ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● တိုင်းရင်းသားအရေး တိုင်းရင်းသားအတွေး - အပိုင်း (၂)

မောင်မောင်စိုး ● တိုင်းရင်းသားအရေး တိုင်းရင်းသားအတွေး - အပိုင်း (၂)
(မိုးမခ) မေ ၁၉၊ ၂၀၁၆

● စစ်ပွဲနှင့် ဒေသဖွံ့ဖြိုးရေး
အချို့ကမူ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း ဒေသခံ တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်နေခြင်းမှာ စစ်ပွဲများဖြစ်နေ၍ ဟုဆိုကြသည်။ ဤအချင်းအရာမှာ တဖက်ကကြည့်လျှင် မှန်သည်ဟုဆိုနိုင်သော်လည်း တဖက်ကကြည့် ကြည့် လျှင် အငြင်းပွားဖွယ်ရာဖြစ်သည်။ စစ်ပွဲများဖြစ်ပွားနေလျှင် ၎င်းစစ်ပွဲဖြစ်ပွားရာဒေသများ၌ ဖွံ့ဖြိုးရေးလုပ်မရဆိုသည်မှာ အငြင်းပွား ဖွယ်ရာ မရှိပေ။ သို့သော် ပြောစရာရှိသည်မှာ စစ်ပွဲမဖြစ်ပွားသည့် ဒေသများ၌ရော ဖွံ့ဖြိုး တိုးတက်ပါ၏လောဆိုသည့် မေးခွန်းပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သူတို့လက်နက်ကိုင်တိုက်နေရသည်မှာ သူတို့ဒေသ သူတို့လူမျိုးအကျိုးစီးပွားကြောင့်ဟု ဆိုကြသည်။ တဖက်ကတုံ့ပြန်သည်မှာ စစ်ပွဲများဖြစ်နေ၍ ဒေသဖွံ့ဖြိုးရေးလုပ်မရ ဟုဆိုကြခြင်းဖြစ်သည်။ လက်တွေ့ ဥပမာအချို့အား ရှာဖွေသုံးသပ် ကြည့်ကြပါစို့။

ဥပမာတခုအနေနှင့် ဖားကန့် မိုးကောင်းကားလမ်းပိုင်းသည် အလွန်ဆိုးဝါးသည်။ ဖြောင့်ဖြူးသော ကတ္တရာလမ်း မဆိုထားနှင့် ကျောက်ချောလမ်းအဆင့်ပင်မရှိချေ။ မြေလမ်းသာသာပင်ဖြစ်သည်။ နွေဆိုလျင် ဖုန်အလိမ်းလိမ်းဖြင့်သွားရသည်။ မိုးရွာလျှင် ရွှံ့ဗွက်နစ်သည်။ လေးဘီးယက်ကားများပင် မရုန်းနိုင်ပေ။ ဆင်များဖြင့် ကားများကိုဆွဲထုတ်ရသည်။ မိုင်ဆယ်အချို့သာရှိသော ၎င်းလမ်းပိုင်းကိုပင်မပြုနိုင်ပေရာ ထိုဒေသရှိကျေးရွာများ၏ဖွံ့ဖြိုးရေးကား အလှမ်းဝေးသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ အဆိုပါ ဖားကန့် မိုးကောင်းကားလမ်းပိုင်း မကောင်းရခြင်းမှာ KIA နှင့် ဖြစ်ပွားသော စစ်ပွဲများကြောင့်လော။ သို့မဟုတ် ဒေသတွင်း စီးပွားရေးမကောင်းမွန်၍ အခွန်အကောက် မရရှိ၍လော။ ၁၉၉၄ မှ ၂၀၁၁ ထိ ၁၇ နှစ်တာကာလသည် KIA နှင့်အစိုးရအပစ်ရပ်ထားသည့် ကာလ ဖြစ်သည်။

သေနတ်သံတချက်မထွက်။ တိုက်ပွဲတပွဲမှ မဖြစ်။ မြန်မာပြည်မြောက်ပိုင်းစစ်မျက်နှာသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ စီးပွားရေးအရဆိုလျှင်လည်း ဖားကန့်ဒေသသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီလျံနှင့်ချီ၍ ကျောက်စိမ်းရတနာထွက်ရှိသည့်ဒေသဖြစ်သည်။ ထို ငြိမ်းချမ်းသော ၁၇ နှစ်တာကာလအတွင်း နိုင်ငံခြားငွေ ဒေါ်လာဘီလီလျံနှင့်ချီ ၍တန်ဖိုးရှိသည့် ကျောက်စိမ်းထွက်ရှိသည့်ဒေသ၏လမ်းပိုင်းတခု ကောင်းမွန်မလာခြင်း ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်မလာခြင်းအတွက် မည်သည့်အကြောင်းပြချက် လိုအပ်ပါသေးသနည်း။ စစ်ပွဲနှင့် ဒေသတွင်းစီးပွားရေးအခြေအနေကြောင့်မဟုတ်တော့ပေ။

နောက် ဥပမာတခု ပြောရလျှင် ရခိုင်ပြည်နယ်တွင် ၁၉၈၀ နောက်ပိုင်းမှစ၍ ၂၀၁၅ ခုနှစ် လက်နက်ကိုင်တိုက်ပွဲများပေါ်လာသည့်အချိန်ထိ ၃၅ နှစ်ကာလသည် အေးချမ်းသောကာလ စစ်ပွဲများတိုက်ပွဲများမရှိသည့်ကာလဖြစ်သည်။ ထိုအချိန်ကာလ တွင် ရခိုင်ပြည်နယ်တိုးတက်ပါ၏လော။ ပြည်မဒေသများထက်စာလျှင် များစွာနောက်ကျနေဆဲ ဖြစ်သည်။ လျှပ်စစ်မီးဆက် သွယ်ရေး စနစ် လမ်းပန်းပညာရေး စသည့်ဖက်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့သည်။ ထို့ကြောင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်လျှင် စစ်ပွဲသက်သက်ကို ပုံချ၍ မရနိုင်ပေ။တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးကို အလေးမထားမဆောင်ရွက်ခဲ့သည့် စနစ်ကြောင့်ဟုသာ ဆိုရမည်။

● သယံဇာတနှင့် ဒေသခံ
ထို့ပြင် တိုင်းရင်းသားဒေသခံများ အထူးသတိပြုမိသည့်အချ က်မှာ ၎င်းတို့ဒေသမှ ထွက်ရှိသော သယံဇာတများကို ၎င်းတို့ဒေ သခံများ မခံစားရသည့် ပြဿနာဖြစ်သည်။ ရခိုင်ပြည်နယ်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ထွက်ရှိပြီး ရခိုင်ပြည်နယ်အား ဖြတ်၍ နိုင်ငံခြားသို့ ရောင်းချသည်။ တနင်္သာရီကမ်းရိုးတန်းတွင် သဘာဝဓာတ်ငွေ့ထွက်ရှိပြီး တနင်္သာရီတိုင်းအား ဖြတ်၍ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချသည်။ သို့သော် ရခိုင်တနင်္သာရီဒေသတို့တွင် မီးလင်းရေး အစီအမံများ ပါမလာချေ။ ဥပမာ တိုတယ်၏ မူလအစီအစဉ်တွင် တနင်္သာတိုင်းမီးလင်းရေး အစီအမံနှင့် သဘာဝဓာတ်ငွေ့ဝေစုပါရှိသော်လည်း ထိုဓာတ်ငွေ့ ဝေစုသည် မြိုင်ကလေးဘိလပ်မြေ စက်ရုံသို့ ရောက်သွားသည်။ ဒေသအတွက် တပါတည်းဖြစ်မလာခဲ့ပေ။ ရခိုင်တွင်၎င်း တနင်္သာရီတွင်၎င်း ဒေသခံများက ပြင်းပြင်းထန်ထန်တောင်းဆိုမှ လျှပ်စစ်မီးရသည်။ သို့သော် မီတာခက ပြည်မထက် လေး ငါးဆကြီးနေသေးသည်။

အလားတူပင် လောပိတရေအားလျှပ်စစ်စက်ရုံ၏ ၅ မိုင်ပတ်လည်ရှိ ကယားပြည်နယ်မှ ရွာများမီး မရသည့်ပြဿနာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံမြောက်မြားစွာ ကျောက်စိမ်းထွက်ရှိသော ဖားကန့်ဒေသ မဖွံ့ဖြိုးသည့် ပြဿနာ စသည့်စသည့် ပြဿနာရှိရာ တိုင်းရင်းသားဒေသခံများ အနေနှင့်၎င်းတို့ဒေသမှထွက်ရှိသောသယံဇာတများအား ၎င်းတို့ဒေသခံများ မခံစားရဟူသော အတွေးများ ဖြစ်ပေါ်လာသည်မှာ မထူးဆန်းပေ။

ဤတွင် ပြည်မရှိ မဟာဓာတ်အားလိုင်းများဖြတ်သန်းသွားရာလမ်းရှိ ဗမာရွာများသည်လည်း လျှပ်စစ်မီးမရဟုဆို နိုင်သည်။ သို့သော် ပြဿနာကိုကြည့်မြင်ပုံချင်းမတူ ပြည်မရှိ မြန်မာများက အုပ်ချုပ်ရေးစနစ် ညံ့သည်ဟု၎င်း ဒီမိုကရေစီစနစ် မကျင့်သုံး၍ အာဏာရှင်စနစ် ကျင့်သုံး၍ ဟု၎င်း ကြည့်မြင်သည်။ တိုင်းရင်းသားများကတော့ မိမိတို့ဒေသရှိ သယံဇာတကို မိမိတို့တိုင်းရင်းသားများ ကိုယ်တိုင်ပိုင်ဆိုင်ခွင့် စီမံခွင့် မိမိတိုင်းရင်းသားဒေသအတွက် အသုံးချခွင့်မရ၍ ဖြစ်သည်ဟု ယူဆကြသည်။ စဉ်းစားပုံချင်းမတူကြပါ။

ဤသို့ စဉ်းစား၍ တိုင်းရင်းသားတို့ အတွေးသည် အမျိုးသားရေးကိုအခြေခံသည်ဟု ဆိုနိုင်သည်။ သို့သော် တိုင်းရင်းသား တို့အတွေးသည် အမျိုးသားရေးကို အခြေခံသည်မှာ မထူးဆန်းပေ။ သဘာဝကျသည်ဟု ဆိုရမည်။

မိမိတို့အနေနှင့် လက်တွေ့ကျသည့်အခြေအနေကို မျက်မှောက်ပြု၍ ပြဿနာကို ဆုပ်ကိုင် ဖြေရှင်းရန်လိုအပ်သည်။တိုင်းရင်းသာလူမျိုးများနှင့် အမျိုးသားရေးမြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် သူ၏အမျိုးသားရေးလက္ခဏာများရှိသကဲ့သို့ ထိုအမျိုးသားရေးလက္ခဏာများကို လူမျိုးတိုင်းက တန်ဖိုးထားအလေးထားတတ်သည်ကို ဂရုပြုရန် လိုအပ်ပေသည်။

ကျိုင်းတုံစော်ဘွားဟော်နန်းသည် ရှမ်းလူမျိုးတို့အတွက် သာမန်အိမ်တလုံးမဟုတ်ချေ ။ ရှမ်း လူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် ကိုယ့်မင်း ကိုယ့်ချင်းလက္ခဏာတရပ် ရှမ်းအမျိုးသားရေး လက္ခဏာတရပ်လည်း ဖြစ်သည်။သို့ဖြစ်ရာ အဆိုပါအဓိပ္ပာယ်ဆောင်သည့် ရှမ်းစော်ဘွားဟော်နန်းတဆောင်သည် ပြတိုက်တခုအဖြစ်ထားရှိရမည့်အစား အိမ်အို အိမ်ဟောင်းတဆောင်သဖွယ်သာ သဘောထားပြီး ဖြိုချကာ ဟိုတယ်ဆောက်လုပ်လိုက်ခြင်းသည် ရှမ်းလူမျိုးများအတွက် စိတ်ထိခိုက် ဖွယ်ရာဖြစ်သည်။

ရှမ်းစော်ဘွားဟော်နန်းသည် ရှမ်းပဒေသရာဇ်တို့၏ အုပ်စိုးမှုကိုလည်းပြသည်။ အလားတူ သူတို့၏အမျိုးသားလက္ခဏာကိုလည်းဖော်ပြပါသည်။ မန္တလေးရှိ နန်းမြို့ဟောင်းသည် မြန်မာ့တို့၏ အမျိုးသားရေးလက္ခဏာဖြစ်သည်။ သီပေါသည် မြန်မာပဒေသရာဇ်မင်းတပါး ဖြစ်သည်။ သို့သော် သီပေါကိုနန်းချပြီးဖမ်းဆီးသွားသည်ကိုတော့ မြန်မာတို့ လက်မခံနိုင်ပေ။

အလားတူပင် မန္တလေးနန်းတော်ဟောင်းအားဖြိုချ၍ ဟိုတယ်ဆောက်မည်ဆိုပါက မြန်မာတို့ လက်ခံနိုင်မည်မဟုတ်ချေ ။ အလားတူပင် အခြားတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေး လက္ခဏာကို အလေးထားရန်လိုအပ်ပေမည်။ ထို့ပြင် ရှမ်းတို့အမျိုးသားရေးလက္ခဏာတရပ် အဖြစ်သဘောထားသော ကျိုင်းတုံဟော်နန်းဖြိုချလိုက်ခြင်းနှင့်ပတ်သက်၍ ရှမ်းလူမျိုး တို့၏ ခံစားချက် နားလည်သဘောပေါက်ရန်လိုအပ်ပေလိမ့်မည်။

အလားတူပင် ကချင်ပြည်နယ်ဟု တိုင်းရင်းသားလူမျိုးတခု၏ ထူးခြားမှုကိုအသိမှတ်ပြုထားသော ပြည်နယ်တွင် ပထမဆုံးဧရာဝတီမြစ်ကူးတံတားဆောက်သည်။ တံတားနံမည်ကို ဗလမင်းထင်ဆိုသည့် ရှေးခေတ်မြန်မာစစ်သူကြီးတဦး နံမည်ပေး သည်။

● ကချင်ပြည်နယ်ရှိ ကချင်လူမျိုးများ
ခံစားမှုကောင်းပါမည်လော။ အင်္ဂလိပ်က ရန်ကုန်မြို့တည်သောအခါ လမ်းအများစု နံမည်ပေး ထားသည်။ ဒါလဟိုဇီ ဖရေဇာ မောင့်ဂိုမာရီ စသဖြင့် ဖြစ်သည်။ ထိုနံမည်များကို မြန်မာလွတ်လပ် ရေးရပြီးနောက်ပိုင်းတွင် မြန်မာနံမည်ပြောင်းသည်။ " စစ်ကဲမောင်ထော်လေး" ဟူသည့် မြန်မာနံမည်ပေးထားသည့်လမ်းပင် အင်္ဂလိပ်အလိုတော်ရိအဖြစ်သတ်မှတ်ပြီး နံမည် ပြောင်းပစ်ခဲ့ပေရာ တိုင်းရင်းသားပြည်နယ်များတွင်လည်း အမည်နံမပေးရာမှစ၍ သက်ဆိုင်ရာတိုင်းရင်းသားတို့၏ အမျိုးသားလက္ခဏာကို လေးစားအသိမှတ်ပြုရန် လိုအပ်ပေလိမ့်မည်။ ဤကိစ္စမျိုးသည် အသေး အဖွဲ ဖြစ်ကောင်းဖြစ်မည် ။ သို့သော် ဂရုစိုက်ရန်လိုသည်။ ကိုယ်ချင်းစာရန်လိုသည်။

ယနေ့ကာလ၌ စာပေ အသိပညာ မြင့်မားလာမှုကမ္ဘာအရပ်ရပ်နှင့် လွယ်ကူစွာဆက်စပ်နိုင်ပြီး ပေါင်းကူးဆက်သွယ်နိုင်မှုတို့နှင့်အတူ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားစိတ်သည် ပို၍ပို၍ မြင့်မားလာနေသည်။ မြန်မာပြည်တွင်းရှိ လူမျိုးတိုင်း၏ အမျိုးသားစိတ်မြင့်တက်လာမှုကို မှန်မှန်ကန်ကန်ကြည့်မြင်အသိမှတ်ပြုရန်လိုသည်။ မျက်ကွယ်ပြု၍မရပေ။

မြန်မာလူမျိုးအတွက် ဖြေရှင်းရမည့်ပြသနာသည် ဒီမိုကရေစီနှင့် လူအခွင့်အရေးဖြစ်သည်။ တိုင်းရင်းသားလူမျိုးများပြဿနာသည် အမျိုးသားရေးပြဿနာဖြစ်သည်။ ကွဲပြားမှုလည်းရှိသည်။ ဆက်စပ်မှုလည်းရှိသည်။ လက်ရှိ အမျိုးသားရေးပြဿနာ ကို ရင်ဆိုင်ဖြေရှင်းရာတွင် စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ "ငြိမ်းချမ်းရေးမရလျှင် ဒီမိုကရေစီမရှိနိုင်။ ဒီမိုကရေစီမရှိဘဲ လူမှုဘဝ မမြှင့်တင်နိုင်" ဟူသောစကားကိုသတိချပ်ရန် လိုပေလိမ့်မည်။

● တိုင်းရင်းသားများနှင့်တိုင်းရင်းသားပါတီ/လက်နက်ကိုင်တပ်ဖွဲ့များ
တိုင်းရင်းအရေးတွင် တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အရေးပါသည်။ တိုင်းရင်းသားပါတီများနှင့်ပတ်သက်လျှင် ရွေးကောက်ပွဲများတွင် မိမိတိုင်းရင်းသားလူမျိုးများကို တကယ်တမ်း ကိုယ်စားပြုအနိုင်ရသည့်ပါတီများ ကို အလေးထားဖို့ လိုသည်။ မည်သို့ဆိုစေ ၎င်းပါတီတို့သည် ရွေးကောက်ပွဲနည်းလမ်းအရ ၎င်းတို့၏ တိုင်းရင်းသားလူမျိုး အများစုကို ကိုယ်စားပြုသည်မဟုတ်ပါလော။ ထိုကြောင့် ရွေးကောက်ပွဲတွင် ၎င်းတို့၏ တိုင်းရင်းသားအများစု၏ ရွေးကောက် တင်မြှောက်ခြင်းသည် ပါတီကို အလေးထားခြင်းသည် ၎င်းတိုင်းရင်းသားများကို မျက်နှာမူခြင်းဖြစ်ပေသည်။ ထိုသို့သောပါ တီမျိုးကို အလေးထားခြင်း ပျက်ကွက်ပါက တိုင်းရင်းသားတို့၏ ယုံကြည်မှုလျော့ပါးမည် ဖြစ်သည်။

ထို့ပြင် လက်ရှိအချိန်၌ တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်စွန့်ခိုင်းနေရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် ဥပဒေတွင်းရှိ တိုင်းရင်းသားပါတီများ၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့် လုပ်နိုင်ကိုင်နိုင်သည့် အခွင့်အလမ်းနှင့် အလေးထားခံရမှုမည်မျှရှိသည်ကို စောင့်ကြည်လျက်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လက်နက်စွန့်ပါက သူတို့ရမည့် အနေအထား သူတို့လုပ်ကိုင်နိုင်ခွင့်အနေအထားကို အဆိုပါ ဥပဒေတွင်းတိုင်းရင်းသားပါတီများ၏ အနေအထားများမှ အကဲခတ်နေကြသည်ကို သတိပြုရန်လိုအပ်သည်။

မည်သို့ဆိုစေ တိုင်းရင်းသားပါတီများဆိုသည်မှာ ဥပဒေတွင်းကပါတီများ ဖြစ်နေသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဥပဒေပဖြစ်သည်။ လက်ရှိ NCA လက်မှတ်ထိုးသည့် အဖွဲ့ဖြစ်စေ မထိုးသေးသည့်အဖွဲ့ဖြစ်စေ သီးခြားလက်နက်ကိုင်နေသောအဖွဲ့များဖြစ်သည်။ အစိုးအာဏာမသက်ရောက်သည့်အဖွဲ့များ ဖြစ်သည်။ ထိုအဖွဲ့များသည် တိုင်းရင်းသားလူမျိုး
များအပေါ် သြဇာသက်ရောက်မှုထိန်းချုပ်နိုင်မှုရှိပေရာ သူတို့၏အခန်းကဏ္ဍကိုသေချာစွာ သုံးသပ်တွက်ချက်ရန် လိုအပ်သည်။

မြန်မာစစ်ဖက်အဖို့ မြန်မာ့တပ်မတော်သည် ပြည်ထောင်စုတပ်မတော်ဖြစ်သည်။ တခုတည်းသောတပ်မတော်ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင် တိုင်းရင်းသားအတော်များများက ဤသို့မမြင်ကြချေ ။ ကံမကောင်းစွာပင် တိုင်းရင်းသားများသည် သူတို့၏ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား သူတို့၏တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟုမြင်နေကြသည်။

အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် သူတို့၏လူမျိုးများနှင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ သူတို့၏သားချင်းများဖြစ်သည်။သူတို့ဆွေမျိုး မိတ်သင်္ဂဟများ ဖြစ်သည်။ လက်တွေ့တွင် သူတို့နှင့် တနည်းမဟုတ်တနည်း တော်စပ်နေသော ဆွေမျိုးသားချင်းများ ပါဝင်နေသည်။ သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် သူတို့လူမျိုး၏တပ်ဖြစ်သည်။ သူတို့ဆွေမျိုးသားချင်းများ၏ တပ်ဖြစ်သည်။ တဖန် အမျိုးသားရေးအရ သူတို့လိုလားသည့်နိုင်ငံရေးရည်မှန်းချက် အမျိုးသားရေးရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

ဤနေရာတွင် အငြင်းပွားဖွယ်ရာရှိသည်မှာ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ၎င်းတို့ကိုယ်စားပြု တိုင်းရင်းသားများက မည်ရွေ့မည်မျှထောက်ခံသည်ဆိုသည်နှင့် ၎င်းတို့အနေနှင့် မည်ရွေ့မည်မျှသြဇာလွှမ်းမိုးချုပ်ကိုင်ထားနိုင်သည်ဆိုသည်ကတော့ အငြင်းပွားဖွယ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရာခိုင်နှုန်းမည်ရွေ့မည်မျှထောက်ခံသည်ဆိုခြင်းသာ အငြင်းပွားဖွယ်ရာရှိပေလိမ့်မည်။ ထောက်ခံမှုသြဇာသက်ရောက်မှုနည်းသည် များသည်သာ အငြင်းပွားဖွယ် ဖြစ်လိမ့်မည်။ အနည်းနှင့်အများ သူတို့၏တိုင်းရင်းသားများအပေါ် သူတို့၏ သြဇာရှိမှုနှင့် ထောက်ခံမှုရရှိထားမှုကိုတော့ မလွဲမသွေအသိအမှတ် ပြုရန်လိုအပ်သည်။

၎င်းတို့ကိုယ်စားပြုတိုင်းရင်းသားများ၏ ထောက်ခံမှုအနည်းနှင့်အများမရဘဲ ၎င်း လက်နက်ကိုင် အဖွဲ့များ နှစ်ပေါင်းကြာရှည်စွာရပ်တည်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ လက်နက်ကိုင် အဖွဲ့အသစ် များလည်း ပေါ်လာလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်ရာ တိုင်းရင်းသားအရေးကို စဉ်းစားဖြေရှင်းလျှင် တိုင်းရင်းသားပါတီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခန်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

● နိဂုံး
ဤဆောင်းပါးမှ အဓိကရည်ညွှန်းဆိုလိုချင်သည်မှာ တိုင်းရင်းသားအရေး ဖြေရှင်းမည်ဆိုပါက တိုင်းရင်းသားတို့၏စိတ်ခံစားချက်အတွေးကို အထူးအလေးဂရုပြုရန်လိုသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏ခံစားချက်အတွေးအားလုံး မှန်ကောင်းမှ မှန်နိုင်ပေမည်။ သို့သော် ပြဿနာ တခုဖြေရှင်းရန် အရှိတရားကို အသိမှတ်ပြုရန်လိုအပ်ပါသည်။

၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသား ပြည်ထောင်စု ပြဿနာသည် အခြေခံ အားဖြင့် ပြေလည်အောင် မဖြေရှင်းခဲ့ပေ။ စစ်ပွဲများနှင့်မဖြေရှင်းနိုင်ခဲ့သလို နိုင်ငံရေးနည်းလမ်းနှင့် လည်း မဖြေရှင်းနိုင်ခဲ့ပေ။ မြန်မာနိုင်ငံရေးသမားများရော မြန်မာ စစ်ဖက်ခေါင်းဆောင်များပါ ၎င်းတို့အမြင်ဖြင့် ၎င်းတို့ဖြေရှင်းရန်ကြိုးပမ်းခဲ့ကြသလို တိုင်းရင်းသားလူမျိုးများလည်း သူတို့ဘဝ သူတို့အတွေးနှင့် ရုန်းကန်၍ ဖြေရှင်းနိုင်ရန်ကြိုးပမ်းခဲ့ကြသည်။

တိုင်းရင်းသားအရေးကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ရန်အတွက် တိုင်းရင်းသားတို့အတွေး ထိုအတွေးများပေါ်ပေါက်စေသည့် ဘဝများကို နားလည်ကြဖို့လိုပေသည်။ တိုင်းရင်းသားတို့၏ စိတ်ထဲမှ အနာနှင့် ရင်ထဲမှ ဒဏ်ရာများကို ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေလိမ့်မည်။

ပြီးပါပြီ
Mg Mg Soe (မောင်မောင်စိုး)