အီကြာအော် - ဖွတ်ကလေး၊ ခက်သေးရက်တရာ ကြက်ညှာနှင့် ကွမ်းအမှိုက်များ


အီကြာအော် - ဖွတ်ကလေး၊ ခက်သေးရက်တရာ ကြက်ညှာနှင့် ကွမ်းအမှိုက်များ
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၆

ခက်သေးရွာကြီးလည်း အမေပုတို့ပါတီ အာဏာရပြီးနောက် ကြက်ညှာချောင်းဆိုး ဖြစ်သကဲ့သို့ တဟွတ်ဟွတ်ဖြင့် ကြက်ညှာ၊ရက်တရာ ဖြစ်နေတော့သည်။ ခက်သေးရွာသားများမူကား နာမည်နှင့်လိုက်အောင် ခက်တော့သည်။ ဘာလုပ်လုပ် ရက်တရာ စောင့်ပါဦးဟု ကော်ပီလုပ်ကာ ဆိုကြသည်။
အီကြာအော်၏ သူငယ်ချင်း ပေါ်ကြီးတယောက်လည်း အီကြာအော်ထံမှ ငွေတသောင်းချေးသွားပြီး ပြန်မဆပ်သည်မှာ အတော်ကြာပြီဖြစ်သည်။
''ဟေ့ကောင် ပေါ်ကြီး ..မင်း ငါ့ဆီကချေးသွားတဲ့ ငွေတသောင်း ဘယ်တော့ပြန်ဆပ်မှာလဲ''
အီကြာအော်က ပေါ်ကြီးနှင့်တွေ့တိုင်း အကြွေးတောင်းလေသည်။
''ရက်တရာ စောင့်ပါကွာ'' ပေါ်ကြီးက သူပါ အမေပုတို့အစိုးရနှင့် ရောယောင်ပြီး ရက်တရာကို လွှဲချသည်။
''မင်း ရက်တရာကလည်း ဘယ်တော့မှ တရက်တောင် လျော့မသွားပါလားကွ ပေါ်ကြီး''
''ဟီးဟီးဒါကတော့ ဒီလိုပေါ့ကွာ အော်ကြီးကလည်းအချင်းချင်းတွေ''
ပေါ်ကြီးဆီ ငွေချေးမိလျှင် ပြန်လမ်းကတော့မမြင်ဟု အီကြာအော် တွေးမိသည်။  ရက်တရာပြည့်လည်း ဒုံရင်းကဒုံရင်း အရင်းရလမ်းက မမြင်ချေ။
အရင်ကဆိုလျှင် ဟိုအကြောင်းပြ သည်အကြောင်းပြနှင့် အခုတော့ ရက်တရာ ကြက်ညှာကား ပေါ်ကြီးတယောက်၏အကြိုက် လက်သုံးစကား ဖြစ်နေလေတော့သည်။
ကြွက်နီတို့ ကလေးတသိုက်ကလည်း မိဘများက စာကျက်ခိုင်းလျှင် အလွတ်ကျက်သော ခေတ် ကုန်သွားပြီး ခေတ်ပြောင်းသွားပြီဖြစ်ကြောင်း ရက်တရာနေမှ ကျက်မည့်အကြောင်း ပြောကြသည်။ ကောင်းပါပေတကား။
ဤသို့ဖြင့် ခက်သေးရွာကြီးတွင် ရွာသူရွာသားအေ တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးပွဲကြီးကို အပြိုင်အဆိုင် ကျင်းပနေလေတော့သည်။
ဤသို့တွေးမိနေဆဲ အီကြာအော်၏ အိမ်ရှေ့မှ ဖွတ်ကလေးတယောက် ဖုန်းပွတ်ရင်း လမ်းလျှောက်သွားသည်ကို တွေ့လိုက်သည်။ ခေတ်ကာလ ခက်သေးရွာသားတို့ ထုံးစံ အတိုင်း လမ်းလျှောက်လျှင်တောင် မပွတ်ဘဲမနေနိုင်သည့် ရောဂါက စွဲကပ်နေသည် မဟုတ်ပါလား။ အငမ်းမရပွတ်နေသော ဖွတ်ကလေးကို အီကြာအော်က လှမ်းအော်၍ ခနဲ့လိုက်လေသည်။
'' ဟေ့ကောင် ဖွတ်ကလေးမင်းက ငါ့အိမ်တောင် မဝင်ပါလား ''
ဤသို့ဆိုမှ ဖွတ်ကလေးက အပွတ်ရပ်၍ ဘက်ဂီယာဆုတ်ကာ ပြန်လှည့်လာသည်။
'' ဆောရီး ဆရာအော်ရေ ဆရာ့ဆီလာတာပါပဲ ''
'' ကဲ မင်းတို့ယုန်ကန်ဆေးရုံကြီးကော ဘာထူးသေးလဲ …ရက်တရာပဲလား ''
'' ဆရာအော်က ဘယ်လိုလုပ်ပြီး ရက်တရာအကြောင်း သိနေတာလဲ တယ်ဟုတ်ပါလားဗျ ''
''ငါ့ဗိုက်ထဲမှာ ဖွဘုတ် အဲ ပုဏ္ဏားလေးရှိတယ်လေ၊
'' တို့ခက်သေးရွာမှာ အမေပုတို့ တက်လာကတည်းက ချောင်းမဆိုးတာ ဘယ်သူ ရှိသေးလို့လဲကွ၊ အဟွတ်အဟွတ် ” အီကြာအော်က ခေတ်မီသူပီပီ ချောင်းဟန့် လိုက်လေ၏။
'' ဟုတ်ပါ့ ဆရာအော်ရယ် ..ကျုပ်တောင် အခု ချောင်းဆိုးချင်တာ ကလိကလိပဲ'' ''အခု ယုန်ကန်ဆေးရုံကြီးမှာ တလောက အလကားပေးတဲ့ဆေးတွေ ရက်တရာကျော်ရင် မပေးတော့ဘူးလို့ လူနာတွေက ပြောနေကြတယ်''
''မင်းဟာကလည်းကွာ ဝန်ထမ်းလုပ်နေပြီး လူနာတွေဆီကမှ သတင်းရတယ်လို့ ''
ဖွတ်ကလေးက ယုန်ကန်ဆေးရုံကြီးတွင် တံခါးစောင့်လုပ်ရင်း ဝင်ငွေဖြောင့်သည်။ လူနာရှင်များဆေးရုံအဝင်အထွက်နှင့် ဆေးဝယ်၊ ဖုန်းကတ်ဝယ် ထမင်းဟင်းဝယ်ပေး စသည့် တောက်တိုမယ်ရ အလုပ်ကလေးများကလည်း သူ့အတွက် ဂွင်တခု ဖြစ်နေတော့သည်။
''အဲဒါဆို မင်းထောပြီပေါ့''
'' အဲဒါ ရက်တရာ ပြည့်ပါစေ ဆုတောင်းနေတယ်၊ ဒါမှ ကျုပ် အလုပ်ဆက်ဖြစ်မှာလေ၊
အခုတော့ ကွမ်းယာမှောင်ခိုဝယ်ပေးရတာနဲ့ အလုပ်ဖြစ်နေတယ်၊
လူကြီးတွေ ဆီးသီးဗန်းတွေမှောက်ထားတာ ကျုပ်ဖက်လေး နည်းနည်းလောက်မှောက် ကောင်းမယ်၊ ''
လက်သေးရွာတလွှားတွင် အမေပုက ခက်သေးရွာသားများကွမ်းစားသည်ကို မကြိုက်သော ကြောင့် ယုန်ကန်ဆေးရုံကြီးကဲ့သို့ လူအများသွားလာသော နေရာတွင် ကွမ်းမစားကြရန် အမိန့်ထုတ်ထားလေသည်။
'' ဒါနဲ့ ဆေးရုံထဲမှာ ကွမ်းမစားရ ဆိုတဲ့ ဆိုင်းဘုတ်တွေရော ဘာဖြစ်ကုန်ပြီလဲကွ''
'' တနေ့ကပဲ ဆိုင်းဘုတ်ပေါ် ကွမ်းတံတွေးတွေ ထွေးသွားလို့ အုပ်ကြီးတို့ အလုပ်ရှုပ်သွား သေးတယ်''
ခက်သေးရွာသားများကား စည်းကမ်းဆိုသည်မှာ တီဗွီသတင်းစာ မီဒီယာတွင် ဖတ်ရန်နှင့် ဖွဘုတ်တွင် ရှယ်ရန်သာသာဟုသာ သဘောထားကြသည်။စည်းကမ်းအစ စာသင်ကျောင်းက” ဟူသောစကားကိုစည်းပျက်အစ ခက်သေးစာသင်ကျောင်းက” ဖြစ်နေပေသည်။ ဆရာဆရာမတချို့က ကြွက်နီတို့ကလေးများကို ကျောင်းခန်းထဲတွင် မုန့်ရောင်းသည်။ ကျောင်းပတ်ဝန်းကျင်တွင် ပလပ်စတစ်အိတ်ခွံများ ကျွတ်ကျွတ်အိတ်များ ဖြင့် ရှုပ်ပွနေလေ့ရှိသည်။ ကွန်ဒုံးတချို့ကိုပင် ကျောင်းနားတဝိုက် တွေ့သည်ဟု ဖွဘုတ် တခွင်တွင် ဖတ်ရလေသည်ကြောင့် အီကြာအော်တယောက် ရင်ထုမနာ ဖြစ်ရရှာလေ သည်။
ခက်သေးရွာကြီးတွင် လူအများက အမှိုက်ကို ပစ်ချင်တောင်မှဖြင့် ဘယ်နားပစ်ရမှန်း မသိအောင် အမှိုက်ပုံးက မူး၍မှ ရှူစရာတောင် မရှိပေ။ ထို့ကြောင့်လည်း လမ်းဘေးတွင် အမှိုက်များပုံနေပြီး မိုးရွာလျှင် ခက်သေးရွာမြောင်းများက ရေလျှံတော့သည်။ ခက်သေးရွာသားများမူကား စည်းကမ်းရှိရှိနေရန် ရက်တရာကိုစောင့်နေသလားမသိပေ။
''ဟေ့ကောင်ဖွတ်ကလေး အခု မိုးရွာထားလို့ ထုံးစံအတိုင်း တို့ခက်သေးရွာက မြောင်းတွေ ပိတ်နေပြီမင်း လုပ်အားပေးဖို့ လာခဲ့ဦးလေကွာ''
'' ဆရာအော်ကလည်း ရက်တရာ စောင့်လို့မရဘူးလား''
''ဟာ မင်းတော့ သေချင်ပြီထင်တယ်၊
တို့ခက်သေးရွာသားတွေက အမှိုက်ပစ်ဖို့များ ရက်တရာစောင့်တာမဟုတ်ဘူး''
ထိုစဉ်တွင် မီးဖိုချောင်အတွင်း ထမင်းချက်နေသော ဒေါ်အွန်မေး၏ အသံကို ယောက်သား ကြားလိုက်ရလေသည်။
''ကိုအော် ရက်တရာတွေ နှစ်ရာတွေ မပြောနဲ့ဦးမီးဖိုချောင်ထဲမှာ အမှိုက်တွေ ဖွသွားတာ ခုထိ မရှင်းရသေးဘူးလာရှင်းပေးပါဦး''
ဤသို့ဆိုလျှင် အီကြာအော်လည်း ထုံးစံအတိုင်း မလွန်ဆန်နိုင်ဘဲ
“ရက်တရာလောက်စောင့်လို့မရဘူးလား” ဟု ဖွတ်ကလေးနှင့်နှစ်ကိုယ်ကြား တီးတိုး ညည်းညူ လိုက်လေသည်။
သို့သော်လည်း ထုံးစံအတိုင်း … ''အေးပါကွာ ငါ ရှင်းလိုက်ပါ့မယ်'' ဟု ဆိုကာ ဖွတ်ကလေးကို မျက်စပစ်ပြလိုက်ပြီး အမှိုက်သိမ်းပွဲ ဆင်နွှဲရန် မီးဖိုချောင်ဖက်သို့ ချောင်းမဆိုး ကြည်ညှာမထနိုင်ဘဲ သုတ်ခြေတင်ကာ ချီတက်ရလေတော့သတည်း။ 
သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်