ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခွန်းမတ်ရ်ကိုဘန် - ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့



ခွန်းမတ်ရ်ကိုဘန် - ၁၉၄၇-ခုနှစ် ပင်လုံညီလာခံ မှ ၂၁-ရာစုပင်လုံညီလာခံဆီသို့
အပိုင်း(၃) ပင်လုံကတိကဝတ်များ

(မိုးမခ) ဇွန် ၆၊ ၂၀၁၆
(၁) ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းမြွက်ကြားသည့် မိန့်ခွန်း
၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့ ပင်လုံတွင်ကျင်းပပြုလုပ်သည့် တောင်တန်းဒေသညီလာခံ၌ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းပြောကြားရာတွင် တောင်တန်းနယ်များကို ဗြိတိသျှအုပ်ချုပ်သည်ကို ဗမာများကမကြိုက်ကြောင်း၊ ဗမာ များသည် တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာ ဗမာပြည်နှင့်တန်းတူအဆင့်အတန်း၊ အခွင့်အရေးရစေလိုသောကြောင့် ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည်လည်း ဗမာ ကျွန် အဖြစ် မဖြစ်စေရကြောင်း ပင်လုံစာချုပ်ပဋိညာဉ်အဖြစ် ပွင့်လင်းသည့်သမိုင်းဝင် ကတိကဝတ် မိန့်ခွန်းများ မြွက်ကြားသွားခဲ့ သည်။

(၂) တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့်မိန့်ခွန်း
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်၊ မေလ(၁၉)ရက် ဖဆပလ၏ပဏာမပြင်ဆင်ရေးညီလာခံတွင် နိုင်ငံတော် အတွက်ရေးဆွဲရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက်( ၇) ချက်ကို ချမှတ်သည်။ ၁၉၄၇-ခုနှစ်၊ ဇွန် လ(၁၆)ရက် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပထမအကြိမ်ညီလာခံ၌ မိန့်ခွန်းပြောကြားချက်မှာ-

“တောင်တန်းဒေသတိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာအလျဉ်းမရှိပါနှင့်။ ကျနော်တို့တောင်တန်းဒေသနှင့် သဘောတူ စာ ချုပ် ချုပ်ဆိုခဲ့တဲ့စာချုပ်အရဖြစ်စေ၊ နောက်ပြီး တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့အစီရင်ခံစာမှ ထောက်ခံချက်များအရ ကျနော်တို့လက်ခံလာသည့်အတိုင်းဖြစ်စေ၊ လက်ခံထားတဲ့သဘောမပါဘဲ (Not only the letter of agreement) ဒီစာသ ဘောကို ကျနော်တို့ သဘောတူညီလာခဲ့တာတွင်မကဘဲ ကျနော်တို့မှ (The spirit of agreement) သဘောတူညီလာခဲ့ တာကို၊ ပြီးတော့ဒီအတိုင်းပဲ ဒီတိုင်းပြုပြည်ပြုလွှတ်တော်မှာ လုပ်မှာပါပဲဆိုတာ တောင်တန်းကိုယ်စားလှယ်များကို တိတိ လင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ ပေးထားသောကတိ၊ နားလည်ပြီးသား သဘောတူညီချက်များကို နယ်ချဲ့ သမားလို ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ ဒီလိုပေးထားသောကတိ၊ နားလည်ပြီးသားသဘောတူညီချက်များကို ဖောက်ဖျက် မည်လား။ သံသယရှိတဲ့လူတွေဟာ ကျနော်တို့ရဲ့ Sense of honour, sense of self-respect, sense of pride ကို စော် ကားတယ်လို့ ကျနော်တို့ယူဆပါတယ်။ အဲဒီတော့ ကျနော်တို့ဗမာလူမျိုးစုများဖြစ်တဲ့လူတွေဟာ ခင်ဗျားတို့သဘောမတူဘဲ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည် စေချင်ပါတယ်” ဟု ပင်လုံစာချုပ်ပဋိညာဉ်အဖြစ် ကတိကဝတ်မိန့်ခွန်းများကို မြွက်ကြားခဲ့သည်။

(၃) တိုင်းပြုပြည်ပြုလွှတ်တော်တွင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် မြွက်ကြားသည့် မိန့်ခွန်း
ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်သည် ၁၉၄၇-ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့က ကျင်းပပြုလုပ်သောတိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင် ဦးနုအား လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်ရန် အဆိုတင်သွင်း မိန့်ခွန်းမြွက်ကြားခဲ့သည်။ ယင်း မိန့်ခွန်းမြွက်ကြားချက်မှအချို့ကို ကောက်နုတ်တင်ပြလိုပေသည်။

“ကျွန်ုပ်တို့ ရှမ်း၊ ကချင်၊ ချင်း တောင်ပေါ်တိုင်းရင်းသားများဟာ အင်္ဂလိပ်နယ်ချဲ့စနစ်အောက်က လွတ်မြောက်ဖို့ ဗမာပြည်မ နှင့်ပူးပေါင်းသွေးစည်းနေကြရပေမည်။ ဟိုရှေးရာဇဝင်ကအဖြစ်အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူ လည်း များတယ်။ ဉာဏ်လည်းသာတယ်။ ဒီတော့ တနေ့နေ့မှာ မတော်တဆများ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကားလုပ် များနေမလားဆိုပြီး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက် ရှိကြပါတယ်။”

သခင်မြ (သာယာဝတီ ကျေးလက်တောင်ပိုင်း) “မဖြစ်ရပါဘူး။”

ညောင်ရွှေစော်ဘွားကြီးက -

“ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါး ကျူးကျော်ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်မယ်ဆိုလျှင် ဓမ္မတာအတိုင်း ကျွန်ုပ်တို့မလွန်ဘူးလို့ ထင်ပါတယ်။ မတော် တဆ ဒီလိုမဖွယ်မရာ၊ မတရားမှုတွေများ ဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရား လမ်းမှန်အတိုင်း ကျွန်ုပ်တို့ဘက်က ရွပ်ရွပ်ချွံချွံ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်အားထားပါတယ်။ (သြဘာသံများ) ကျွန်ုပ်တို့သဘောကတော့ ရိုးရိုးနဲ့ခပ်ရှင်းရှင်းပဲ။ လောလောဆယ် အင်္ဂလိပ်ကျွန်ဘဝက လွတ်ချင်တယ်။ ဒီလို လွတ်လပ်ရေး ရဖို့ ဗမာပြည်နဲ့ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုပြီးယုံကြည်လို့ ယခု ဒီလွှတ်တော်မှာရောက်လာကြပါတယ်။

(သြဘာသံများ) ဒါပေမဲ့ အင်္ဂလိပ်ကျွန်ဘဝကလွတ်ပြီး ပခုံးပြောင်းအဖြစ် ဗမာတွေရဲ့ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ပါ ဘူး။ (ရယ်သံများနှင့် သြဘာသံများ) နှစ်ဦးနှစ်ဘက်စလုံး လွတ်လပ်ကြီးပွားရေးအတွက် တန်းတူရည်တူအခွင့်အရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ဆိုရင် အစဉ်သဖြင့် အဆင်သင့်ရှိတယ်ဆိုတာလည်း ရှင်းရှင်းဘွင်းဘွင်းပဲ ကတိပေးပါတယ်။” (သြဘာသံများ)။

ယင်းကဲ့သို့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က မိန့်ခွန်းမြွက်ကြားခြင်းသည် တန်းတူရေးကို မည်မျှမြတ်နိုးကြောင်း၊ တည်တံ့ခိုင်မြဲ၍ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုနိုင်ငံတော်ကြီးတည်ထောင်ရေးအတွက် မည်မျှတန်ဖိုးထား ကြောင်းတို့ကိုဖော်ပြသည့် ပင်လုံစိတ်ဓာတ်ကို ဖော်ထုတ်ပြသသွားခြင်းပင်ဖြစ်သည်။

ရှင်းလင်းချက်-
ထိုမိန့်ခွန်းနှင့်ပတ်သက်၍ ရှမ်းလူငယ်(ရပလ)အဖွဲ့ဝင်များသည်ပင်လျှင် ထိုစဉ်က စော်ဘွားကြီးစဝ်ရွှေသိုက်အပေါ် ထားရှိနိုင်သောအမြင်မှာ ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ဓာတ် ရှိသည်၊ မြန်မာတွေအပေါ်စိုးရိမ်မှုလွန်ကဲလွန်းသည်၊ အယုံ အကြည်ကင်းမဲ့လွန်းသည်၊ ရှမ်း-မြန်မာသွေးစည်းညီညွှတ်ရေးကို ထိခိုက်စေနိုင်သည်ဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ယခုအခါ နှစ်ပေါင်း(၇ဝ)နီးပါးရှိပြီ ဖြစ်သည်။ ထိုစဉ်က စော်ဘွားကြီးစဝ်ရွှေသိုက်၏ မိန့်ခွန်းနှင့်ပတ်သက်၍ မည်သို့ထင်မြင်ပါ သလဲဟု ယနေ့အချိန်ကာလတွင် မေးလာလျှင် စော်ဘွားကြီးကပင် ကျဉ်းမြောင်းလွန်းသည်လား၊ တန်းတူရည်တူပြည် ထောင်စုကို မြတ်နိုးတန်ဖိုးထားသည်လား၊ သို့မဟုတ် ရပလ လူငယ်အပိုင်းကပင် ဖဆပလကို ယုံကြည်မှုလွန်ကဲခဲ့သည် လား ဆိုသည်ကို သမိုင်းက ဖြေဆိုပေးနေပြီ ဖြစ်သည်။

(၄) ဗိုလ်ချုပ်အောင်ဆန်း လွိုင်ကော်မြို့ ဓမ္မာရုံတွင် ပြောကြားသည့် ကတိမိန့်ခွန်း
၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက် လွိုင်ကော်မြို့ဓမ္မာရုံတွင် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရာ ဗိုလ်ချုပ်အောင် ဆန်းကြွရောက်လာပြီးပြောကြားချက်မှာ - အင်္ဂလိပ်ပေးထားသော ကရင်နီပြည်လွတ်လပ်ရေးသည် ပြည့်ဝသော လွတ်လပ် ရေးဟုမဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမည့်လွတ်လပ်ရေးသည် အပြည့်အဝလွတ်လပ်ရေးရရှိမည်ဖြစ်ကြောင်း၊ ကရင်နီပြည် အနေဖြင့်ဖွဲ့စည်းမည့် ပြည်ထောင်စုဗမာနိုင်ငံတွင် ပြည်နယ်တခုအဖြစ်ပါဝင်ပါက ကရင်နီပြည်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရှိစေရမည်ဖြစ်ပြီး ကရင်နီပြည်တွင်းရေးကို ဗမာက လုံးဝဝင်ရောက် စွက်ဖက်မည်မဟုတ်ကြောင်း၊ ကရင်နီပြည် အရေးကို ကရင်နီပြည်သူပြည်သားများကသာ တိုက်ရိုက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝ ရှိစေရမည် ဖြစ်ကြောင်း ပြောကြားသွားသည်။ ကရင်နီပြည်ခေါင်းဆောင်များသည် ဗမာပြည်လွတ်လပ်ရေးရအောင် ကြိုးစားပါ၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးပါက ကရင်နီပြည်အနေဖြင့် ပြည်ထောင်စုတွင်ပါဝင်သင့် မသင့် နောက်မှ ပြည်သူ့ဆန္ဒ သဘောထားရယူမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ဤသည်လည်း ပင်လုံစိတ်ဓာတ်ပဋိညာဉ်နှင့် ဆက်စပ်သည်ဟု ဆို နိုင်ပေမည်။

(င) ကချင်အမျိုးသားညီလာခံသဘောထားအပေါ် ဗိုလ်ချုပ်ပြောကြားသည့် ကတိမိန့်ခွန်း
၁၉၄၆-ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ မြစ်ကြီးနားမြို့တွင် ဒူးဝါးကြီးများဦးဆောင်ပြီး ပြည်သူလူထု(၅,ဝဝဝ)ကျော် ပါဝင်တက်ရောက်သော ကချင်အမျိုးသားညီလာခံ မနောပွဲတော်ကြီးကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းညီလာခံကြီးမှ ကချင် အမျိုးသားသည် ဗမာပြည်မနှင့်တပြိုင်တည်းလွတ်လပ်ရေးရယူပြီး လွတ်လပ်သောကချင်သမ္မတနိုင်ငံထူထောင်ရန် ဆုံးဖြတ် ကြသည်။ ယင်းဆုံးဖြတ်ချက်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ညှိနှိုင်းရန် ဒူးဝါးကြီးဆမားဒူးဝါးဆင်ဝါးနောင်အား တာဝန်ပေး လိုက်သည်။ ကချင်အမျိုးသားများလွတ်လပ်ရေးအတွက် တက်ကြွနေစဉ် ၁၉၄၆-ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဗိုလ် ချုပ်အောင်ဆန်း မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည်။ ဒူးဝါးကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်သေနတ်ကိုင် တပ် ရင်း(၂)သီးသန့်ရိပ်သာတွင် အင်္ဂလိပ်မသိအောင်လျှို့ဝှက်တွေ့ဆုံခဲ့ပြီး ကချင်အမျိုးသားညီလာခံမှဆုံးဖြတ်ထားသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းကိုတင်ပြရာ ဗိုလ်ချုပ်အောင်ဆန်းက “ ကချင်ပြည်သည်ဗမာပြည်မနှင့်တပြိုင်တည်း လွတ်လပ်ရေးရယူ လိုခြင်းသည် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဂုဏ်ယူကြောင်း၊ သို့ရာတွင် သီးခြားကချင်သမ္မတနိုင်ငံ မထူထောင်ဘဲ ဗမာ ပြည်နှင့်တန်းတူရည်တူ ပြည်ထောင်စုတည်ထောင်သွားပါက နှစ်ဦးနှစ်ဘက်အကျိုးပိုရှိစေမည်ဖြစ်ကြောင်း” ပြန်လည်ရှင်းပြ ခဲ့သည်။ ဒူးဝါးကြီးမှ “ ကချင်အမျိုးသားများသည် လူနည်းစုဖြစ်သဖြင့် ဗမာအမျိုးသားအများစု အနိုင်ကျင့်ခံရမည်ကို အထူး စိုးရိမ်ကြောင်း၊ ဗိုလ်ချုပ်က ဖဆပလအဖွဲ့ချုပ်ကိုတာဝန်ယူနိုင်မလား”ဟု ပွင့်လင်းစွာမေးရာ၊ ဗိုလ်ချုပ်မှ “လုံးဝတာဝန်ယူ မည်ဖြစ်ကြောင်း၊ အကယ်၍ ဖဆပလအဖွဲ့ချုပ်ကိုမပြောနိုင်ပါက မိမိကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်မှနှုတ်ထွက်ပြီး သီးသန့် ကချင်သမ္မတနိုင်ငံထူထောင်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာပါဝင်သွားမည်ဖြစ်ကြောင်း” ပြတ်သားစွာ ပြန်လည် ရှင်းပြရာ ကချင်ဒူးဝါးကြီးများက ဗိုလ်ချုပ်အပေါ်များစွာလေးစားပြီး ယုံကြည်မှုပိုမိုရရှိသွားခဲ့သည်။

အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ရှမ်းအမျိုးသားခေါင်းဆောင် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ဆွေးနွေးချက်များ၊ ဖြေကြားချက်များသည် ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်၊ ပြည် ထောင်စုကတိသစ္စာပြုထားသည့် သမိုင်းဝင်မှတ်တမ်းများပင် ဖြစ်ပေသည်။

ဤစာတမ်းတွင် ဖော်ပြပါသမိုင်းဝင်အပိုင်း(၃)ပိုင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်သားခေါင်းဆောင်များတို့ က သီးခြားစီတည်ရှိသောနယ်မြေများ တပြိုင်တည်းလွတ်လပ်ရေးရယူရန်နှင့် လွတ်လပ်ရေးရပြီးပါက အမျိုးသားများတန်း တူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ထောင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသည့် ပင်လုံ စာချုပ်နှင့်သက်ဆိုင်သော သမိုင်းဝင်မှတ်တမ်းအပြည့်အစုံဖြစ်သည်။

ပြည်ထောင်စုနှင့်အခြေခံပြဿနာများ
၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လုံစိတ်ဓာတ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများ၊ အခြေခံကျောရိုးများကို အခိုင်အမာချမှတ်ပေးထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်း ဆောင်များချမှတ်ပေးထားသည့် အခြေခံမူပါအတိုင်း စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကို တည်ဆောက်ခဲ့မည်ဆိုပါက နှစ်ပေါင်း(၇၀)နီးပါးကာလ၌ ယနေ့ကမ္ဘာ့နိုင်ငံအလယ်တွင် ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားပြီးသည့်နောက် တိုင်းပြည်၏ကံကြမ္မာသည်လည်း ငင်သွားသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေကာမူ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး၏ ကံကြမ္မာဟူ၍ ခံယူကြရမည်ဖြစ်သည်။

ဖဆပလအဖွဲ့ချုပ်သည် ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ဝန်ကြီးချုပ်ဦးနုသည် ဦးချန်ထွန်းအား ဖွဲ့စည်းပုံအခြေခံဥပဒေကို(၂) လအတွင်း အပြီးရေးဆွဲရန် တာဝန်ပေးအပ်ခဲ့သည်။ ဦးချန်ထွန်းက ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ(၂၃-၂၄) ရက်နေ့၌ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိ သောအခန်းများ၊ အပိုဒ်များကိုရှင်းပြပြီး နောက်ဆုံးမှာအတည်ပြုခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းတင်ပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးထားသည့်မူအတိုင်းဆိုလျှင် လူအင်အားအများကြီးသုံးရမည်ဖြစ်ပြီး ငွေကြေးအကုန် အကျများမည်ဖြစ်ကြောင်း ယခုစစ်ပြီးစကာလတွင် တိုင်းပြည်ဆင်းရဲနေသေးကြောင်း၊ ဖွဲ့စည်းပုံအခန်း(၁၀)တွင် ခွဲထွက်ခွင့် ပါရှိပြီး အခန်း(၁၁)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုလက်စွဲမရှိလျှင် လွတ်လပ်ရေးမရနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပေဒေကို အတည်ပြုရန်လိုအပ်ကြောင်း ရှင်းလင်း တင်ပြခဲ့ သည်။

တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ကြသော တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစိတ်ဓာတ်၊ အမျိုးသား စိတ်ဓာတ်အရှိန်ကြောင့် ဦးနုနှင့် ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များအပေါ် အကြွင်းမဲ့ယုံကြည်ခြင်း၊ နိုင်ငံရေး အတွေ့အကြုံနုနယ်ခြင်း၊ ဥပဒေပြုလုပ်ငန်းနားလည်မှု အားနည်းခြင်း၊ အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးကုန်၍ အချင်း ချင်းသွေး စည်းညီညွတ်ရေးအတွက်ဆန္ဒပြင်းပြနေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြောထားသည့်အတိုင်း ဥပဒေစကားလုံးထက် ပင်လုံစိတ်ဓာတ်ကို ယုံကြည်ကိုးစားခြင်း၊ အခန်း(၁၁)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် ပါရှိသဖြင့် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ပြင်ဆင်လိုသောဖွဲ့စည်းပုံအခြေခံဥပဒေကို သွေးသားညီအစ်ကိုအချင်းချင်းအကြားတွင် ဥပဒေစကားလုံး ကို အတိအကျအဓိပ္ပာယ်ကောက်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်လိမ့်မည်မဟုတ်၊ မူးတင်းမတ်တင်းဈေးဆစ်စရာ လိုအပ် မည်မထင်မြင်ခဲ့ပါ၊ လွတ်လပ်ရေးကိုပဲ အမြန်ဆုံးရရှိခံစား လိုကြသည်။ ထို့ကြောင့် တင်ပြသောဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်တန်းဒေသခေါင်းဆောင်များကိုယ်စား တောင်ပိုင်စော်ဘွားကြီးစဝ်ခွန်ပန်းစိန်က လှိုက်လှဲစွာ ထောက်ခံလိုက်သည်။ ထို့ ကြောင့် ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပေသည်။

ပြည်တွင်းစစ်မီးစတင်လောင်ကျွမ်းခြင်း
၁။ နိုင်ငံရေးတွင် ဒီမိုကရေစီအခြေခံအကျဆုံးဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အထည်ဖော်ရာ၌ ပါတီဂိုဏ်းဂဏစွဲပြင်းထန်လွန်းခြင်း၊ အမျိုးသားပြည်နယ်အဆင့်အတန်း ရသင့်ရထိုက်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသား များအတွက် အမျိုးသားပြည်နယ်များ မဖော်ဆောင်ပေးခြင်း၊ သီးခြားလွတ်လပ်သော ကရင်နီပြည်စောဖျာများနှင့် ပြည်သူ လူထုတို့၏ဆန္ဒသဘောထားအမှန်ကိုရယူခြင်းမရှိပဲ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ်သတ်မှတ်ခြင်း စသည့် အကြောင်း တရားများကြောင့် ပြည်သူ့ရဲဘော်၊ ရဲဘော်ဖြူ၊ ဗကပအဖွဲ့အစည်းများသည် ပါတီဝါဒတော်လှန်ရေးစစ်ပွဲ၊ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားများ တန်းတူရေးစစ်ပွဲနှင့် ကရင်နီအမျိုသား ခုခံတော်လှန်ရေးစစ်ပွဲများ ပေါ်ပေါက်လာခဲ့သဖြင့် လွတ်လပ်ရေး နှင့်အတူ ပြည်တွင်းစစ်မီးသည်လည်း စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ဒုတိယအဆင့်ပြည်တွင်းစစ်မီးလောင်ကျွမ်းခြင်း
ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း စသည့်တိုင်းရင်းသားများ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရန်တင်ပြရာတွင် အကြောင်း အမျိုးမျိုးပြပြီးအချိန်ဆွဲခြင်း၊ ကူမင်တန်တရုတ်ဖြူကိုအကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ်(၁၃)နယ်ကို စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်း၊ ကချင်ပြည်နယ်အစိုးရနှင့် ပြည်သူလူထုဆန္ဒရယူခြင်းမရှိဘဲ ဖီမော်၊ ဂေါ်လံ၊ ကန်ဖန်ဒေသကို တရုတ်ပြည်သို့ လွှဲအပ်ပေးခြင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခြင်းစသည့် အကြောင်းတရားများကြောင့် ကချင်၊ ချင်း၊ ရှမ်း၊ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေး ထပ်မံပေါ်ပေါက်လာသဖြင့် ပြည်တွင်းစစ်မီး ထပ်ဆင့်လောင်ကျွမ်းသွားခြင်း ဖြစ် သည်။

ပြည်တွင်းစစ်မီးအထွတ်အထိပ်သို့လောင်ကျွမ်းခြင်း
ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၀-ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ကျင်းပပြုလုပ်သော ဖဆပလညီလာခံတွင် ပြည်နယ်အသီး သီးမှခေါင်းဆောင်များခေါ်ယူကာ ယိမ်းယိုင်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရန် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်လိုကြောင်း ပြောကြားပြီး တရားရေးဝန်ကြီးကို တာဝန်လွှဲအပ်ခဲ့သည်။

ရှမ်းပြည်၊ တောင်ကြီးမြို့တွင် ၁၉၆၁-ခုနှစ်၊ ဇွန်လ(၈) ရက်နေ့မှ(၁၆) ရက်နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးညီလာခံကြီးတရပ် ကျင်းပပြုလုပ်ရာတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင် တိုင်းရင်းသားခေါင်းဆောင် များ(၂၂၆) ဦး၊ လေ့လာသူ(၁၀၄) ဦး၊ စုစုပေါင်း(၃၃၀) ဦး တက်ရောက်ပြီး ပင်လုံစိတ်ဓာတ်အခြေခံမူပါအတိုင်း အမျိုးသား များတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သဘောတူ ချမှတ် ခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ၁၉၆၂-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့မှစတင်၍ ပါတီ ပေါင်းစုံတိုင်းရင်းသားပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးကျင်းပနေစဉ် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုက ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများသည် ဖက်ဒရယ်သမားများ၊ ခွဲထွက်သူများဖြစ်ကြပြီး တိုင်းပြည် အစိတ်စိတ်အမွှာမွှာပြိုကွဲ၍ တိုင်းပြည်ချောက်ကမ်းပါးကျလုဆဲဆဲတွင် တပ်မတော်က အချိန်မီကယ်တင်ထိန်းသိမ်းနိုင်သည် ဟု သူခိုးလူဟစ်ပြီး ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းယူခဲ့သည်။ ထိုသို့ သူခိုးလူဟစ်သည်ကို နိုင်ငံရေးအားနည်းသော ပြည်သူအများစုက- လွတ်လပ်ရေးရသည်မှာ မကြာသေး၊ တိုင်းရင်းသားများ ခွဲထွက်မည်ကို တပ်မတော်က အာဏာသိမ်း ခြင်းသည် မှန်ကန်ကြောင်းယူဆကြပြီး ဖက်ဒရယ်ဆိုသည့်အသုံးအနှုန်းကို တိုင်းပြည်ပုန်ကုန်မှုကြီးအဖြစ် ရှုမြင်သည်သာ မက ဖက်ဒရယ်ဆိုသည်ကို တစ္ဆေသရဲအဖြစ် ထင်မြင်လာခဲ့ကြသည်။

ထိုသို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍မရသည့်အဆုံး ရရာလက်နက်စွဲကိုင်ကာ ဝ၊ ပလောင်၊ နာဂ၊ လားဟူ၊ အခါ၊ ကယန်း စသည့်တိုင်းရင်းသားလူမျိုးစုပါမကျန် လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာပြီး ပြည် တွင်းစစ်မီးသည်လည်း ဟုန်းဟုန်းတောက်လောင်ကျွမ်းခြင်း ဖြစ်သည်။ ထိုသို့ ပင်လုံစိတ်ဓာတ်အခြေခံမူ လမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားခြင်း၏ရလဒ်သည် နိုင်ငံတော်တွင် ဖက်ဆစ်စစ်အုပ်စုပေါ်ပေါက်လာခြင်း ဖြစ်သည်။ တိုင်းရင်းသား များ တန်းတူရေးမရှိသည့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း(၁၄)နှစ်အကြာတွင် ရပ်စဲသွားခဲ့သည်။

၁၉၇၄-ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လုံစိတ်ဓာတ်
ဗိုလ်နေဝင်းဦးဆောင်သော စစ်အုပ်စုသည် ၁၉၆၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းယူခဲ့ပြီး ပင်လုံစိတ် ဓာတ်အခြေခံမူလမ်းစဉ်အပေါ် လုံးဝဆန့်ကျင်သွားကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) တပါတီအာဏာရှင်စနစ် ကိုတည်ထောင်၍ ၁၉၇၄-ခုနှစ်တွင် ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းလိုက်သည်။ ယင်း ဖွဲ့စည်းပုံသည် တိုင်းရင်းသားများတန်းတူအခွင့်အရေးများအားလုံး ဆုံးရှုံးသည့်အပြင် ပြည်သူများဒီမိုကရေစီ လူ့အခွင့်အ ရေးဟူသမျှသည်လည်း လုံးဝဆိတ်သုဉ်းသွားသဖြင့် ပြည်တွင်းစစ်မီးသည် အထွတ်အထိပ်သို့ လောင်ကျွမ်းမဆုံး တောက် လောင်ခြင်းနှင့်အတူ ပြည်သူများ ဒီမိုကရေစီတိုက်ပွဲသည်လည်း တဆင့်ပြီးတဆင့် ပိုမိုပြင်းထန်လာသည် နောက်ဆုံး ၁၉၈၈ - ခုနှစ်တွင် ပြည်လုံးကျွတ် ပြည်သူများဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် (မဆလ)တပါတီအာဏာရှင်စနစ် ပြုတ်ကျ သွားပြီး ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်ရသည်။ တိုင်းရင်းသားများတန်းတူရေးဆုံးရှုံးပြီး ပြည်သူများဒီမိုကရေစီအခွင့်အရေးဆိတ်သုဉ်းခြင်း ပြဿနာများကြောင့် ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံသည်လည်း (၁၄)နှစ်သာခံပြီး ပျက်စီးသွားခဲ့သည်။ ထိုသို့ ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုသည် ပင်လုံစာချုပ်မူလမ်းစဉ်အပေါ် ဖောက်ပြန်သည့်လုပ်ရပ်များကြောင့် နောက်ဆုံးရလဒ်သည် အရှေ့တောင်အာရှနိုင်ငံများ အနက် အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝ တွင်းနက်ထဲသို့ ကျဆင်းသွားခြင်းဖြစ်သည်။

၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပင်လုံစိတ်ဓာတ်
ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုသည် (မဆလ)တပါတီအာဏာရှင်စနစ် ပျက်သုဉ်းပြီး ၁၉၇၄-ခုနှစ်ဖွဲ့ စည်းပုံအခြခံဥပဒေကို ဖျက်သိမ်းလိုက်သော်လည်း ပြည်သူများတောင်းဆိုသည့် ကြားဖြတ်အစိုးရကို လုံးဝလက်မခံခဲ့ပါ။ ၎င်းတို့ဖက်ဆစ်အမွေဖြစ်သော (မဆလ) တပါတီအာဏာရှင်စနစ်တဖြစ်လဲ တစညပါတီကိုလည်းကောင်း၊ မဆလအုပ်ချုပ် ရေးတဖြစ်လဲ နဝတစစ်အုပ်စုကိုလည်းကောင်း အမွေစားအမွေခံအဖြစ် ရရှိခဲ့သည်။

နဝတစစ်အုပ်စုသည် မဆလထံမှ ရရှိထားသောအမွေကို အားကိုးယုံကြည်ပြီး ၁၉၉၀-ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။ NLD ပါတီသည် (၈၂)ရာခိုင်နှုန်းကျော်အပြတ်အသတ် အနိုင်ရရှိ သော်လည်း အာဏာလွှဲပြောင်းပေးခြင်း မပြုလုပ်သည့်အပြင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်သူ့လွတ်တော်ကိုယ်စား လှယ်များကို ဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခြင်း စသည့်လုပ်ရပ်များသည် ပြည်သူများဆန္ဒကို မိုက်မဲစွာစော်ကားလိုက်ခြင်းပင်ဖြစ်သည်။

နဝတ-နအဖ စစ်အုပ်စုသည် ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်အပေါ် ဆန့်ကျင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ရန်၊ အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက်ဦးဆောင်ပါဝင်ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ချမှတ် ပြီး၊ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်ကြာအချိန်ဆွဲ သည့် အတုအယောင်အမျိုးသားညီလာခံတခုကို ရေးဆွဲလာခဲ့သည်။ စစ်အုပ်စုသည် ဦးတည်ချက်ပါရှိသည့်အတိုင်း၊ ပြည်သူ တရပ်လုံးကို ကျွန်ပြုထားသောဖွဲ့စည်းပုံတခုကို ၎င်းတို့စိတ်ကြိုက်ရေးဆွဲပြီး ၂၀၀၈ ခုနှစ်တွင် အတင်းအဓမ္မ အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစိတ်ဓာတ်အခြေခံမူလမ်းစဉ်နှင့် လုံးဝဆန့်ကျင်နေပါသဖြင့် ပြည်သူ့ဒီမိုက ရေစီအခွင့်ရေးနှင့် တိုင်းရင်းသားများတန်းတူရေးကို မည်သို့မျှဖော်ဆောင်ထားခြင်းမရှိကြောင်း ရှင်းနေပါသည်။ ၂၀၀၈ ခု အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ပြည်ခိုင်ဖြိုးအစိုးရလက်ထက်(၅)နှစ် သက်တမ်းကာလတွင် တိုင်းပြည်၏ မြေပေါ် ရေအောက်သယံဇာတများ ကုန်ခန်းလုနီးပါး ထုတ်ရောင်းခဲ့သော်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျဆင်းခြင်းမှ ရုန်း မထွက်နိုင်သည့်အပြင် ယနေ့ ပြည်သူလူထုများ စားဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရပါသည်။

ယနေ့ NLD ဦးဆောင်သော အစိုးရသည်ပင်လျှင် ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်နှင့် ဆန့်ကျင်ပြီး ဖွဲ့စည်းပုံ ပြင် ဆင်ခက်ရန် တင်းကြပ်စွာရေးဆွဲချမှတ်ထားသည့် ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို တိုင်းရင်းသားများ တန်းတူရေးနှင့် ပြည်သူ များ ဒီမိုကရေစီအခွင့်အရေးများအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ လုံးဝပြင်ဆင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးနား လည်သူများအားလုံး သိရှိကြပြီးဖြစ်သည်။

ပြည်ထောင်စုဗမာနိုင်ငံတော်၏ အခြေခံပြဿနာသည် ဖွဲ့စည်းပုံအခြေခံပြဿနာပင်ဖြစ်သည် ဖွဲ့စည်းပုံပြဿနာဆို ရာတွင် တိုင်းရင်းသားများ တန်းတူရည်တူအခွင့်အရေးဆုံးရှုံးခြင်းနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံအခွင့်အရေးများ ဆိတ် သုဉ်းခြင်း ပြဿနာရပ်များပင်ဖြစ်သည်။ ထို့ကြောင့် ပင်လုံစိတ်ဓါတ်အခြေခံမူ လမ်းစဉ်ပါအတိုင်း စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်မှသာလျှင် ပြည်သူများ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်သားများတန်း တူအခွင့်အရေးများ အပြည့်အဝဖော်ဆောင်ပေးနိုင်ပြီး ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုနှင့် သင်ခန်းစာများ
၁။ ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားပွင့်လင်းပြီး တိုင်းပြည်နှင့်ပြည်သူများအပေါ် စေတနာအပြည့်အဝရှိသည်။ တိုင်းပြည် နှင့် ပြည်သူများအကျိုးရှိသည့်လုပ်ငန်းအပေါ် ရဲရင့်ပြတ်သားသားစွာ ဦးဆောင်နိုင်သည်။ တိုင်းရင်းသားပြည်သူများ၏ ယုံ ကြည်မှုအပြည့်အဝ ရရှိထားသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာ ချုပ်ကို ချုပ်ဆိုနိုင်ကြပြီး ယင်းပြည်ထောင်စုစိတ်ဓာတ်အင်အားဖြင့် တပြိုင်တည်းလွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင် ခဲ့သည်။ ဤသည်မှာ ပြည်ထောင်စုအတွက် ကြီးမားသောစံနမူနာ သင်ခန်းစာအဖြစ် ခံယူကျင့်သုံးကြရမည်ဖြစ်သည်။

၂။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးသည့်နောက် ဖဆပလအဖွဲ့ချုပ်အစိုးရသည် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ် အပေါ် သွေဖယ်အားနည်းသွားခြင်းနှင့်အတူ တိုင်းရင်းသားများတန်းတူအခွင်အရေး ဆုံးရှုံးသွားသဖြင့် ပြည်တွင်းစစ်မီး အဆင့်ဆင့် တောက်လောင်သွားပြီး တိုင်းပြည်တွင် ဖက်ဆစ်စစ်အုပ်စု ပေါ်ပေါက်လာခြင်းဖြစ်သည်ကို သင်ခန်းစာရယူကြ ရန်နှင့် ဖက်ဆစ်စစ်အုပ်စုအဆက်ဆက်သည် ပင်လုံစိတ်ဓာတ် အခြေခံမူလမ်းစဉ်အပေါ် ဖောက်ဖျက်ခြင်းကြောင့် တိုင်းရင်း သားများ တန်းတူအခွင့်အရေးအားလုံးဆုံးရှုံးသွားသည့်အပြင် ပြည်သူများ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးဟူသမျှ ဆိတ် သုဉ်းသွားပြီး ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်ကျွမ်းခြင်းနှင့် ပြည်သူများ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက် လာခဲ့သဖြင့် တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝ တွင်းနက်သို့ကျရောက်ခြင်းနှင့်အတူ ပြည်သူများ၏ စား ဝတ်နေရေးသည်လည်း အတိဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရသည်ကို သင်ခန်းစာကြီးအဖြစ် ရယူကြရမည်ဖြစ်သည်။

ပင်လုံစာချုပ်အပြည့်အစုံမှာ-
ဤစာတမ်းတွင်ပါရှိသော အပိုင်း(၁)တပြိုင်တည်းလွတ်လပ်ရေး ရယူရေး၊ အပိုင်း(၂)အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အပိုင်း(၃) ပင်လုံ ကတိကဝတ်များတို့ ဖြစ်သည်။ အဆိုပါ ပင်လုံစာချုပ်အပါအဝင် သမိုင်းဝင်မှတ်တမ်းများသည် ပြည်ထောင်စုဗမာနိုင်ငံတော်၏အသက်သွေးကြောပင်ဖြစ် ပြီး၊ ပြည်ထောင်စုဗမာနိုင်ငံတော်ဟူ၍ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ယနေ့ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်း၊ NCA လုပ်ငန်း၊ UPDJC ဆွေးနွေးပွဲလုပ်ငန်း စသည့်လုပ်ငန်းများကိုလည်း ပြင်ဆင်နေသည့် အချိန်အခါဖြစ်သည်။

မည်သို့ဆိုစေကာမူ ၂၁- ရာစုပင်လုံညီလာခံကြီးကျင်းပရေးလုပ်ငန်းသည် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံနှင့်ပတ်သက် သော ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံပဋိညာဉ်များကို အခြေခံထားရှိပြီး၊ ဦးတည်၍ကျင်းပပြုလုပ်သွားခြင်းဖြင့်သာ လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရည်မှန်းထားသည့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုသမ္မတနိုင်ငံတော် တည်ဆောက်ရေး မုချအောင်မြင်မည် ဖြစ်သည်။

ပင်လုံစာချုပ်နှင့် ပင်လုံပဋိညာဉ် စိတ်ဓာတ် ကို အစဉ်ဂါဝရပြုပါလျက်

ပြုစုတင်ပြသူ

ခွန်းမတ်ရ်ကိုဘန်

(၁၉၉၀ ခု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

၂၀၁၆ ခု မေလ ၂၇ ရက်