ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တက္ကသိုလ်ရွှေရီဝင်း - ဘီဘီအက်(စ်) သို့မဟုတ် မြန်မာ့အသံဌာန


တက္ကသိုလ်ရွှေရီဝင်း -  ဘီဘီအက်(စ်) သို့မဟုတ် မြန်မာ့အသံဌာန
(မိုးမခ) မေ ၁၂၊ ၂၀၁၆


ဒီနှစ် ၂၀၁၆ မှာ မြန်မာ့အသံဌာနရဲ့ နှစ်(၇၀) မြောက်အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ကိုယ့်အသက် အရွယ်ကြီးလာတဲ့အလျောက် နှစ် ၁၀၀ ပွဲတွေ၊ နှစ် ၇၀၊ နှစ် ၅၀၊ နှစ် ၂၅ ပွဲတွေကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။

ဒီလိုနှစ်တွေကို ကျော်လွန်ခဲ့တဲ့ဆီမှာ ပါဝင်ခဲ့တာ၊ အမှတ်တရရှိတာတွေကို သိခဲ့ရတာကြောင့် ကိုယ့်အ သက်ကိုလည်း မငယ်တော့ဘူးဆို ပြီး သတိရပါတယ်။

ကိုယ့်ယောက္ခမမိဘရဲ့နှစ် ၁၀၀ ပွဲက မနှစ်ကကျင်းပခဲ့ပါတယ်။ စာရေးသူရဲ့ ဖခင်ကြီးရဲ့နှစ် ၁၀၀ ပြည့် ပွဲက ၂၀၁၇ မှာ ပြည့်မှာပါ။ နောက် စောစောကခေါင်းစဉ်ရဲ့ နှစ် ၇၀ ပြည့်ဟာ စာရေးသူရဲ့အသက်နဲ့တူညီ နေပါ တယ်။ ဒီတော့ မြန်မာ့အသံစတင်ပြီး တည်ထောင်တဲ့နှစ်မှာ စာရေးသူမွေးပါတယ်။

ခုခေတ်မှာ အင်္ဂလိပ်အက္ခရာအတိုတွေ အသုံးများပါတယ်။ ဘယ်မှာအလုပ်လုပ်သလဲ၊ ဘယ်မှာကျောင်း တက်သလဲ၊ ဘယ်သင်တန်းတက်သလဲလို့မေးကြည့်လိုက်ရင် သူတို့ပြန်ဖြေတဲ့ (အေဘီစီ) စာလုံးတွေဟာ စာ ရေးသူတို့လို အဘွားကြီးတွေအတွက် ဘယ်နေရာ၊ ဘယ်ကျောင်း၊ ဘယ်ဌာနဆိုတာ မသိတာများပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ခုခေတ်က ၂၁ ရာစုဆိုတော့ အင်မတန်ခေတ်မီတိုးတက်ပြီး လုပ်ငန်းတွေ၊ ကျောင်းတွေဆို တာ မှိုလိုပေါက်နေတယ်လေ။ ဒီတော့ မေးမိတဲ့လူကပဲ ထပ်ပြီးရှင်းပြပါလို့ ပြောရပါတယ်။

ကိုယ်တို့ခေတ်ကလည်း အမ်စီ၊ ရာဇူး၊ အီကို၊ အတ်ကျူကေးရှင်း၊ အာအိုင်တီဆိုတဲ့စကား၊ ဘီဘီအက် (စ်)၊ ဗွီအိုအေ၊ ဘီဘီစီ+အောအင်ဒီးယားဆိုတဲ့ စကားတွေပြောခဲ့ကြတာပဲလေ။

အခုတော့ ဘီဘီအက်(စ်) ကိုပဲ ပြောချင်ပါတယ်။ သင်္ချာဆရာကြီးရဲ့ မိဘနှစ်ပါးကတော့ ဘီဘီအက်(စ်) နဲ့ လက်ပွန်းတစ်တီးရှိကြတာ သိခဲ့ရပါတယ်။ ဘဘနဲ့ မေမေ၊ သင်္ချာဆရာကြီးတို့ ဘီဘီအက်(စ်) က အင်္ဂလိပ် ပိုင်းအစီအစဉ်မှာ ပလေးရီဒင်း(play reading )လို့ခေါ်တဲ့ ပြဇာတ်တွေဖတ်တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘဘတို့နဲ့အတူ ဘဘရဲ့တပည့်၊ မိတ်ဆွေ၊ ဆွေမျိုးအကုန်ကူညီပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်စာဌာနက ဘဘကြီးရဲ့လုပ်ဖော်ကိုင်ဖက်တွေလည်း ပါမယ်ထင်ပါတယ်။

အဲဒီပြဇာတ်တွေထဲက`ဥဂ္ဂ္ဂသေန’ ဇာတ်အကြောင်းဆို မေမေနဲ့ ဘဘခဏခဏ ပြောလွန်းလို့ မှတ်မိနေ ပါတယ်။ ဘဘကြီးက မင်းသမီးရဲ့အဖေ၊ ကိုကိုရစ်ချတ် (ဦးဝင်းဖေ-မြဇင်) က ကိုးရပ်၊ ဆရာမ ဒေါ်ခင်မေ (မမကရယ်လာ-ရာဇူးက မော်ကွန်းထိန်း ဒေါ်ခင်စိန်၏အစ်မ) က မင်းသမီး၊ သင်္ချာဆရာကြိး ဒေါက်တာခင် မောင်ဝင်းက ဥဂ္ဂသေနအဖြစ် သရုပ်ဆောင်ရပါတယ်။ ဇာတ်ညွှန်းက ကိုကိုရစ်ချတ်လို့ပြောပါတယ်။

အဲဒီပြဇာတ်ကိုဖတ်ကြတော့ ဥဂ္ဂ္ဂသေနက သူ့ဇနီး မင်းသမီးနဲ့ အပြန်အလှန် စကားပြောတဲ့ဆီမှာ သား ပြော မယားပြော၊ ကြမ်းကြမ်းတမ်းတမ်းစကားတွေ ပြောရတယ်။ အဲဒီအခါမှာ သင်္ချာဆရာကြီးက မင်းသမီးအ ဖြစ် သရုပ်ဆောင်တဲ့ဆရာမကို ရွံ့နေတော့ လမိုင်းမကပ်ဘူးဖြစ်နေတယ်။ ဒါနဲ့ ဆရာမကလယ်ရာက စိတ်ပါ လက်ပါဖတ်ပြီး ( ဆဲတဲ့အခန်းတွေ၊ ရန်ဖြစ်တဲ့အခန်းတွေ ပါတယ်လို့ ပြောတယ်) ပြောတော့ ဥဂ္ဂ္ဂသေနအဖြစ် သ ရုပ်ဆောင်တဲ့ သင်္ချာဆရာကြီးလည်း လမိုင်းကပ်ပြီး အပြန်အလှန် ပြောကြဆိုကြတာ ပရိတ်သတ်က ကြိုက်ကြ တယ်ဆိုပဲ။ အဲဒီပြဇာတ်အကြောင်း ဟုတ်မဟုတ်မေးဖို့တော့ လူတော်တော်နည်းနေပြီလို့ ဆိုရပါမယ်။

သင်္ချာဆရာကြီးက အင်္ဂလိပ်လို လွှင့်တာဖြစ်လို့ မြန်မာပြဇာတ်တွေ၊ မြန်မာဇာတ်လမ်းတွေလောက် လူ နားမထောင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဝါသနာပါတဲ့ ဘဘတို့လူတစ်စုကတော့ မြန်မာ့အသံမှာ အဲဒီ ပလေး ရီဒင်းကို ပျော်ပျော်ပါးပါး တင်ဆက်ခဲ့ကြတယ်လို့ပြောတယ်။

စာရေးသူတို့ခေတ်မှာတော့ ဦးဝင်းဦး၊ ညွှန့်ဝင်း၊ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင်တို့ သရုပ်ဆောင်တဲ့ ဇာတ်လမ်း တွေ အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ နားထောင်ခဲ့ဖူးခဲ့ပါတယ်။ မြန်မာလိုဇာတ်လမ်းတွေလည်း မရိုးရအောင် နား ထောင်ခဲ့ရတယ်။

ကဏ္ဍတွေလည်း စုံပါတယ်။ ကလေးတွေအတွက် ပုံပြင်ကဏ္ဍတွေရှိတယ်။ ကျေးလက်ဇာတ်လမ်းမှာ ကိုဆေးရိုး၊ ကိုသာဆန်း စတဲ့သရုပ်ဆောင်တွေဆို နားသောတဆင်ကြတဲ့ ပရိတ်သက်က တကယ့်လယ်သမား တွေဝင်ပြီး သရုပ်ဆောင်တယ် ထင်ရပါတယ်။ နောက် ဒေါ်ရီကြိန်ရဲ့ပြောပါရစေရှင်ဆိုတာလည်း နာမည်ကြီးတဲ့ အစီအစဉ်တစ်ခုပါ။ နောက် သီရိဂေဟာ၊ မွေးနေ့လက်ဆောင်သီချင်း၊ ဇာတ်သဘင်၊ ကွက်စိပ်ဟောပြောတဲ့ အစီ အစဉ်တွေ အစုံပါပဲ။ အခုပြောတာတွေက မေမေတို့၊ ဘဘတို့ခေတ် မဟုတ်တော့ပါဘူး။ စာရေးသူတို့ခေတ်က အစီ့အစဉ်တွေပါ။ မေမေတို့၊ ဘဘတို့ခေတ်ကတော့ သူတို့ပြောတာတွေပဲ သိရတာပါ။

မေမေတို့၊ ဘဘတို့က ဆရာကြီးဦးခင်ဇော်နဲ့ခင်မင်ကြတော့ သူတို့အတွက် အမှတ်တရတွေများပါ တယ်။ ဦးခင်ဇော်နဲ့ ဦးဖေသော်တို့အကြောင်း ပြောပြတတ်ပါတယ်။ နောက် ဒေါ်သန်းနှစ်၊ ဒေါ်ရီကြိန်၊ ဗိုလ်ဗကို စသည်တို့လည်း ပါပါတယ်။

ဘဘတို့ခေတ်က မြန်မာ့အသံရဲ့အစီအစဉ်တွေထဲမှာ ဟောပြောပွဲတွေ၊ တရားပွဲတွေပါပါတယ်။ ဟော ပြောပွဲမှာ ဆရာကြီးဦးဂုဏ်ဘဏ် ဟောပြောပုံအစီအစဉ်၊ တရားပွဲမှာ စွန်းလွန်းဆရာတော် ဦးဝိနယရဲ့ တရား အားထုတ်နည်း အစီအစဉ်တွေ ရှိပါတယ်။

ဘဘတို့က မြန်မာ့အသံကို စတင်ဖွင့်ခဲ့တဲ့ ဝင်ဒါမီယာခရင်းဆင့်ထဲကနေရာကို သတိတရပြောတတ်ပါ တယ်။ နောက်မှာ ပြည်လမ်းက မြန်မာ့အသံကိုပြောင်းတယ်လို့ဆိုပါတယ်။ အဲဒီအိမ်မှာ ဦးခင်ဇော်နေတာကို တော့ စာရေးသူတို့ နောက်မျိုးဆက်က သိခဲ့ရပါတယ်။ သိရတာလည်း မေမေတို့၊ ဘဘတို့သွားလည်ရင်း ရောက်ဖူးတာရယ်၊ သားတို့ ရှစ်တန်းစာမေးပွဲကို မရန်းခြံကျောင်းမှာဖြေရလို့ နေ့လယ် အဲဒီအိမ်မှာ သွားပြီးနား ကြလို့ဖြစ်ပါတယ်။

ကလေးနှစ်ယောက်စာမေးပွဲဖြေနေတုန်း မေမေနဲ့စာရေးသူတို့ ဝင်ဒါမီယာထဲက ဦးခင်ဇော်နဲ့ ဒေါ်သန်း နှစ်တို့အိမ် (ယခင်က မြန်မာ့အသံနေရာ)ကိုသွားကြတယ်။ တခါတလေ ဦးဝိစာရလမ်းပေါ်က အန်တီစောမုံညင်း အိမ်မှာ နားကြပါတယ်။ ဝင်ဒါမီယာက မြန်မာ့အသံရုံးဟောင်းကို အခုဘယ်လိုထားတယ်ဆိုတာတော့ မရောက် ဖြစ်လို့မသိတော့ပါ။ နောက်ဆုံးရောက်တာ အန်ကယ်ဦးခင်ဇော်ဆုံးတုန်းက ဖြစ်ပါတယ်။ စာရေးသူ လက်ထက် မှာမှတ်မိတာ ဦးကျော်ငြိမ်း(မာတလိ)၊ ဦးကျော်ဆန်း၊ ဦးတင်ဦး၊ ဦးကျော်ဦးတို့ဖြစ်ပါတယ်။ နောက် ဦးသန်းမြင့် ပါ။ စာရေးသူရဲ့ဖခင်ကြီး ဦးသိန်းညွန့်က ဦးခင်ဇော်နဲ့ခင်ပါတယ်။ ဦးခင်ဇော်လက်ထက်မှာ စာရေးသူရဲ့မွေးနေ့ အတွက် သီချင်းတောင်းပေးတာ မှတ်မိပါတယ်။ ဦးကျော်ငြိမ်းသမီး သန်းသန်းငြိမ်းက မြန်မာ့အသံမှာ ပုံပြင်တွေ ပြောတာ မှတ်မိပါတယ်။ နောက် မေမေတို့ ဘဘတို့နဲ့ရော၊ စာရေးသူတို့မိသားစုနဲ့ပါ ခင်တဲ့မမမေနှင်းလည်း မြန်မာ့အသံမှာ လုပ်ပါတယ်။ အင်္ဂလိပ်ပိုင်းအစီအစဉ်က မမအယ်လီဆင်ထွန်းဝေ၊ ဂျွိုက်(စ်)ဝင်း (နွဲ့ရီဝင်း)တို့ ရှိပါ တယ်။

စာရေးသူတို့ရဲ့ မောင်အငယ်ဆုံး မောင်စိုးညွန့်(စိုးစိုး) တို့ခေတ်မှာတော့ ဘိုဘိုဟန်၊ သိန်းတန်၊ အယ်လ် ခွန်းရီ၊ စိုးပိုင်၊ ကေဂျာနူး၊ သန်းသန်းနွယ်၊ စိုင်းထီးဆိုင် စတဲ့ စတီရီယိုသီချင်းတွေ ပေါ်လာပြီဖြစ်တယ်။ ဒီတော့ သီချင်းကြီးကဏ္ဍ၊ ခေတ်ပေါ်သီချင်းတွေကနေ စတီရီယိုသီချင်းတွေလည်း လွှင့်ပါတယ်။ ကိုယ့်အတွက်တော့ ဟိုတုန်းကလိုမြန်မာ့အသံကို ဖွင့်ပြီးနားထောင်တဲ့အချိန်နည်းလာပါတယ်။ သူတို့ခေတ်သီချင်းကို သဘောမတွေ့ တာကို စိတ်မကောင်းဖြစ်တဲ့မောင်လေးက သူ့သီချင်းကို တခါတည်းနဲ့အဆုံးအဖြတ်မပေးဖို့ ပြောပါတယ်။ ဟုတ် တော့ဟုတ်ပါတယ်။ သူတို့သီချင်းတွေက နားထောင်ဖန်များတော့ ကိုယ်ကိုယ်တိုင် လိုက်ဆိုမိပြီး သဘောကျခဲ့ရ ပါတယ်။ ဒါကြောင့် စာရေးသူတို့အိမ်မှာ ပြောစမှတ်စကားအသစ် ပေါ်လာပါတယ်။ ဒါကတော့ သီချင်းတပုဒ်ကို ဘယ်နှကြိမ်နားထောင်ပြီး ကြိုက်သွားသလဲဆိုတဲ့ စကားပါပဲ။

အဲဒီိအချိန်မှာကက်ဆက်တွေလည်းပေါ်လာပြီဆိုတော့ ရေဒီယိုအပြင် နားဆင်စရာတခု တိုးခဲ့ကြပါတယ်။ ကက် ဆက်ခွေတွေလည်းပေါ်လာတယ်။ တရားခွေတွေပေါ်လာတယ်၊ ဇာတ်လမ်းတွေပေါ်လာတယ်။ စာရေးသူတို့ မိသားစုအကြိုက်ဆုံးက ဘိုဘိုဟန်ပါတဲ့ ‘ မုဆိုးလဲသားကောင်၊ သားကောင်လည်း မုဆိုး’ ဇာတ်လမ်းပါပဲ။ ၁၉၇၄ လောက်ဖြစ်မယ်ထင်ပါတယ်။

၁၉၇၀ ဝန်းကျင်လောက်မှာ ရေဒီယိုကို စာရေးသူတို့ မပစ်ပယ်သေးဘူး။ ယောက္ခမအိမ်ကိုပါသွားတဲ့ စာရေးသူဟာ တပတ်တခါ မိဘအိမ်ကို အလည်ရောက်ပါတယ်။ တနေ့လုံးနေပြီး ညနေထမင်းစားပြီးမှ ပြန်ပါ တယ်။ အဲဒီလို ညစာစားဖို့ မေမေဒေါ်ချစ်တင်က ပြင်ဆင်ချက်ပြုတ်နေစဉ်မှာ ရေဒီယိုကနေ ခေတ်ဟောင်း သီချင်းဓာတ်ပြားတွေလာပါတယ်။ စာရေးသူအတွက် နာရီကြည့်စရာမလိုဘဲ အိမ်ပြန်ရတော့မယ်ဆိုပြီး စိတ် မကောင်းဖြစ်ခဲ့ရပါတယ်။ ပြည်လှဖေ၊ မေရှင်၊ ဒေါ်ကြည်အောင်၊ ခင်မောင်ရင်တို့ သီချင်းတွေဖြစ်တယ်။ ဒါက အပတ်တိုင်း ဖြစ်နေကျပါ။

နောက် ရေဒီယိုကနေ မာမာအေးသီချင်းတွေ၊ ကိုမြကြီး၊ ကိုသန်းလှိုင်၊ တင်တင်မြ၊ ထား၊ ရီရီသန့်၊ ချိုပြုံး တို့သီချင်းတွေ နားထောင်ခဲ့ရတာ အမှတ်တရပါပဲ။ ငယ်စဉ်က မာမာအေးရဲ့ (သက်တံ့ပေါ်မှာ ကစားမယ်) ကို အကြိုက်ဆုံးဖြစ်လို့ တိတ်ရီကော်ဒါပေါ်ကာစမှာ သီချင်းသွင်းခဲ့တာ မှတ်မိပါတယ်။ ၁၉၆၀ ပတ်ဝန်းကျင်ပါ။ ဝတ္ထု ကြော်ငြာတွေမှာလည်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘မိုးညအိပ်မက်မြူ’ ကို သဘောကျခဲ့ပါတယ်။ ဝတ္ထုထဲက စာလုံးလေးတွေနားထောင်ရတာကိုက စိတ်လှုပ်ရှားစေပါတယ်။ ဇာတ်ကောင်က ‘မမရီမသိပေမယ့် မမရီကို သိ နေတဲ့ မောင်ညိုမှိုင်း’ ပါဆိုတဲ့စကားလည်းပါတယ်။ နောက် ‘မိချစ်တဲ့မောင်’ ရေဒီယိုဇာတ်လမ်းထဲက ‘မဖြစ်နိုင် ဘူး။ မိချစ်တဲ့မောင်ကို မိကိုယ်တိုင် သတ်ခဲ့တာပဲ’ ဆိုတဲ့ စကားတွေပါ။ အခုထိ မှတ်မိနေတာပါ။

ဒီခေတ်လူငယ်တွေကတော့ နားလည်ပါ့မလားမသိပါဘူး။ ဘဘကြီးတို့ သင်ခဲ့တဲ့စာတွေ အာဂုံဆောင် နိုင်သလို စာရေးသူတို့မှာလည်း မှတ်မိတဲ့စာသားလေးတွေ ပြန်ရွတ်ပြတယ်ဆိုပြီး ပြောရမှာတော့ ရှက်စရာပါပဲ။ ဒါပေမယ့် ကိုယ်သိတာ၊ မှတ်မိတာလေးတွေတော့ ပြောပြချင်ခဲ့ပါတယ်။

ကလေးတွေခေတ်မှာလည်း သူတို့နဲ့ဆိုင်တဲ့သီချင်းတွေလွှင့်ထုတ်ခဲ့သလို ပုံပြင်တွေကိုလည်း လူမှုဝန် ထမ်းဌာနက ကလေးတွေနဲ့သရုပ်ဖော်ပြီး ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအစီကအစဉ်ကို သူတို့သိပ်သဘောကျပါ တယ်။ မြန်မာ့အသံကသတင်းနဲ့ မိုးလေဝသတွေ နားထောင်တာတော့ မပြတ်ခဲ့ပါ။ အဲဒါက ၁၉၇၄-၇၆ လောက် မှာ ဖြစ်ပါတယ်။

မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့သီချင်းတွေ နာမည်ကြီးလာရင် ဓာတ်ပြားထုတ်ပါတယ်။ အဲဒီဓာတ်ပြား သီချင်းတွေကို သောတရှင်တွေ လိုလိုလားလား၊ နှစ်နှစ်ခြိုက်ခြိုက်နားဆင်ကြပါတယ်။ နောက်တိုင်းရင်းသားအစီ အစဉ်၊ နောက် ရှေ့တန်းရောက် စစ်သည်တွေအတွက် ပြန်ကြာချက်အစီအစဉ်တွေရှိပါတယ်။ အဲဒီအစီအစဉ် လည်း အလွန်နားထောင်လို့ ကောင်းခဲ့ပါတယ်၊ သောတရှင်လိုရာဆိုတဲ့ အစီအစဉ်လည်း ရှိပါတယ်။ မွေးနေ့ လက်ဆောင်လည်း လွှင့်ဆဲပါပဲ။

မွေးနေ့လက်ဆောင်အကြောင်းပြောရင်း ဖေဖေက အန်ကယ်ဦးခင်ဇော် (K) ဆီ မွေးနေ့လက်ဆောင် အတွက် သီချင်းတောင်းတာမှတ်မိသလို စာရေးသူရဲ့မွေးနေ့မှာ အန်ကယ်ဦးခင်ဇော်က ဖေဖေ့ဆီစာရေးပြီး သမီး အတွက် ပျော်ရွှင်စရာမွေးနေ့အဖြစ် ဆုတောင်းပေးတဲ့ စာလေးပို့ခဲ့တာ မှတ်မိပါတယ်။ အဲဒီစာလေးကို သိမ်းထားခဲ့ရင် ဂျူနီယာဝင်းရဲ့ မေမေနဲ့ ဘဘအမှတ်တရစာအုပ်မှာ ထည့်နိုင်မှာပဲလို့ စဉ်းစားရင်း နှမြောတသ ဖြစ်မိပါတယ်။ ဖေဖေတို့ခေတ်ကတော့ အင်္ဂလိပ်လိုပဲရေးကြတာများတာ မှတ်မိနေပါတယ်။

စာရေးသူတို့နေတဲ့ နယူးလင်းလမ်း( စကာဝါလမ်း) နားမှာ ရန်ကုန်ထောင်ကြီးရှိပါတယ်။ လမ်းထိပ်မှာ နိုင်ငံခြားရေးရုံးပါ။ သူနဲ့ မျက်နှာချင်းဆိုင်က ပဲခူးကလပ်ရှိပါတယ်။ အိမ်ကထွက်ပြီး ပြည်လမ်းအတိုင်းကားမောင်း လာရင် အရင်က ဗိုလ်ရှုသဘင်ကျင်းပတဲ့နေရာ၊ ရွှေတိဂုံဘုရား၊ မြေနီကုန်း၊ ဟံသာဝတီအဝိုင်း၊ စာပေဗိမာန် အဆောက်အအုံ၊ အသံလွှင့်ရုံ (မြန်မာ့အသံရုံးအဆောက်အအုံ)၊ လိပ်ခုံး၊ ဆေးတက္ကသိုလ် နောက်တက္ကသိုလ်က အလုပ်သမားတွေနေတဲ့ လိုင်းပေါက်၊ လှည်းတန်းအဝိုင်းပြီးတော့ ရန်ကုန်တက္ကသိုလ်ကို အစီအစဉ်အလိုက် ဖြတ် ကျော်ခဲ့ရပါတယ်။

ဒါတွေအားလုံးဟာ သမိုင်းပါပဲ။ မြန်မာ့အသံရဲ့နှစ် (၇၀) အမှတ်တရလေးရေးတာ ဒီမှာပဲ အဆုံးသတ်ပါ တော့မယ်။


တက္ကသိုလ်ရွှေရီဝင်း
အတွေးအမြင်၊ အမှတ် - ၂၈၇ (၂၀၁၆ မေ လ)