ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (၂)


လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (၂)
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆
● ကျွန်မရဲ့မွေးလူနာတဦး
ကျွန်မဆေးကျောင်းသူဘဝ၊ နောက်ဆုံးနှစ် အပိုင်း (က) က စလို့ မွေးပေးခဲ့ရတဲ့ မွေးလူနာတွေများပါတယ်။ ဆေးကျောင်းသူ ဘဝ၊ နောက်ဆုံးနှစ် အပိုင်း (က) နဲ့ အပိုင်း (ခ)၊ အလုပ်သင်ဆရာဝန်ဘဝ၊ အရှေ့ပိုင်းဆေးရုံကြီး လက်ထောက်ဆရာဝန်ဘဝ ... စတဲ့စတဲ့ ဘဝအထွေထွေဖြတ်သန်းမှုအတွင်းတုန်းကရော၊ နောက်ပိုင်းတော်လှန်ရေးတွင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပြည်သူတပ်မတော်သား၊ ဆေးလုပ်သား ကေဒါတဦးအနေဖြင့်နေထိုင်ခဲ့ရတဲ့ လွတ်မြောက်ဒေသအတွင်းမှာ ရော၊ မီးဖွားပေးခဲ့ရတဲ့ လူနာ မနည်းမနော ရှိပါတယ်။ တချို့ကို ဝမ်းဆွဲပေးရပြီး တချို့ကိုတော့ ကလေးကောက်ပေးရတာပါ။ အဲဒီမွေးလူနာအများအပြားထဲမှာ ကျွန်မဘယ်တော့မှ မမေ့နိုင်တဲ့ မွေးလူနာတဦးရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်ပေါက်လာတော့ အဲဒီလူထုလှုပ်ရှားမှုကြီးကို ထောက်ကူပေါင်းစပ်နိုင်ရေးအတွက် ကျွန်မတို့ပါတီ ဗဟိုနဲ့  အရှေ့မြောက်စစ်ဒေသတို့ ပူးပေါင်းပြီး မိုင်းယန်း ဒေသ စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမိုင်းယန်းတိုက်ပွဲကြီး အတွင်းက ကြုံခဲ့ဆုံခဲ့ရတဲ့ မွေးလူနာတဦးပါ။

စစ်ဆင်ရေးကြီးအတွင်း တာဝန်အမျိုးမျိုး ထမ်းဆောင်ကြမယ့် ရဲဘော်တွေ ပန်ဆန်းက သြဂုတ်လအကုန်မှာ၊  ယခုအထူးဒေသ (၄) ကျိုင်းတုံ မြောက်ပိုင်းခရိုင် မိုင်းယန်းဒေသသို့ ထွက်ခွာလာခဲ့ကြပါတယ်။ ကျွန်မကတော့ ကျွန်မဖွင့်ထားတဲ့ ဗဟိုဆေး ကျောင်းက ဆေးကျောင်းသားတအုပ်ကို ဦးစီးပြီးရှေ့တန်းဆေးတပ်ဖွဲ့အဖြစ် ပါဝင်ခဲ့ပါတယ်။ အရှေ့မြောက်စစ်ဒေသ နိုင်ငံ ရေးမှူး ရဲဘော်စိုးသိမ်း (ဗဟိုကော်မတီ၊ ကွယ်လွန်) ဦးစီးတဲ့ ရှေ့တန်းစစ်ညွှန်ကြားရေးအဖွဲ့အပါ ကျွန်မတို့ အဖွဲ့တွေအားလုံး စလဲ့မြို့လေးမှာစုစည်းကြရပါတယ်။ စစ်ဆင်ရေးမှာပါဝင်ကြမယ့် ဒေသခံတပ်ဖွဲ့အသီးသီး (ဥပမာ ၈၁၅ စစ်ဒေသ၊ ၇၆၈ တပ်မဟာ) ကတာဝန်ခံ ခေါင်းဆောင်ရဲဘော်များလည်း ရောက်ရှိလာကြပါတယ်။

တပြည်လုံး ပြည်သူလူထုရဲ့ ရှစ်လေးလုံးနိုင်ငံရေးလှုပ်ရှားမှုကြီးရဲ့ဂယက်က မိုင်းယန်း-မိုင်းလွေဒေသက ပြည်သူလူထုကြီး (ရှမ်းလူမျိုးအများစု) ကိုလည်း ရိုက်ခတ်လာပြီးဖြစ်လို့ ကျွန်မတို့တတွေရောက်သွားတဲ့အခါ ဒေသခံလူထုရဲ့ လှိုက်လှိုက် လှဲလှဲကြိုဆိုမှုကို (ဘယ်တုန်းကနဲ့မှ မတူအောင်) ရရှိခဲ့ပါတယ်။ လူထုက ကျွန်မတို့ထက်တောင် တက်ကြွနေပါသေးတယ်။ စစ်ဆင်ရေးကြီးတခုလုံးအတွက်ပြင်ဆင်ရတာဖြစ်လို့ အချိန်ယူရပါတယ်။ ဒါကိုပဲ ဒေသခံပြည်သူတွေက အားမလိုအားမရဖြစ် နေပါတယ်။ ရန်သူကင်းစခန်း အခြေအနေတွေကိုလည်း လာပြောပြောပြနေပါတယ်။ ဒေသခံလူထုကို ဘယ်လောက်အနိုင် ကျင့်တယ်၊ နှိပ်စက်တယ်ဆိုတာတွေလည်း ပြောပြကြပါတယ်။ (ဒါ့ကြောင့် တိုက်ပွဲတွေအပြီး သုံ့ပန်းတွေမိတဲ့အခါ သူတို့ လက် အတင်းအပ်ခိုင်းပါတယ်။ ဒီတော့ စစ်မြေပြင်ကဖမ်းဆီးရမိလာတဲ့ သုံ့ပန်းများကို သတ်ဖြတ်ဖို့ဝေးစွ၊ မညှဉ်းဆဲရဆိုတဲ့ ပါတီရဲ့ သုံ့ပန်းပေါ်လစီကို ရှင်းပြရပါတယ်။ လူထုက တောက်လျှောက် မဆလစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရတာမို့ အ တော် ပြောယူရပါတယ်။) ဒေသခံ လူထုနာမယ်ဆိုရင်လည်း နာစရာပါ။ တိုက်ပွဲပြီးလို့ ကျွန်မတို့လည်းပြန်ဆုတ်လာရော မဆလတပ်တွေဝင်လာပြီး ဗကပကိုကူညီမှုနဲ့ တွေ့သမျှလူတွေသတ်ရာမှာ မပြေးနိုင် မပုန်းနိုင်တဲ့ ကျွန်မတို့ ၇၆၈ တပ်ရဲ့နိုင်ငံ ရေးမှူး စိုင်းနောင်ပန်းရဲ့ အသက် (၈ဝ) ကျော်အရွယ် ဖခင်ကြီးလည်း ပါသွားပါတယ်။

မိုင်းယန်းဘက်က လာကြတဲ့ကုန်သည်များက မိုင်းယန်းမြို့ပေါ်မှာဘာတပ်မှမရှိတော့ဘဲ ဘေးပတ်လည်က စခန်းတွေထဲမှာ သာ ရန်သူတပ်တွေရှိကြောင်း၊ ဒါ့ကြောင့် ကျွန်မတို့ဗကပရဲ့ ပြည်သူ့တပ်မတော်က မိုင်းယန်းမြို့ကိုသိမ်းနိုင်ပြီဖြစ်ကြောင်း ပြောလာပါတယ်။ တကယ်လည်း ကျွန်မတို့ ဆီကတချို့တပ်ဖွဲ့တွေမြို့ထဲထိဝင်ကြည့်ရာမှာ ဘာအခုအခံမှ မတွေ့ရပါဘူး။ မြို့ပတ်လည်က စခန်းကုန်းတွေထဲမှာပဲ ကုပ်နေကြပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့တပ်တွေက အဲဒီပတ်လည်က စခန်းတွေကိုပဲ တခုပြီးတခု တိုက်သိမ်းရပါတော့တယ်။

တိုက်ပွဲစတော့မယ်ဆိုကတည်းက ကျွန်မတို့ ရှေ့တန်းဆေးအဖွဲ့ကလည်း စစ်မြေပြင်နဲ့နီးအောင် စလဲ့နဲ့ မိုင်းယန်းကြား (အ လယ်နီးပါးလောက်) မှာရှိတဲ့ မန်ဝိုင်းဆိုတဲ့ ပလောင်ရွာလေးက ဘုန်းကြီးကျောင်းမှာ စတည်းချပြီး ရှေ့တန်းဆေးရုံ ဖွင့်လိုက် ပါတယ်။ အဲဒီရွာတွေက ဘုန်းကြီးကျောင်းတွေဟာ ရွာတွေနဲ့တောင် မလိုက်ဘူး။ ဟီးနေတာပဲ။ အောက်ထပ်ကို သမံတလင်း ကိုင်ထားပြီး သစ်ကောင်းဝါးကောင်းတွေနဲ့ ဆောက်ထားတာ။ ဒေသခံကေဒါတွေနဲ့ ကျောင်းထိုင်ဘုန်းဘုရားရဲ့ခွင့်ပြုချက်နဲ့အဲဒီကျောင်းအောက်ထပ်မှာကျွန်မတို့က ဆေးရုံဖွင့်လိုက်တာပါ။ အဲဒီမှာပဲ ဒေသခံလူတွေကိုဆေးကုပေးတာတို့ ညပိုင်း တွေမှာ လူတွေစုခိုင်းပြီး ကျန်းမာရေး ပညာပေးတွေ ဟောပြောတာတို့ စသဖြင့် လူထုလုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်သရွေ့ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် ကျွန်မက အဲသလိုရွာတွေမျိုးရောက်ရင် လုပ်နေကြကိစ္စတခု ရှိပါသေးတယ်။ အဲဒါ ကတော့ ရွာတွေမှာ ယေဘုယျရှိတတ်တဲ့ ဝမ်းဆွဲသည်ကြီး (တရွာမှာ အနည်းဆုံး၂-၃ ယောက် ရှိတတ်တယ်။) တွေကို စုပြီး သင်တန်း တိုလေးတွေ ပေးပါတယ်။

အဓိက သန့်ရှင်းရေးပါ။ လက်သေသေချာချာဆေးဖို့၊ မီးနေသည်သုံးတဲ့အဝတ်စ (သူတို့သုံးတတ်တာက အဝတ်စုတ်တွေ ညစ်တီး ညစ်ပတ်အဝတ်တွေပေါ့။ လွှင့်ပစ်ရမှာမို့တဲ့။) ကလေးအနှီးစတွေကို သေသေချာချာလျှော်ဖွတ်ပြီး နေရောင်မှာလှမ်းဖို့ ကလေးချက်ကို ဆေးမထည့်ဖို့ (သူတို့ဆီမှာ ကလေးချက်မကျက်တာ အနာရင်းတာ သိပ်မရှိဘူး။ ကလေးချက်ကိုဖြတ်ရာမှာ သူတို့က ဝါးလတ်လတ်ဆတ်ဆတ်ခုတ်ပြီး အဲဒီဝါးကို နှီးဖြာပြီးနှီးနဲ့ ဖြတ်တာ)။ မီးနေသည်ရဲ့တကိုယ်ရည်သန့်ရှင်းရေးလုပ် ပေးဖို့ စတာတွေကို ဘာသာပြန်ကောင်းကောင်းနဲ့ နားလည်သဘောပေါက်လာအောင် ပြောပြရပါတယ်။ တိုက်ပွဲတွေမရှိတဲ့ အေးဆေးတဲ့ကာလများမှာပေါ့။ တိုက်ပွဲစပြီဆိုရင်တော့ ဒါတွေ ဘေးဖယ်ထားလိုက်ရပါတော့တယ်။

တိုက်ပွဲတွေက စက်တင်ဘာလ လယ်မှာစပါတော့တယ်။ ဘေးပတ်လည်က စခန်း (၃-၄) ခုလောက်သိမ်းပြီးတဲ့အခါ ကြား ဖြတ်နိဂုံးချုပ် အစည်းအဝေးတရပ် လုပ်ပါတယ်။ လူအတော်စုံပါတယ်။ ရှေ့တန်းတပ်တွေက တာဝန်ခံရဲဘော်တွေပါ တက် လာကြပြီး သူတို့ရဲ့လိုအပ်ချက်တွေကို တင်ပြကြ တောင်းဆိုကြပါတယ်။ အစည်းအဝေးပြီးခါနီးတော့ အဲဒီအစည်းအဝေးကို ဦးစီးကျင်းပပေးတဲ့ ရဲဘော်စိုးသိန်းက ကျွန်မကိုလှမ်းကြည့်ပြီး “ကဲ-ခင်ဗျားက ရှေ့တန်းကရဲဘော်တွေကို ဘာမှာစရာရှိလဲ” လို့ ပြောပါတယ်။

ကျွန်မကလည်း ဒီအခွင့်အရေးစောင့်နေတာ။ အခု ကျွန်မတို့ရောက်နေတဲ့နေရာဟာ နောက်တန်းပါတီဗဟိုဌာနချုပ်နဲ့ အ ရှေ့ မြောက်စစ်ဒေဌာနချုပ်ရုံးစိုက်ရာ ပန်ဆန်းနဲ့ အတော်အလှမ်းဝေးပါတယ်။ (၂) ရက်ခရီးပါ။ အရင်ရှေ့တန်းဆေးအဖွဲ့တွေ ထွက်ရစဉ်က ဝတောင်ခရိုင်အတွင်း ပန်ဆန်းကိုဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်ရေးတိုက်ပွဲများဖြစ်လို့ ပန်ဆန်းနဲ့ လွန်ရော ကျွံရော ၈ နာရီ ၁ဝ နာရီခရီးပါ။ ဆေးဝါးတွေလိုအပ်လာရင် ပန်ဆန်းပြန်ယူရတာ လွယ်ပါတယ်။ လူကြုံလည်းများပါတယ်။ အခုနေရာက မလွယ်ဘူး။ ဆေးတွေကလည်း တဖြည်းဖြည်း ကုန်လိုက်လာနေပြီ။ ဒါ့အပြင် အရင်တပတ် ရှေ့တန်းကပြန်လာ တဲ့ တပ်မှူးလေးတယောက်က ကျွန်မကို ပြောပြထားတဲ့အကြောင်းတခုလည်း ရှိပါတယ်။ သူပြောတာက“ရန်သူ့စခန်းတခု သိမ်းပြီးတော့ အဲဒီစခန်းထဲမှာ ဆေးသွင်းတဲ့ပုလင်းတွေရော ပိုက်တွေရော တွေ့ရတယ်တဲ့။ အများကြီးမှ အများကြီး တဲ့။ ဆ ရာမတို့ အသုံးကျမလားမသိဘူး။ အသုံးကျမယ်ဆိုရင် နောက်တခါရရင် နောက်တန်းပို့ပေးလိုက်မယ်” လို့ ပြောထားပါတယ်။ ဒီပြောပြချက်ကလေးက ကျွန်မအာရုံထဲ ရုတ်တရက်ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်မက အစည်းအဝေးမှာလူစုံတုန်း (အ ထူးသဖြင့် စစ်ဆင်ရေးကိုတိုက်ရိုက် ရန်သူနဲ့တိုက်နေတဲ့ ရှေ့တန်းကရဲဘော်များရှိလို့) ရန်သူစခန်းတွေသိမ်းပြီးလို့ ဆေးဝါး ပစ္စည်းတွေရရင် နောက်တန်းပို့ပေးဖို့ မှာလိုက်ပါတယ်။

အစည်းအဝေးပြီး နောက်တပတ် စခန်းသိမ်းတိုက်ပွဲတပွဲအပြီး ရှေ့တန်းရန်သူ့စခန်းက ရလာတဲ့ဆေးပုလင်းတွေဆိုပြီး ကျွန် မတို့ ရှေ့တန်းဆေးရုံတွင်းကို ပြည်သူ့စစ်တွေ အရပ်သားတွေ ပလိုင်းတွေလွယ်ပြီး ရောက်လာကြပါတယ်။ သူတို့သယ်လာတဲ့ ဆေးပုလင်းတွေကြည့်လိုက်တော့ အရေးပေါ်သွေးသွင်းဖို့ လိုအပ်ရင် သုံးနိုင်တဲ့သွေးထုတ်ယူနိုင်တဲ့ပုလင်းတွေပဲ။ သွေးမခဲ အောင် ထည့်ရမဲ့ စစ်ထရိတ်အရည် (၅ဝ-စီစီ) လောက်ထည့်ထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဆေးသွင်းတဲ့ပုလင်းလို့ ထင်ရပါတယ်။ တကယ်တော့ အတော်ကျွမ်းကျင်တဲ့ ဆရာဝန်တွေရှိမှ အသုံးတည့်တာပါ။ ရှေ့တန်းစခန်းတွေဆီ ဘာကြောင့် ပို့ထားရသလဲ မသိပါဘူး။ ကျွန်မလည်းစိတ်ပျက်လက်ပျက်နဲ့ ဘာပြောရမှန်းတောင် မသိဘူး။ ဒီကြားထဲရှေ့တန်းကပြန်လာတဲ့ တပ်ခွဲမှူးလေးတဦးက ကျွန်မတို့ဆေးရုံထဲဝင်လာပြီး ဆေးပုလင်းတွေ ရ မရ လာမေးနေပါသေးတယ်။ အားလုံးရပါပြီ။ ကျေး ဇူးတင်ပါတယ်လို့ ပြောလိုက်ရပါသေးတယ်။

ဒီကိစ္စ ဒီမှာတင်မပြီးပါဘူး။ ညကျတော့ ရွာကတာဝန်ခံတွေ ကျွန်မဆီရောက်ချလာပါတယ်။ သူတို့ပြောပြတာက နေ့လည် က မိုင်းယန်းကဆေးပုလင်းသယ်လာရတဲ့လူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးပါလာသတဲ့။ အဲဒီအမျိုးသမီးက အ ခု ဗိုက်နာလာပြီး သားဖွားတော့မယ်ဖြစ်တော့ သူတို့ဒေသထုံးစံအရ ရွာတွင်းမှာ မီးဖွားခွင့်မပေးနိုင်တာကြောင့် ရွာပြင်က လယ်စောင့်တဲထဲမှာ နေရာချထားပေးကြောင်း၊ အဲဒါ ကျွန်မတို့ဆေးအဖွဲ့ကိုလာအပ်တာဖြစ်ကြောင်းနဲ့ လိုက်ကြည့်ပေးဖို့ ပြောလာပါတယ်။ ကျွန်မလည်းဆေးအိတ်ဆွဲပြီး ဆေးကျောင်းသား ၃-၄ ယောက်နဲ့ လိုက်သွားပါတယ်။ ကျွန်မတို့ဆေးအဖွဲ့မှာ ရလလဖအဖွဲ့က ဆေးသင်တန်းလာတက်နေသူတွေ ရှိပါတယ်။ ဆေးကျောင်းတပတ်-တပတ်ကို ကျောင်းသူကျောင်းသား (၇ ယောက်မှ ၁ဝ ယောက်) လောက်အထိ ပါတတ်ပါတယ်။ ကျွန်မတို့အတွက်က အတော်ဟန်ကျပါတယ်။ ရှမ်းစကား-ဗမာ စကား ရေရေလည်လည်တတ်ကြသူများ ပါပါတယ်။ စာပါ တတ်ကြပါတယ်။ ဒီတော့ ဘာသာပြန်က ကျွန်မတို့အတွက် အ ဆင်သင့်ပါပဲ။ အဲဒီဒေသခံ လူမျိုးတွေထဲမှာက ရှမ်းလူမျိုးအများစုဖြစ်နေတော့ ဒေသရဲ့လူမျိုးကြီးစကား (ဘုံစကား) က ရှမ်း စကား ဖြစ်နေတာပါ။ အခုကျွန်မတို့ရဲ့ ဆေးအဖွဲ့မှာ သူတို့တတွေပါလာကြပါတယ်။

ရွာပြင်က လယ်စောင့်တဲရောက်တော့ အမျိုးသမီးက ဗိုက်စနာနေပါပြီ။ သူ့ခင်ပွန်းသည်ကတော့ တဲရှေ့လေးမှာ မီးဖိုလေး ဖိုပြီး ရေနွေးတည်နေတာတွေ့ရပါတယ်။ လူနာကိုစစ်ဆေးကြည့်လိုက်တော့ မကြာမီမွေးတော့ မယ်လက္ခဏာတွေတွေ့ရပါ တယ်။ ဒါနဲ့ကျွန်မလည်း ပါလာတဲ့အားဆေးလေး ဘာလေးတိုက်ပြီး စိတ်အေးအေးထားဖို့ ကျွန်မတို့စောင့်ပြီး မွေးဖွားပေးမယ့် အကြောင်းစစ်ဆေးတွေ့ရှိသမျှ အရလည်း ချောချောမောမော မွေးနိုင်ကြောင်း ပြောပြရပါတယ်။ ကျွန်မနဲ့ အတူပါတာက လည်း ရလလဖကကျောင်းသူတွေပါ။ ဒါကြောင့် သူတို့ကတဆင့်လူနာ စိတ်အေးစေဖို့ ပြောရဆိုရပါတယ်။ ပြီးတော့ မောင် လောင်း (သူကလည်း ရလလဖက လာကျောင်းတက်နေသူပါ။ ပြောက်ကျားဒေသကလာသူပီပီ သူက ဘာသာပြန်တင်မကကျန်လုပ်ငန်းများဖြစ်တဲ့ ဒေသခံလူထုလုပ်ငန်းများဆက်ဆံရေးလုပ်ငန်းများမှာလည်း အတော်အားကိုးရပါတယ်။ အခုတော့ကွယ်လွန်သွားပြီဖြစ်ပါတယ်။) အကူအညီနဲ့ လူနာရဲ့ခင်ပွန်းသည်နဲ့ စကားပြောရပါတယ်။ ကျွန်မက  ရှေ့တန်းကရဲဘော်များက အရေးကြီးတဲ့အခါ ပါတီရဲ့စည်းကမ်းတွေကိုလိုက်နာရာမှာ လျော့ရဲတတ်ကြောင်း ပါတီအနေနဲ့ ရှေ့တန်းကူညီရေးအဖွဲ့တွေ ထဲမှာ အသက်အရွယ်ကြီးရင့်သူတွေ မကျန်းမမာဖြစ်နေသူတွေ ကိုယ်ဝန်ဆောင်တွေကို မထည့်ရဘူးလို့ သတ်မှတ်ထား ကြောင်း အခုလိုဖြစ်ရတဲ့အတွက် သိပ်အားနာပါကြောင်း ကျွန်မက တောင်းပန်စကားပြောရပါတယ်။ အဲဒီရှေ့တန်းက တာဝန်ရှိတဲ့ ရဲဘော်များကိုလည်း နောင်နိဂုံးချုပ်အစည်းအဝေးမှာ ထောက်ပြဝေဖန်အကူအညီပေးသွားပါ့မယ်လို့လည်း ပြောမိပါတယ်။ ဒီတော့ အဲဒီမိုင်းယန်းသားရှမ်းကလေးက ဒီလိုပြောပြပါတယ်။ သူတို့ရပ်ရွာက လူဘယ်နှစ်ယောက်ပေးရမယ်လို့ သတ်မှတ်လို့ လူမပြည့်တာကြောင့် သူ့ဇနီးကိုထည့်ခေါ်လာရကြောင်း။ ခါတိုင်းလည်း သူ့ဇနီးက ယာထဲဆင်းထင်းထမ်းစတဲ့အလုပ်ကြမ်းတွေ လုပ်နေကြဖြစ်ကြောင်း။ သူတို့အတွက် အပန်းမကြီးကြောင်း ပြန်ဖြေရှင်းနေပါတယ်။

အဲသလိုစကားကောင်းနေတုန်းမှာပဲ လူနာဗိုက်နာတာ စိပ်လာပြီး ၁၅ မိနစ်လောက်အတွင်းမှာပဲ ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ သားယောကျာ်းလေးကို အောင်အောင်မြင်မြင် ချောချောမောမော မွေးဖွားပေးလိုက်နိုင်ပါတယ်။ အချင်းလည်း မကြာခင်ကျ လာပြီး သွေးဆင်းတာတွေလည်း ပုံမှန်တွေ့ရပါတယ်။ ဒီတော့မှ ကျွန်မလည်း သက်ပြင်းကြိတ်ချရပါတော့တယ်။ ကျွန်မမှာ မီးနေသည်နောက်ဆက်တွဲ ဘာရှုပ်ထွေးမှုတွေ (ဥပမာ-သွေးသွန်တာ) များ တွေ့ရမလဲလို့ ပူပန်နေရတာ။ ကျွန်မတို့လည်း နာရီဝက်-တနာရီလောက်အခြေအနေစောင့်ကြည့်ပြီး နောက်ပြန်လာခဲ့ကြပါတယ်။ ကျွန်မဆေးကျောင်းသူ ရဲဘော်မလေးများ ကလည်း လူနာကို တကိုယ်ရေသန့်ရှင်းရေးအကြောင်းတို့ ကလေးကျန်းမာရေးအကြောင်းတို့ စတာတွေလည်း တော်တော် ပြောခဲ့ကြပါတယ်။ နောက်နေ့ မနက်အစောကြီးမှာတော့ ကျွန်မတို့တတွေအိပ်ရာကတောင် မထရသေးပါဘူး။ ဝင်းရှေ့က ဆူဆူညံညံ အသံတွေကြားရလို့ ထွက်ကြည့်ကြတော့ ကျွန်မတို့မနေ့က လယ်တဲမှာ ကလေးမွေးပေးခဲ့ရတဲ့ လူနာရှင်-အမျိုး သားကိုထမ်းပိုးကြီးထမ်းလျက် တွေ့ရပါတယ်။ ထမ်းပိုးတဖက်ခြင်းထဲမှာ ကြက်အရှင် ၄-၅ ကောင် ခြေထောက်တွေ ပူးတွဲ ချည်နှောင်ထားပြီး နောက်တဖက်ခြင်းထဲမှာတော့ ကြက်ဥတွေထည့်ထားတာ တွေ့ရပါ တယ်။ သူက ခြေဟန်လက်ဟန်တွေနဲ့ (သူနဲ့လည်း မနေ့ကပြောဆိုခဲ့တာဆိုတော့ ရင်းနှီးနေတဲ့) မောင်လောင်းကို စကားတွေရေပက်မဝင်အောင် ပြောနေပါတယ်။ တချက်တချက်မှာလည်း သူလက်ထဲက ခြင်းတွေကိုမောင်လောင်းလက်ထဲ အတင်းထိုးထည့်နေပါတယ်။ “မို့ရာလုံ” (မျတ်ချက်။ ရှမ်းစကား၊ မို့ရာ ဆေးဆရာ။ လုံ အကြီးအကဲ။ ဆေးဆရာကြီးလို့ ဆိုလိုပါတယ်။) ချင်းထပ်နေအောင် ပြောနေ တဲ့သူ့စကားတွေကို မောင်လောင်းက ကျွန်မတို့ကို ဘာသာပြန်ပေးပါတယ်။

“ကျွန်တော့်ဇနီးက လွန်ခဲ့တဲ့ ၂ နှစ်က သမီးဦးလေးမွေးတယ်။ အလွန်ခက်တယ်။ (၂) ရက်လောက်ဗိုက်နာပြီးမှ မွေးရတာ။ အခုတခေါက်မှာတော့ ဆရာမတို့နဲ့တွေ့ရလို့ ဒီလောက်လွယ်လွယ်ကူကူ မွေးနိုင်တာ။ ဆရာမတို့ကျွေးတဲ့ ဆေးတွေက သိပ်စွမ်းတာ”။ (တကယ်တော့ ပါသွားတဲ့ အားဆေးလေးတွေပါ။ ဒါပေမဲ့ ကျွန်မတို့ပြည်သူလူထုက အနောက်တိုင်းဆေး အသုံးပြုနိုင်တဲ့ အခြေအနေမရှိတာကြောင့် ဘာဆေးနဲ့ တွေ့တွေ့ နည်းနည်းလေးပေမယ့် အကျိုးအာနိသင် ကောင်းတာလည်း အမှန်ပါပဲ။) “ဒါကြောင့် ကျေးဇူးတင်လွန်းလို့ ဆရာမတို့ ပြန်လည်းသွားရောကျွန်တော့်ကို ကျွန်တော့်ဇနီးက အိမ်ပြန်ခိုင်းပြီး ကြက်နဲ့ ကြက်ဥတွေယူခိုင်းပြီး လာပေးခိုင်းလို့ပါ” တဲ့။ “ဒါဖြင့် ရှင်တညလုံးညလုံးပေါက်မအိပ်ဘဲ မိုင်းယန်းပြန်ပြေးပြီး ဒါတွေ ယူပြီး ပြန်ပြေးလာတာဟုတ်လား” လို့ ကျွန်မက ဘာသာပြန်ကတဆင့်မေးတော့ “ဟုတ်တယ်” တဲ့။ “ကျွန်တော့်ဇနီးက သူ့ အတွက်မပူနဲ့။ အဲဒါပဲ သွားပြန်ယူ။ ဆရာမတို့ကို သွားပေး။ ပြီးမှပြန်လာခဲ့လို့ မှာလိုက်တယ်” တဲ့။

ကျွန်မဖြင့် ရင်ထဲဆို့တက်သွားပြီး ဘာပြန်ပြောရမှန်းတောင်မသိအောင်ဖြစ်သွားပါတယ်။ နေ့စေ့လစေ့ကြီးနဲ့ ရှေ့တန်းကူညီ ရေးအဖွဲ့နဲ့ပါလာရလို့ တနယ်တကျေးမှာ မျက်နှာမြင်ရတဲ့ကိစ္စအပေါ် အားနာမဆုံးဖြစ်နေရတဲ့ ကျွန်မ၊ မီးဖွားရာမှာရှော ရှောရှုရှုမဖြစ်ဘဲ ရှုတ်ထွေးမှုများဝင်ရင်ဆိုပြီး ရင်တထိတ်ထိတ်ဖြစ်ခဲ့ရတဲ့ ကျွန်မ။ အခုတော့ ကျွန်မတို့လူနာက ကျေးဇူးတင်မ ဆုံးဖြစ်နေပုံကိုမြင်ရတဲ့အခါ ကျွန်မကမောင်လောင်းကတဆင့်ပဲ လူနာရှင်ကို အကျိုးအကြောင်း ရှင်းပြရပါတယ်။ “ပထမသားဦးဆို ခက်တတ်ကြောင်း၊ အခုက ဒုတိယကလေးဖြစ်လို့ရော၊ ကျန်းမာရေးကောင်းလို့ရော လွယ်ကူသွားတာ ဖြစ် ကြောင်း၊ ဒီကြက်တွေရော၊ ကြက်ဥရော ကျွန်မတို့ထက် လူနာက ပိုလိုအပ်ကြောင်း၊ ဒါကြောင့်ပြန်ယူသွားပြီး လူနာပဲ ကျွေး ပါ” လို့ကျွန်မကပြောတော့ သူက ခေါင်းတယမ်းယမ်းနဲ့ “ကျွန်တော်ပြန်ယူသွားလို့ မဖြစ်ဘူး” လို့ ပြောပါတယ်။

ဒီတင် မောင်လောင်းက ကျွန်မကိုကပ်ပြီး ဒီလိုပြောလာပါတယ်။ “သူက သူ့ဇနီးကပေးခိုင်းလိုက်တာ။ သူတို့လူမျိုးဓလေ့အရ ကလည်း မီးဖွားပေးသူတွေကို ကန်တော့ရတယ်။ အကုန်ပြန်ယူခိုင်းလို့တော့ ကောင်းမှာမဟုတ်ဘူး။ ပြန်ယူသွားမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာလည်း ဒဏ်ရာတွေပျောက်ပေမယ့် အာဟာရမလိုက်နိုင်လို့ အားပျော့ပြီး ရှေ့တန်းမပြန်နိုင် သေးတဲ့လူနာ ၄-၅ ယောက် ရှိသေးတယ်။ ဒါ့ကြောင့် ကြက် ၁ ကောင်လောက်နဲ့ ကြက်ဥလေး-၄-၅-၁ဝ လုံးလောက်ယူထား လိုက်ရအောင်ပါ” လို့ ပြောလာတာကို ကျွန်မ သဘောတူလိုက်ရပါတယ်။ မောင်လောင်းက အဲဒီလူကို ရွှန်းရွှန်းဝေ စကား တွေပြောပြီး သူ့ခြင်းထဲက ကြက် ၁ ကောင်နဲ့ ကြက်ဥတချို့ ယူထားလိုက်ပါတယ်။ ဒီတော့မှ သူလည်း ရွှင်ပြသွားပြီး မောင် လောင်းကို သူ့နဲ့လိုက်ပြီး သူ့ဇနီးကို အကျိုးအကြောင်းပြောပြပေးဖို့ ခေါ်သွားပါတယ်။ မောင်လောင်းလည်း သူနဲ့အတူ လိုက်သွားပြီး သူတို့မိသားစုနဲ့အတူ ထမင်းချက်ပြုတ်စားသောက်ပြီး သူတို့ဇနီးမောင်နှံကို မိုင်းယန်းအပြန် လမ်းခရီး အတော်ဝေးဝေးအထိ ဝန်စည်စလယ် အထုပ်အပိုးပလိုင်းကိုပိုးပြီး လိုက်ပို့ပေးပြီးမှ ပြန်ရောက်လာပါတယ်။

သြော် ကျွန်မတို့မှာ အဲသလို ပြည်သူလူထုတွေရှိနေလို့ အဲဒီလူထုကြီးအတွက် ဘာမဆိုစွှန့်လွှတ် စွန့်စားကြတဲ့ ပြည်သူ့သူရဲ ကောင်း များ စဉ်ဆက်မပြတ်ပေါ်ပေါက်နေတာဖြစ်မှာပါလို့  ဟိုလွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ဖြစ်ရပ်ကိုပြန်လည်တွေးတောမိရင်း အတိတ်က တော်လှန်ရေးဖြစ်ရပ်တွေဟာ ကျွန်မအာရုံမှာပြန်လည်ထင်ဟပ်လာနေပြီး တကိုယ်လုံးလည်း နွေးထွေးသွားတော့ တယ်။

၈ လေးလုံး တိုက်ပွဲဝင် ပြည်သူလူထုကြီးနဲ့ အာဇာနည် သူရဲကောင်းများရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်ပြည်သူလူထုဧကြီးနဲ့ အာဇာနည်သူရဲကောင်းတို့ရဲ့စိတ်ဓာတ် အဓွန့်ရှည် ပါစေ။

လှကျော်ဇော
၁၅-၈-၂ဝ၁၆

(၇၇ နှစ်ပြည့် ပါတီမွေးနေ့အမှတ်တရအဖြစ် ရေးဖွဲ့ပါတယ်)
မှတ်ချက်၊ အရေးတော်ပုံဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၆) မှ။

ပုံစာ။ ၁၉၈၈ စက်တင်ဘာလ။ မန်ဝိုင်းရွာ၊ ဘုန်းကြီးကျောင်းက ကြားဖြတ်နိဂုံးချုပ်အစည်းအဝေး