ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စံလှကြီး - တိုင်းရင်းသား အားလုံး ရင်ကြားစေ့ဖို့ အာဃာတတွေ ပယ်ဖျောက်စို့

Refugee Camp in civil-war torn area, Burma

စံလှကြီး - တိုင်းရင်းသား အားလုံး ရင်ကြားစေ့ဖို့ အာဃာတတွေ ပယ်ဖျောက်စို့
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ မေ ၂၅၊ ၂၀၁၆

မြို့ကလေးကား အလွန်ပင် သာတောင့်သာယာ ရှိသည်။ တောင်ကုန်း တောင်တန်းတို့ဖြင့် ခြံရံထားပြီး သဘောင်္ဆိပ်လည်းရှိ၍ စည်ကားလှသည်။ မြို့လူထု၏စီးပွားရေးမှာလည်း ယွန်းထည် ကြေးထည် အလှအပကုန်ပစ္စည်းလုပ်ငန်းများကြောင့် ချောင်ချောင် လည်လည် ရှိသည်။ အထူးခြားဆုံးကား ကမ္ဘာမီးလောင် သားကောင်ချနင်းဟူ၍ဆိုရမည့် ခေတ်ကာလကြီးတွင် အေးချမ်းစွာ တည်နေခြင်းမျိုး ဖြစ်သည်။ အခြားနေရာများတွင် အမြဲမပြတ်ကြားနေရသည့်ဗုံးသံသေနတ်သံများကို ဤမြို့ကလေးတွင် သိပ်မကြားရပေ။ သို့သော် မြို့သူမြို့သားတို့ကား သူတို့အတွက် ကမ္ဘာပျက်ချိန်နီးကပ်လာပြီဆိုသည်ကို သတိမထားမိကြပေ။

ထို့နေ့က ရာသီဥတုကြည်လင်ချိန်တွင် ကြားနေကြမဟုတ်သည့် ဥသြဆွဲသံကိုကြားကြရသည်။ ရန်သူ လေယာဉ်ပျံများ လာနေပြီ ဖြစ်ကြောင်း အချက်ပေးသော ဥသြသံပင်။ မြို့သူမြို့သားများကား အဆင်သင့်ပြင်ဆင်ထားသော ပုန်းခိုကျင်းများထဲသို့ အမြန်ဝင်ရောက်ကြသည်။ ဝင်ရောက်ပြီး မကြာမီမှာပင် အန္တရာယ်ကင်းပြီဖြစ်ကြောင်း အချက်ပေးသောဥသြသံကိုကြားရသဖြင့် ကျင်းအပေါ်သို့ပြန်တက်ကြရင်း တဦးနှင့်တဦးမေးမြန်းကြသည်။ တဦးကမူ ရန်သူလေယာဉ်ပျံက တစင်းတည်းပါဗျာ ဗုံးကြဲဖို့ လာတာမဟုတ်နိုင်ပါဘူး။ ကင်းထောက်လေယာဉ်ဖြစ်မှာပါဟုဆိုလိုက်သည်။ သူ့စကား မဆုံးမီမှာပင် သိမ့်ခနဲ့တုန်သွားသည်ကို ခံစားလိုက်ရပြီး ဝင်းခနဲလက်သွားသော အလင်းရောင်ကြီးကိုလည်း မြင်လိုက်ကြရသည်။ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ဤမြို့သားအများစု မသိနိုင်ကြတော့ပေ။ ဝင်းခနဲလက်သွားသော အလင်းရောင်ကြီးကိုမြင်လိုက်ရသည်နှင့် သူတို့ခန္ဓာကိုယ်များ အမှုန့်ဖြစ်သွားသောကြောင့်ပင်။

အဆိုပါမြင်ကွင်းကား ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့ကလေး အနုမြူဗုံးဒဏ်ခံလိုက်ရသည့်မြင်ကွင်း စာပန်းချီပင် ဖြစ်သည်။

အများသိကြသည့်အတိုင်းပင် ဂျပန်တို့ကား ဒုတိယ ကမ္ဘာစစ်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဝင်ရိုးတန်းသုံးနိုင်ငံခေါ် ရောမ၊ ဘာလင်နှင့် တိုကျိုဝင်ရိုးတန်း မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းပြီး ဗြိတိသျှ၊ အမေရိကန်၊ ရုရှစသော မဟာမိတ်အဖွဲ့နှင့်ယှဉ်ပြိုင်ခဲ့သည်။ ပွဲဦးထွက်တွင် နေမျိုးနွယ်တို့ အောင်ပွဲအလီလီရခဲ့သော်လည်း နောက်ပိုင်းတွင်ကား တပွဲပြီး တပွဲအရှုံးနှင့် ရင်ဆိုင်ရတော့သည်။ ဥရောပတွင် ဂျာမနီ အီတလီလို့ လက်နက်ချသွားကြသော်လည်း အာရှတွင် နေမျိုးနွယ်ဂျပန်တို့ကား မာန်တင်းဆဲပင်။ ဒုတိယ ကမ္ဘာစစ်ကြီး၏ အဆုံးသတ်တိုက်ပွဲများကား အမေရိကန်ဦးဆောင်သော မဟာမိတ်တို့၏ကြီးမားသော စစ်အင်အားနှင့် ဂျပန်စစ်သည်တို့၏အညံ့မခံလိုသောစိတ်ဓာတ်တို့ရင်ဆိုင်ကြသဖြင့် နှစ်ဘက်အကျအဆုံး အလွန်များပြားခဲ့ပေသည်။

နောက်ဆုံးတွင် အမေရိကန်လေတပ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အနုမြူဗုံးတလုံး ကြဲချလိုက်သည်။ နောက်သုံးရက် အကြာ နဂါဆာကီ မြို့ပေါ်သို့လည်း အနုမြူဗုံးတလုံး ကြဲချလိုက်ပြန်သည်။ ဤတွင် နေမျိုးနွယ်တို့ မာန်မတင်းနိုင်တော့ပြီ။ ခြွင်းချက်မရှိ လက်နက်ချရတော့သည်။ အနုမြူဗုံးမှာ ပြင်းထန်လှသဖြင့် ဟီရိုရှီးမားမြို့၏ သုံးပုံနှစ်ပုံမှာ ပြာအတိဖြစ်သွားခဲ့သည်။ ဗုံးကျသည့်နေရာ၏ တမိုင်ပတ်လည်ရှိ အရာဝတ္ထု အဆောက်အအုံတို့ အမှုန့်ဖြစ်သွားခဲ့သည်။ လူဦးရေ ၆၆၀၀၀ ခန့်မှာ ချက်ချင်း သေဆုံးခဲ့ပြီး နောက်ထပ် လူပေါင်းများစွာ အနုမြူဗုံးမှ ရသော ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်။

ဂျပန်တွေဘက်က စဉ်းစားလျှင် တကယ့်ကို ရင်နာစရာဟု ဆိုနိုင်သည်။ သို့သော် ဟီရိုရှီးမားမြို့ရှိ အနုမြူဗုံးကြောင့် သေဆုံးခဲ့သူများ အတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် လွမ်းသူ့ဗိမာန်တွင် အတုယူဖွယ် စာတန်းလေးတခု ရေးထိုး ထားခဲ့သည်။ အင်္ဂလိပ်လိုရော ဂျပန်လိုပါ ရေးထားပြီး စာသားမှာ "Let all the souls here rest in peace for we shall not repeat the evil" ဟူ၍ ဖြစ်သည်။ မြန်မာလို " ညင်သာငြိမ်သက် လျောင်း၍စက်တော့ နောက်ထပ်အမှား ဒို့များတဖန် မကျူးလွန်တော့" ဟူ၍ စာရေးဆရာ တဦးက ဘာသာပြန်ဆိုခဲ့ဖူးသည်။ (ထိုစာသားကို အလွန် နှစ်သက်ခဲ့သဖြင့် အလွတ် ရနေခဲ့သော်လည်း ဘာသာပြန်သူနှင့် စာအုပ်၏ အမည်ကို စဉ်းစား၍ မရသဖြင့် မဖော်ပြနိုင်ခြင်း အတွက် တောင်းပန်အပ်ပါသည်။)

ဂျပန်တွေ ရေးထားသည့်စာတန်းကဗျာလေးသည် အဓိပ္ပာယ် လေးနက် ကျယ်ဝန်းလှသည်။ သင်ခန်းစာယူသော သံဝေဂ တရား ပါသည်။ အမုန်းပွားသော အာဃာတ စကားသံမပါ။ နောင် အနာဂတ်တွင် အလားတူအဖြစ်ဆိုးမျိုးမဖြစ်အောင် ကြိုးစားမည် ဟူသော စိတ်ကောင်းစိတ်မြတ် လွှမ်းမိုးနေသည်။ လက်စားချေရမည် ဟူသော အကုသိုလ် ဒေါသသံမျိုးမကြားရပေ။ အမှန်တော့ စစ်နိုင်သူ အမေရိကန်သည် ဂျပန်ကို အာရှတွင် စီးပွားရေးအရ အလယ်အလတ်တန်းစား နိုင်ငံအဖြစ်သာ ထားမည် ဟူသော ရည်ရွယ်ချက်ဖြင့် လာခဲ့သူ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ထိန်းချုပ်မှုများကို လျှော့ပေးရုံ သာမက ဂျပန်၏ စက်မှုလုပ်ငန်း ကိုပါ ဖွံ့ဖြိုးအောင် ကူညီခဲ့သည်။ ယနေ့တွင်တော့ ဂျပန်သည် ထိပ်တန်း နိုင်ငံ အဆင့် ရောက်ရုံမက အမေရိကန်နှင့်လည်း ခိုင်မြဲသော မဟာမိတ်များပင် ဖြစ်နေပေပြီ။ ဂျပန်တွေ ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုးပေးခဲ့သည်ဟု ဆိုရမည်။

ဂျပန်နှင့် အမေရိကန်တို့တွင် ဂျပန်ဘက်ကစဉ်းစားလျှင် အမေရိကန်တွေ အတော်ရက်စက်သည်ဟု ဆိုနိုင်သည်။ အနုမြူဗုံးက မတော်တဆ ပေါက်ကွဲသွားတာမျိုးမဟုတ်။ ကိုလံဘီယာတက္ကသိုလ်တွင် အီတလီ ရူပဗေဒ ပညာရှင် ဖားမီး(Fermi) နှင့် မက်ဟင်တန်ပရောဂျက် (Manhattan project) ဆိုပြီး စီမံကိန်းနှင့် စမ်းသပ်ခဲ့တာ ဖြစ်သည်။ နောက်ပြီး ဗုံးကြဲဖို့အတွက် အလှပဆုံး အစည်ကားဆုံး ဂျပန်မြို့ကြီးများကို ဆန်ကာတင် ရွေးချယ်ထားသည်။ ထိုမြို့များကို သမားရိုးကျလေကြောင်း စစ်ဆင်မှုများ လုံးဝမလုပ်။ အလှပဆုံးအခြေအနေမှာ ရှိနေစေသည်။ ဒါမှလည်း အနုမြူဗုံး၏ ပြင်းထန်ပုံကို လက်တွေ့သိနိုင်မည်ကိုး။ နောက်ပြီး လူအစည်ကားဆုံး မြို့လယ်ခေါင်ကို သေချာစွာ မြင်မှ ကြဲချရမည်ဟူ၍ လေယာဉ်မှူးကို အမိန့်ပေးထားခဲ့သည်။ ဟီရိုရှီးမားကို ဗုံးကြဲပြီးတော့ နောက်ထပ် အလှည့်ကျသည့် မြို့က နာဂါဆာကီ မဟုတ်။ ကော့ကူးရာမြို့ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗုံးကြဲဖို့ မြို့ပေါ်အရောက်တွင် မြို့က တိမ်တွေဖုံးနေခဲ့သည်။ မှန်း၍ ပစ်ချရင် ရနိုင်လောက် သော်လည်း အမိန့်က သေချာစွာမြင်ရမှ ကြဲရမည်ဆိုသဖြင့် ဒုတိယပစ်မှတ်ဖြစ်သော နာဂါဆာကီမြို့ ကံဆိုးခဲ့ရခြင်း ဖြစ်သည်။ ကဲ ဒီထက်ပိုပြီး သွေးအေးအေးနဲ့ ရက်စက်တာ ရှိပါဦးမလားဟု ဆိုနိုင်သည်။

တခါ အမေရိကန်ဘက်က စဉ်းစားပြန်တော့ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲတုန်းကရော မရက်စက်ဘူးလားဟု ဆိုလိမ့်မည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဂျပန်က အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ အငိုက်ဖမ်းတိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်သည်တွေ ခမျာ ထိုင်အသေခံရသလို ဖြစ်သွားခဲ့သည်။ ရှိသမျှ သဘောင်္တွေ အားလုံးနီးပါး ပျက်စီးပြီး လေယာဉ် အစင်း ၁၇၇ စင်းလုံး ပျက်စီးသွားခဲ့သည်။ အမေရိကန်စစ်သည် ၃၀၀၀ ကျော်ခန့် ကျဆုံး ဒဏ်ရာရခဲ့ကြသည်။ ရုပ်ရှင်တွေထဲတွင် ပို၍ပင် ပီပြင်သေးသည်။ အားလပ်ရက်မို့ အမေရိကန် စစ်သည်တွေ ငါးမျှားသူမျှား၊ အိပ်သူအိပ်၊ အပြင်ထွက်သူထွက် ဖြစ်နေချိန် တွင် လေယာဉ်အုပ်ကြီး ရောက်လာပြီး ဗုံးတွေ သွန်ချသည်ဖြစ်ရာ အကျအဆုံးများသည်မှာ မဆန်းပေ။ သဘောင်္နစ်သွားလို့ ရေပြင်ပေါ်မှာကူးနေတဲ့ အမေရိကန် စစ်သည်တွေကို အဲဒီခေတ်တုန်းက ခေတ်အမီဆုံးလို့ ဆိုနိုင်သော ဂျပန် ဇီးရိုး တိုက် လေယာဉ်တွေက နိမ့်နိမ့်လေးရှပ်ပျံပြီး စက်သေနတ်တွေနဲ့ စိမ်ပြေနပြေ ပစ်ခဲ့ကြသည်။ ဒီဇင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့ မနက်ပိုင်းများတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ကြီးရှိ တယ်လီဖုန်းတွေမှာ မအားမလပ်လောက်အောင် အလုပ်များနေခဲ့သည်။ ဂျပန်လူမျိုးတိုင်းလိုလိုသည် ဂျပန်ဘုရင့်လေတပ်မတော်ကြီးက အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းကို မိတ်ဆွေအချင်းချင်း ဖုန်းဆက် သတင်းပေးနေကြသောကြောင့် ဖြစ်သည်။ သူတို့တွေ အဲဒီလို ဂျပန်ဘုရင့် လေတပ်မတော်ကြီး၏အစွမ်းကို ချီးကျူးကာ " ဒို့ဘုရင်ရွှေဘုန်း နေတနှုန်းသာပ" ဆိုပြီး ဝင့်ကြွားနေချိန်တွင် သားသေ လင်ဆုံး ဖြစ်ရရှာသော အမေရိကန်အမျိုးသမီးတွေ၏ မျက်ရည်တွေသည် ချောင်းစီးနေပေလိမ့်မည်။

အမေရိကန်-ဂျပန် နိုင်ငံသား မဟုတ်သူ တယောက်အနေနှင့် ဆိုသော် ဘယ်သူ ပိုလွန်တယ်လို့ ပြောလို့ မရတော့ပြီ။ ဒီအဖြစ်ကို ကြည့်ပြီး သမိုင်းတွင် မည်သူမျှ အမှားမကင်း ဆိုသော သင်ခန်းစာကိုပါ ရလိုက်သည်။ ဒီတော့ "့ညင်သာငြိမ်သက် လျောင်း၍ စက်တော့ နောက်ထပ်အမှား ဒို့များတစ်ဖန် မကျူးလွန်တော့" ဆိုတဲ့ စာသားလေးရဲ့အဓိပ္ပာယ်က ပိုပေါ်လာသည်။ ဂျပန်မှားတယ် အမေရိကန်မှားတယ် သူတို့တွေ မငြင်းတော့ပြီ။ ငြင်းလို့လည်း အဖြေမထွက်နိုင်တော့ပြီ။ ဒီတော့ ခွင့်လွှတ်ပြီး ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ တကယ်လည်း ရှေ့ကို ပြန်ရောက်သွားတာပါပဲ။

သမ္မာကျမ်းစာထဲမှ အဖြစ်အပျက် ကလေးတခုကို သတိရမိသည်။ တခါက ယေရှု ခရစ်တော်ထံသို့ပြည့်တန်ဆာမ တဦးကို ခေါ်ဆောင်လာသည်။ ထိုပြည့်တန်ဆာမတွင် အပြစ်တွေရှိလို့ ခဲနဲ့ ပေါက်သတ်မယ်လို့ လူတွေက ပြောတော့ ခရစ်တော်က သင်တို့ထဲမှာ အပြစ်လုံးဝမရှိသူတွေ ဒီမိန်းမကို ခဲနဲ့ပေါက်နိုင်တယ်ဟု မိန့်ကြားသည်။ လူအားလုံး တွေသွားပြီး လူတယောက်က ခဲလုံးကို အောက်သို့ ပစ်ချလိုက်သည်။ သူကိုယ်တိုင်လည်း အပြစ်မကင်းဆိုတာ စဉ်းစားမိသောကြောင့်ပင်။ နောက်တော့ လူတိုင်း ခဲလုံးတွေ ပစ်ချသွားကြပြီး ဘယ်သူမှ ခဲနဲ့မပေါက်နိုင်တော့ဟု ဆိုသည်။ လူတိုင်း အမှားမကင်းဆိုသော သင်ခန်းစာပင်။ ငယ်စဉ်က ဖတ်ဖူးရာ နှစ်သက်သဖြင့်မှတ်မိနေခြင်း ဖြစ်ပါသည်။ ခရစ်ယာန် ဘာသာဝင်များကတော့ ပို၍ သိမှတ်နေပါလိမ့်မည်။

ယနေ့ အမိမြန်မာနိုင်ငံတော်တွင်လည်း အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်မည်ဟု တာဝန်ရှိသူများက ဆုံးဖြတ်ထားသည်။ ရင်ကြားစေ့ရေးကို ပြောရသည် ဆိုကတည်းက မုန်းတီးမှုတွေ နာကျည်းမှုတွေ အာဃာတတွေ ရှိနေကြလို့ပဲ ဖြစ်သည်။ ဘယ်လောက်ပင် နာကျည်းစရာတွေရှိရှိ အနုမြူဗုံးကြီး အကြဲခံခဲ့ရသော ဂျပန်လောက်တော့အဖြစ် မဆိုးနိုင်ပြီ။ ဂျပန်နှင့် အမေရိကန်တို့ပင် ကြေအေးနိုင်သေးသည်ဆိုပါက တနိုင်ငံတည်းသားချင်း ပို၍ပင် ကျေအေးရန် ဖြစ်နိုင်ရပါမည်။

တိုင်းရင်းသား လူမျိုးချင်း နာကျည်းမှုတွေ ရှိသည် ဆိုလျှင်လည်း ဖြစ်ရခြင်း အကြောင်းကိုရှာသော် အနီးအကြောင်းရင်းနှင့် အဝေးအကြောင်းရင်းဟူ၍ နှစ်မျိုးသာ ဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်းမှာ ဖြစ်ခဲ့သည်ဆိုသော အနီး အကြောင်းရင်းများကိုကြည့်လျှင် လူမျိုးတမျိုးနှင့်တမျိုး နှိပ်စက်တယ်ဆိုတာ မဖြစ်နိုင်ပေ။ တနိုင်ငံလုံး စစ်အာဏာရှင် စနစ်အောက်တွင် နေကြရသည်ဖြစ်ရာ မည်သည့် လူမျိုးဖြစ်စေ ဤစနစ်ကို ဆန့်ကျင်ပါက ဒုက္ခတွေ့မည်သာ ဖြစ်သည်။ ပြီးတော့ ထိုအစိုးရအားလုံးတို့သည် ဘယ်သူကမျှ မဲဆန္ဒဖြင့် လုပ်ပိုင်ခွင့် ပေးထားသည့် အစိုးရများမဟုတ် ဆိုတာ လူတိုင်းအသိ ဖြစ်နေသည်။

ရှေးပဝေသဏီက ရာဇဝင်တွင် ဖြစ်ခဲ့သော အဝေးအကြောင်းရင်းများကို အခြေခံ၍ မုန်းတီးကြသည်ဆိုလျှင် ပို၍ပင် မသင့်လျော်။ သမ္မာကျမ်းစာပါ ယေရှုခရစ်တော် မိန့်ကြားခဲ့သည်ဆိုသော မည်သူအမှားကင်းသလဲ ဆိုသည့်ဖြစ်ရပ်လိုပင် မည်သူမျှ အမှားမကင်းသောကြောင့် ဖြစ်သည်။ ပြည်နဲ့ တောင်ငူလည်း ဗုဒ္ဓဘာသာ မြန်မာချင်းပေမယ့် တိုက်ခိုက်ခဲ့တာတွေ ရှိသည်။ ပို၍ သိသာရန် သမိုင်းဖြစ်ရပ်အချို့ကို ပြန်ကြည့်နိုင်သည်။ ကုန်းဘောင်ခေတ်တွင် ဘိုးတော်ဘုရားသည် ရခိုင်ပြည် မြောက်ဦးမြို့ကို တိုက်ခိုက်ခဲ့ပြီး မြောက်ဦးနန်းတော်ကို မီးတင်ရှို့ခဲ့သည်။ ဒါကတော့ ရှေးဘုရင်စနစ်၏ ထုံးစံအတိုင်းသာ ဖြစ်သည်။ ကိုယ်က အင်အားကြီးလျှင် တိုက်ခိုက်မည်။ သူက အင်အားကြီးလျှင်လည်း သူက လာတိုက်မည်။ ထို့ကြောင့်ပင် ရခိုင်ဘုရင် မင်းရာဇာကြီးသည် ခရစ်သက္ကရာဇ် ၁၆၀၀ ဘုရင့်နောင် နတ်ရွာစံ၍ နိုင်ငံပြိုကွဲချိန်တွင် ဟံသာဝတီ ပဲခူးသို့ ချီတက်လာပြီး နန်းတော်ကြီးနှင့် တကွ ပဲခူးမြို့ကြီးကိုပါ မီးတင်ရှို့ခဲ့သည်။ ပဲခူး ရွှေမော်ဓော စေတီတော်ကြီးပါ မီးခိုးများစွဲပြီး အိုးမည်းသုတ်ထားသကဲ့သို့ ဖြစ်သွားခဲ့သည်ဟု ဆိုသည်။ နှောင်းခေတ်လူများ မည်သူက မည်သူ့ကို အပြစ်တင်ကြပါမည်နည်း။ ဟံသာဝတီ နန်းတော်ကြီး မီးလောင်သွားတာက ၁၆၀၀ ပြည့်နှစ် မြောက်ဦးနန်းတော် မီးလောင်တာက ၁၇၈၄ ခုနှစ် ဖြစ်သည်။ သမိုင်းတွင် မည်သူမျှ အမှားမကင်း ကိုယ်က သူ့ကို လက်ညှိုးထိုးရင် သူကလည်း ပြန်၍ လက်ညှိုးထိုးစရာ ရှိနေသည်သာ ဖြစ်သည်။ သမိုင်းကို ဖတ်ကြည့်လျှင် သင်ခန်းစာ ယူစရာနှင့် အတုယူစရာ အဖြစ်သာမြင်ရလေသည်။ ရန်ငြိုးထားစရာ အဖြစ် မြင်လျှင် ကိုယ်တိုင်ရော အပြစ်ကင်းပြီလား ဟူသော အမေးသို့ ပြန်ရောက်လာသည်။

ယနေ့လို တာဝန်ရှိသူများက ၂၁ ရာစု ပင်လုံညီလာခံလုပ်မည်ဟု စိုင်းပြင်းနေချိန်တွင် အတိတ်က ဖြစ်ရပ်တွေကို ခွင့်လွှတ်တတ်ဖို့ လိုသည်။ တဖက်နှင့်တဖက် အပြန်အလှန် ဆွေးနွေးရတာတွေ ရှိလာလိမ့်မည်။ ထိုအခါ တဖက်ဖက်မှဖြစ်စေ နှစ်ဖက်စလုံးမှ ဖြစ်စေ အတိတ်က ကိုယ်ခံခဲ့ရတယ်လို့ ထင်တာတွေကို စိတ်ထဲ ထည့်ထားရင် ဆွေးနွေးအဖြေရှာရေး အောင်မြင်ဖို့ ခက်လိမ့်မည်။ ဒီတော့ အမိမြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးအသီးသီးတို့အနေဖြင့် ယေရှုခရစ်တော်၏ ဆုံးမစကားကို မှတ်သားကာ ဂျပန်တွေ ရေးထိုးခဲ့သော စာသားအတိုင်း နောက်ထပ်အမှား ဒို့များ တဖန် မကျူးလွန်တော့ ဟူသော စိတ်ထားကို မွေးမြူကြပြီး အမျိုးသား ရင်ကြားစေ့ရေး အတွက် အမျက်ဒေါသ အာဃာတတွေ ပယ်ဖျောက်လျှက် အပြန်အလှန် ခွင့်လွှတ်နိုင်သော မေတ္တာစိတ်ထားဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

မှီငြမ်း

ပညာရဲ့သဘော(တက္ကသိုလ်ဘုန်းနိုင်)

မြန်မာ့စွယ်စုံကျမ်း

(မေ ၂၃ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၁၉) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)