ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၃)

စိုးလွင် ● ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ - အပိုင်း (၃)
(မိုးမခ) ဇူလိုင် ၊ ၂၀၁၆

ဒီလိုနဲ့ပဲ ပစ်ခတ်ရင် နေလည်ထမင်းစားချိန်ရောက်လာတော့ ကိုယ့်အတွဲလိုက် တယောက်ပစ်နေတဲ့ အချိန် တယောက်ထမင်းစားပေါ့..ရေဗူးထဲကရေနဲ့ လက်ကိုဆေး.. ထမင်းထုပ်ကိုဖြေ.. တက်သုတ်ရိုက်ပြီးအမြန်စား… ။ ပြီးရင် ဘောင်ဘီးနဲ့ လက်သုတ်လိုက်တာပဲ..။ တခါတလေ အရေးကြီးရင် ထမင်းစားတာကိုရပ်ထားပြီး ထပစ်ရသေးတယ်။

ညနေ ၄ နာရီလောက်ကျတော့ ရန်သူက အပစ်ရပ်သွားပါပြီ။

သူတို့ရဲ့နောက်တန်းကို ပြန်ဆုတ်သွားပြီး နောက်နေ့အတွက် ပြန်စုဖွဲ့မှုလုပ်မှာပါ။ ကျနောတို့လည်း တိုက်ပွဲကပြီးသွား..။ ကိုယ်လည်းနိုင်လိုက်တော့ တယောက်နဲ့ တယောက် ဒီနေ့တနေ့တာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြောပြီး နောက်ပြောင်ရီကြ ပေါ့…။ ဥပမာ..ကျည်ဖြည့်တာ..ကျည်ဘောက်ထဲကို ကျည်ဆန်ပြောင်းပြန်ဖြည့်မိတာတို့…၊ ဆက်သွယ်ရေးမြောင်းထဲမှာ ချော်လဲတာတို့…၊ ရီစရာတွေ့တော့ ရီပေါ့လေ။

စိတ်မကောင်းစရာတခုက ဒီနေ့တိုက်ပွဲမှာ ကျနော်တို့ကျောင်းသားတွေ တယောက်မှ ကျဆုံးမှုမရှိပေမဲ့ ရန်သူရဲ့လက်နက်ကြီး ကြောင့် ကျောင်းသားထဲက အေးကို၊ ကျော်ဝင်း၊ ဒေဗစ်ပေါလ် အပါအ၀င် ၄…၅ ယောက်လောက် ဒဏ်ရာရသွားကြောင်း သိရတယ်။ အေးလေး..ဘာပဲဖြစ်ဖြစ် နောက်နေ့တိုက်ပွဲ အတွက် အားမွေးရအုံးမှာပေါ့..မသေမချင်းပေါ့လေး….။

(၅)
တိုက်ပွဲတတိယမြောက်နေ့..မနက် ၄ နာရီထိုးပြန်ပါပြီ။

တညလုံး နှစ်ယောက်ထဲ တယောက်တလဲ ကင်းစောင့်ရလို့ အိပ်ပြီး နိုးလာတယ်ပြောရမလား.. တညလုံးမအိပ်ရသေးဘူးလို့ ပြောရမလားမသိတော့ပါဘူး။

ရဲဘော်တွေအားလုံး နိုးထပြီဆိုတာ မှောင်နေလို့ မမြင်ရပေမဲ့ ၀တ်ဆင်ထားတဲ့ equipment တွေနဲ့ ဆက်သွယ်ရေးမြောင်းရဲ့ပွတ်တိုက်သံ..ခပ်အုပ်အုပ်ချောင်းဆိုးသံ..၊ ဆေးလိပ်သောက်ဖို့ မီးခြစ်ခြစ်သံ တွေကြောင့် သိနေရပါပြီ။ ရန်သူကလည်း ထုံးစံအတိုင်းတလုံးချင်း အဆက်မပြတ် ပစ်နေပါတယ်။ ကျနော်တို့လည်း လုပ်နေကြအတိုင်း မျက်နှာသစ် ထမင်းစားပြီး အိမ်သာတက်ဖို့လုပ်ရပါပြီ်။

ဒီတခါတော့ ကျနော်ကံဆိုးတယ်ပြောရမလားမသိဘူး၊ အီးပါတဲ့နေရာကိုပြေးသွားပြီး ထိုင်ချလိုက်တဲ့ အချိန်..စားထားတာများလို့လား..၀မ်းချုပ်လို့ပဲလားမသိ၊ ရပ်သင့်ချိန်တန်ပေမဲ့ ရပ်လို့မရဘူး ဖြစ်နေတယ်။ ဒီလိုကိစ္စမျိုးက သိတဲ့အတိုင်း ရပ်ချင်တိုင်းရပ်လို့မရ။ ဒါနဲ့ပဲ ဆုံးဖြတ်ချက်ချရတော့တယ်. နောက်တလုံး လက်နက်ကြီးကျတဲ့အထိ စောင့်တော့မယ်လို့။

ကိုယ့်ကံပေါ့လေး..ဒီအချိန်မှာပဲ လက်နက်ကြီးကျည်ဟာ ကျနော့်ခေါင်း တော်တော်ဝေးဝေးပေါ်ကနေ ၀ီခေါ်ပြီး ဖြတ်သွားတာကြားရတဲ့အတွက် ကျနော့်ကို မထိနိုင်တော့ဘူးဆိုတာ သိလိုက်ပါပြီ။ ဒီတခါတော့ အားရပါရကို ဇိမ်ကျကျသွား လိုက်ပါတယ်။ ..ပြီးတော့ ဆက်သွယ်ရေးမြောင်းဆီကို မပြေးတော့ဘဲ အေးဆေးပဲ လမ်းလျှောက်သွား လိုက်တယ်။ ကျနော်ဘန်ကာကိုရောက်ပြီး မကြာခင်မှာပဲ ကိုစောထူး ရောက်လာပြီး အခြေအနေကိုမေးတယ်.. ထူးခြားမှုမရှိသေးကြောင်း ပြောပြပြီး..မနေ့က တိုက်ပွဲအကြောင်း အပြန်အလှန်ပြောနေတုန်း..ကိုစောထူးက ကျနော့်ကိုမေးတယ်..

”မနေ့က ခင်ဗျာဘေးနားက ကျည်ဆန်တွေဖြတ်နေတာ ခင်ဗျားသိလား”တဲ့..

”ဟာ..မသိဘူး..၊ ခင်ဗျားက ဘယ်လိုသိတာလဲ”လို့ ပြန်မေးတော့..တရွီ ရွီနဲ့ လေချွန်သံပေးပြီးဖြတ်သွားတာတွေဟာ ကျည်ဆံတွေပေါ့တဲ့။ အောင်မယ်လေး…ကိုယ်လည်းကြားတာပေါ့။ ဒါပေမဲ့ ကျည်ဆံတွေလို့ မထင်ဘူး..။ လေတိုးသံလားလို့ ထင်နေတာ။ ကံကောင်းလိုက်တာ၊ သေကံမရောက်သေးတော့ အသက်မပျောက်သေးဘူးပေါ့လေ။ ခင်ဗျား မနေ့က ဘာကြောင့်မပြောတာလဲ ဆိုတော့..ခင်ဗျားသိတယ် ထင်လို့တဲ့…။ အေးလေး..ဘာပဲပြောပြော သင်ခန်းစာနောက်တခုပေါ့။
….

ဒါနဲ့ပဲ အလင်းရောင်လာတာနဲ့ တိုက်ပွဲတွေဖြစ်ပြန် ..တနေကုန် ပစ်ကြ ခတ်ကြ..ညနေ ၄ နာရီ လောက်ကျတော့ ရန်သူက ပြန်ဆုတ်သွား..ကိုယ်တွေကလဲ ညနေစား ထမင်းစားကြ.. ဒီနေ့ တိုက်ပွဲအတွေ့အကြုံတွေ ပြောကြ ရီကြ..ညရောက်တော့ ကင်းစောင့်ကြပြန်..ဒီလိုနဲ့ဘဲ မိုးလင်းပြန်..

မနက် ၄ နာရီရောက်တော့ တိုက်ပွဲဝင်ရန် ပြင်ရပြန်…ဒီနေ့ ထူးခြားတယ်ခင်ဗျာ့..ရန်သူက လုံးဝလက်နက်ကြီးမပစ်ဘူး။ မနက် ၇ နာရီထိုးတဲ့အထိ လက်နက်ကြီးလည်းမပစ်၊ ရန်သူလည်း မတက်လို့ ကေအန်ယူက တာဝန်ရှိတဲ့သူတွေ မေးကြည့် တော့ ရန်သူတပ်တွေ ချိန်းနေတဲ့အတွက် ဒီနေ့ရန်သူ မတက်ဘူးတဲ့။ ကောင်းတာပေါ့..ကိုယ်တွေလည်း နားရတာပေါ့..ဒီအချိန်မှာဘဲ ရဲဘော်တယောက်က ပြောလာတယ်.ထိပ်တိုက် ဘယ်ဘက်အခြမ်းမှာ ကေအန်ယူက တက်ရှင်းပြီး ရန်သူ့အ လောင်းတွေ ကောက်နေတယ်တဲ့။ ကိုယ်လည်း မမြင်ဘူးတာနဲ့ သွားကြည့်ခဲ့တယ်။ ဟာ…တွေ့ပါပြီး ရန်သူအလောင်တွေ။ သုံးပုံတောင်။ တပုံကို အနည်းဆုံး အယောက် ၂၀ လောက်ရှိမယ်။ ပေါင်း အယောက် ၆၀ ကျော်လောက်ရှိမှာပေါ့။

မြန်မာပြည်မှာနေတုန်းက စည်ပင်သာယာက ခွေးလေ ခွေးလွင့်တွေကို အဆိပ်ကျွေးသတ်တာမြင်ဘူးပါတယ်။ ဒီလောက် များများသေတာ မမြင်ဘူဘူး။ အော်..တရားရစရာ..အလောင်းလာကြည့်တဲ့ ကေအန်ယူရဲဘော်တွေကို တယောက်တ လောင်း မီးရှို့တဲ့နေရာ ဆွဲပုံရမယ်ဆိုလို့ (သေတာလည်း နှစ်ရက် သုံးရက်ရှိပြန် နေကလည်း ပူဆိုတော့ အလောင်းတွေက အနံ့နည်းနည်းထွက်ပြီး ပွစိစိဖြစ်နေပါပြီး) ရဲဘော်ကလေးတွေခင်ဗျာ ရွံရွံရှာရှာနဲ့ အလောင်းကို ခြေထောက်ကနေထမ်းပြီး ခေါင်းကိုမြေကြီးမှာ ဒရွတိုက်ဆွဲသွားကြတယ်။ ကျနော်မရောက်ခင် ဘယ်အချိန်ကထဲက ဆွဲနေကြလဲမသိဘူး.သူတို့ဆွဲသွား တဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ မြက်တွေသေနေပြီး စွပ်ကြောင်းတောင် ဖြစ်နေတယ်။

သေနေတဲ့အလောင်းတွေကို ကြည့်လိုက်တော့ တယောက်ကို အနည်းဆုံး နှစ်ချက် သုံးချက် ထိထားတဲ့ အလောင်းတွေကြီး ဘဲ။ စစ်ဖိနပ်လည်း စီးထားတာမတွေ့ရဘူး။ နဂိုထဲက မစီးလာကြတာလား..ကရင်ရဲဘော်တွေဘဲ ဖြုတ်ယူလိုက်လာတော့ မသိဘူး။ စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်ဘန်ကာကိုပြန်လာလို့ မကြာသေးဘူး.ကိုစောထူးနဲ့ ကရင်ရဲဘော်တယောက် ရောက်လာပြီး သူတို့လည်း ကျနော်တို့အရှေ့ကို တက်ရှင်းမယ်။ သူတို့ကို လုံခြုံရေးယူပေးဖို့ အကူအညီတောင်းလာ တော့တယ်။ ဒါနဲ့ဘဲ ကျနောအပါအ၀င် ၄..၅ ယောက်လောက်က ခြံစည်းရိုးအပြင်ထွက်ပြီး လုံခြုံရေးယူပေးပေါ့။ ရန်သူ့ထက် ကိုယ့်မိုင်းကိုယ် နင်းမိမှာကို ကြောက်နေရတယ်။ ကိုစောထူးနဲ့ ရဲဘော်တယောက်လဲ ခြုံတောတွေကိုတိုးပြီး ရှေ့ကိုထွက် သွားကြတယ်။ ၂ နာရီလောက် (ကိုယ့်စိတ်ထဲမှာတော့ ကမ္ဘာတည်သလောက်) ကြာတော့ မြွေခွံအိတ် တယောက်တလုံး စီထမ်းပြီး ပြန်ရောက်လာကြတော့တာဘဲ။

ကျနော်တို့လည်း သူတို့အထုတ်တွေ ၀ိုင်းသယ်၊ စခန်းထဲကို အမြန်ပြန်ဝင်၊ ရလာတဲ့ အိတ်တလုံးကို ဖွင့်ကြည့်တော့.တ အိတ်လုံး ခွင်ဗုံးတွေ၊ နောက်တလုံးကို ဖွင့်ကြည့်တော့ ခါးတွေ လက်မောင်းတွေမှာပတ်တဲ့ လည်ပင်းတွေမှာဆွဲတဲ့ လက်ဖွဲ့ တွေ၊ မှတ်ပုံတင်တွေ၊ လမ်းစဉ်လူငယ်ကဒ်တွေ၊ စာတွေ တွေ့ရတာပါဘဲ။ စားစရာအနေ့နဲ့ ငါးခြောက်တစည်းနဲ့ အမွေး နုတ်ပြီးသာ ကြက်နှစ်ကောင် တွေ့ရတယ်။ ကြက်နှစ်ကောင်က နည်းနည်းအပုတ်နံ့ထွက်နေလို့ လွှင့်ပစ်လိုက်ပြီး ငါးခြောက် ကိုတော့ မီးဖုတ်ပြီး ဝေမျှစားကြပေါ့(နောက်ပိုင်း ဖမ်းမိတဲ့ ရန်သူစစ်သားပြောပြလို့သိရတာက သူတို့ ဒီစခန်းကို မတိုက်ခင်မှာ သက်ဆိုင်ရာ အရာရှိတွေပြောတာက..၀မ်ခ (ဟောင်း) စခန်းမှာ ကရင်အနည်းငယ်နဲ့ စစ်ရေးအတွေ့အကြုံမရှိတဲ့ ကျောင်း သားတွေဘဲရှိတယ်။ သူတို့သေနတ်တွေဟာလည်း မီးကျိုးမောင်းပျက်တွေ၊ မင်းတို့ဝင်တိုက်တာနဲ့ ထွက်ပြေးသွားကြမှာ။ ဒါ ကြောင့် စခန်းသိမ်းပြီးမှ ချက်စားကြမယ်ဆိုလို့ ရွာတွေက ကြက်တွေကို ရိုက်သတ် အမွှေးနုတ်ပြီး ယူလာတာဖြစ်ကြောင်း ပြောပြတယ်)

ရလာတဲ့စာတွေထဲက တစောင်ကိုဖတ်ကြည့်တော့..”မောင်….မ….သတိရချင်များစွာနဲ့ စာရေးလိုက်ပါတယ်။ မမှာ ကိုယ်ဝန် ရှိနေပြီ။ ဒီတခေါက် မောင် ရှေ့တန်းကပြန်လာရင် လက်ထပ်လို့ရအောင် ဖေ့ဖေ့ကို ကြိုပြောထားလိုက်မယ်” လို့ ရေးထားတဲ့ စာတစောင်။

နောက်တစောင်က” အကို အမြည်းလုပ်ဖို့ ငါးခြောက်ထည့်ပေးလိုက်တယ်..အရက်တွေလဲ သိပ်မသောက်နဲ့အုံး..ဒီတခေါက် ရှေ့တန်းကပြန်လာရင် မောင်ဗမာစက်ဘီးတစီး ၀ယ်လာခဲ့ပါ..အငယ်ကောင်လေးလဲ လမ်းလျှောက်တတ်နေပြီး”တဲ့။

အော်..သူတို့ယောက်ျားတွေကတော့ သေပြီး ကျနော်လည်း နောက်စာတွေကို ဆက်မဖတ်ချင်တော့ဘူး။ ရလာတဲ့ အဆောင် လက်ဖွဲ့တွေကိုလည်း သေနတ်ပြီးတယ် ဓါးပြီးတယ်ပြောပြီး လုနေကြလို့၊ ကိုယ်ပါ ၀င်လုမလား လုပ်သေးတယ်။ နောက်မှ စဉ်းစားမိတာက ပိုင်ရှင်တွေကိုယ်တိုင်တောင် တိုက်ပွဲမှာ ကျဆုံးသွားပြီးဟာ လက်ဖွဲ့က မစွမ်းလို့ပေါ့။ ဒါကို ရဲဘော်တွေကို ပြန်ပြောပြတော့ သူတို့လည်းသဘောပေါက်ပြီး ပြန်လွှတ်ပစ်လိုက်ကြတယ်။

ကျနော်လည်း တက်ရှင်းတဲ့ ကိုစောထူးတို့ကို အကျိုးအကြောင်းမေးကြည်တော့ ရန်သူဟာ သူတို့ရဲဘော်တွေရဲ့ အလောင်း တွေကို မဆွဲနိုင်လို့ မြှုပ်သွားရာမှာ တကျင်းကို နှစ်လောင်း သုံးလောင် မြှုပ်သွားကြောင်း။ တချို့ကျင်းတွေဆို ခြေတွေ လက် တွေပေါ်နေကြောင်း။ သူတို့လည်း ဝေးဝေးမရှင်းလင်းနိုင်ဘဲ နီးနီးဘဲရှင်းလင်းနိုင်ကြောင်း ပြောပြပါတယ်။

ဒီနေ့ တနေ့လုံး တိုက်ပွဲမဖြစ်ပေမဲ့ ကြားရမြင်ရသမျှ စိတ်ချမ်းသားစရာမရှိတာရော၊ နှစ်ရက် သုံးရက် ရေမချိုးရသေးလို့ ရေ ချိုးချင်လာတာနဲ့ သောင်းရင်မြစ်ကမ်းဘက်ကို ထွက်လာလိုက်ပါတယ်။ မြစ်ကမ်းရောက်တော့ မုတ်ဆိပ်ရိတ်နေတဲ့ ဆရာ အက်ကလေးကို တွေ့ရလို့ သူကို နှုတ်ဆက်ပြီး သေနတ်ကို ကမ်းဘေးမှာချလိုက်ပြီး သောင်းရင်မြစ်မှာ စိမ်ပြေနပြေရေဆင်း ချိုးပါတယ်။ ချိုးလို့ တ၀က်တပျက်လောက်ရှိသေး ထိုင်းဘက်ကမ်းက စက်လှေတစီးဟာ အရှိန်ပြင်းပြင်းနဲ့ ကျနောတို့ဘက် ကမ်းကို မောင်းလာတာတွေ့လို့ ကမ်းပေါ်အမြန်ပြေးတက် သေနတ်ယူပြီး ပစ်ခတ်ဖို့ အဆင်သင့်လုပ်နေလိုက်ပါတယ်။

ဒါကိုတွေ့တဲ့ ဆရာအက်ကလေးက မပစ်ဖို့ ကျနော့်ကို လှမ်းတားပါတယ်. ကျနော်လည်း သတိနဲ့စောင့်ကြည့်နေတုန်း လှေ က ကမ်းပေါ်ကို အရှိန်နဲ့ထိုးတင်လာပါတယ်။ လှေမောင်းသမားရော လှေထိုးသားပါ အမြန်ခုန်ဆင်းလာပြီး လှေဝမ်းထဲမှာ ရှိနေတဲ့ ငါးဒန်ငါး (ကျနောတို့အခေါ်..ငါကြီး) တွေကို ကမ်းပေါ်ကို ပစ်တင်ပါတော့တယ်။ ကျနော်လည်း အံ့သြပြီး ကြည့်နေ မိတယ်။ ငါးတွေကုန်တာနဲ့ လှေသားနှစ်ယောက်လည်း ကျနော်တို့ကို စကားလည်းမပြော၊ လှည့်လည်းလဲမကြည့်ဘဲ (ကြောက်လို့) လှေပေါ်ခုန်တက်ပြီး ထိုင်းဘက်ကမ်းကို မောင်းပြေးပါတော့တယ်။

သူတို့ထွက်သွားတာနဲ့ ဆရာအက်ကလေးက ကျနော့်ကို ..မင်းတို့ကျောင်းသားတွေခေါ်ပြီး တယောက် တကောင်နှုန်း ယူ ခိုင်းလိုက်ကွာလို့ပြောတာနဲ့ ကိုယ့်ရဲဘော်တွေကို အမြန်ပြေးခေါ် အမောင်တွေလည်း ၀မ်းသာအားရနဲ့ ပြေးဆွဲကြပေါ့။ ၀မ်းသာမှာပေါ့ တောထဲရောက်တာကနေ ခုချိန်ထိ တပ်စိပ်တစိပ်ကို ငါးတကောင်တောင် မစားရသေးတာ။ တယောက် တကောင်နှုန်းဆိုတော့ ချက်ဖို့ ပျင်းကြတာလားမသိဘူး။ မီးကင်းပြီးဘဲ စားလိုက်ကြတယ်။ စားလို့ဝမှ ဆရာအက်ကလေးကို မေးကြည့်တယ်။ ဒီငါးတွေကို ကေအန်ယူက ပေးတာလား၊ ကျောင်းသားအဖွဲ့က ပေးတာလားလို ဆရာအက် ကလေးပြောပြ မှ အကြောင်းစုံသိတော့တယ်။ ဘယ်အဖွဲ့ကမှ ပေးတာမဟုတ်ဘူး။ တို့နဲ့ အစိုးရစစ်တပ်တိုက်တာကို လောင်းတဲ့သူတွေထဲက နိုင်တဲ့သူကပေးတာ။ အစိုးရစစ်တပ်ဘက်က လောင်းတဲ့သူက မဲဆောက်မှာနေတဲ့ မြန်မာပြည်ဖွား ပန်ချာပီကုလားသူဌေးတွေ။ တို့ဘက်က လောင်းတာက ထိုင်းသူဌေးတွေ။ ဆယ်ဘီးကား ၅ စီး ၁၀ စီးကြေးလောင်းကြတာလို့ ရှင်းပြတယ်။

အော်…ဒီလိုလာ..ဟိုးဘ၀တုန်းကများ တို့တတွေ တိုက်ကြက်တွေမွေးပြီး ကြက်တိုက်ခဲ့လို့ ဒီဘ၀မှာ ဒီဝဋ်တွေလာခံနေရတာနဲ့ တူပါတယ်..

ကဲ.. မိုးလည်းချုပ်ပြီ။ ကင်းလည်း တညလုံး စောင့်ရအုံးမယ်။ ဟူး….စစ်တိုက်တာမပင်ပမ်းဘူး။ ကင်းစောင့်လို့ အိပ်ရေးပျက် တာ ပိုပင်ပမ်းတယ်…။


ဆက်လက်ဖော်ပြပါမည်။