တူမောင်ညို - ဝမ်းရေး - လွမ်းရေးထက် “ပြည်ထဲရေး” ပိုခက် နေသလား

ကိုနေမျိုးလင်းကို ရဲအရာရှိတစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - မောင်တာ)

တူမောင်ညို - ဝမ်းရေး - လွမ်းရေးထက် “ပြည်ထဲရေး” ပိုခက် နေသလား
(မိုးမခ) ဇွန် ၈၊ ၂၀၁၆


မတရားမှုကို ရွံရှာမုန်းတီးပြီး၊ တရားမျှတမှုကို လိုလားသူတိုင်းဟာ တရားတဲ့ဘက်က ရပ်တည်ပြီး မတရားမှုမှန်သမျှကို ဆန့် ကျင်ကြရမှာပါ။ ဒါကြောင့် မတရားမှုကို ဝေဖန်ရှုံ့ချနေတာလောက်နဲ့ ရပ်တန့်နေလို့မရပါဘူး။ ဝေဖန်ရှုံ့ချနေတာမှာတင်ရပ်နေ ရင်တော့ မတရားမှုကို တင်းပြည့်ကျပ်ပြည့်ဆန့်ကျင်သူလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် မတရားမှုနဲ့ ရင်ဆိုင်ရတဲ့အခါ တရားတဲ့ဘက်ကနေ ရပ် တည်ပြီး၊ ကိုယ်တိုင်ပါဝင်ဆန့်ကျင်တိုက်ဖျက်ရပါလိမ့်မယ်။

မတရားတာကို မတရားဘူးလို့ ထုတ်ဖော်ပြောရမှာဖြစ်သလို ကိုယ်တိုင်လည်း ပါဝင်တိုက်ဖျက်ရမယ် မဟုတ်ပါလား။

ဉာဏ်ပညာနဲ့နှလုံးသားကြီးမားပေမယ့် မတရားမှုနဲ့ တည့်တည့်ရင်ဆိုင်ရတဲ့အခါ ကျောခိုင်းနှုတ်ဆိတ်နေသူတွေကိုတော့ ကျနော် အလွန့်အလွန်ကို စိတ်ပျက်မိပါတယ်။

မတရားမှုကို (ဘီဘီစီ) သတင်းထောက် “ကိုနေမျိုးလင်း” က ကိုယ်ထိလက်ရောက် ဆန့်ကျင်ပြလိုက်တာပါ။ ဒီလို စိတ်ရော ကိုယ်ပါ ပါဝင်ဆန့်ကျင်မှုအတွက် အစိုးရသစ်တရားရုံးတော်က “ပုဒ်မ ၃၃၂” ကို ကျူးလွန်ပါတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မေတ္တာနဲ့အုပ်စိုးမယ်လို့ဆိုတဲ့ အစိုးရသစ်လက်ထက်မှာ ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်ဟာ သိပ်ကို ပြင်းထန်လွန်းပါတယ်။ တကယ်တော့ အမှုရုပ်သိမ်း၊ အပြန် အလှန်တောင်းပန်၊ ကျေအေးပြေလည်သင့်တာမျိုး မဟုတ်ပါလား။

တနည်းအားဖြင့် နိုင်ငံတော်အစိုးရရဲ့အကြမ်းဖက်ဖိနှိပ်ရေးယန္တရားဟာ သူ့ခြေသည်းလက်သည်းကို နည်းနည်းမှ အထိအခိုက် မခံဘူး ဆိုတဲ့ကြမ်းကြုတ်တင်းမာတဲ့ သဘောထားကို ထပ်မံဖော်ပြလိုက်တာပါပဲ။

ဘီဘီစီ(မြန်မာ) အဝန်းအဝိုင်းထဲမှာ ကိုနေလင်း စိတ်ရောကိုယ်ပါ ပြုမူခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒါဟာ “လုပ်သင့်လုပ်ထိုက်တယ်၊ မှန်တယ်”လို့မြင်တဲ့သူနဲ့“ကိုယ့် အလုပ်မဟုတ်ဘူး” (သတင်းထောက်အလုပ်မဟုတ်ဘူး) လို့ မြင်တဲ့သူတွေဆိုပြီး၊ အမြင်နှစ်ရပ်၊ ဘက်နှစ် ဖက် ကွဲပြားခဲ့တယ် ဆိုတဲ့ ပြောသံ၊ ဆိုသံလည်း နားစွန် နားဖျားကြားလိုက်ရပါတယ်။

မတရားမှုတစ်ခု(လူသတ်မှု/ မုဒိန်းမှုတစ်ခုခု မလွဲမရှောင်သာကြုံခဲ့ရင်) အကြင်သတင်းထောက်ရှေ့မှာ ဖြစ်ပျက်နေရင် သတင်း ဓါတ်ပုံနဲ့သတင်းပဲယူမလား။ ငါနဲ့မဆိုင်ဆိုပြီး လက်ပိုက်ကြည့်နေမလား။ ဒါမှမဟုတ် ကိုယ်တိုင် ပါဝင်တားဆီးမလား။ မတရားမှုနဲ့ ကြုံတွေ့ လာတဲ့အခါ ငါ့လမ်း ငါလျှောက်မယ်၊ ငါ့အလုပ် မဟုတ်၊ ငါနဲ့မဆိုင်လို့ ဆိုတဲ့ သဘောထားရှိသူများရဲ့ ဉာဏ်ပညာနဲ့နှလုံးသားကို ကျနော် အံ့သြ ပါတယ်။ ရှုံ့ချပါတယ်။ ရွံမုန်းပါတယ်။ ကိုယ့် အလုပ်မဟုတ်ဘူး (သတင်းထောက် အလုပ်မဟုတ်ဘူး) လို့ဆိုတဲ့ လူတွေနဲ့ကျနော် ပြတ်ပြတ်သားသားကွဲလွဲပါတယ်။ ကိုနေလင်း လုပ်ရပ်မှန်တယ် လို့ ကျနော်ယူဆပါတယ်။

အထက်အစိုးရရဲ့အမိန့်ညွန်ကြားချက်နဲ့အညီ စစ်တပ် ၊ရဲ၊ လုံထိန်း တို့က သပိတ်မှောက်တာ၊ ဆန္ဒပြတာတွေကို အင်အား သုံးပြီးအကြမ်းဖက်ဖြိုခွဲ၊တားဆီး၊နှိမ်နင်းတာတွေ လုပ်မြဲတိုင်းလုပ်ပါတယ်။ ပီပီပြင်ပြင်၊ ရက်ရက်စက်စက်လုပ်တာပါ။ မဆင်မခြင်လုပ်တာ ပါ။ တခြားရှည်ရှည်ဝေးဝေး သာဓက မပြချင်ပါဘူး။ နီးနီးနားနား၊ ပူပူနွေးနွေးမြင်လွယ်တာကိုပြပါ့မယ်။ “မတ် ၁၀ ရက်” လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရစဉ်က ပုံရိပ်တွေကို ပြန်ကြည့်ပါ။ သက်ရှိဖြစ်တဲ့ ကျောင်းသားလူငယ်တွေနဲ့ သက်မဲ့ရုပ်ဝတ္တုဖြစ် တဲ့မော်တော်ကားကို ရဲတပ်ဖွဲ့က ဘယ်လိုအကြမ်းဖက်ခဲ့ပါသလဲ။ နံပတ်ဒုတ်ကို အားရပါးရလွှဲပြီး၊ မြှောက်ပြီးရိုက်နှက်နေပုံတွေကို ပြန် ကြည့်လိုက်ပါ။

ဒီလို ပီပီပြင်ပြင်မိုက်မိုက် ကန်းကန်လုပ်ဝံ့သူတွေ/ လုပ်တဲ့သူတွေ ကို “သူရ၊သီဟ၊ရဲသူရ၊ရဲဗလ” စသဖြင့် ဘွဲ့မည်ရည်တွေပေး သနားပြီး နိုင်ငံတော်အစိုးရက ဂုဏ်ပြုတယ်မဟုတ်လား။

အလွတ်သတင်းထောက် “ကိုပါကြီး” ကိုယ်ခန္ဓာထဲ ဝင်သွားတဲ့ကျည်ဆံတွေ၊ လက်ပံတောင်းဒေသခံ တောင်သူဒေါ်ခင်ဝင်း ခေါင်းကို မှန်အောင်ပစ်ခဲ့တဲ့ သေနတ်ကျည်ဆံအတွက် ဘယ်သူ တာဝန်ယူခဲ့သလဲ။ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ဘယ်သူ့ကို အပြစ်ပေး အရေးယူခဲ့သလဲ။ စေတနာ့ဝန်ထမ်းကချင် ကျောင်းဆရာမလေးနှစ်ဦး အဓမ္မကျင့် အသတ်ခံရမှုအတွက် ဘယ်သူ့မှာ အပြစ်ရှိသလဲ။ ဘယ်သူ့ကိုအပြစ်ပေးအရေးယူမှာလဲ။

ဒီလို ယုတ်မာရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ နိုင်ငံတော်အစိုးရမှာ အကြမ်းဖက်မှု မျိုးကို ဒီလိုစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိနေသလား။

မကြာခင်က ပြည်ထဲရေးဝန်ကြီးက ရဲတွေကို ပြောတဲ့ သြဝါဒစကားကြားရပါတယ်။

ဒီပြောစကားက ခိုးဆိုး၊ လုယက်၊ သတ်ဖြတ်၊ မုဒိန်းကျင့်နေတဲ့ငမိုက်သားတွေကိုပဲ တည့်တည့် ဦးတည်လေသလား သို့တည်း မဟုတ် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူ သပိတ်မှောက်၊ ဆန္ဒပြသမားတွေအပေါ်ပဲ ရည်ရွယ်လေသလား မကွဲပြားပါ ဘူး။

ပြောတဲ့ စကားက ခပ်မိုက်မိုက်ပဲ။ “ခံမလာရစေနဲ့၊ ခံလိုက်ရတယ်ဆိုတာ မကြားချင်ဘူး၊ လက်ဦးမှု အရယူ” ဆိုသလား။ ပြည်ထဲရေးဝန်ကြီးပြောစကားက နာဠာဂီရိဆင်ကို အရက်ကိုးမောင်းတိုက်တဲ့ အချိုး မျိုးပဲ။ ဒါမှမဟုတ် ခွေးကို ကိုက်ရဲအောင် ကျားရိုး သွေးတိုက်တာပဲ။ ဒီလိုသဘောထားမျိုးက ခိုးဆိုးနှိုက်တဲ့ လူသတ်မုဒိန်းကောင်တွေ အပေါ်ပြောဆိုနေတာဆိုရင်တော့ ဘာမှပြောစရာ အကြောင်း မရှိပါဘူး။ အလုပ်သမား၊ လယ်သမားနဲ့ကျောင်းသားတွေအပေါ်မှာထားတဲ့ သဘောထားဆိုရင်တော့ ဒါဟာ ဗိုလ်နေဝင်းစစ် အုပ်စုရဲ့ မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့ အကြမ်းဖက်သဘောထားကိုအမွေဆက်ခံတာပဲဖြစ်မယ်။

“ ပြည်ထဲရေးထက် ဝမ်းရေးခက်၏။ ဝမ်းရေးထက် လွမ်းရေးခက်၏” လို့ ဆိုတဲ့ စကားရှိတယ် မဟုတ်ပါလား။

ဒီချုပ်ပါတီအစိုးရ အဖို့ကတော့ လွမ်းရေးထက် ဝမ်းရေးခက်၊ ဝမ်းရေးထက် “ပြည်ထဲရေး” က ပိုပြီး ခက်နေတယ်ထင်ပါရဲ့၊ ခက်တာကတော့“ပြည်ထဲရေး”တင်မကပါဘူး။“နယ်စပ်ရေး” ကလည်း ခက်၊ “ကာကွယ်ရေး”ကလည်း ခက်၊ အခက်တကာ့ အခက်ဆုံးက တော့ “ကာချုပ်” ပဲ ထင်ပါရဲ့ဗျာ။