ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● ပြည်ထောင်စု၏ရှေ့ခရီး (သို့မဟုတ်) နအဖအစိုးရ ပြုတ်ကျသောအခါ

ဂါမဏိ ● ပြည်ထောင်စု၏ရှေ့ခရီး (သို့မဟုတ်) နအဖအစိုးရ ပြုတ်ကျသောအခါ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၁ ၁ )
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၆

ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြန်မာနိုင်ငံဟာ ကမ္ဘာ့အာရုံစိုက်မှုအောက် ရောက်လာတဲ့အခါ မြန်မာပြည် မှာ နအဖကိုဖယ်ရှားပြီး ဒီမိုကရေစီအတိုက်အခံတွေနဲ့ အစားထိုးဖို့မသင့်တော်ကြောင်း၊ နအဖပြောတဲ့ ဒီမိုကရေစီ ဖော် ဆောင်ရေးပုံစံအတိုင်းသာသွားသင့်ကြောင်း ဆင်ခြေဆင်လက်တွေကို နယ်ပယ်ကဏ္ဍအများအပြားကနေပြီး အံ့သြ စဖွယ် ကြားလာရပါတယ်။ အဲဒီဆင်ခြေရှင် ရှေ့နေရှေ့ရပ်တွေထဲမှာ နိုင်ငံတကာက နိုင်ငံရေးသမားတွေ၊ နိုင်ငံ ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသူတွေနဲ့ ဇာတိမြေကို တခါမှခြေမချဖူး သို့မဟုတ် အမိ မြေရဲ့ပကတိအခြေအနေတွေနဲ့ နှစ်ပေါင်းများစွာကင်းကွာ အဆက်ပြတ်နေတဲ့ အဝေးရောက်မြန်မာတချို့တောင် ပါနေ ပါတယ်။ စစ်အစိုးရကိုဖယ်ရှားလိုက်ရင်တော့ ဒီ့ထက်ပိုဆိုးတဲ့ မကောင်းဆိုးဝါးသရဲသဘက်လောကကြီး ဖြစ်သွားလိမ့် မယ်လို့ ဒီပုဂ္ဂိုလ်တွေက ရူးရူးနှမ်းနှမ်း အော်နေကြလေရဲ့။

ဆင်ခြေတခုကတော့ စစ်အစိုးရပြုတ်ကျသွားရင် ဥပဒေမဲ့မှုတွေ၊ ဗရုတ်သုက္ခမင်းမဲ့အခြေအနေတွေနဲ့ ယူဂို ဆလားဗီးယား (ဆားဘီးယား-ဘော့စ်နီးယား ဟာဇီဂိုးဗီးနား-ခရိုအေးရှား) လို 'ဘော်လ်ကန်နိုင်ဇေးရှင်း' လို့ခေါ်တဲ့ တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲ အကြီးအကျယ်သွေးချောင်း စီးစစ်ပွဲတွေဖြစ်လာဖို့များတယ် ဆိုတာပါပဲ။ အဲသလို ဆိုရင် အခုလက်ရှိအနေအထားက ဘယ်လိုရှိနေလို့လဲ။ ဗမာပြည်မှာ ဥပဒေမဲ့မှုဖြစ်နေပြီးမဟုတ်ဘူးလား။ နိုင်ငံရဲ့ အမြင့်ဆုံးနာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ (သံဃာတွေ) ကို သတ်တာဟာ အဆိုးဆုံးဥပဒေမဲ့မှု သဏ္ဌာန်ပဲ ဖြစ်ပါ တယ်။ တဖက်မှာတော့ ရွှေဝါရောင်တော်လှန်ရေးကိုဦးဆောင်ဆင်နွှဲခဲ့တဲ့ သံဃာတော်တွေဟာ ကမ္ဘာမှာ ပြိင်စံရှားလှ တဲ့ အဆင့်အမြင့်ဆုံးစည်းကမ်းရှိမှု စနစ်ကျမှုကိုပြသခဲ့ကြပါတယ်။ ဗုဒ္ဓအယူဝါဒဟာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးတဲ့ သဘာဝ၊ မေတ္တာဓာတ် စီးဖြန်းတဲ့ဗီဇနောက်ခံတွေကြောင့် နာမည်ကျော်တာဖြစ်ပြီး အဲဒါကို မြန်မာသံဃာတွေနဲ့ ဆန္ဒပြ ပြည်သူတွေက ထပ်မံသက်သေပြလိုက်တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေဆိုတာ စိတ်ရူးပေါက် ကိုယ်ကျိုးကြည့် မင်းဆိုးမင်းညစ်တွေ အောက်မှာ အထွန်းကားအပွင့်လန်းဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ တရားဥပဒေအာဏာပိုင်စိုးမှု လုံးဝမရှိပါဘူး။ အတ္တ သမား ဗိုလ်ချုပ်ကြီးတွေရဲ့ပါးစပ်ကထွက်သမျှ ဥပဒေဖြစ်နေပါတယ်။ ဒီလိုအနေအထားမျိုးဟာ ရာဇဝတ်မှုတွေ ဗရမ်း ဗတာ ဗရုတ်သုက္ခတွေအတွက် အကောင်းဆုံး ရေခံမြေခံပါ။

ကိုယ်ကျိုးရှာစစ်အုပ်စုဟာ မင်းမဲ့ဝါဒနဲ့ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့ တခုတည်းသော အကြောင်းတရား ဖြစ်ပါတယ်။ အရည်အချင်းမရှိတဲ့စစ်အုပ်စုက တနိုင်ငံလုံးကို စစ်ကျွန်ပြု စစ်ဇာတ်သွင်းမှုကြောင့် မြန်မာနိုင်ငံဟာ ၁၉၈၇ ခုမှာ 'ဖွံ့ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည်' အဆင့်ကို ရောက်ခဲ့ရတယ်။ အဲဒီကနေ အနှစ်(၂ဝ) ထပ်ကြာသွားပြီးနောက်မှာတော့ ဗမာပြည်သမိုင်းမှာမပေါ်ခဲ့ဖူးတဲ့ ဖရိုဖရဲဗရုတ်သုက္ခတွေ၊ တလွဲတချော်စီမံခန့်ခွဲမှုတွေနဲ့ လူမှုရေးပဋိပက္ခတွေဟာ ကမ္ဘာ ပေါ်မှာ ကျရှုံးနိုင်ငံအနည်းငယ်လောက်ကပဲ လိုက်မီနိုင်တဲ့အခြေအနေဖြစ်နေပါတော့တယ်။ အခုဆိုရင် စစ်အုပ်စုဟာ သူ့ရဲ့လမ်းပြမြေပုံဆိုတာကို အကောင်အထည်ဖော်ဖို့ကြိုးစားနေပါတယ်။ အဲဒါအကောင်အထည်ပေါ်လာရင် ပိုပြီး ပျက် ယွင်းပြိုကွဲတာနဲ့ ပဋိပက္ခတွေပြင်းထန်သည်းသန်လာမှာ သေချာပေါက်ပါပဲ။ ဒီမြေပုံအတိုင်းဆိုရင် ဗိုလ်သန်းရွှေ သေပြီး နောက်မှာ သို့မဟုတ် လက်ရှိစစ်ဗိုလ်ချုပ်မျိုးဆက်လွန်ပြီးနောက်မှာ ဟေတီနိုင်ငံက ဒူဗေးလီးယား၊ မြောက်ကိုးရီးယား က ကင်အီဆွန်း၊ ဆီးရီးယားက အာဆဒ်တို့လို အာဏာရှင်မင်းဆက်ပဲ ပေါ်လာပါလိမ့်မယ်။

အတိုက်အခံဘက်ကြည့်ရင်တော့ အဓိကအဖွဲ့အစည်း အားလုံးလိုလိုမှာ အနည်းနဲ့အများတူညီတဲ့ ပင်မ တောင်းဆိုချက်တွေ မြော်မြင်မှုတွေရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် UNLD သို့မဟုတ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA တို့ဦးဆောင်တဲ့ တိုင်းရင်းသားအင်အားစုတွေဟာ ၁၉၉၈ ခု မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ထဲ ပေါင်းစည်းလက်တွဲထားပါတယ်။ ဒီကော်မတီကို ၁၉၉ဝ ခု တုန်းက အဓိကရွေးကောက်ခံခဲ့ရတဲ့ ပါတီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကြား နှောင်ကြိုးကို ၁၉၉ဝ ခု သြဂုတ်လ ဗိုလ် အောင်ကျော်လမ်းကြေညာချက်နဲ့ ပထမဆုံးစတဲခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေ ကလည်း UNLD, UNA နဲ့ဆက်စပ်နေပြီး အဲဒီကတဆင့် CRPP နဲ့ ချိတ်ထားပါတယ်။ ၁၉၉၈ ခုတုန်းကဆိုရင် အပစ် ရပ်အဖွဲ့ (၄)ဖွဲ့က CRPP ကို ဗြောင်အတိအလင်း ထောက်ခံခဲ့ပါတယ်။ အင်အားအကြီးဆုံး တရားဝင်ရှမ်းနိုင်ငံရေးပါတီ ရဲ့ခေါင်းဆောင် ခွန်ထွန်းဦးနဲ့အင်အားအကြီးဆုံး ရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့ကို ၂ဝဝ၅ ခုနှစ်မှာ နအဖက ဖမ်းဆီးအကျဉ်းချတဲ့ နောက်ခံအကြောင်းတခုကတော့ သူတို့ဟာ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေနဲ့ CRPP ကြားမှာ သြဇာညောင်းတဲ့ ပင်မအဆက်အသွယ်တွေ ဖြစ်နေလို့ပါပဲ။

၁၉၉ဝ ခုရွေးကောက်ပွဲတွေမှာ NLD နဲ့ UNLD တို့ဟာ လွှတ်တော်အမတ်နေရာ (၉၅)ရာခိုင် နှုန်းကိုရခဲ့တယ်။ NLD ဟာ တိုင်းရင်းသားဒေသတွေမှာလည်း အမတ်နေရာတွေ နိုင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်တွေအတွင်းမှာ လူထုအင်အားအများဆုံး ထွက်ကြိုကြ ထောက်ခံကြတာဟာ (တိုင်းရင်းသား) ပြည်နယ်တွေ မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်အုပ်စုက ဒေါ်စုအပေါ် ယုတ်မာရိုင်းစိုင်းလှတဲ့ ဒီပဲယင်းလုပ်ကြံမှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉ဝ ခုတုံးက NLD ဟာ တပ်နယ်မြေတွေမှာလည်း မဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် NLD ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တို့ဟာ ဗိုလ်ချုပ်ဟောင်းတွေ တပ်မတော်ခေါင်းဆောင်ဟောင်းတွေဖြစ်သလို တခြား 'အမြင်မှန်ရ'တဲ့ တပ်မှူးဟောင်း တွေ ရဲဘော်ဟောင်းတွေ အမြောက်အမြားလည်း မြန်မာပြည်ရဲ့အကြီးဆုံး အတိုက်အခံပါတီကြီးထဲမှာ ပါဝင်နေပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းအားဖြင့် စစ်တပ်နဲ့ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်း သားအင်အားစုတွေကြား တိုင်းပြည်အစိတ်စိတ် သွေးချောင်းစီးပြိုကွဲမှာမဟုတ်ဘဲ ငြိမ်းချမ်းတည်ငြိမ်စွာနဲ့ ညီညွတ် ပေါင်းစည်း သွားမှာသာဖြစ်ပါတယ်။

မြေအောက်အတိုက်အခံအဖွဲ့တွေဟာလည်း အရေးပါတဲ့ သဘောတူချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခု ဇူလိုင်လ မာနယ်ပလောစာချုပ်ကနေစခဲ့တာ ၁၉၉၇ ဇန်နဝါရီလမှာချုပ်ဆိုတဲ့ မယ်သရောထသဘောတူညီချက်ဆိုရင် အနာဂတ်ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် မှန်ကန်တဲ့ခြေလှမ်းတခုအဖြစ် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က အသိအမှတ်ပြုထောက်ခံခဲ့ပါတယ်။ ဒီစာချုပ်တွေဟာ ဒီမိုကရေစီအဖွဲ့တွေ သို့မဟုတ် လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့တွေကြားကွဲလွဲချက်တွေကို တန်းတူညီမျှသဘောတရားအရ ငြိမ်းချမ်းစွာစေ့စပ်ဖြေရှင်းဖို့လည်း သဘောတူထားတာကြောင့် ထူးခြားနေပါတယ်။

မြေအောက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အားလုံးနီးပါးဟာ ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားကောင်စီ NCUB အတွင်းမှာ စုစည်းညီညွတ်လျက်ရှိနေပါတယ်။ ဒီတပ်ပေါင်းစုထဲမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ (၁ဝ)ဖွဲ့၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသား သို့မဟုတ် လူနည်းစုအဖွဲ့ (၅)ဖွဲ့နဲ့ (ပြည်ပရောက် NLD ပါတီနဲ့ ကျောင်းသားတပ်မတော် အပါအဝင်) ဒီမိုကရေစီအဖွဲ့အစည်း သို့မဟုတ် အရပ်ဖက်လူထုအသင်းအဖွဲ့ (၁၃)ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အပြင် NLD ၊ တစညနဲ့ တိုင်းရင်းသားပါတီ (၇)ခုက ရွေးကောက်ခံရတဲ့ ပြည်ပရောက် အမတ် (၃၄)ယောက်ပါ ပါဝင်နေပါတယ်။ NCUB အပြင်ဘက်က တိုင်းရင်းသားအဖွဲ့တွေ၊ ဒီမိုကရေစီအဖွဲ့၊ အရပ်ဖက် အသင်း အဖွဲ့တွေကတော့ ပြည်ပရောက် UNLD အဖွဲ့၊ တိုင်းရင်းသားလူမျိုးစုများကောင်စီ ENC ၊ စစ်ရေးမဟာမိတ် (၅)ဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB ၊ SYCB နဲ့ NY Forum လို ကျောင်းသားလူငယ်တပ်ပေါင်းစုများ စတဲ့ တပ်ပေါင်းစုတွေကတဆင့် NCUB နဲ့ ချိတ်ဆက် ဒါမှမဟုတ် အပြန်အလှန်ဆက်စပ်နေပါတယ်။ ဒီလိုဆက်စပ်ညီညွတ် နေတယ်ဆိုတာ အားလုံးတသားတည်း ပြဿနာမရှိညီညွတ်ချစ်ကြည်နေတာကို မဆိုလိုပါဘူး။ အနိမ့်ဆုံးအားဖြင့် ပြဿနာတွေကို ဘော့စ်နီးယား၊ အရှေ့တီမော၊ အီရတ်တို့မှာလို အချင်းချင်းလက်နက်ကိုင်ပြီး သွေးချောင်းစီးဖြေရှင်း မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ကူးပြောင်းရေးကာလကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့အတွက် NLD ဟာ ၁၉၄၇ အခြေခံဥပဒေအပေါ် တစုံတရာအခြေခံထားတဲ့ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံးပါဝင်မယ့် ဒုတိယပင်လုံညီလာခံခေါ်ဖို့ အစီအစဉ်တွေလည်း ရှိထားပါတယ်။ အဝေးရောက် အတိုက်အခံ အင်အားစုတွေကလည်း အနာဂတ်အခြေခံဥပဒေတွေကို ရေးဆွဲဖော်ထုတ်နေကြပါတယ်။ အင်မတန့်ကို လွှမ်းခြုံမှုရှိရှိနဲ့ ကျယ်ပြန့်တဲ့အခြေခံနဲ့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်အခြေခံဥပဒေရေးဆွဲရေးနှင့်ဆက်စပ်ညှိနှိုင်းရေး ကော် မတီ FCDCC ရယ်၊ ပြည်နယ်အခြေခံဥပဒေရေးဆွဲရေးကော်မတီ SCDC (၈)ခုရယ်ဟာ ဖြစ်လာနိုင်တဲ့ ကွာဟမှုတွေ ပဋိပက္ခတွေကို ပြေလည်အောင်ညှိနေကြပါတယ်။

ယူဂိုဆလားဗီးယားတို့ အာဖရိကတိုက်ကတိုင်းပြည်တွေနဲ့မတူတာက မြန်မာပြည်ရဲ့ နှစ် (၂ဝဝဝ)ကျော် ယဉ် ကျေးမှုမြင့်မားခဲ့တဲ့သမိုင်းမှာ ဘောလ်ကန်နိုင်ဇေးရှင်းဆိုတဲ့ ယဉ်ကျေးမှုနိမ့် လူရိုင်းဆံဆံ အစိတ်စိတ်ကွဲ ထိန်းမနိုင် သိမ်းမရသတ်ကြဖြတ်ကြတဲ့အဖြစ်မျိုးမကြားဖူးပါဘူး။ မြန်မာ့သမိုင်းမှာရှိခဲ့တဲ့စစ်ပွဲတွေဟာ အဓိကအားဖြင့် ပဒေသရာဇ် ဘုရင်တွေက ပတ်ဝန်းကျင်နယ်မြေတွေအပေါ် ဘုန်းတန်ခိုးချဲ့ထွင်တဲ့ စစ်ပွဲတွေသာ ဖြစ်ပါတယ်။ ဒါဟာ ရှေးခေတ်က ဘယ်တိုင်း ပြည်မှာမဆိုထုံးစံဖြစ်တဲ့ ပဒေသရာဇ်တွေရဲ့အမူအကျင့်အတိုင်းပါပဲ။ မြန်မာပြည်လွတ်လပ်ရေးမရခင်နဲ့ ရပြီးစကာလက လူမျိုးရေးအဓိကရုဏ်းတွေဟာ ကိုလိုနီနယ်ချဲ့သမားတွေရဲ့ 'သွေးခွဲအုပ်ချုပ်ရေး' နည်းပရိယာယ် ကြောင့်နဲ့ လူမျိုးခွဲခြားရေးသမားအနည်းစုကြောင့် ပေါ်တာဖြစ်ပါတယ်။ အဲဒါတွေကို အမြော်အမြင်ကြီးတဲ့ နှစ်ဖက်တိုင်း ရင်းသားခေါင်းဆောင်တွေ ပြည်သူတွေက အမြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်အစိုးရက ဖက်ဒရယ်စနစ်ကို သရုပ်ဖျက်အဓိပ္ပာယ်တလွဲဖော်မှုဟာလည်း မြန်မာပြည်သူတွေအပေါ် အရင် ကလို မထိရောက်တော့ပါဘူး။ ဖက်ဒရယ်စနစ်ရဲ့တကယ့်အဓိပ္ပာယ်ကို ဗမာအပါအဝင် တိုင်းရင်းသားတွေက ပိုမိုသိမြင် လက်ခံလာကြပါပြီ။ အတိတ်ကာလစစ်ပွဲတွေမှာ အောင်နိုင်သူဖြစ်လေ့ဖြစ်ထရှိခဲ့တဲ့ ဗမာလူမျိုးတွေဟာ အခုအခါမှာ တိုင်းရင်းသားလူမျိုးတွေကို ကမ္ဘာ့စံနှုန်းတွေအတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ငြင်းပယ်ထားလို့ အကျိုးမရှိ ပုံကို သဘောပေါက်လာပါပြီ။ ဒါနဲ့ပတ်သက်လို့ တခုတည်းကြွင်းကျန်နေတဲ့ အဟန့်အတားကတော့ စစ်အုပ်စုပဲဖြစ်ပါ တယ်။ ၂ဝဝ၇ စက်တင်ဘာလမှာ ကုလသမဂ္ဂက ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဌာနေ တိုင်းရင်းသားအခွင့်အရေး ကြေညာ စာတမ်းဟာ ဗမာပြည်က ဒီမိုကရေစီနဲ့တိုင်းရင်းသားပြဿနာအတွက် အားဖြစ်စေပါလိမ့်မယ်။ နောက်တခုသိထားဖို့ ကတော့ ဗမာပြည်မှာ စစ်အစိုးရပြောနေသလို တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးလည်း မရှိပါဘူး။ အရေအတွက် အစစ် အမှန်က (၆ဝ)ပတ်ဝန်း ကျင်လောက်ပဲရှိပြီး နအဖက လူမျိုးတမျိုးတည်းကို နာမည် ၄-၅ မျိုးနဲ့ ထပ်ခါထပ်ခါ လှည့် ပတ်ရေတွက်ထားလို့ ဖောင်းပွနေတာပါ။

ကနေဒါနိုင်ငံ ကွိဘက်နယ်၊ ဗြိတိန်နိုင်ငံ စကော့တလန်နယ်၊ ဘယ်လ်ဂျီယမ်နိုင်ငံ ဖလန်ဒါး နယ်တွေမှာလိုဘဲ လုံးဝခွဲထွက်ချင်တဲ့ လူနည်းစုဆိုတာက အမြဲရှိပါတယ်၊ နောင်မှာလည်း ရှိနေမှာဓမ္မတာပါပဲ။ ဒါပေမဲ့ တိုင်းရင်းသား လူမျိုးတမျိုးစီအတွင်းမှာ အများစုကြီးကတော့ တန်းတူအခွင့်အရေးပဲ ရချင်တာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲထွက်ချင်သူ တွေမှာ သူတို့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်ဖို့နည်းလမ်းတွေ အနေအထားတွေလည်း မရှိပါဘူး။ ယခင် ဝန်ကြီးချုပ်ဦးနု လက်ထက် ၁၉၅၈ ခုတုံးကတောင် တိုင်းရင်းသားတွေဟာ ၁၉၄၇ အခြေခံဥပဒေရဲ့ ပုဒ်မ ၁၄ဝ ကို အသုံးချပြီး ဥပဒေနဲ့အညီခွဲထွက်ဖို့အခွင့်အရေး ရှိခဲ့တုန်းကတောင် ခွဲထွက်ဖို့အားထုတ်မှုမရှိခဲ့ဘဲ ပြည်ထောင်စုဘောင် ထဲမှာ အခွင့်အရေးပိုရဖို့ကိုသာ ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီနည်းကျ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒါကို နေဝင်း စစ်အုပ်စုက အကြမ်းပတမ်း အင်အားသုံးနှိပ်ကွပ်ခဲ့တာ ဖြစ်ပါ တယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ အထူးသဖြင့် အပစ်ရပ်အဖွဲ့တွေနဲ့အပစ်ရပ်အဖွဲ့ နယ်မြေတွေထဲက ပြည်သူလူထုတွေဟာ အခြေခံအားဖြင့် စစ်ပန်းနေကြပါတယ်။ ဒါကြောင့်လည်း နအဖက သူတို့အပေါ် ဖိအားပေး ခြိမ်းခြောက် ကစားလို့ရတာ ဖြစ်ပါတယ်။ ၁၉၉၈ ခု စက်တင်ဘာလတုန်းက အပစ်ရပ်အဖွဲ့တချို့ စစ်အုပ်စုကိုအာခံပြီး CRPP ကိုအားပေးခဲ့တုန်းက ဒေသခံလူထုဖိအားနဲ့ အပစ်ရပ်စစ်အရာရှိကြီးတွေရဲ့ စစ်ရှောင်လိုစိတ်ကြောင့် စစ်ပြန် မဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အေးခေတ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာမှာလွှမ်းလာတဲ့အကြမ်းမဖက်ရေး သဘောတရားနဲ့ မီဒီယာရဲ့သြဇာသက်ရောက်မှုတွေဟာ ဗမာပြည်က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအပေါ် ဖြစ်သင့်တာ ထက်ပို ပြီး သြဇာညောင်းခဲ့ပါတယ်။ ဗမာပြည်မှာ စစ်တိုက်ရေးထက် (သုံးပွင့်ဆိုင်) တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး တို့က ပိုခေတ်စားနေပါတယ်။

တဖက်ကကြည့်ရင် ကမ္ဘာပေါ်မှာ ဘော်လ်ကန်နိုင်ဇေးရှင်းတခုတည်းသာဖြစ်ကြတာ မဟုတ်ပါဘူး။ ချက်ကို စလိုဗေးကီးယားနိုင်ငံလို 'ကတ္တီပါလမ်းခွဲ'နဲ့ လုံးဝငြိမ်းချမ်းစွာခွဲခွာခဲ့ကြတာတွေလည်း ရှိပါတယ်။ အထိန်းအချုပ်မဲ့ ကျရှုံး နေတဲ့ နအဖစစ်အုပ်စုဘဝကနေ စစ်ဘုရင်တဖြစ်လဲ စစ်အုပ်စုဝင် ဗိုလ်ချုပ်တွေ သို့မဟုတ် တိုင်းမှူးတွေက သီးခြားစီ ထိန်းချုပ်တဲ့ အာဏာပြိုင် တဗိုလ်တမင်းနယ်ပယ်တွေ တထွေးကြီးအဖြစ်ပြိုကွဲသွားခြင်းအားဖြင့်သာ သမ္မတ ဆီယဒ် ဘားအလွန် ဆိုမာလီယာ၊ သမတနာဂျီဘူလာ အလွန် အာဖဂန်နစ္စတန်၊ သမတမိုဘူတူအလွန် ကွန်ဂိုနိုင်ငံတွေမှာလို ဘော်လ်ကန်နိုင်ဇေးရှင်းနဲ့ မင်းမဲ့ဝါဒ ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေနဲ့ မတူဘဲ ကံကောင်းထောက်မတာက မြန်မာနိုင်ငံမှာ ဥပဒေကြောင်းနဲ့ညီပြီး လူထုထောက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်မှုတရပ်က အာဏာယူဖို့ အသေ အချာပြင်ဆင်မှုရှိရှိ အရည်အချင်းရှိရှိနဲ့ အဆင်သင့်ရှိနေပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ တိုင်းရင်းသား အတိုက်အခံခေါင်းဆောင်တွေဟာ နအဖ စစ်ခေါင်းဆောင်တွေထက် ပိုပြီးအရည်အချင်းပြည့်ဝ၊ အတွေ့အကြုံလည်း ကြီး၊ အမြင်ပိုကျယ်၊ သဘောထားကြီး၊ အမြော်အမြင်ရှိတာ လုံးဝအသေအချာပါပဲ။ အီရတ်တို့ အာဖဂန်နစ္စတန်တို့နဲ့ မတူတာက မြန်မာပြည်က ယုတ်မာရက်စက်မှုတွေ အကြမ်းဖက်မှုတွေအားလုံးဟာ အုပ်စိုးသူနအဖရဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲမှာ အစွန်းရောက်သမားတွေ အကြမ်းဖက်သမားတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် နအဖ ကိုသာ ထိန်းချုပ် ဖယ်ရှားနိုင်ရင် နောင်မှာသွေးချောင်းစီးစရာ ရှိမှာမဟုတ်တော့ပါဘူး။

မျက်မှောက်ကာလမှာ စစ်အုပ်စုရဲ့ဦးနှောက်မဲ့ ရူးရူးနှမ်းနှမ်း စီးပွားရေးမူဝါဒတွေကြောင့် ဗိုလ်ချုပ်တွေကလွဲလို့ လူတိုင်းမွဲပြာကျနေပါတယ်။ စင်ကာပူက ဝါရင့်ခေါင်းဆောင်ကြီး မစ္စတာလီကွမ်းယူးကတောင် စီးပွားရေးနဲ့ပတ်သက် လာရင် ဒီဗိုလ်ချုပ်တွေဟာ 'လဒူ'တွေပဲလို့ သမုတ်ခဲ့ပါတယ်။ ပြည်သူပြည်သားတွေအတွက်ရော၊ တိုင်းရင်းသား လုပ် ငန်းရှင်တွေအတွက်ရော၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ အကျိုးအမြတ်ရှိမယ့် ဘာဂလိုဘယ်လိုက်ဇေးရှင်း မှ ဗမာပြည်မှာအမြစ်မတွယ်နိုင် ဖြစ်နေပါတယ်။ ဒါနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ NLD ဟာ မိမိခေါင်းဆောင်ပိုင်းကိုရော အောက်ခြေအဖွဲ့ဝင်တွေကိုပါ ဘာသာရပ်ပေါင်းစုံနဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်မီအောင် အရည် အသွေးမြှင့်တင်ပေးမှု တွေ တောက်လျှောက်လုပ်နေခဲ့ပါတယ်။ တနေ့နေ့မှာ တရုတ်၊ ဗီယက်နမ်တို့လို ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းစီးပြီး တိုင်းပြည်တိုးတက်စေဖို့ မျှော်မှန်းချက်နဲ့လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်တင်းနေပါတယ်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေဟာလည်း နှစ်ပေါင်းများစွာ ပြည်ပမှာလေ့လာသင်ကြားနေခဲ့ပြီး ငြိမ်းချမ်း ရေး နောက်ခံ နိုင်ငံတကာအဆင့်စွမ်းဆောင်ရည်တွေ ကောင်းကောင်းလေ့ကျက်ထားပါပြီ။

အရေးကြီးတဲ့အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ချက်ခြင်းလက်ငင်း 'အစိုးရပြောင်းပစ်ရေး' ကို တောင်းဆိုနေတာမဟုတ်ဘဲ မြန်မာ့တပ်မတော်ရဲ့အခန်းကဏ္ဍကို အလေးထားစဉ်းစားပြီး စေ့စပ်ဆွေးနွေး ညှိနှိုင်း ရင်း နိုင်ငံရေးအဖြေရှာဖို့နဲ့ သိပ်မဝေးတဲ့ အနာဂတ်တချိန်မှာ စစ်တပ်အုပ်စိုးမှုကို အပြီးအပိုင်ဖျက်သိမ်းဖို့သာ တောင်းဆို နေတာ ဖြစ်ပါတယ်။ ၂ဝဝ၆ ဖေဖော်ဝါရီမှာ NLD က ကူးပြောင်းရေးအစီအစဉ်တခု အဆိုတင်ခဲ့ရာမှာ နအဖကို ကြား ကာလတခုအတွက် 'ဒီဂျူရီ' တရားဝင်အစိုးရအဖြစ် ၁၉၉ဝ ရွေးကောက်ခံလွှတ်တော်က အသိအမှတ်ပြုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ၂ဝဝ၇ သြဂုတ်လမှာလည်း ရွေးကောက်ခံအမတ် (၉၂) ယောက်က အစားထိုးလမ်းပြမြေပုံတခု အဆိုပြုခဲ့ရာမှာ နအဖကို အခြေခံဥပဒေရေးဆွဲရေးနဲ့ကူးပြောင်းရေးဖြစ်စဉ်တွေအတွင်း ရွေးကောက်ခံ NLD အမတ် တွေ၊ တိုင်းရင်းသားအမတ်တွေနဲ့အတူ အရေးပါတဲ့အခန်းကပါဝင်ခွင့် ကတိပေးခဲ့ပါတယ်။ "ဘယ်ဟာကိုမဆို စေ့စပ်ညှိ နှိုင်းလို့ ရနိုင်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ တပ်မတော်ကို ဖျက်သိမ်းပစ်မှာမဟုတ်ဘဲ စစ် အာဏာရှင်စနစ်ကိုသာ စနစ်တကျညှိညှိနှိုင်းနှိုင်းနဲ့ ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံတွေအားလုံးရဲ့ တညီတည်းသဘောထားလည်းဖြစ်ပါတယ်။ ခေါင်းမာလှတဲ့ဗိုလ်ချုပ်တွေကတော့ ဒီကမ်းလှမ်းချက်အားလုံးကို ပယ်ချ ပစ်ခဲ့ပါတယ်။ တကယ်တော့ ဒီအဓိပ္ပာယ်ပြည့်ဝလှတဲ့အဆိုပြုချက်တွေဟာ တင်းမာလှတဲ့စစ်အုပ်စုဘက်ကနေ အူတူ တူနဲ့ ရှေ့နေလိုက်နေသူတွေပြောနေတဲ့အဓိပ္ပာယ်မဲ့ 'တဖြည်းဖြည်းပြောင်းလဲရေး' အသံတွေနဲ့ အင်မတန်မှ ကွာခြားလှ ပါတယ်။ နအဖစစ်အုပ်စုကလည်း တဖြည်းဖြည်းပြောင်းလဲရေးလုပ်နေပါတယ်လို့ (၁၉)နှစ်လုံးလုံး ပြောနေခဲ့ရာမှာ ရလဒ်ကတော့ ဗုဒ္ဓသားတော်ရဟန်းသံဃာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာပဲ ဖြစ်လာပါတယ်။ ဒါကြောင့် စစ်အစိုးရရဲ့တဖြည်းဖြည်းပြောင်းလဲရေးအတိုင်းဆိုရင်တော့ ဘာမှ ဒီမိုကရေစီဘက် ပြောင်းလဲမှာမဟုတ်ဘဲ ပိုပြီးတော့ သွေးချောင်းစီးဖို့သာရှိပါတယ်။
နအဖစစ်အုပ်စုကို ဖိအားမပေးဘဲ လူမိုက်အားပေး ထိတွေ့ဆက်ဆံရေးလုပ်ဖို့လည်း အာဆီယံ၊ တရုတ်၊ ဂျပန် နိုင်ငံတွေက ဆော်သြကြရပ်တည်ကြပါတယ်။ ဒါနဲ့ပဲ ဂျပန်နိုင်ငံခမျာ သူ့သတင်းထောက် မစ္စတာနဂါအီတယောက် ရွှေဝါရောင်တော်လှန်ရေးအတွင်း အနီးကပ်ပစ်သတ် ခံလိုက်ရပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ချင်လ်စတန်ပါ့က် ဆွေး နွေးပွဲဆိုပြီး နအဖနဲ့ထိတွေ့ဆက်ဆံ ကျောသပ်ရင်သပ်လုပ်ဖို့ ကြိုးစားနေသူတွေရှိပါတယ်။ ဒါတွေအားလုံးရဲ့ရလဒ် ကတော့ စစ်ကျွန်ပြုလူသတ်ယန္တရား ပိုမိုကြီးထွားလာပြီး အိမ်နီးချင်းတိုင်းပြည်တွေဆီ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ ပိုထွက်လာတာ ဖြစ်ပါတယ်။ အေ့ဒ်စ်အပါအဝင် ရောဂါဆိုးတွေ၊ အဓမ္မလုပ်အား ပေးတွေ၊ စစ်တပ်ရဲ့ မုဒိမ်းမှုတွေနဲ့ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်တွေ ပိုပြန့်နှံ့ ပိုများပြားလာတာလည်း အားလုံးအသိပါပဲ။

ဒီတော့ နိုင်ငံမှာ အလေးအမြတ်အထားဆုံး (သာသနာ့)အလွှာကို တိုင်းပြည်ရဲ့အမြင့်မြတ်ဆုံးဘုရားပုထိုး ပေါ်မှာ ဗုဒ္ဓဘာသာရဲ့ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်တဲ့ လပြည့်နေ့ကြီးမှာ သွေးချောင်းစီးသတ်ပစ်ဖို့ လက်မနှေးတဲ့ စစ် အုပ်စုကို မ,တင်ပေးနေလို့ ဘာအကျိုးထူးများရနိုင်မယ်ထင်နေကြပါသလဲ။ စိတ်ကူးယဉ်အမြင်သာဖြစ်တဲ့၊ လက်တွေ့ မဖြစ်နိုင်တဲ့ ဘော်လ်ကန်နိုင်ဇေးရှင်း သွေးချောင်းစီးပြိုကွဲမှုနဲ့ မင်းမဲ့ဝါဒဗရုတ်သုက္ခအခြေအနေဆိုးကို ကာကွယ်ဖို့ဆိုပြီး ဒီလိုစစ်အစိုးရမျိုးနဲ့ ထိတွေ့ဆက်ဆံတာ၊ ပိုနေမြဲကျားနေမြဲအခြေအနေထိန်းသိမ်းဖို့ရပ်ခံတာဟာ လူ့ကျင့်ဝတ်အရ လုပ် သင့်သလား၊ ဖြစ်ရောဖြစ်နိုင်မှာလား။ ဒီလိုသွေးချောင်းစီးဖရိုဖရဲအလားအလာကို တကယ်ကာကွယ်ချင်ရင်တော့ ဒီစစ် အစိုးရနေရာမှာ အတိုက်အခံတွေ ဖော်ထုတ်ပြထားတဲ့ လမ်းပြ မြေပုံအတိုင်း ပြည်သူက အခွင့်အာဏာအပ်နှင်းထားတဲ့ အတိုက်အခံတွေနဲ့ အစားထိုးဖယ်ရှားပစ်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိပါ။

ဂါမဏိ
(၂၀၀၈)