ဂါမဏိ ● စစ်တပ်ကို အသစ်ပြောင်းခြင်း (စစ်တပ်ကို ပြောင်းမရဘူးဆိုတာ ဟုတ်ပါ့မလား)

ဂါမဏိ ● စစ်တပ်ကို အသစ်ပြောင်းခြင်း (စစ်တပ်ကို ပြောင်းမရဘူးဆိုတာ ဟုတ်ပါ့မလား)
( ၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် - ၁ ၈ )
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆

တနေ့ကဗမာစစ်တပ်ရဲ့ ယုတ်မာပက်စက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲတခုမှာ အစိုးရကိုပြောင်းလို့ လဲလို့ရတယ်၊ လွှတ်တော်ကိုပြောင်းလို့ လဲလို့ရတယ်၊ ဘယ်လောက်ပဲဆိုးဆိုး စစ်တပ်ကိုတော့ ပြောင်းလို့မရဘူးလို့ နိုင်ငံရေးအင်အားစုတခုရဲ့ခေါင်းဆောင်ဆိုသူတဦးက ပြောသွားတာ အံ့သြခြင်းကြီးစွာနဲ့ ကြားလိုက်ရတယ်။ လေ့လာမှုအားနည်းလို့ပဲ မှတ်ယူလိုက်ပါတော့တယ်။ (တကယ်တော့ ဗမာပြည်မှာ အစိုးရနဲ့ လွှတ်တော်ကိုလည်း ပြောင်းလို့လဲလို့မရအောင်လုပ်ထားတာ လူတိုင်းသိကြပါတယ်။ ၁၉၆၂ ခုကနေ အခုထိ ဘာမှ အနှစ်သာရ မပြောင်းသေးပါဘူး။ တော်တော်နဲ့လည်း ပြောင်းမယ့်ပုံ မပေါ်သေးပါဘူး။)

နှစ် ၇၀ ကျော်ပဲ ကြာသေးတဲ့ ဗမာပြည်သမိုင်းမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် BDA နဲ့ အစားထိုးလိုက်တာ၊ အဲ့ဒီ BDA ကနေ ဗမာ့အမျိုးသား တပ်မတော်BNA အဖြစ် ပြောင်းလဲလိုက်တာ၊ BNA ဆိုတဲ့နာမယ်ကို အင်္ဂလိပ်ကမကြိုက်လို့ army မဟုတ်တဲ့မျိုးချစ်ဗမာ့ တပ်မတော် PBF နာမယ်ပြောင်းလိုက်ရတာ၊ PBF ကို ကန္ဒီစာချုပ်နဲ့ ဖျက်သိမ်းပြီးဗမာ့တပ်မတော်နဲ့ အစားထိုးရ တာ အထင်အရှားကြီး ရှိထားပါတယ်။

နိုင်ငံတကာမှာလဲစစ်တပ်ပြောင်းတာ၊ စစ်တပ်လဲတာတွေ နမူနာအများကြီးရှိပါတယ်။

အမေရိကန်တော်လှန်ရေးမှာတိုက်ခဲ့တဲ့တပ်ကို ကွန်တီနင်တယ်တပ်မတော်လို့ခေါ်ပြီး ၁၇၇၅ ခုမှာ တည်ထောင်ခဲ့ တယ်။ တော်လှန်ရေးအောင်မြင်ပြီးတော့၁၇၈၃ ခုမှာ ဖျက်သိမ်းလိုက်တယ်။ ၁၇၈၄ ခုကျမှ ဒီကနေ့ လူသိများ နေတဲ့ အမေရိကန်တပ်မတော် US Army ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တယ်။

ပြင်သစ်တော်လှန်ရေးကနေပေါက်ဖွားခဲ့တဲ့ ပထမပြင်သစ်သမတနိုင်ငံတပ်တွေဟာ ၁၇၉၂ ခုမှာ ပေါ်ပေါက်ခဲ့ပြီး ဘုရင်စနစ်ပြန်ထူထောင်တဲ့ ၁၈၀၄ ခုမှာ ဖျက်သိမ်းလိုက်တယ်။

၁၇၀၇ ခုမှာ အင်္ဂလန်ပြည်တပ်မတော်ကို ဖျက်သိမ်းပြီး အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်တို့ပါဝင်တဲ့ ဗြိတိသျှတပ်မတော်ကို ထူထောင်ခဲ့တယ်။

ဂျာမန်ဧကရာဇ်တပ်မတော်ကို၁၈၇၁ ခုမှာတည်ထောင်ခဲ့ပြီး ၁၉၁၉ ခုမှာ ဖျက်သိမ်းလိုက်တယ်။ ၁၉၃၅ ခုမှာ နာဇီ ဂျာမဏီတပ်မတော်ကိုပြန်ထူထောင်ခဲ့တာ ၁၉၄၅ ခုမှာ ဖျက်သိမ်းလိုက်တယ်။ ခေတ်သစ်ဂျာမန်တပ်မတော်ကို ၁၉၅၅ ခုကျမှထူထောင်ခဲ့တယ်။ အရှေ့ဂျာမဏီမှာလည်း အမျိုးသားပြည်သူ့တပ်မတော်ကို ၁၉၅၆ ခုမှာ တည်ထောင်ခဲ့တယ်။ ၁၉၉၀ ခုမှာ အမျိုးသားပြည်သူ့တပ်မတော်ကို ဖျက်သိမ်းလိုက်ပြီး တချို့ကို ဂျာမန် တပ်မတော်ထဲ ပေါင်းစည်းယူလိုက်တယ်။ ဒီနောက်ပိုင်းမှာ တပ်အင်အားတွေ လျှော့ချခဲ့တယ်။

ဂျပန်ဧကရာဇ်တပ်မတော်ကိုလည်း ၁၈၇၁ ခု မေဂျီဘုရင်က တည်ထောင်ခဲ့ပြီး ၁၉၄၅ မှာ ဖျက်သိမ်းလိုက်တယ်။ ၁၉၅၄ ခုကျမှ မိမိကိုယ်ကာကွယ်ရေးတပ်တွေနဲ့ အစားထိုးခဲ့တယ်။

၁၉၄၉ ခုမှာ ချန်ကေရှိတ်ရဲ့ကူမင်တန်တပ်တွေကို တရုတ်ပြည်မကြီးမှာလုံးဝဖျက်သိမ်းပြီး မော်စီတုန်းရဲ့ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်နဲ့ အစားထိုးခဲ့တယ်။

၁၉၉၁ ခု ဒီဇင်ဘာလမှာ ဆိုဗီယက်တပ်နီတော်ကို ဖျက်သိမ်းလိုက်ပြီး သက်ဆိုင်ရာပြည်နယ်တပ်တွေအဖြစ်ခွဲဝေ အစားထိုးလိုက်တယ်။ ရွတ်ရှားတပ်မတော်ကိုတော့ ၁၉၉၂ ခု မေလကျမှထူထောင်ခဲ့တယ်။

ယူဂိုစလပ်တော်ဝင်တပ်မတော်ကို ၁၉၁၈ ခုမှာ တည်ထောင်ခဲ့ပြီး ၁၉၄၁ ခုမှာ ဖျက်သိမ်းခဲ့တယ်။ ၁၉၄၅ ခုမှာ ယူဂိုစလပ်ပြည်သူ့တပ်မတော်ကိုတီးတိုးကထူထောင်ခဲ့ပြီး ၁၉၉၂ ခုမှာ ဖျက်သိမ်းခဲ့တယ်။ လက်ရှိ ဆားဘီးယား တပ်မတော်ကို ၂၀၀၆ ခုကျမှ ထူထောင်ခဲ့တယ်။

တော်ဝင်လောတပ်မတော်ကို ၁၉၄၉ မှာ တည်ထောင်ခဲ့ပြီး ၁၉၇၅ ခုမှာ ဖျက်သိမ်းခဲ့တယ်။ လောပြည်သူ့တပ်မတော်နဲ့ အစားထိုးခဲ့တယ်။

ခမာဘုရင့်တပ်မတော်ကိုကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၅၃ ခုတုန်းက တည်ထောင်ခဲ့ပြီး ၁၉၇၀ ခုမှာ ဖျက်သိမ်း၊ ခမာအမျိုးသားတပ်မတော်နဲ့ အစားထိုးခဲ့တယ်။ အဲ့ဒီခမာအမျိုးသားတပ်မတော်ဟာ ၁၉၇၅ ခုမှာ ဖျက်သိမ်းခံရ တယ်။ ၁၉၆၇ ခုတုန်းကသူပုန်အဖြစ်တည်ထောင်ခဲ့တဲ့ ပေါလ်ပေါ့ရဲ့ကမ်ပူချားတော်လှန်ရေးတပ်မတော်က အစားထိုးလိုက်တယ်။ ၁၉၇၉ မှာ အဲဒီတပ်ကို ဖျက်သိမ်းလိုက်ပြီး ကမ်ပူချားပြည်သူ့တော်လှန်ရေး တပ်မတော်ကထပ်အစားထိုးလိုက် ပြန်တယ်။ နောက်ပိုင်းမှာ ကမ္ဘောဒီးယားပြည်သူ့တပ်မတော် လို့ နာမယ်ပြောင်းလိုက်တယ်။ ၁၉၉၃ ခုမှာ အစိုးရတပ်၊ သူပုန်တပ်အားလုံးပေါင်းပြီး တော်ဝင်ကမ္ဘောဒီးယား တပ်မတော်ကို ထူထောင်လိုက်တယ်။

တောင်ဗီယက်နမ်သမတနိုင်ငံတပ်မတော်ကို ၁၉၅၅ ခုမှာတည်ထောင်ခဲ့ပြီး ၁၉၇၅ မှာ ဖျက်သိမ်းလိုက်တယ်။ ဗီယက်နမ်ပြည်သူ့တပ်မတော်နဲ့ အစားထိုးလိုက်တယ်။

အာဖရိကတိုက်မှာလူဖြူကြီးစိုးတဲ့ ရိုဒီးရှားတပ်မတော်ကို ၁၉၈၀ ခုမှာ ဖျက်သိမ်းပြီး သူပုန်တပ်တွေပါ ပါဝင်တဲ့ဇင်ဘာဘွေတပ်မတော်နဲ့ အစားထိုးလိုက်တယ်။

တခုတော့ရှိတယ်၊ ပြောင်းဖို့အတွက် တော်တော်တော့ အားစိုက်ရမယ်။ အိယောင်ဝါးနဲ့တော့ ဘာကိုမှပြောင်းနိုင်မှာ မဟုတ်ဘူး။

ဂါမဏိ