ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● စစ်ထိုး - စစ်ခံ - စစ်ဖျက် - စစ်ပြန်


 ဂါမဏိ ●  စစ်ထိုး - စစ်ခံ - စစ်ဖျက် - စစ်ပြန်
( ၂ ၁ ) ရာ စု ပ င် လုံ စာ စ ဉ် ( ၆ )

(မိုးမခ) ဇွန် ၂၃၊ ၂၀၁၆

စစ်ရပ်နားမှု ceasefire (သို့မဟုတ်) truce ဆိုတာ ကာလတခု၊ နေရာဒေသတခုအတွက် အတိုက် အခိုက်တွေ ယာယီရပ်နား တာကို ဆိုလိုပါတယ်။ စစ်ရပ်စဲမှု armistice ဆိုတာက စစ်ပြိုင်နေသူ တွေက အတိုက်အခိုက်တွေရပ်စဲဖို့ တရားဝင်ဥပဒေ ကြောင်း အရ သဘောတူကြတာဖြစ်ပါတယ်။ စစ်ပွဲပြီးဆုံးတာ မဟုတ်သေးဘဲ ရေရှည်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေး နွေး ရမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ၁၉၈၉ ခုကစခဲ့တဲ့ဖြစ်စဉ်တွေဟာ စစ်ရပ်နားမှုအဆင့်တွေပဲ ဖြစ်ခဲ့ပါတယ်။ ဥပဒေကြောင်းညီတဲ့ စစ်ရပ်စဲမှု အဆင့်တောင် မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးဆိုတာကတော့ ပိုလို့တောင်ဝေးပါ သေးတယ်။ ဒါကြောင့်လည်း ၂၀၀၉ ခုမှာ တင်း မာမှုတွေပြန်ဖြစ်လာ၊ အတိုက်အခိုက်တွေ ပြန်စလာတာ ဖြစ်ပါတယ်။

စစ်ရပ်နားမှုကနေ စစ်ရပ်စဲမှုကိုကူးရတာဖြစ်ပြီး စစ်ရပ်စဲမှုကမှတဆင့် ငြိမ်းချမ်းရေးစာချုပ် peace treaty ကိုတက်လှမ်းရ တာဖြစ်ပါတယ်။ စစ်ရပ်စဲရေးစာချုပ်ရဲ့အနှစ်သာရက စစ်မတိုက်ဘဲသဘော ကွဲလွဲစွာ တည်ရှိနေထိုင်ဖို့သဘောတူခြင်း ဖြစ်ပါတယ်။ ဥပဒေပိုင်းအရ modus vivendi ဆိုတဲ့ ယာယီလက္ခဏာ၊ ကြားဖြတ်လက္ခဏာဆောင် တရားဝင်စာချုပ် စာ တမ်းဖြစ်ပါတယ်။ ဒါကြောင့် သဘောကွဲလွဲမှုတွေ ထာဝရပပျောက်ဖို့ ငြိမ်းချမ်းရေးစာချုပ်ဆက်လုပ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

စစ်ရပ်စဲရေးသဘောတူညီချက်မှာ သော့ချက်က လက်နက်မချရေးဖြစ်ပါတယ်။ ဒါကြောင့် လက် နက်နဲ့ ငြိမ်းချမ်းရေးလဲတာ၊ ဥပဒေဘောင်တွင်း ဝင်ရောက်တာ၊ လက်နက်နဲ့နိုင်ငံရေးလဲတာ၊ လက် နက်နဲ့ ဒီမိုကရေစီလဲတာ၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းတာတို့ဟာ စစ်ရပ်စဲရေးမဟုတ်ပါဘူး။ မလိမ့်တပတ်နဲ့ အမြတ်ထုတ်တာ ဖြစ်ပါတယ်။

စစ်ရပ်စဲရေးသဘောတူညီချက် ချမှတ်ပြီး ပြန်တိုက်မယ်ဆိုရင် တရားဝင်စစ်ကြေညာ သို့မဟုတ် တရား ဝင်အကြောင်းကြားပြီး တိုက်ရမှာဖြစ်တယ်လို့ ၁၈၉၉ ခု သဟိဂ် ငြိမ်းချမ်းရေးကွန်ဗင်းရှင်း စာချုပ်က ဆိုပါတယ်။ ရူးသလိုပေါသလိုနဲ့ အောက်ခြေကပဲ မရှင်းလင်းသလိုလို၊ ရိက္ခာပို့သလိုလို၊ နယ်မြေ သေချာမသတ်မှတ်ရသေးသလိုလိုအကြောင်းပြပြီးတိုက်တာဟာ သဟိဂ်ကွန် ဗင်းရှင်းကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါမှမဟုတ် စစ်ရပ်စဲရေးမဟုတ်ဘဲ စစ်ရပ်နားမှုဖြစ်လို့ တိုက်ချင်လို့တိုက် တယ်ဆိုတဲ့သဘော သက်ရောက်ပါလိမ့်မယ်။

အပစ်အခတ်ရပ်နားမှု၊ အပစ်အခတ်ရပ်စဲမှုတွေဟာ စစ်ဘက်နဲ့ အဓိကသက်ဆိုင်ပေမဲ့ ငြိမ်းချမ်းရေး စာချုပ်ကျတော့ နိုင်ငံရေးနဲ့အဓိကသက်ဆိုင်လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားအနေ အထားအရပြောရရင် ပင်လုံမူတွေနဲ့ဆိုင် တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ် အဆင့်မရောက်ခင် စစ်နား စစ်ရပ်အဆင့်တွေမှာတင် ဖြစ်သင့်ဖြစ် ထိုက်တဲ့ပုံစံတွေ မှန်မှန်ကန် ကန်ဖြစ်မှ ငြိမ်းချမ်းရေးစာချုပ်ကို ကောင်းကောင်းမွန်မွန်ချုပ်နိုင်မှာ ဖြစ် ပါတယ်။

တပ်ခွာရေး disengagement ဟာ တင်းမာမှုလျော့ပါးရေးအတွက် ပြဿနာဖြစ်နိုင်စရာနေရာတွေ က ရုပ်ပေးတာ ဖြစ်ပါ တယ်။ အမေရိကန်သမတ နစ်ဆင်က ဗီယက်နမ်က အမေရိကန်တပ်တွေ ရုပ်ပေးတာ၊ အိုဘားမားက အီရတ်နဲ့အာဖဂန်က တပ်တွေရုပ်ပေးတာ၊ တရုတ်က မြောက်ကိုးရီးယားက အပျော်တမ်းတပ်တွေ ရုပ်ပေးတာ၊ ဆိုဗီယက်ခေါင်းဆောင် စတာ လင်က ဂရိနိုင်ငံက ကွန်မြူနစ်သူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ အမေရိကန်က ကက်စထရိုဆန့်ကျင်ရေး ကျူးဘား သူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ ကက်စထရိုက နီကရာဂွာအစိုးရကို ထောက်ပံ့မှုရပ်စဲပေး တာတွေဟာ တပ်နှစ်တပ် အတိုက်အခိုက်တွေမဖြစ်ရအောင် ခပ်ဝေးဝေးတွေကိုနောက်ဆုတ်ခိုင်း တာ ဖြစ်ပါတယ်။

မြန်မာပြည်က ကချင်၊ ကရင်၊ ရှမ်းဒေသတွေမှာဆိုရင် တိုင်းရင်းသားတပ်တွေအဖို့ ထပ်ဆုတ်စရာ မကျန်တော့ဘဲ အဝေးက ဝင်လာတဲ့ အစိုးရတပ်တွေကသာ တိုင်းရင်းသားလူထုတွေ နှလုံးစိတ်ဝမ်း အေးလောက်တဲ့ အကွာအဝေးအထိ ခွာပေးဖို့ လိုပါတယ်။

တပ်ခွာပြီးနောက် တပ်နှစ်တပ်အကြားမှာ လိုအပ်ရင် demilitarization ဘယ်စစ်တပ်မှ ဝင်ခွင့်မရှိတဲ့ စစ်မဲ့ဇုံထားဖို့ တတိယပါတီတွေကြီးကြပ်မှုနဲ့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် အပစ် အခတ်ရပ်စဲတယ်ဆိုပြီး ခဏခဏတိုက်ပွဲပြန်ဖြစ်နေတဲ့နေရာတွေမှာ သတ်မှတ်ဖို့လိုပါတယ်။ ဒီနေ ရာမှာလည်း အထက်က တပ်ခွာရေးမှာလို တိုင်းရင်းသားဌာနချုပ်၊ တိုင်းရင်းသားစခန်း၊ တိုင်းရင်း သားရွာရဲ့ ခြံစည်း ရိုးဘေးနားကပ်ပြီး စစ်မဲ့ဇုံ လုပ်လို့မဖြစ်နိုင်ပါဘူး။

နယ်စပ်ဒေသကို စောင့်ရှောက်ဖို့ အစိုးရတပ်စခန်းတွေ ရှိဖို့လိုတယ်ဆိုတဲ့ ဆင်ခြေမပေးပါနဲ့။ ဝ ဒေသ၊ အထူး-၄ ဒေသတွေမှာ မိုင်ရာနဲ့ချီပြီး အစိုးရတပ်စခန်းမချနိုင်ဘဲ တိုင်းရင်းသားတပ်တွေ သက်သက်နဲ့ နယ်စပ်လုံခြုံရေးလုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။ ဘာပြဿနာမှမရှိခဲ့ပါဘူး။ ပန်ဆန်း တနေရာမှာပဲ အစိုးရတပ် တပ်ခွဲတခွဲလောက် စတိသဘောချထားပါတယ်။ (နဝတ-နအဖ အစိုးရတွေကိုယ်၌က ဝ ဒေသ၊ ကိုးကန့်ဒေသ၊ အခါဒေသတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် ငြိမ်း ချမ်းသာ ယာနေကြောင်း ရေလဲနဲ့ပြောနေခဲ့တယ်မဟုတ်ပါလား။) ဒါကြောင့် ကျန်တဲ့ ကချင်၊ ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်းဒေသတွေမှာလည်း အကြောင်းအမျိုးမျိုးပြပြီး တပ်စခန်းတွေ တပြုံကြီးချဖို့ မလို အပ်ပါဘူး။

တိုင်းရင်းသားတပ်တွေ တိုင်းရင်းသားလူထုတွေရဲ့ ယုံကြည်မှုရချင်ရင် ဒီလိုလူထုတွေကို အနှောင့် အယှက် အမျိုးမျိုးဖြစ်စေတဲ့ အစိုးရတပ်စခန်းတွေ ဖယ်ပေးဖို့လိုပါတယ်။

အဲဒါပြီးရင်တော့ တပ်မတော်တခုတည်းရှိရေး၊ နှစ်ဖက်တပ်ဖျက်သိမ်းရေး၊ နှစ်ဖက်တပ်အင်အား လျှော့ချရေးဆိုတဲ့ decommissioning ပိုင်းတွေဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ နိုင်ငံရေးအရ ဆွေး နွေးပွဲမှာ ထည့်သွင်းရမှာတွေ ဖြစ်သွားပါပြီ။ ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံဥပဒေထဲ ခိုင်ခိုင် မာမာနဲ့ထည့်သွင်းနိုင်ရင် ဒီကိစ္စဖြစ်မြောက်လာပါလိမ့်မယ်၊ စစ်မှန်တဲ့ငြိမ်းချမ်း ရေး ပေါ်ထွန်းလာပါ လိမ့်မယ်။ ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ပင်လုံသဘောတူစာချုပ် agreement ကို ပင်လုံဥပဒေ law/ constitution အသွင်ပြောင်းရေးနဲ့အတူ တပ်လျှော့ရေး တပ်ပေါင်းရေးကိစ္စတွေကို အချိန်ဇယား အတိအကျနဲ့ ထည့်သွင်းရ ပါလိမ့်မယ်။ ဒါတွေဟာ တိုင်းရင်းသားတဖွဲ့တည်းနဲ့လည်း လုပ်လို့မရနိုင် သလို၊ (နှစ် ၆၀ ကျော်ယုံကြည်မှုပျက်ယွင်းထားတာဖြစ်လို့) တတိယပါတီအာမခံချက်လည်း မဖြစ် မနေလိုအပ်ပါလိမ့်မယ်။

ကိုးရီးယားစစ်ပွဲမှာ ၁၉၅၃ ခုက စစ်ရပ်စဲရေးသဘောတူညီချက်ရခဲ့ပေမဲ့ အခုထိ ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်သေးဘဲ တင်း မာမှုတွေ မကြာခဏဖြစ်နေပါတယ်။ ပါလက်စတိုင်းပြဿနာမှာ ငြိမ်းချမ်း ရေးစာချုပ်ဟာ အခြေခံအကြောင်းတရားတွေကို မကိုင်တွယ်နိုင်လို့ သွေးချောင်းစီးတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေပါတယ်။

၂၀ ရာစု အကုန်-၂၁ ရာစုအကူးမှာ တိုင်းရင်းသားပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါ တယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ် ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလား ဗီးယားနိုင်ငံထဲက ပြည်နယ်တွေခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယားလူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ် ဆင်လမ်းက အနာအကြင်သက်သာပြီး သွေးမြေမကျငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါ တယ်။ ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်လမ်းကတော့ ဗမာပြည်မှာလျှောက်ခဲ့ဖူး တဲ့ သွေးချောင်းစီးသေကြေပျက်စီးတဲ့လမ်းဖြစ်ပြီး နိုင်ငံခြားစွက်ဖက်မှုချုပ်ကိုင်မှုဝင်လာအောင် ဖိတ် ခေါ်တဲ့လမ်းလည်း ဖြစ်ပါတယ်။

ဘောရစ်ယဲ့လ်ဆင်လမ်းအထိ မရောက်ပေမဲ့ မြန်မာနိုင်ငံအဖို့ ပင်လုံစိတ်ဓာတ်နဲ့နီးစပ်တဲ့ အဆင် အပြေဆုံးရွေးလမ်းဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ် ချုပ်ရေးဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက်ရောက်၊ ဟောင်ကောင်မှာ မြို့စောင့် တပ်အဖြစ် (နိုင်ငံ ရေး-အုပ်ချုပ်ရေးနဲ့ကင်းကင်းနေပြီး နယ်မြေခံဘဏ္ဍာရေး-စီးပွားရေးက မထောက်ပံ့ရတဲ့) ပြည်မ ကြီးက တပ်မဟာတခုချထားတာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရထား တာဟာ နောင် မြန်မာပြည်ရဲ့တိုင်းရင်းသားပြည်နယ်များ လေ့လာ အတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းက တော့ တိုင်းရင်းသားအခွင့် အရေးကိုဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင်ပေါ်နေတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ် ရေးဒေသဥပဒေမှာတော့ တရုတ်လူမျိုးစစ်စစ်တွေပဲဖြစ်တဲ့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံမဟုတ်တဲ့တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြားကုန် သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါ တယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ်အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး တရုတ် တပြည်လုံးကို ပိတ်ဆို့ကာဆီးထားတဲ့ မဟာအင်တာနက်ဆင်ဆာတံတိုင်းကြီး ကင်းလွတ်နယ်မြေ လည်း ဖြစ်ပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်တဲ့ အမေရိကန်ရဲ့လွတ်လပ်သောအာရှအသံ RFA ရုံးဖွင့်ခွင့် ထပ်ဆင့် လွှင့် စခန်းထားခွင့်ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်းဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတဲ့ နယ်မြေ၊ ဗဟိုအစိုးရ လုံးဝနီးနီးစွက်ဖက်ခွင့် မရှိတဲ့နယ်မြေ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း KIO ကိုယ်၌က ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စားလိုလားတဲ့ အကြောင်း ပြောနေသလို UWSA ဝ အဖွဲ့ကလည်း စိတ်ဝင်စားအားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။ ဒီလိုကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာပေးနိုင်ရင် တိုင်းရင်းသားတွေကို ခွဲမထွက်စေဘဲ ပြည်ထောင်စုထဲမှာ အမြဲပေါင်းစည်းနေအောင် ယုံကြည်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာ ပါတဲ့ full autonomy အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့လည်းကိုက်ညီမှာဖြစ်လို့ တိုင်းရင်း သား တွေလည်း ကျေနပ်၊ ပြည်ထောင်စုကြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်မှာကို ရိုးရိုးသားသား မလိုလားသူတွေလည်း ကျေနပ်မယ့် ရှဥ့်လည်းရှောက်သာ ပျားလည်းစွဲသာ အဖြေ ဖြစ်ပါလိမ့်မယ်။

ဂါမဏိ