စမ်းစမ်းတင် - အမေရိကန် အနှစ် ၂၄၀ သမိုင်း


စမ်းစမ်းတင် - အမေရိကန် အနှစ် ၂၄၀ သမိုင်း
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)။ (မိုးမခ) ဇွန် ၈၊ ၂၀၁၆ 
မကြိုက်သူတွေ၊ သူ့ကို ရေကုန်ရေခန်းတိုက်သူတွေရှိတဲ့ကြားက ခုတော့ ဟေလရီကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းလျာဖြစ်သွားပါပြီ။ သူ့ကို ထောက်ခံတယ်- မထောက်ခံဘူး တစွန်းတစမှမပါဘဲ ပြောရရင် ဒါဟာ…အမေရိကန် အနှစ် ၂၄၀ သမိုင်း မှာ ပထမဆုံး အမျိုးသမီးသမ္မတလောင်းလျာ ဖြစ်သွားတာပါပဲ။ အမေရိကန်နိုင်ငံရေးကို ထုံးလိုချေရေလိုနှောက် မသိပါ။ ဒါပေမဲ့.. ကမ္ဘာမှာ ကျား-မ အဆင့်အတန်းမခွဲဆုံး တနိုင်ငံ- ကမ္ဘာ့ ခေတ်အမီဆုံး နိုင်ငံ- အတိုးတက်ဆုံး အချမ်းသာဆုံးနိုင်ငံ-သိပ္ပံနဲ့ နည်းပညာ အတိုးတက်ဆုံးနိုင်ငံ- လူနဲ့ မူကို ခွဲကြည့်တတ်တဲ့နိုင်ငံ …ဒီလို နိုင်ငံတောင် မိန်းမတယောက်ကို ဦးဆောင်ခွင့်ပေးလိုက်ဖို့ အတော်လက်တွန့် စေးနည်းတာပါကလားလို့ တွေးမိပါတယ်။ ပြောရရင်- အခက်ခဲဆုံး အပင်ပန်းဆုံး အကြိုးစားဆုံး အတိုက်အခိုက် အခံရဆုံး သမ္မတလောင်းပြိုင်ပွဲကို သူဖြတ်သန်းခဲ့ရတာပါ။

၂၀၀၈ တုန်းက အိုဘားမားကို မကျော်လွှားနိုင်တော့ဘူး သိတော့ နောက်ဆုတ်သွားပြီး ပါတီအောင်နိုင်ရေးကို လက်တွဲလုပ်ခဲ့တုန်းက သူ့ကို မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။ ပါတီတွင်း သမ္မတလောင်းလျာရွေးပွဲဟာ လက်ဝှေ့ပွဲနဲ့ တူပြီး သူနိုင်-ငါနိုင် အကျိတ်အနယ်ပြိုင်ရတာပါပဲ။ လက်ရည်ဘယ်လောက်သာသာ ကံတရားက မျက်နှာသာ မပေးရင် ရှူံးနိမ့်တာမျိုးလည်း ရှိ- လက်ရည်တူပေမဲ့ အဆင်မသင့်ရင် ရူံးနိမ့်ရတာမျိုးလည်းရှိ- နဂိုကတည်းက ညံ့နေရင်လည်း ရူံးရတာမျိုးပါ။ ပါတီတွင်း ဗိုလ်လုပွဲပြီးရင် ပြိုင်ဘက်ပါတီနဲ့ သူနိုင်ငါနိုင် အပြိုင်ကြဲရမယ့် ရွေးကောက်ပွဲကြီးကတော့ ဘောလုံးပွဲပါပဲ။

 ပြောချင်တာက.. အဖွဲ့အစည်း စိတ်ဓာတ်နဲ့ ကိုယ့်အသင်းနိုင်အောင် အားလုံး ပံ့ပိုးကူညီယိုင်းပင်းဖို့ပါပဲ။ သမ္မတလောင်းဟာ ဂိုးသွင်းကောင်းသူဆိုပါစို့… ဂိုးသွင်းနိုင်တဲ့ သူတယောက်တည်းနဲ့ တကွင်းလုံးကို ပတ်ပြေးနိုင်တောင် ပြေးလို့ မဖြစ်ပါ။ ရှေ့တန်း- အလယ်တန်း-နောက်တန်း- ဂိုးသမား အားလုံး တက်ညီလက်ညီရှိမှ… အချိတ်အဆက် အပေးအယူမျှမှ ခြေရည်တူ ပြိုင်ဘက် အသင်းကို အနိုင်ကစားနိုင်မှာပါ။ ဒီသဘောနဲ့ ဟေလရီဟာ ဒီမိုကရက်တစ်ပါတီအောင်နိုင်ရေး အတွက် ၂၀၀၈ မှာ သူ့ဖျာလိပ်ပြီး သူ့ပါတီ အောင်ဖျာခင်းနိုင်အောင် ပါဝင်ခဲ့သူပါ။ 

ရီပတ်ပလင်ကင်ပါတီကတော့ တသံစီ… တမျိုးစီ… တလွဲစီ ဖြစ်နေတာကို သံစုံတီးဝိုင်း ကောင်းတ၀ိုင်းဖြစ်အောင်… အားလုံးက ညှိပေးနေကြတာတွေ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတဦး ဦးဆောင်တဲ့ ပါတီကို ပုံအောထောက်ခံတဲ့ အဖိအနှိပ်အတားအဆီး အခြိမ်းအခြောက်တွေအောက်က ပိပိပြားခဲ့ရတဲ့ ဗမာပြည်သူတွေ ဘ၀နဲ့ အမေရိကန်ပြည်သူတွေ ဘ၀က အကွာခြားကြီးကွာခြားပေမဲ့… ဒီ ၂၀၁၆ မှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ၀င်ပြိုင်ရမယ့် အမျိုးသမီးတယောက်ကတော့ အမေရိကန်သမိုင်းကို ပြောင်းလဲလိုက်ပါလေပြီ။ ။
၂၀၁၆ ဇွန် ၇ ရက်