တူမောင်ညို - (မဘသ) သည် “နိုင်ငံတော်သံဃမဟာနယကအဖွဲ့” ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်



တူမောင်ညို - (မဘသ) သည် “နိုင်ငံတော်သံဃမဟာနယကအဖွဲ့” ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆

(မဘသ) ကိစ္စ နဲ့ပတ်သက်ပြီး သတင်းစာဟောင်း/ မှတ်စုဟောင်း/ဆောင်းပါးဟောင်းတွေ ပြန်ကြည့်ရင်း ရေးစရာအချက် အလက်အချို့ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ တနေ့က မိုးမခမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့အဆက်လို့ ဆိုချင်လည်းဆိုနိုင်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ “ကြေညာချက်” ထဲမှာ အောက်ပါ အချက်ပါရှိပါတယ်။

“ မည်သည့် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ (မဘသ)အဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ဖွားစေခြင်း မရှိခဲ့ သည့်အပြင် (မဘသ) ဟူသောအသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ”

ဒီလို ရေးသားတာက “ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွန်ကြားလွှာများ” နဲ့ အညီ ဖွဲ့စည်းထားတာမဟုတ်ဘူးဆိုတဲ့ အချက်ကို ထင်ရှားစေအောင်ဖော်ပြတာမျိုး(ဝိနည်းလွတ်) ပဲဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် (မဘသ)အဖွဲ့က ဆရာတော်တွေဟာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့(မဟန)ထံကနေ “သြဝါဒခံယူ” ဖူးပါတယ်။

“သြဝါဒခံယူပွဲ” ကို ၂၀၁၄ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။

နေရာက “ရန်ကုန်တိုင်ဒေသကြီး ၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ၊ ဝိဇယမင်္ဂလာဓမ္မသဘင်” မှာပါ။

“သြဝါဒခံယူပွဲ”သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီး ၄၇ ပါး တက်ရောက်ပါတယ်။

(မဘသ)ဘက်မှ “အင်းစိန်မြို့နယ်၊ ရွာမပရိတ္တိစာသင်တိုက် ပဓာနနာယက အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသ အမှူးပြုသော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) မှ ဆရာတော် ၂၂ ပါး” တက်ရောက်ပါတယ်။

အစိုးရဘက်မှ “သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးမှူးများ”တက်ရောက်ပါတယ်။

ဒါ့အပြင်“အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥပါသကာများနှင့်ဥပါသိကာများ” လည်း တက်ရောက်ကြ ပါတယ်။

ဒီအချက်အလက်တွေကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာထဲကနေ ကောက်နုတ်ဖော်ပြလိုက်တာပါ။ သတင်းစာ နှစ်စောင်က သတင်းစာကိုယ်အရ ဘာမှမကွဲပြားပေမယ့် သတင်းစာခေါင်းစဉ်ကတော့ ခြားနားပါတယ်။ ဒီလိုဖော်ပြတာကလည်း အစီအစဉ်ရှိရှိဖော်ပြတာလို့ယူဆပါတယ်။

မြန်မာ့အလင်းသတင်းစာက “သြဝါဒခံယူပွဲ” ကို အခု ဒဲ့ဒိုးပဲ ခေါင်းစဉ်တပ်ပါတယ်။

“အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ”

“ကြေးမုံသတင်းစာ” က အခုလိုဖော်ပြတယ်။


“အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ပတ်သက်၍ မလိုလားအပ်သည့် သတင်းထုတ်ပြန်ချက်များ စာနယ်ဇင်းများ ၌ တွေ့နေရ အဆိုပါသတင်းဖန်တီးမှုများ သည် တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေမှုများသာဖြစ် ”

ဒီလို သြဝါဒခံယူပွဲမျိုးရှိပါလျက်နဲ့ (မဟန) ရဲ့ ဇူလိုင် ၁၂ ရက်၊ “ကြေညာချက်” ထဲက ရေးသားဖော်ပြထားမှုတွေဟာ သွေးရိုး သားရိုးမှ ဟုတ်ပါရဲ့လားလို့ စဉ်းစားမိတာပါ။ ဒီအချက်ကို သာသနာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေမသိနိုင်စရာအကြောင်းမရှိပါဘူး။

ဒါ့အပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့က “သြဝါဒခံယူပွဲ” ဆိုတာကရော သွေးရိုးသားရိုးဟုတ်ပါရဲ့လား။

နိုင်ငံတော်အစိုးရက ကြိုးကိုင်စီမံတဲ့ အကွက်ချလုပ်ကြံဖန်တီးချက်ဖြစ်မယ်လို့ ယူဆပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေကို လုပ်ကြံဖန်တီးရာမှာ လုပ်ကြံဖန်တီးသူတွေတောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မသိစေဘဲ သီးခြားစီ လုပ်ကြံဖန်တီးယူပြီးနောက်မှ လိုသလိုပုံသွင်းယူ သွားတာဖြစ်မယ်လို့ယူဆပါတယ်။

ပထမခြေလှမ်းက “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ ကန့် ကွက်မည်၊ ဆန္ဒပြမည်၊ ဖြုတ်ချမည်” စတဲ့ သတင်းကို အင်တာနက်များ၊ ဆိုရှယ်မီဒီယာများ၊ စာနယ်ဇင်းများကနေ ဖြန့်ထုတ်လိုက်တယ်။

ဒီသတင်းကို ဘယ်သူလုပ်ကြံဖြန့်ဖြူးနေသလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြန့်နေသလဲဆိုတာကို (မဟန) ဆရာတော်ကြီးတွေ သိကောင်းမှသိမယ်။(မဘသ)ဦးဆောင်သူတွေကတော့ သိချင်သိနိုင်တယ်။ ဒီသတင်းကိုကျယ်ပြန့်သွားအောင်လည်း ဖွထုတ်လိုက်မယ်။

ဒီတောာ့မှ ဒုတိယအဆင့်အဖြစ် ဒီသတင်းကို ချေဖျက်ရေးဆိုတဲ့ ဂွင်ထဲကို (မဟန) နဲ့ (မဘသ) ကို ဆွဲသွင်းလာမယ်။ ဒီခြေလှမ်းကနေ (မဘသ)က (မဟန)ထံ “သြဝါဒခံယူ” ပြီး ဒီကောလဟာသတင်းကို တုန့်ပြန်ဖြေရှင်းမယ်ဆိုတဲ့ ဇာတ်လမ်းကို ဆက်လာ တာဖြစ်မယ်။

ဒီမှာတင်ပဲ (မဘသ) ကို (မဟန)ရဲ့ သြဝါဒခံလည်းဖြစ်စေ၊ အတူတကွပူးပေါင်းဆောင်ရွက်တဲ့ပုံစံလည်း အများပြည်သူ ကမြင် သွားစေ၊ (မဘသ) က လုပ်နေတဲ့ “မျိုးစောင့်ဥပဒေ” ဆိုတာကိုလည်း ဗြောင်ကြော်ငြာပြီးသားဖြစ်စေ၊ (မဟန)နဲ့ (မဘသ) စိတ်တူ သဘောတူဖြစ်လေဟန်ပက်ပက်စက်စက် အကွက်ရိုက်လုပ်ကြံဖန်တီးလိုက်တာပဲလို့ယူဆပါတယ်။ တစ်ချက်ခုတ်တာနဲ့ အပိုင်းပိုင်းပြတ် သွားစေတဲ့ အကြံယုတ်ပဲ။

ဒီလိုနဲ့ (မဟန) ထံကနေ (မဘသ)က “သြဝါဒခံယူတယ်”ဆိုတာနဲ့ (မဘသ)ကို “အရောင်တင်”လိုက်တယ်၊ “သိဒ္ဓိတင်” ပွဲ ကြီး ကြီးပေးပြီး ပွဲထုတ်လိုက်တာဖြစ်တယ်။

သတင်းစာထဲမှာ (မဟန) ဥက္ကဋ္ဌ ဆရာတော်ကြီးပေးတဲ့ သြဝါဒကို ဘယ်လို ဖော်ပြထားသလဲဆိုတော့

ကြေးမုံသတင်းစာ (၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်) ကျောဖုံးနှင့် စာမျက်နှာ ၈ (စနေနေ့)


(မဟန) သြဝါဒပေးပုံ


“ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိမိတို့ သံဃာတော်အချင်းချင်း ညီရင်းအစ်ကို၊ မိဘနှင့်သားသမီး စိတ်ဓာတ်ဖြင့် ညီညွတ်ရန်လိုကြောင်း၊ ပွင့်ပွင့်လင်းလင်းလျှောက်ထားဆွေးနွေးရန်လိုကြောင်း၊ မည်သည့်ကိစ္စမဆိုအသိပေး၍ တိုင်တိုင် ပင်ပင်လုပ်ရန်လိုကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း စိတ်တူသဘောတူလုပ်မည်ဖြစ်ကြောင်း၊ ဘာသာသာသနာ ဆိုင်ရာလုပ်ငန်းကြီးများလုပ်မည်ဆိုပါက ဒွိဟဖြစ်နေသည့်ကိစ္စရပ်များရှိပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားနိုင်ပါ ကြောင်း၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က သြဝါဒခံယူမည့်အကြောင်း လျှောက်ထားသဖြင့် ဝမ်းသာမိပါကြောင်းနှင့် ယခု သြဝါဒခံယူပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများက အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံလိုပါကြောင်း သြဝါဒချီးမြှင့်သည်” တဲ့။ [ဒီလို စကားလုံးတွေ (မဟန)ဆရာတော်ကြီးတွေ သြဝါဒပေးရာမှာ တကယ်ပဲ သုံးစွဲခဲ့သလားဆိုတာကလည်း ဆန်းစစ်ကြည့်စရာပါ]

(မဘသ) ဘက်က ဘယ်လိုပြန်လည်လျှောက်ထားသလဲဆိုတော့

(မဘသ) သြဝါဒခံယူပုံ

“ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒချီးမြှင့်မှုနှင့်ပတ်သက်၍ အမျိုးဘာသာသာသနာစောင့် ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်က ဆရာတော်ကြီး၏ သြဝါဒကို လိုက်နာမည်ဖြစ်ကြောင်း၊စည်းလုံးညီညွတ်ခြင်းကို လိုလားပါ ကြောင်း၊ မိမိတို့ အဖွဲ့သည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် နံပါတ်တစ်ထား၍ လုပ်ဆောင်နေပါကြောင်း၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်ပါတီကိုမျှ မရည်ရွယ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့်လက်တွဲရမည်၊ အချင်းချင်းမညီညွတ်ပါက ဆိုး ကျိုးများ သာရရှိမည်ဖြစ်ကြောင်း၊ နောင်တွင်လည်းလူလွှတ်၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေအချိန်မရွေးခေါ်ယူ သြဝါဒပေးနိုင်ပါကြောင်း နှင့် ဖြစ်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ဦးပါမောက္ခ ကို မေးမြန်းနိုင်ပါကြောင်း လျှောက်ထားသည်” တဲ့။

ဒီနေရာမှာ ထည့်စဉ်းစားသင့်တာက မကြာခင် (မဘသ)ကနေ လမ်းခွဲထွက်သွားတဲ့ကိစ္စပါ။

ဦးပါမောက္ခက “ကြံ့ဖွံ့ပါတီအနိုင်ရရေး မဲဆွယ်လှုပ်ရှားမှုတွေ” လုပ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (မဘသ) ကနေ လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ နှုတ်ထွက်တဲ့ကိစ္စ (RFA) သတင်းဌာနနဲ့အင်တာဗျူးမှာကြားလိုက်ပါတယ်။ ဒါကလည်း ထူးခြားတဲ့ခြေလှမ်းနဲ့ အချက်ပြမှုတစ်ခုပါ။ (မဘသ) ကို (မဟန) က ကိုင်တွယ်တော့မယ်ဆိုတာ ကြိုတင်သိရှိလို့ ဒီခြေလှမ်းကိုလှမ်းသလား ဆိုပြီးတွက်ကြည့် မိပါတယ်။ ဦးပါမောက္ခ (မဘသ) ကထွက်တယ်ဆိုတဲ့သတင်းနဲ့ (မဟန) က (မဘသ)ကို ကြေညာချက်ထုတ်ပြန်ပြီးဖွင့်ချတာဟာ တစ်လ နည်းပါးပဲကွာခြားတာပါ။ ဒါဟာသာမန်တိုက်ဆိုင်မှု ဟုတ်မှ ဟုတ်ပါရဲ့လား။

“သြဝါဒခံယူတယ်” ဆိုတာရဲ့ အတွင်းသဘောနဲ့ အဓိပ္ပာယ်ဟာ ဘုန်းကြီးလောကမှာ နက်နဲပါတယ်။

ဒီလို အထင်အရှား “သြဝါဒခံယူ”ဖူးပါလျက်နဲ့ (မဟန)ကြေညာချက်မှာ “အသိအမှတ်ပြုခြင်း၊ (မဘသ) ဟူသော အသုံးအနှုန်း ကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ” လို့ ရေးသာတာဟာ သွေးရိုးသားရိုးမဟုတ်တန်ရာ။ ရန်တိုက် ထိုးဆွပေးဖို့ တမင် ရည်ရွယ် တာလို့ယူဆပါတယ်။ (မဟန)ဆရာတော်ကြီးတွေဟာ သက်တော်ကြီးလှပါပြီ။ ဒီလို စကားလုံးအသုံးအနှုန်းကအစ အသေးစိတ်ကိစ္စတွေ ကို လိုက်ပါစစ်ဆေးကြီးကြပ်နိုင်ပါ့မလား။

သာနာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တွေရဲ့ပက်စက်တဲ့ လုပ်ရပ်တွေပဲလို့မြင်ပါတယ်။

ဘာသာ၊သာသနာကို ကိုယ်ကျိုးအတ္တကွက်ကွက်ကလေးအတွက် အသုံးချရုံမကဘူး၊ ဆရာတော်ဘုရားကြီးတွေရဲ့ ကြည်ညို ဖွယ်ဂုဏ်သိက္ခာကိုပါ ရူးရူးမိုက်မိုက် ခုတုန်းလုပ်အသုံးချနေတာပဲဖြစ်ပါလိမ့်မယ်။ အစိုးရယန္တယားမှန်သမျှသူတို့စိတ်ကြိုက်ချုပ်ကိုင်လာခဲ့ တာ၊ ချုပ်ကိုင်ထားဆဲဖြစ်တယ်ဆိုတဲ့အချက်တွေနဲ့လည်း ထည့်သွင်း ဆက်စပ်စဉ်းစားရမှာပါ။

နောက်ထပ်ထည့်သွင်းစဉ်းစားစရာကတော့ အချိန်ကာလနဲ့ အဲဒီကာလမှာတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေနဲ့ဖြစ်ရပ်တွေပါပဲ။

၂၀၁၄ ခုနှစ် မေ နဲ့ဇွန်လအတွင်းဖြစ်ရပ်တချို့ကိုလည်း ထည့်သွင်းစဉ်းစားကြည့်ဖို့လိုပါတယ်။

သာသနာရေးဝန်ကြီးက ဦးဆန်းဆင့်ဖြစ်ပါတယ်။ သန္တိသုခကျောင်းအရေးအခင်းဖြစ်ပါတယ်။ ဦးဆန်းဆင့်အဖမ်းခံရပါတယ်။ (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ ) ဝန်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အပြောအရတော့ သာသနာရေးဝန်ကြီးဗိုလ်ဆန်းဆင့်ဟာ “သန္တိသုခကိစ္စက အကြောင်းအချက် တွေထဲက တစ်ခုသာလျှင်ဖြစ်တယ်၊ အဓိကမူဝါဒ ၂ ရပ်အကောင်အထည်ဖော်မှုမှာ အားနည်းချက်ချို့ယွင်းချက်တွေအများကြီးရှိတယ်၊ သမ္မတ မှာကြားတာထက် ဘောင်ကျော်လုပ်တယ်၊ ဒါကြောင့်မလွှဲမရှောင်သာအရေးယူလိုက်ရတယ်” ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးက ဦးအောင်ကြည်ဖြစ်ပြီး၊ ဒုတိယဝန်ကြီးက ဦးရဲထွဋ်ဖြစ်ပါတယ်။ ဦးရဲထွဋ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ပြော ခွင့်ရလည်းဖြစ်ပါတယ်။

“ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)” ဆိုတာကို ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ သတင်းစာတွေ ကနေ (လေ့လာရန်) ထုတ်ပြန်ပေးလိုက်ပါတယ်။

ဆိုလိုချင်တာကတော့ အစိုးရယန္တရားမှန်သမျှရဲ့သော့ချက်နေရာတွေကို အုပ်စိုးသူဟောင်းများရဲ့သစ္စာခံများက ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနေဆဲဖြစ်ပါတယ်။ ဒီကနေ့အထိ သူတို့ထင်သလို လုပ်ကြံဖန်တီးနိုင်တယ်ဆိုတာပါပဲ။

ညွန်း
(၁၀ - ၅ - ၂၀၁၄ ) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၇
(၁၀ - ၅ - ၂၀၁၄ ) ကြေးမုံသတင်းစာ၊ စာမျက်နှာ နောက်ကျောဖုံး၊ စာမျက်နှာ ၈