ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝါကျဖြူ - အရေပြားပေါ်အန်ချနေတဲ့ တဝီဝီအသံများ



ဝါကျဖြူ - အရေပြားပေါ်အန်ချနေတဲ့ တဝီဝီအသံများ 
(မိုးမခ) မေ ၂၊ ၂၀၁၆


မြင်ကွင်းစိတ်စိတ် ထိတ်ထိတ်လွင့်ဝဲ-ပြိုဆဲတိမ်လိပ် ရိပ်ရိပ်ပြာပြာ-လိပ်ပြာတကောင် စိုးနှောင် ဗျာဝေ သက်ပြင်းတွေနှင့်.....။ ကျမမျက်ဝန်း၏မျက်နက်အိမ်ထဲမှာကမ္ဘာကြီးဟာ သူဘာသာ လှုပ်ရှားစီးဆင်းနေပါတော့သည်။ ကျမမှာသာ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေ သလို ဖြစ်နေခဲ့ရသည်။ ကျမ၏ဦးခေါင်းတွေကငြိမ်သက်တိတ်ဆိတ်လို့။ ကျောက်ရုပ်တရုပ်လိုထောင်ပြီးချထားသည်နှယ်ပါတကားဟု တွေးမိသည်။ ငြိမ်သက်နေတဲ့လူတယောက်ရဲ့မျက်ဝန်းထဲမှာကားတွေ။ လူတွေဟာဝင်လိုက်ထွက်လိုက် အပြန် အလှန် ကူးလူးစီးဝင်နေကြပါသည်။ အတွေးတို့ကတော့ တိမ်မျှင်စလေးကိုလေကဆွဲယူပြီး ဖွကျဲ လိုက်သလိုပါပဲဟု အတွေးရောက်၏။ အစိတ်စိတ်။ အမွှာမွှာ ကွဲဖြာကျသွားသော တိမ်မျှင်အစ အနတွေလား။ မပြီးဆုံးနိုင်သေးသော အတွေးဝတ်မှုန်တွေလား။ ဖွင့်ထားသောမျက်လုံးနှစ်လုံးရှေ့ကသံတိုင်များကြားမှ အပြင်လမ်းမပေါ်ကို ဖိတ်စင်ထွက်ခွာ သွားသော စိတ်ကူးအစတွေက ရေတွေဖိတ်စင်ကျသွားသလို ကျဲပြန့်သွားခဲ့ပါတော့သည်။ မျှော်ရည်ကြည့်တိုင်း ရှစ်တိုင်းဘယ်မှာ-ခိုတွယ်ရာမဲ့ စိတ်ရဲ့ဝိညာဉ်-ကောင်းကင်မှာလား နံရံသားဝင်-ပိုးမျှင်လွန်းယှက် တစက်မျက်ရည်....ဝေ ။

အသည်းရောင်အသားဝါ စီ ဟုအမည်တပ်ခံလိုက်ရသောခန္ဓာတခု၏ဒုတိယအမည်ဆိုးက ကျမရဲ့သောကအင်ဂျင်ကိုလှုပ်နိုးပစ်လိုက်ကြပါသည်။ နေ့လည်ခင်းကဆရာဝန်ကြီးပြောစကားများက အခုအချိန်အထိချောက်လှန့်မှုခွန်အားက လျှော့ကျသွားသည်မရှိခဲ့ပါ။ ကျပ်သိန်းတရာဝန်းကျင်လောက်ကုန်ကျမှပျောက်ကင်းမည်ဟုပြောခဲ့သော ကပ်ဆိုးတခုက ကျမကိုယ်မှာမှလာရောက်တွယ်ကပ်ပျော်မြူးနေကျပါလား။

" ဟူးခနဲသက်ပြင်းမောတို့ထုတ်လွှတ်နေရသော မဆံမပြဲ ထည့်သိုထားခဲ့ရသောစိတ်ဒုက္ခ၏ ထွက်ပေါက်သည် သက်ပြင်းမှတပါး....။ အနိမ့်ဆုံးလခစားဝန်ထမ်းတယောက်အဖို့။ မနိုင်ဝန်ကိုထမ်းဖို့ဆိုတာ။ ပြတ်တောက်ပြီးအဖြေမရှိသောအတွေးတို့ဖြင့် ကျမသည် လူတွေနှင့် အဝေးဆုံးကိုရောက်ရှိသွားသလိုခံစားရတော့၏။ အားငယ်ကြေကွဲစိတ်က လှိုက်ဆို့တက်လာသော ရင်အစုံမှတဆင့် သွေးကြောမျှင်ကလပ်စည်းအားလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ ဆေးရုံမျက်နှာကျက်မှ ပန်ကာတဝီဝီမြည်သံက ခြင်တကောင် နားနားကပ်အော်နေသလို ခံစားနေရသည်။ လေပြေ၏တဖျပ်ဖျပ်ခြေသံတို့နှင့်အတူ ဆေးရုံအနံ့အသက်က နှာခေါင်းဝကို လာရောက်တို့ခတ်ပြီး အနံ့အယဉ်မှုကိုတီးခတ်နေတော့၏။ ဆေးရုံအဆောက်အဦးအောက် စတင်ဝင်ရောက်ခဲ့စဉ်တုန်းကဆီကတော့။ "၁၉၆၁ ခုနှစ်။ အလုပ်သမားတဦးအုတ်မြစ်ချသည် "ဆိုသော ဆိုင်းဘုတ်က ကျမကိုဆီးကြိုပြီး အားဆေးတိုက်လိုက်လေ သလားဟုပင် ထင်ရတော့၏။ အခုများတော့အသည်းရောင်အသားဝါ ဘီ.စီ ပိုးသမားများအတွက်။ ပျောက်ကင်းအောင်ကုသမှုစရိတ်ကိုကြိုးစားနေပါတယ်တဲ့။ အစိုးရအသစ်ဖြသ်လာပြီဆိုတော့ မကြာခင်လာတော့မယ်ထင်ပါရဲ့။ မျှော်လင့်မှုတို့ဖြင့်သာ လေထဲလက်နှိုက်ပြီး ပိုးကောင်ရေကို လိုက်စမ်းရပေဦးမည်။ အလုပ်သမားတဦး၏တနေ့လုပ်ခကျပ် ၃၆၀၀ သည် ဥပဒေသာချမှတ်လိုက် သော်လည်း ရန်ကုန်လိုအဓိကမြို့တော်မှာတောင် တနေ့လုပ်ခ ၃၆၀၀ ကျပ်မရနိုင်သော အောက်ခြေဝန်ထမ်းတွေ ဘယ်လောက်များနေသေးသနည်း။ ဟိုတယ်အသေးလေးတွေ။စားသောက်ဆိုင်တွေ၊ ကုမ္ပဏီလေးတွေ၊ အထည်အဝတ်အစား အရောင်းဆိုင်တွေ၊ လုပ်ခလစာစာရင်းအမှန်ကို ဘယ်အဖွဲ့က လာရောက်စစ်ဆေးကြပါသလဲ။ နိုင်ငံဝန်ထမ်းတို့၏လစာသည် ရုံးအကူဘယ်စကေး။ အောက်တန်းစာရေးဘယ်စကေး။ ကျွမ်းကျင်အဆင့်(၁ )ဘယ်စကေး စသည်ဖြင့် ဖွဲ့စည်းပုံအတိုင်း တရားဝင်ကြေညာထားပြီးသား မဟုတ်ပါလား။ ကုမ္ပဏီတွေ။ ဟိုတယ်တွေကတော့လျို့ဝှက်ချက်အနေဖြင့် တဦးလစာတဦး မသိစေရေးကို ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့သည်။ သိရှိပေါက်ကြားပါကအလုပ်မှထုတ်ပယ်သည်အထိအရေးယူခြင်းခံရတော့သည်။ အလုပ်သမားဥပဒေတွေနဲ့ ကိုက်ညီပါသလား။ အလုပ်ရှင်အလုပ်သမားစာချုပ်တွေလည်းစစ်ဆေးသော။ သဘောတူညီမှုကိုက်ညီစေသောစာချုပ်များမဖြစ်နိုင်ပေ။ အလုပ်ရှားပါးလွန်းသဖြင့် ရေးထားသမျှသဘောတူသည်ဖြစ်စေ။ သဘောမတူသည်ဖြစ်စေလက်မှတ်ထိုးခဲ့ရတာပါပဲ။ ဒါတွေကကော ဥပဒေအစစ်အမှန်တွေဖြစ်နိုင်ပါမည်လား။ ကျမတွေးမိတွေရာတွေးနေမိခဲ့ပြန်ပါသည်။ တနေ့တာ၏အလင်းရောင်တို့သည် တဖြည်းဖြည်း အားယုတ် ဖြူပျော့စပြုလာပေသည်။ ဆေးရုံကုတင်မှဧည့်သည်တစ်ချို့ပင်နှုတ်ဆက်အားပေး၍ပြန်သွားခဲ့ကြပေပြီ။ ဆေးရုံမှထမင်းကြွေးသောထမင်းလှည်းတွန်းသံ။ ပုံစံခွက်ကလေးများဖြင့် ထမင်းဟင်းများ ထည့်ပေးသံ။ တောင်းသံများကြားနေရသည်။ ဆေးရုံမှာဘာအစားအသောက်မှယူစရာမလိုဘူး။ ကိုယ့်ခုတင်ခေါင်းရင်းမှာ ၁ ပေမီးချောင်းတချောင်းစီနဲ့သူနာပြုများ၊ ဆရာဝန်များကို အချိန်မရွေးဘဲလ်နှိပ်၍ ခေါ်ဆိုနိုင်သည်တဲ့။ သူငယ်ချင်းအဖေမန်နေဂျာ၏၁၉၆၁-၁၉၆၂ ဝန်းကျင်ကာလများဆီက။ ဆေးရုံပေါ်အစားအသောက်ယူခွင့်မရှိတဲ့။ အခုတော့ဧည့်ချိန်မှာဈေးသည်တွေ။ကြက်သားကျော်၊ ဟင်း၊ ထမင်းစသည်ဖြင့် လိုက်လံရောင်းချ နေတာ တွေ့ရသည်။ ဆေးရုံအဝင်ပေါက်နှင့်ဆေးရုံနောက်ကျောနားကပ်ရက်မှ ဈေးဆိုင်တန်းများ၊ ထမင်း၊ ဟင်းဆိုင်တန်းများဘက်မှညှော်နံ့မျာတလွင့်လွင့်။ မှောင်ရိပ်ကဝန်းကျင်တခုလုံးလွှမ်းမိုးကြီးစိုးလာပြီဖြစ်သဖြင့် အမှောင်ရိပ်ချစ်သူများ ထွက်လာကြ တော့သည်။ တဝီဝီအသံများဖြင့် ခြင်အန္တရာယ်ကိုလက် ထဲမှစာအုပ်နှင့် ခပ်ထုတ်ပစ် လိုက်သည်။ နဘေးခုတင်မှ လူနာတယောက်ပြောသောစကားကို ကြားယောင်နေခဲ့၏။ ဆေးရုံရှေ့ကုကန်တိုက်ကြီးက ခြင်ဆေးခဏခဏ ဖျန်းတာတွေ့ရသည်တဲ့။ ဒီဆေးရုံမှာတော့ တခါမှ ခြင်ဆေးဖျန်းတာ မတွေ့ရသေးဘူးတဲ့။ ခြင်ကိုလိုက်ရိုက်ရင် ပြောခဲ့သော သူစကားသံကို ကြားမိနေ၏။ ဆေးရုံသက်ကြာနေသောလူနာ၏ညည်းချင်းတွေထဲက အတိုအပြတ်လေး တခုမျှသာပါပဲ။ ကျမလည်းခုတင်ရှိရာ ဘက်လှည့်ပြီး ပြန်လာခဲ့ပါတော့သည်။ ဆေးရုံည၌ ပျပျဝေးဝေး-အတွေးစိတ်ကူး ဆိတ်ဖလူးတို့-မြူးခွင့်မရ ဘဝ...ဘဝ-မရဏသာ အနားမှာလျှောက်-ရေတပေါက်မျှ သောက်ခွင့်ရချင်...။

ဝါကျဖြူ
30.04.2016