လက်ဝှေ့ကျော် မိုဟမ္မဒ်အလီ ကွယ်လွန်



လက်ဝှေ့ကျော် မိုဟမ္မဒ်အလီ ကွယ်လွန်
(မိုးမခ) ဇွန် ၄၊ ၂၀၁၆

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ မိုဟမ္မဒ်အလီ (ငယ်အမည် ကာဆီးယပ်စ်ကလေး) သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ ဆေးရုံတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာအတွက် တက်ရောက်ကုသမှု ခံယူနေစဉ် ဒေသစံတော်ချိန် သောကြာနေ့ ၌ ကွယ်လွန်ခဲ့သည်ဟု မိသားစု ပြောရေးဆိုခွင့် ရှိသူက အတည်ပြုကြောင်း နိုင်ငံတကာသတင်းရင်းမြစ်များအရ သိရှိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည်။

၁၉၄၂ ခုနှစ် ဖွား ကာဆီးယပ်စ်ကလေး (နောင် မိုဟမ္မဒ်အလီ) သည် ၁၉၆၄ ခုနှစ် အသက် ၂၂ အရွယ်တွင် ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဘွဲ့ကို လက်ရှိချန်ပီယံ ဆန်နီလစ္စတန်ကို အနိုင်ယူပြီး စတင်ဆွတ်ခူးနိုင်ခဲ့သည်။ ချန်ပီယံကို အနိုင်ထိုးသတ် ယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ အဖြစ် မှတ်တမ်းဝင်သည်။ မိုဟမ္မဒ်အလီသည် လက်ဝှေ့ပွဲပေါင်း ၆၁ ပွဲ ကစားခဲ့ပြီး ၅၆ ပွဲ နိုင် (၃၇ အလဲထိုး အနိုင်ယူ)၊ ၅ ပွဲ ရှုံး မှတ်တမ်းရှိသည်။ ဗြိတိသျှအသံလွှင့်ဌာ ဘီဘီစီ ၏ ၂၀ ရာစု အားကစားသမားကောင်း ဆု အပါအဝင် ရာစုနှစ် အားကစားဆုအများအပြား ရရှိခဲ့ပြီး လက်ဝှေ့နှင့် အားကစားသမိုင်းတွင် အကြီးအကျယ်ဆုံးသူ တဦး အဖြစ် သတ်မှတ်ခံခဲ့ရသည်။

“အကြီးမြတ်ဆုံး မိုဟမ္မဒ်အလီ -- Muhammad Ali The Greatest ” ဟု မိမိ ကိုယ်တိုင် ကြွေးကျော်လေ့ရှိသည့် နှုတ်ချို ပြီး စကားမှုရေးရာကျွမ်းကျင်သူ မိုဟမ္မဒ်အလီသည် တိုက်ခိုက်သူနှင့်တွေးခေါ်သူ ဟု ဘဝ နှစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အသားအရောင်၊ လူမျိုး၊ ဘာသာ ခွဲခြားမှု ဆန့်ကျင်ရေး နှင့် ပြည်သူ့ရေးရာ အခွင့်အရေးများ ရရှိရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

အမေရိကန်၏ အသားအရောင် ခွဲခြားမှုစနစ်ကို ဆန့်ကျင်ကြောင်း ပြသည် အနေဖြင့် ၁၉၆၀ ခုနှစ် ရောမ နွေရာသီ အိုလံပစ် ပြိုင်ပွဲ လိုက်ဟဲဗီးဝိတ် အတန်းတွင် အမေရိကန်နိုင်ငံ ကိုယ်စားပြုကာ ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်ကို အိုဟိုင်းအို မြစ်ထဲ လွှတ်ပစ်ခဲ့ဖူးသည်ဟု ဒဏ္ဍာရီဆန်ဆန် အကြောင်းအရာ အဖြစ်အပျက် နောက်ခံများလည်း ရှိခဲ့သည်။

မိုဟမ္မဒ်အလီသည် ဘဝတလျှောက် ၄ ကြိမ် လက်ထပ်ခဲ့ဖူးပြီး သမီး ၇ နှစ်ယောက်၊ သား ၂ ယောက် ထွန်းကားခဲ့သည်။