပါ။

ဆောင်းပါးရှင်ထောက်ပြသော ဒုတိယအချက်မှာ ဟီလာရီသည် သူ့အမျိုးသားကလင်တန် ဘ၀တိုးတက်ခိုင်မာရေးအတွက် အစွမ်းကုန်ပါရမီဖြည့်ခဲ့သော်လည်း သူ့ထက် အဆင့်နိမ့်သည့် အမျိုးသမီးများအခွင့်အရေး အတွက် အင်တိုက်အားတိုက်ပါဝင်မှု နည်းခဲ့သည်ဟူ၍ ဖြစ်သည်။  ကလင်တန်၏ အာကန်ဆောပြည်နယ်က မိတ်ဆွေ ၀ါးလ်တန်မိသားစုက ၀ါးလ်မာ့ထ် (Walmart) ကုမ္ပဏီ ဘုတ်အဖွဲ့၏ ပထမဦးဆုံးအမျိုးသမီးအဖွဲ့ဝင် အဖြစ် နေရာယူပေးရန် ဟီလာရီကို ကမ်းလှမ်းခဲ့ရာ ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင် အဆိုပါကုမ္ပဏီသည် ဂျဲန်ဒါခွဲခြားဆက်ဆံမှုများသော၊ အမျိုးသမီးဝန်ထမ်းများသည် အမျိုးသားဝန်ထမ်းများထက် လစာပိုနည်းပြီး ရလေ့ရှိသော၊ အမျိုးသမီးများ ရာထူးကြီး ရရန် အခွင့်အရေးရှားပါသော ပြစ်ချက်များကြောင့် တရားတဘောင်လည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် ၀ါးလ်မာ့ထ်အနေနှင့် ဟီလာရီကို ထိပ်ပိုင်းနေရာတွင် ဟန်ပြခန့်ထားခြင်းဖြင့် ၎င်းတို့အကြပ်အတည်းကို ဖြေရှင်းရန်ကြိုးပမ်းခဲ့သည်။ ဟီလာရီအနေနှင့် ထိုသို့ထိပ်တန်းရာထူးဖြင့် တာဝန်ယူခဲ့ချိန်တွင် လိင်ခွဲခြားဆက်ဆံသောကိစ္စများကို ဖြေရှင်းနိုင်ရန် ထင်ထင်ရှားရှားဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် ၀ါးလ်မာ့ထ်နှင့် လက်တွဲလုပ်ကိုင်ခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်းပင် ထုတ်ဖော်ပြောကြားခဲ့သေးသည်။

ထို့ပြင် ၁၉၉၆ ခုနှစ်တွင် ဟီလာရီကို ဆန့်ကျင်ဆန္ဒပြသူ အက်ရှ်လေ၀ီလီယံ အပေါ်တွင်လည်း ၎င်းက အသားအရောင်ခွဲခြားသည့် စကားလုံးများဖြင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ဖူးသူဖြစ်သည်။  ဟီလာရီသည် လိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းခံရသူများ၏ အရေးကို ကြားနာခွင့်ရှိစေရမည်၊ ပံ့ပိုးပေးနိုင်ရမည် စသဖြင့် သူ့မိန့်ခွန်းများတွင် ဆိုခဲ့သော်လည်း ကလင်တန် အဓမ္မပြုကျင့်သည်ကို ခံခဲ့ရသည်ဟု စွဲချက်တင်ပြောဆိုသော သူနာပြုဆရာမ ဂျွာနစ်တာဘိုးဒစ်ကိုမူ ဟီလာရီက သည်ကိစ္စတွင် နှုတ်ဆိတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ဂျွာနစ်တာက ထုတ်ဖော်ပြောကြားခဲ့သည်။  ထို့ကြောင့် ဟီလာရီကိုင်စွဲသော၊ ယုံကြည်သော အမျိုးသမီးအခွင့်အရေးနှင့် ဣတ္ထိယ၀ါဒမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ လာမည့် သမ္မတနေရာ ရွေးကောက်ပွဲအတွက် အမျိုးသမီးအရေးလှုပ်ရှားသူများ၏ ထောက်ခံမဲများလိုအပ်နေရာ အမျိုးသမီးအရေးကိစ္စသည် သူ့အတွက် မဲဆွယ်ရာ၊ သူလိုလားသော ပန်းတိုင်ကို ရောက်ရှိစေရန် အထောက်အကူပြုမည့် အရာပုံစံမျိုး သက်ရောက်စေပါသည်။  သို့ဖြစ်၍ ဆောင်းပါးရှင်က ရေပေါ်ဆီဆန်သော ဣတ္ထိယ၀ါဒီတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး အမျိုးသမီးသာလျှင် အဓိက၊ အမျိုးသမီးများ အကြီးအကဲနေရာရလျှင် ပြီးရော သဘောမျိုးဆန်နေသည့် ဣတ္ထိယ၀ါဒ၏ လွဲမှားသော အကောက်အယူကိုလည်း ဖော်ထုတ်ဆွေးနွေးထားပါသည်။

ဖွံ့ဖြိုးပြီးသားနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီးတို့၏ အခွင့်အရေးကို မြှင့်တင်ပေးမည်ဆိုသော လုပ်ဆောင်ချက်များတွင် အောက်ခြေ၏ အမှန်တကယ် လိုအပ်ချက်နှင့် ခံစားချက်ကို ဂရုထားမလေ့လာဘဲ အထက်ကသာ ဆုံးဖြတ်ဆောင်ရွက်သော ဖြစ်ရပ်များလည်း ရှိပါသည်။  ၎င်းမှာ ဣတ္ထိယ၀ါဒကို ကိုယ်ကျိုးအတွက်အသုံးချခြင်း (သို့မဟုတ်) ဖွံ့ဖြိုးပြီးသားနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံရှိ အမျိုးသမီးများအားလုံး၏ ခံစားချက်နှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ထပ်တူတန်းညှိပုံဖော်ခြင်း၏ ရလဒ်ဖြစ်ပါသည်။  နယ်ချဲ့ဝါဒဆက်လက်ရှင်သန်နိုင်ရန် ဣတ္ထိယ၀ါဒကို ပုံဖျက်ကာအသုံးချခဲ့ခြင်းလည်း ဖြစ်သည်။  အရှေ့တိုင်းသားတို့ကို အရိုင်းအစိုင်းများ၊ ရိုးရာအစဉ်အလာကို ဖက်တွယ်ထားသည့် ခေတ်မီအတွေးအခေါ်မရှိသူများ၊ လူ့အခွင့်အရေးကို နားမလည်သူများ၊ ယဉ်ကျေးမှုဖြစ်စဉ် နိမ့်ကျသူများဟု ချိုးနှိမ်မှတ်ယူကာ ၎င်းတို့ကို ကယ်တင်ပေးရန်မှာ ဖွံ့ဖြိုးတိုးတက်ပြီးသော လူဖြူတို့၏ တာဝန်တရပ်ဟူ၍ ကိုင်စွဲထားခြင်းဖြစ်ပါသည်။ သည်အထဲတွင် ဖွံ့ဖြိုးမှုနောက်ကျသော ကမ္ဘာတောင်ခြမ်းနိုင်ငံများ၏ ရိုးရာအစဉ်အလာများက အမျိုးသမီးများအပေါ် မည်သို့ ခွဲခြားဆက်ဆံသည့်အကြောင်းကို အထူးဇောင်းပေး ဖော်ပြကြသည်။ ဥပမာ - ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့ သိမ်းယူထားသည့် ကိုလိုနီနိုင်ငံများရှိ အမျိုးသမီးတို့၏ ဘ၀အခြေအနေ နိမ့်ကျပုံကို အနောက်တိုင်းစာရေးသူတို့က ရေးသားဖော်ပြ၍ နယ်ချဲ့ရခြင်း၊ ၎င်းတို့ကို အုပ်ချုပ်ရခြင်းမှာ ဖြစ်သည့်ဖြစ်ထိုက်သည့်နည်းလမ်းအဖြစ် ရည်ညွှန်းကြပါသည်။

အထူးသဖြင့် အိန္ဒိယ၏ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားသောစနစ်၊ သတို့သမီးက တင်တောင်းရသည့် စနစ်၊ အရွယ်မတိုင်ခင် လက်ထပ်ထိမ်းမြားသည့်စနစ်ကို ဝေဖန်ခဲ့ကြသည်။ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော Katherine Mayo ၏ “Mother India” စာအုပ်သည် ထိုခေတ်က ဗြိတိသျှလက်အောက်က လွတ်လပ်ရေးတောင်းဆိုနေသော အိန္ဒိယနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုကို အနောက်ကမ္ဘာကလူများ အမြင်မှားစေရန် ၀ါဒဖြန့်ခဲ့သော ၀တ္ထုတပုဒ်ဖြစ်သည်။ စာအုပ်ထဲတွင် အိန္ဒိယတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု၊ အမျိုးသမီးများသည် အမျိုးသားများအတွက် လိင်ပြဌာန်းခံသက်သက်အဖြစ် တည်ရှိနေမှု၊ သို့သော် ဟိန္ဒူယဉ်ကျေးမှုအရ အမျိုးသမီးများကလည်း သည်ဖြစ်ရပ်ကို အသာတကြည် လက်ခံနေမှု၊ ဤနည်းအားဖြင့် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများ၏ ဘ၀မှာ ကူကယ်ရာမဲ့အခြေအနေ ဖြစ်နေကြောင်း ရေးသားထားသည်။ ထိုအချိန်တွင် တနိုင်ငံလုံးဆိုင်ရာအိန္ဒိယအမျိုးသမီများ ညီလာခံ ကျင်းပပြီးနောက် Women’s India Association ကိုလည်း တည်ထောင်ကာ အမျိုးသမီးများ ပညာသင်ကြားခွင့်၊ ကလေးသူငယ်လက်ထပ်ထိမ်းမြားခြင်း ပြဿနာ၊ မုဆိုးမများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အမျိုးသမီးများ မဲပေးခွင့်ကို အိန္ဒိယနိုင်ငံ လူလတ်တန်းလွှာ အမျိုးသမီးများ ဦးဆောင်၍ တိုက်ပွဲဝင် တောင်းဆိုနေချိန်လည်း ဖြစ်ပါသည်။

သို့သော် စာရေးသူသည် လူလတ်တန်းအမျိုးသမီးတို့က အမျိုးသမီးထုအတွက် အခွင့်အရေးတောင်းဆိုပေးနေမှုများကို ရည်ညွှန်းပြောဆိုခြင်း မရှိဘဲ ဟိန္ဒူယဉ်ကျေးမှုနိမ့်ကျပုံကို အဖန်တလဲလဲ မီးမောင်းထိုးပြကာ အမျိုးသမီးများကို သနားစရာ အပြုခံသတ္တ၀ါများအဖြစ် ရေးသားပုံဖော်ခဲ့သည်။ ထိုနည်းတူ Katherine Mayo ၏ လွှမ်းမိုးခြင်းကို ခံရသော Mary Daly ကလည်း ၎င်း၏ “Virtuous Woman” စာအုပ် တွင် အာရှနှင့်အာဖရိကရှိ အမျိုးသမီးများမှာ ဖိုဝါဒ လွှမ်းမိုးသော ရိုးရာအစဉ်အလာအောက်တွင် မိမိကိုယ်ကိုယ် မည်သို့ အပိတ်ခံနေကြရပုံကို အိန္ဒိယ၏ အဖြစ်အပျက်ကို ပမာထား၍ ရေးသားခဲ့သည်။  အဆိုပါစာအုပ်ကို ရေးသားချိန်သည် ဣတ္ထိယ၀ါဒ ဒုတိယလှိုင်းများပြင်းထန်ချိန် ဖြစ်သည်။ ဣတ္ထိယ၀ါဒ ဒုတိယလှိုင်းသည် အမျိုးသမီးတို့၏ လိင်လွတ်မြောက်ခွင့်ကို ရှေ့တန်းတင် လှုပ်ရှားခဲ့သည့် လှုပ်ရှားမှုဖြစ်သည်။  စာအုပ်ထဲတွင် စာရေးသူ မာရီက အနောက်တိုင်းအမျိုးသမီးများသည် ၎င်းတို့လက်မခံနိုင်သော အစဉ်အလာများကို မိမိကိုယ်ကိုယ် သတ်သေခြင်းအားဖြင့် တိုက်ပွဲဝင်၍ လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ဆန်ကျင်ကြသော်လည်း ဟိန္ဒူအမျိုးသမီးများမှာ ခေါင်းငုံ့ရှင်သန်ခွင့်ကိုသာ ရွေးချယ်ကြသည်ဟု ဆိုသည်။  မတူညီသည့် ယဉ်ကျေးမှုနှစ်ခုကို တန်းညှိ၍ ဝေဖန်လိုက်သည့် သဘောသက်ရောက်သည်။

အမျိုးသမီးများ ခွဲခြားဆက်ဆံခံရပုံမှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဆင်းရဲ၊ ချမ်းသာ၊ ပညာရေး ကွာခြားသည့်အလျောက် ကမ္ဘာ့နိုင်ငံများရှိ လူမျိုးတစုနှင့်တစု မတူညီနိုင်ပါ။  “နိမ့်ကျသည်” ဆိုသော စံနှင့် “မြင့်မားသည်” ဆိုသော စံကို မိမိကိုင်စွဲသော ပေတံများနှင့် တိုင်းတာရုံဖြင့် ပြည့်စုံသော ရလဒ်မထွက်ပေါ်နိုင်ပါ။ မိမိ မပါဝင်သော အခြားသောလူ့အသိုင်းအ၀ိုင်း၏ အယူဝါဒနိမ့်ကျနေသည်ဟု တထစ်ချမသတ်မှတ်မီ ထိုသူများကရော သူတို့ ယဉ်ကျေးမှုနှင့် အယူဝါဒအပေါ် မည်သို့အမြင်ရှိသည်၊ ခံယူကြသည်ကို ဦးစွာ ဆန်းစစ်သင့်ပါသည်။ ထို့နောက် ပါဝင်သက်ဆိုင်သူများက အဘယ့်ကြောင့် ထိုသို့ ခံယူယုံကြည်ကြသည်ကို ၎င်းတို့ နိုင်ငံ၏ ပထ၀ီ အနေအထားမှသည် ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး နောက်ခံအကြောင်းအရာများ အားလုံးကို စေ့ငုကာ နှိုင်းချင် အဖြေထုတ်ပါမှ ညင်သာပျော့ပျောင်းသော အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ အောက်ခြေ အမျိုးသမီးထု၏ စူးနစ်ယုံကြည်မှုများ၊ ထိုယုံကြည်မှုဖြစ်ပေါ်စေရန် ၀ိုင်းဝန်းထောက်ပံ့ပေးထားသည့် ဒေါက်တိုင်များ၊ ၎င်းတို့ကိုယ်တိုင်က မည်သည့်အတိုင်းအတာအထိ ထိုအရာများအပေါ် လက်ခံထားရှိသည်ကို ဘေးကနေပြီး အလျင်စလို မဆုံးဖြတ်ဘဲ ထိုအမျိုးသမီးများကို ကိုယ်တိုင်ကိုယ်စားပြု ပြောလာစေရန် လမ်းဖွင့်ပေးရန် လိုပါသည်။

အရိုးစွဲလာသော အမူအကျင့်များကို နေ့ချင်းညချင်း ပြောင်းလဲပစ်ရန် မလွယ်ကူပါ။ အမျိုးသမီး အခွင့်အရေးမြှင့်တင်ရေး သုံးနှစ်တာ စီမံကိန်းလောက်နှင့်လည်း မပြည့်စုံနိုင်ပါ။ အပြောင်းအလဲတခုကို အောက်ခြေလူထုပါဝင်မှုနှင့် ဖော်ဆောင်ရာတွင် အချိန်များစွာ ကြာပါသည်။ အောက်ခြေ၏ ခံစားချက်ကို သေချာနားမထောင်ဘဲ အထက်စီးဆန်သော မှန်းဆချက်၊ မိမိ ကျင်လည်ရာ အသိုင်းအ၀ိုင်းက ပေးသော တွေ့ကြုံခံစားချက်နှင့် ထပ်တူပြုကာ စီမံချက်များချနေသရွေ့ အနာနှင့် ဆေး လွဲနေပါလိမ့်မည်။ ကာလတိုစီမံကိန်းများ ခပ်သုတ်သုတ် အကောင်အထည်ဖော်၊ ခပ်သုတ်သုတ် အပြီးသတ်ခြင်းသည် အမျိုးသမီးများ ဘ၀တိုးတက်ပြောင်းလဲရေးကို စေတနာ အစစ်အမှန်နှင့် ဖော်ဆောင်ပေးရာ မရောက်ဘဲ ရပ်ရွာထဲတွင် မုန်တိုင်းတိုက်သလို အရာအားလုံး ဖရိုဖရဲဖြစ်စေခြင်းဖြင့် ၎င်းတို့၏ အတွေးအခေါ်နှင့် အစဉ်အလာများကို ပုံပန်းမကျ ပျက်သုဉ်းသွားအောင် တွန်းပို့လိုက်ခြင်း သဘောမည်ပါသည်။ ရေပေါ်ဆီဆန်သော ဣတ္ထိယ၀ါဒဖြင့် အမျိုးသမီး-အမျိုးသား တန်းတူညီမျှသော အခွင့်အရေးကို မဖော်ဆောင်နိုင်ရုံမျှမက ဣတ္ထိယ၀ါဒကို အစွန်းရောက်သော ၀ါဒသက်သက်အဖြစ် ရှုမြင်သွားနိုင်ပါသည်။

သော်တာသစ်

ရည်ညွှန်း

၁။ Featherstone, L. (2016, February 28). Hillary Clinton's Faux Feminism. Retrieved March 5, 2016, from Truthout: http://www.truth-out.org/opinion/item/35006-hillary-clinton-s-faux-feminism

၂။ Liddle, J., & Rai, S. (1998). Feminism, imperialism and orientalism: The challenge of the ‘Indian woman’. Women's History Review, 7(4), pp. 495-520.

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၅)၊ မေလ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)