ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● သူတည်းတယောက် ကောင်းဖို့ရောက်မူ



လှကျော်ဇော ● သူတည်းတယောက် ကောင်းဖို့ရောက်မူ
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၆

အခု ‘လွမ်းခန်း’လာပါပြီ။
“သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း” ဆိုတဲ့ အနန္တသူရိယ အမတ် ကြီးရဲ့ ‘ရေပွက်ပမာ’ ကဗျာကို ကျွန်မ တတိယတန်းဗမာဖတ်စာမှာ သင်ခဲ့ရဖူးပါတယ်။ ကဗျာကို အလွတ်ကျက်ခဲ့ရပေမယ့် အဓိပ္ပါယ် သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ တနေ့ ဓာတ်ပုံတပုံကို သတင်းစာတစောင်မှာ တွေ့လိုက်ရတဲ့အခါမှာတော့၊ ဒီ ကဗျာ တပုဒ်လုံးကို ကောင်းကောင်းသဘောပေါက်သွားပါတော့တယ်။ အဲဒီပုံကတော့၊ ဗိုလ်မှူးချုပ် အောင်ရွှေ (NLD ဦး အောင်ရွှေ) ပုံဖြစ်ပြီး၊ အောက်ကစာကတော့ ... အကျယ်ချုပ်ချထားခြင်းခံရသည့်ဗိုလ်မှူးချုပ်ကျော်ဇောနေရာတွင် မြောက်ပိုင်း တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခြင်းခံရသည့် ဗိုလ်မှူးချုပ်အောင်ရွှေ ... လို့ ရေးထားပါတယ်။ အဲဒီကာလက ကျွန်မ တို့မိသားစု မုန်တိုင်းထန်နေချိန်ပါ။

တနေ့ ကျွန်မတို့ကျောင်းဆင်းလာချိန်မှာ၊ မေမေဟာ အိမ်အပေါ်ထပ် ဧည့်ခန်းမှာ ကျွန်မတို့ အဘွား ၂ ယောက်လုံးနဲ့ ထိုင်နေ ပါတယ်။ အားလုံး မျက်နှာတွေမကောင်းကြဘဲ၊ ကျွန်မတို့ကိုမြင်တာနဲ့ ပြောလက်စစကားတွေကို ရပ်ပစ်လိုက်ကြပါတယ်။ ကျွန်မတို့နဲ့အတူ အဲဒီတုန်းက အဘွား ၂ ယောက်လုံး (ဖေဖေ့မေမေရော၊ မေမေ့အမေပါ) ရှိနေပါတယ်။ ဖေဖေကလည်း အမြဲလောက်နီးနီး အိမ်မှာမရှိ၊ မေမေကလည်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၊ တပ်မတော် အမျိုးသမီးများ အသင်းတို့လုပ်ငန်းများနဲ့ အလုပ်များနေကြတာကြောင့် ကျွန်မတို့မောင်နှမတတွေကိုစောင့်ရှောက်ဖို့ အဘွားများက လိုက် နေတာပါ။ အထိန်းတွေရှိပေမယ့် အဘွားများက စိတ်မချပါဘူး။ ဒီကြားထဲ မေမြို့ရာသီဥတုဒဏ်ကိုလည်း ကျွန်မတို့က သိပ်မခံနိုင်ပါဘူး။ အထူးသဖြင့် လသားအရွယ်ကလေးနဲ့ ပြောင်းလာရတဲ့ အငယ်ဆုံးမောင်လေးက အတော်ချူချာပါတယ်။

နောက်တနေ့ ကျောင်းရောက်တဲ့အခါ၊ ကျွန်မသူငယ်ချင်းတယောက်က သတင်းစာတစောင် ယူလာပြပါတယ်။ မျက်နှာဖုံး မှာက ဖေဖေ့ဓာတ်ပုံနဲ့ မေးမြန်းစစ်ဆေးရန် အကျယ်ချုပ်ချထားလိုက်ခြင်းဆိုတဲ့ သတင်းပါ။ အိမ်ပြန်ရောက်တော့၊ ကျွန်မ မေမေကို ဖေဖေဘာဖြစ်လို့လဲ။ အခု ဘယ်မှာလဲ။ သတင်းစာထဲမှာပါတာ ဟုတ်သလား စသဖြင့် ငိုလည်း ငို၊ မေးလည်း မေး လုပ်ပါတယ်။ မေမေက ကျွန်မကို လူကြီးသူမတဦးလို သူ့ရှေ့ကုလားထိုင်မှာ ထိုင်ခိုင်းပြီး ဖေဖေဘာမှမဖြစ်ကြောင်း ကိစ္စလေး တွေရှိလို့ အခုပြန်မလာသေးပေမယ့်၊ မကြာခင် ပြန်လာမှာဖြစ်ကြောင်း အေးအေးဆေးဆေးရှင်းပြပါတယ်။ မေမေ့ ကြည့်ရ တာ လည်း ဘာမှမဖြစ်သလိုပဲ။ အဲဒါကြောင့် ကျမလည်းစိတ်အေးသွားပြီး ဘာမှဆက်မမေးတော့ပါဘူး။ အဲဒီတုန်းက ကျွန်မ ကလည်း အသက် (၁၀) နှစ်ဝန်းကျင်လောက်ပဲမို့ သိပ်လည်း သိတတ်သေးတာတော့ မဟုတ်ပါဘူး။

တကယ်တော့ အဲဒီတုန်းက ကျွန်မတို့မောင်နှစ်မတတွေက ဖေဖေ မေမေတို့နဲ့လည်း သိပ်မရင်းနှီးသေးပါဘူး။ ဖေဖေက အိမ်မရှိတာများပါတယ်။ အိမ်ရှိလည်း ဖေဖေရုံးတက် ရုံးဆင်း ဖြိုးကနဲ ဖျတ်ခနဲလောက်သာ တွေ့ရတာပါ။ ဖေဖေကလည်း တခါမှ ကျွန်မတို့ကို ဂရုတစိုက် မေးတာ မြန်းတာမရှိပါဘူး။ ဖေဖေက ကျွန်မတို့ ဘယ်ကျောင်းတွေနေတယ်၊ ဘယ်နှစ်တန်းတွေ ရောက်နေပြီဆိုတာတွေလည်း မသိဘူးလို့ မေမေက ပြောပြဖူးပါတယ်။ (၁၉၅၅ ခုနှစ်က ဖေဖေတို့ တပ်မှူးကြီးများ ကိုယ်စား လှယ်အဖွဲ့ တရုတ်ပြည် သွားလည်ပါတယ်။ တနေ့ အထည်စက်ရုံတရုံ သွားလှည့်လည်ကြည့်ရှုအပြီး ပြန်ဖို့လုပ်တော့ ဖေဖေတို့ကို လက်ဆောင်ပေးဖို့ သားသမီးဘယ်နှစ်ယောက်ရှိသလဲမေးတော့၊ ဖေဖေက လေးယောက်လို့ဖြေမိလို့ ကလေး ခြေစွပ် ၄ ဒါဇင်ပဲ ရလာပါတယ်။ ကျွန်မတို့က မောင်နှမ ၅ ယောက်ပါ။ မေမေက သူ တော်တော်စိတ်ဆိုးမိတယ်လို့ ပြန်ပြော ပြဖူးပါတယ်။)

မေမေကလည်း သိပ်တော့မထူးလှပါဘူး။ အဲဒီတုန်းက တရုတ်ဖြူစစ်ဆင်ရေးကြီးတွေ လုပ်နေရတဲ့ကာလဖြစ်လေတော့ ရှေ့တန်း ကူညီရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေရတာ ပါ။ နောက်တန်းက ကျန်ခဲ့တဲ့မေမေတို့ တပ်မှူးကတော်အုပ်ဟာ အစည်းအဝေးတွေထိုင်ကြ၊ အလှူခံထွက်ကြ၊ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ မန္တလေးဆင်းကြနဲ့ တဒုန်းဒုန်းပါ။ ဒီကြားထဲ ရန်ကုန်ကပို့လာတဲ့ ဓာတ်ပြားတွေ၊ ဓာတ်စက်တွေကလည်း အများအပြားပါ။ အဲဒါတွေလည်း ဝေရ ငှရပါသေးတယ်။ တပ်အလိုက်တပ်တိုင်းကို ဝေရတာပါ။ အဲဒီတုန်းက အကျော်ကြားဆုံး သီချင်းများကတော့၊ အဆိုတော် တင်တင်မြရဲ့ ‘ပေဖူးလွှာ’ နဲ့ မေလှမြိုင်ရဲ့ ‘ဆောင်းအမီ’ သီချင်းများပါ။ မေမြို့တမြို့လုံး အဲဒီသ်ီချင်းသံတွေ လွှမ်းနေပါတယ်။ တင်တင်မြ လည်း အဲဒီသီချင်းနဲ့ နာမည်ကျော်သွားပါတော့တယ်။ မေလှမြိုင်ကတော့ အတော်စောစောကတည်းက ဖဆပလ အစိုးရရဲ့ ပေါ်လစီသီချင်းတွေဆိုပြီး၊ နာမည်ကြီးနှင့်ပြီးပါပြီ။ ဒါကြောင့် မေမေနဲ့လည်း သိပ်တွေ့ရ တာမဟုတ်ပါဘူး။

ကျွန်မတို့မောင်နှစ်မတတွေက အထိန်းတွေနဲ့အတူ အဘွားတွေနဲ့ နေရတာပါ။ ဖေဖေက ၁၉၅၆ နှစ်ကုန်ခါနီးရန်ကုန်မှာ ကျင်းပတဲ့ တပ်မှူးများညီလာခံ သွားတက်ရင်းက ‘ဗမာပြည် ကွန်မြူနစ်ပါတီ’ နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျယ် ချုပ်ချ အဖမ်းခံလိုက်ရတာပါ။ အဲဒီကိစ္စအပြည့်အစုံကိုတော့ ဖေဖေက သူ့ရဲ့ "ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ" မှာ ရေးပြီးပါပြီ။

ဖေဖေက မင်္ဂလာဒုံမှာ အကျယ်ချုပ်နဲ့နေစဉ်အတွင်း၊ ကျွန်မတို့တတွေဆီ မရေးစဖူး စာတွေရေးလာပါတယ်။ တယောက် ချင်းဆီရေးတာပါ။ ချစ်သမီးလှသို့လို့ ခေါင်းစီးတပ်ထားပြီး၊ ဖေဖေက ကျန်းကျန်းမာမာရှိကြောင်း မကြာခင်ပြန်လာမှာဖြစ် ကြောင်း၊ စာကောင်းကောင်းကြိုးစားဖို့နဲ့ မောင်လေး၊ ညီမလေးများကိုလည်း ဂရုစိုက်ဖို့ စတဲ့ ဆုံးမစကားတွေရေးထားပြီး အောက်ဆုံး မှာတော့ ‘ဖေဖေ’ လို့ လက်မှတ်ထိုးထားပါတယ်။ ကြည့်ရတာတော့ မေမေက ကျွန်မငိုငိုယိုယို ဖြစ်တဲ့အကြောင်း ဖေဖေ့ကို စာရေးပြောပြပုံရပါတယ်။ ဖေဖေက ကျွန်မတို့ကို အားပေးတဲ့သဘောလည်း ပါပုံရပါတယ်။

တကယ်လည်း ကျွန်မတို့တတွေ အတော်ယောင်ချာချာဖြစ်လိုက်ပါတယ်။ အိမ်ကြီးတအိမ်လုံး တိတ်ဆိတ်သွားပြီး လူအဝင် အထွက်လည်း မရှိသလောက် ဖြစ်သွားပါတယ်။ တကယ့်ကို ခြောက်ကပ်သွားတာပါ။ ချောက်ချားစရာကြီးပါ။

တလောကပဲ စာရေးဆရာမ မြနှောင်းညိုက ပိတောက်ပွင့်သစ်မှာ သူ့ဖခင် အဖမ်းခံသွားရစဉ် (မဆလခေတ်) က သူတို့ မိသားစုအဖြစ်အပျက်တွေ ပြန်ရေးသားထားတာ တွေ့ရပါတယ်။ သြော် ... အချိန်ကာလ အဖြစ်အပျက် အကြောင်းခြင်း ရာ တွေသာကွဲပြားတာ စိတ်ခံစားမှုတွေကတော့ အတူတူပါပဲလားလို့ စာနာစိတ်ပွားမိပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ ၂၀ဝ၇ ခုနှစ်က ဖေဖေတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တာတွေကို ပြန်တင်ပြချင် ပါတယ်။

“တကယ်တော့ ဒီနေ့ကျွန်တော်တို့တိုင်းပြည် ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံဟာ စစ်အာဏာရှင် စနစ်က မြစ်ဖျားခံတာပါ။ တပ်မတော်သားများ သိရှိနားလည်ဖို့ကတော့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုအတွက် ဒုက္ခတွေ သယ်လာရုံမက တပ်မတော်သားအများစုအပေါ်လည်း ဒုက္ခတွေ ကျရောက်စေတယ်ဆိုတာပါပဲ။ တကယ့်လက်တဆုပ်စာ လူတစုလေးသာ ချမ်းသာနေတာပါ။ ဒါတောင် တသက်လုံး စံစားသွားရတာ မဟုတ်ပါဘူး။ ရှေ့ကသွားကြပြီဖြစ်တဲ့ စစ်အာဏာရှင်ကြီးများရဲ့ ဘဝဇာတ်သိမ်းကိုပဲ ကြည့်ပါ” တဲ့။

မေမြို့က ဇာတ်လမ်းပြန်ကောက်ရအောင်ပါ။

၁၉၅၇ ခုနှစ်နှစ်ဆန်းပိုင်းမှာ ဖေဖေမေမြို့ကို ခဏပြန်လာပါတယ်။ ကျွန်မတို့အားလုံး  မင်္ဂလာဒုံ ပြန်ပြောင်းရမယ်။ ဒီအတွက် ပြန်လာစီစဉ်တာလို့၊ မေမေက ပြောပါတယ်။ ဒီတခေါက် ဖေဖေပြန်လာတာ ထူးခြားပါတယ်။ ဘယ်တုန်းကမှ သားသမီးများနဲ့ ရင်းရင်းနှီးနှီးမနေဖူးတဲ့ ဖေဖေဟာကျွန်မတို့တတွေကို တယုတယ ပြောကာဆိုကာ ချီကာပိုးကာ နေခဲ့ပါတယ်။

ကျွန်မတို့မေမြို့အိမ်ကြီးဟာ မင်္ဂလာဒုံအိမ်လောက် မကြီးပေမယ့်၊ အဲ့သလောက်နီးပါးပဲ။ အင်္ဂလိပ်ခေတ်၊ အင်္ဂလိပ် တပ်မှူး ကြီးများနေသွားတဲ့ အိမ်တွေပါပဲ။ တခုကွာခြားတာက အိပ်ခန်းတွေမှာရော ဧည့်ခန်းကြီးတွေမှာရော မီးလင်းဖိုတွေ ရှိတာပါပဲ။ ဆောင်းတွင်းမေမြို့က မီးလှုံရပါတယ်။ ကျွန်မတို့မောင်နှမတတွေနဲ့ အဘွားများအိပ်တဲ့အခန်းမှာ ဆောင်းတွင်းဆို မီးဖိုထားရ တာပါ။ အဲဒီမီးလင်းဖိုကြီးဘေးမှာလည်း ကော်ဇောကြီး တချပ်ခင်းထားပါတယ်။ ညနေ နေနည်းနည်းစောင်းတာနဲ့ ကျွန်မတို့ အဲဒီမီးလင်းဖိုကြီး ဘေးမှာပဲ နေကြပြီး၊ ဆော့ကြ၊ ကစားကြနဲ့၊ မောလာရင် အဲဒီကော်ဇောကြီးပေါ်မှာ အိပ်ပျော်သွား တတ်ကြ ပါတယ်။ နောက်မှ ကျွန်မတို့ကို ကုတင်ပေါ် အထိန်းတွေက ရွှေ့ပေးကြတာပါ။ တခါတလေလည်း အဲဒီမီးဖိုမှာ၊ အာလူးတွေ၊ ပြောင်းဖူးတွေ မီးဖုတ်စားကြပါတယ်။ အဘွားတွေအလစ်မှာ၊ ပုရစ်တွေဖမ်းပြီး မီးဖုတ်စားတတ်ကြပါသေးတယ်။ အဲဒီအချိန်ဆို ကျွန်မတို့က သိပ်ပျော်တာပါ။ အပျော်ဆုံးနှစ်ကတော့၊ ဖေဖေအဲဒီအခေါက်ပြန်လာချိန်မှာ၊ ညတိုင်း ဖေဖေရော မေမေပါ ကျွန် မတို့ အခန်းကူးလာပြီး၊ ပြောကာဆိုကာ ရယ်ကာမောကာနဲ့ ကျွန်မတို့မိသားစု အဘွားများအပါ ပျော်ပျော်ရွှင်ရွှင်ကြီး နေခဲ့ရ တဲ့ ကာလပါပဲ။

ကျွန်မတို့ မောင်နှမတတွေဟာ နဂိုကတည်းက အလွန်အဆော့သန်သူတွေပါ။ မောင်နှမတတွေကလည်းများတော့ တခြား အဖော်ရှာစရာမလိုဘဲ အမျိုးမျိုးကြံကြံဖန်ဖန်ကို ကစားတတ်ကြတာပါ။ မေမေက အင်မတန်စည်းကမ်းကြီးသူဖြစ်တော့ မေမေရှေ့ဆို ဆင်ခြင်ရပါတယ်။ ဖေဖေကလည်း မျက်နှာထားကြီးနဲ့ နေတတ်တာပါ။ ဒါပေမယ့် အခုလို ဖေဖေရော မေမေပါ ကျွန်မတို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ အလိုလိုက်ဆက်ဆံတဲ့အခါ ကျွန်မတို့တတွေ ဘယ်လောက်သောင်းကျန်းမယ်ဆိုတာ စဉ်းစား သာကြည့်ပါတော့။

ကျွန်မ နောင်မှ စဉ်းစားမိတာကတော့၊ ဖေဖေက အဲဒီအချိန် အမှုက တန်းလန်းဖြစ်နေသေးတော့၊ သူ့အနာဂတ်ကိုသူ သိပ် စိတ်ချပုံ မပေါ်ပါဘူး။ ဒါကြောင့် မိသားစုနဲ့ စုံစုံလင်လင်နေရသခိုက်ကလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရနေပုံရပါတယ်။ ဖေဖေက ၁၀ ရက်လောက်ပဲနေပြီး မင်္ဂလာဒုံ ပြန်သွားပါတယ်။ ကျွန်မတို့ကတော့ အတန်းတင်စာမေးပွဲတွေအပြီး မတ်လကုန် လောက်မှ ဖေဖေနောက်လိုက်ရပါတယ်။

ကျွန်မတို့ မေမြို့ကထွက်ရတဲ့နေ့ကို အခုထိ မှတ်မိနေပါတယ်။

အဲဒီနေ့က ကျွန်မတို့မောင်နှမ ၅ ယောက်၊ မေမေ၊ အဘွား၂ ယောက်နဲ့  အငယ်ဆုံးမောင်လေးကို ထိန်းတဲ့အထိန်းမျိုး သမီး တယောက်တို့ မေမြို့အနီးစခန်းလေယာဉ်ကွင်းကို မနက်စောစောမှာပဲ သွားခဲ့ရပါတယ်။ ပြီးတော့ တပ်မတော်လေတပ်ရဲ့ လေယာဉ်ငယ်လေးတစီးပေါ် တက်ရပါတယ်။ လေယဉ်ပေါ်ရောက်ပြီးပြတင်းပေါက်ကအပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ လေယာဉ်တကွင်းလုံး ခြောက်ကပ်ပြီး၊ တိတ်ဆိတ်နေပါတယ်။ ကျမတို့နဲ့အတူနေခဲ့တဲ့ ကားမောင်းသူ ဦးလေး ကိုကြည်၊ သူ့ဇနီး ဒေါ်ဒေါ်မရင်မြ၊ သူတို့သမီးလေး ကြည်ကြည်သန်း (ကျွန်မတို့နဲ့ ကစားဖော်) ၃ ယောက်သာလိုက်ပို့ နှုတ်ဆက် သူရှိပါတယ်။ လေယာဉ်ထွက်တော့ ကြည်ကြည်သန်းလေးက လက်ပြနှုတ်ဆက်နေတာ မြင်လိုက်ရပါတယ်။ လွန်ခဲ့တဲ့တနှစ် ကျော်လေးကပဲ ဒီလေယာဉ်ကွင်းထဲမှာ လူထုပရိတ်သတ် ကြက်ပျံမကျစည်ကားစွာနဲ့ တရုတ်ဖြူများကို တိုက်ထုတ်ပေးပြီး အောင်ပွဲရ သူရဲကောင်းကြီးအဖြစ် ပြန်လာတဲ့ဖေဖေကို မေမြို့တမြို့လုံးထွက်ပြီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တဲ့အဖြစ်ဟာ၊ တကယ့်ကို မယုံနိုင်စရာ ပုံပြင်သဖွယ်၊ အိမ်မက်သဖွယ် ပျောက်ကွယ် သွားရသလိုပါပဲလား။

သြော် လောကဓံတရားဟာ အလွန်မြန်ပါလား။
၁၃၊ ၄၊ ၂၀၁၄။

မှတ်ချက်
ကျွန်မဆက်၍ရေးခြင်သော ဖေဖေ့အကြောင်းများ၊ (အတွဲ ၁) ဖြိုးမောက်သာစာပေမှ ဆောင်းပါးအမှတ် (၃၃)ကို ပြန်တင်ပါ တယ်။