ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၎




မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၎
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၆

ညီလာခံတွင်း ဆွေးနွေးချက်များ

၂၁ ရာစုပင်လုံညီလာခံတွင် လျာထားသည်မှာ ပါဝင်တက်ရောက်သည့် အဖွဲ့အစည်းအားလုံး မိမိတို့အဖွဲ့အစည်းသဘောထားကို ၁၀ မီနစ်ခန့် တင်ပြဆွေးနွေးရန်ဖြစ်သည်။ မူလက ၇၆ ဦးတင်ပြမည်ဟု စီစဉ်ထားသော်လည်း UWSA ကစာတမ်းဖတ်မည့်နေတွင် စာတမ်းထားခဲ့ပြီး ပြန်သွား၍၎င်း UNFC အဖွဲ့ဝင် ၇ ဖွဲ့မှ စုပေါင်း၍ ၅ ဦးသာတင်ပြခြင်းကြောင့်၎င်း လက်တွေ့ စာတမ်းဖတ်ကြားတင်သွင်းရာတွင် ၇၂ ဦးတင်ပြခဲ့သည်။

ဤသို့ ညီလာခံအတွင်း စာတမ်းဖတ်ကြားတင်ပြသူ ၇၂ ဦးမှာ
အစိုးရ ၅ ဦး
လွှတ်တော် ၅ ဦး
တပ်မတော် ၉ ဦး
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၄ ဦး
တရားဝင်နိုင်ငံရေးပါတီ ၂၇ ဦး
တိုင်းရင်းသားအစုအဖွဲ့ ၆ ဦး
ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့ ၆ ဦး
စုစုပေါင်း ၇၂ ဦး တို့ဖြစ်ပါသည်။

1/9/2016 တွင် ၃၂ ဦး 2/9/2016 တွင် ၃၀ ဦး နှင့် 3/9/2016 တွင် ၁၀ ဦီးက မိမိတို့ကိုယ်စားပြု အစုအဖွဲ့၏ အမြင်သဘောထားကို တင်ပြခဲ့ သည်။ ဤညီလာခံတွင် အစုအဖွဲ့အသီးသီး၏ သဘောထားကို သဘောထား ကို တင်ပြခြင်းသာပြု လုပ်ပြီး အပြန်အလှန်ဆွေးနွေးခြင်းမပြု ပါ။ သို့ရာတွင် အဖွဲ့အစည်းအသီးသီး၏ ပွင့်လင်းစွာ တင်ပြနိုင်မှု ကြောင့် သူတို့အားလုံး၏ စဉ်းစားမှု ရပ်ခံဆုပ်ကိုင်မှု များ ရှင်းလင်းစွာတွေ့ရသည်။ မတူညီသောအချက် များနှင့် ကွာဟချက်ကြီးမားမှု များကို တွေ့မြင်နိုင်သည်။ ထိုတင်ပြချက်များမှ အဓိက ရှာဖွေရမည်မှာ ဘုံသဘောတူညီချက်များကို မည်သည့်နေရာက စတင်
မည်နည်း ကွာဟချက်ကြီးမားသော အချက်များကို ကွာဟချက် ကျဉ်းမြောင်းသွားအောင် ကျော်လွှားသွားနိုင်အောင် မည်သို့ကြံဆောင်မည်ဆိုသည် ရှေ့ရှုရန် လိုအပ်ပေမည်။

အစိုးရ လွှတ်တော်နှင့်တပ်မတော်
အစိုးရနှင့် လွှတ်တော်မှစာတမ်းတင်သွင်းသူများ၏သည် ယေဘူယျ အားဖြင့် တသဘောတည်းဖြစ်သည်။ စစ်အနိဌာရုံများ အားထောက်ပြခြင်း ၊ စစ်ဘေးဒုက္ခသည်ပြသနာကို ဖေါ်ပြခြင်း ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း အဓိကထားပြောဆိုပြီး နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများမှတဆင့် ဘုံသဘောတူချက်ရှာဖွေရယူပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဦးတည်ပြောဆိုခဲ့ကြသည်။ သို့သော် အစိုးရနှင့် လွှတ်တော်မှ တက်ရောက် သဘောထားဖေါ်ပြသူများသည် မည်သည့် ဖက်ဒရယ်ပုံစံ တည်ဆောက်မည်ဆိုသည်ကို ဖေါ်ပြခြင်းမရှိပေ။

 ထူးခြားချက်အနေနှင့် အစိုးရဖက်မှ စာတမ်းတင်သွင်းသည့် ဦးကျော်တင့်ဆွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား DDR ခေါ် လက်နက် ဖြု တ်သိမ်းရန် လိုအပ်သည်ဆိုသည့် အချက်ကို ထည့်သွင်းပြောဆိုသည်ကို တွေ့ရပါသည်။

တပ်မတော်အစုအဖွဲမှ ၉ ဦးတက်ရောက်၍ သဘောထားများတင်ပြဆွေးနွေးပါသည်။ တပ်မတော် အစုအဖွဲ့မှာ စာတမ်းတင်သွင်းသူများသည် ကာကွယ်ရေးဦးစီချုပ်၏နှုတ်ဆက်မိန့်ခွန်းပါ မူဝါဒအတိုင်းပင်ဖြစ်သည်။ စာတမ်းတင်သွင်းသူအားလုံးသည် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် အသုံး
အနှုံးကို လုံးဝသုံစွဲခြင်းမပြု ချေ ။ သူတို့ရပ်ခံသည်မှာ ၂၀၀၈ အခြေခံဥပဒေ သည် ဖက်ဒရယ်မူများ အပေါ်တွင် အခြေခံ၍ ရေးဆွဲထားသည်ဟုသည် သဘောထားအခြေခံပေါ်မှ ရပ်ခံဆွေးနွေးကြသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်မူနှင့် ဒီမိုကရေစီအခြေခံမူပါရှိသည် ဆိုသည့်ဘက်မှ ရပ်ခံဆွေးနွေး
ကြသည်။

တပ်မတော်အစုအဖွဲ့ဝင် ဗိုလ်မှူးကြီးတင့်နိုင်အေးက ပြည်နယ်နံမည်ပြောင်းရန် ပထဝီအနေအထားကို အခြေခံသော ပြည်နယ်ဖွဲ့စည်းရန် တင်ပြသည်ကို တွေ့ရပါသည်။ ထိုပြင် ဒေသစွဲလူမျိုးစွဲများကြောင့်ဖြစ်ပွါးသော လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် တပ်မတော်တရပ်ထဲရှိရေး ကိုလည်းဗိုလ်မှူးကြီးမင်းဦးက ဇောင်းပေးတင်ပြသည်ကို တွေ့ရသည်။

ထို့ပြင် နောက်တပ်မတော်အစုအဖွဲ့မှဒုဗိုလ်မှူးကြီးဇော်ဦးက တပ်မ တော်၏ မူဝါဒ ၆ ချက်ကို တငိပြ ဆွေးနွေးပြီး NCA ကတိကဝတ်များထိန်းသိမ်းရန် အပစ်ရပ်စဉ်ကာလ နိုင်ငံရေးအမြတ်မထုတ်ရန် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းရေးအတွက် သတ်မှတ်ချိန်အတွင်း DDR/ SSR ပြု လုပ်ရန်တို့ အပြင် အပစ်ရပ်ရေးအတွက် နိုင်ငံခြားမှ ဝင်ရောက်ကြီးကြပ်မှု မလိုအပ် ကြောင်းတင်ပြဆွေးနွေးခဲ့သည်။

ဗိုလ်မှူးကြီးဇော်ဝင်းမြင့်မှ လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းရေးအတွက် အခြေခံရမည့် မူမှာ DDR ဖြစ်ကြောင်း နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းလမ်းနှင့်ဖြေရှင်းရန် လိုအပ်ကြောင်း SSR ဆိုသည်မှာ လုံခြုံ ရေးအခြေအနေမကောင်းသည့်နိုင်ငံများတွင်သာ ပြုလုပ်ကြောင်း SSR လုပ်လိုအပ်ပါက
လည်း DDR ပြီးမှ SSR လုပ်ရန်လိုအပ်ကြောင်း တင်ပြခဲ့သည်။

ဗိုလ်မှူးထိပ်တင်ချိုမှ စစ်ဘေးဒုက္ခသည် IDP ပြသနာအား၎င်း ဗိုလ်မှူးကြီးကျော်စိုးဦးက အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်းပြသနာအား၎င်း၊ ဗိုလ်မှူးကြီးဇော်မင်းထွန်းက သယံဇာတစီမံခန့်ခွဲရေးနှင့် ပတ်သက်၍၎င်း၊ တင်ပြခဲ့ကြပြီး နောက်ဆုံးတင်ပြသူ ဗိုလ်မှူးကြီးနေမင်းထွန်းက ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်မူများ ပါရှိကြောင်း DDR ကို သတ်မှတ်ချိန်တွင်း ပြီးပြတ်အောင်ဆောင်ရွက်ရန်လိုကြောင်း ထပ်မံတင်ပြပြီး ၂၀၀၈ အခြေခံဥပ
ဒေ အခန်း ၁၅ ခန်းတွင် ပုဒ်မ ၄၅၇ ခုအနက် မည်သည့်ပုဒ်မ ဖက်ဒရယ်မူနှင့် မကိုက်ညီသည်ကို အသေးစိတ်ထောက်ပြရန် လိုအပ်ကြောင်း တင်ပြသွားသည်ကို တွေ့ရသည်။

တပ်မတော်အစုအဖွဲ၏ သဘောထားကိုချုပ်ကြည့်လျင် ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်အခြေခံမူများ ပါဝင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များအနေနှင့် DDR လုပ်၍ လက်နက်စွန့်ပြီး ဒီမိုကရေစီလမ်း
ကြောင်းလျှောက်လှမ်းရန်လိုကြောင်း ရပ်ခံပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုသော ဝေါဟာရအား ရှောင်ရှား၍ သုံးစွဲခဲ့သည်။ ပြည်ထောင်စုတပ်မတော် တခုတည်းရှိရေးကို ရပ်ခံခဲ့သည်။ နောက်ဆုံးအနေနှင့် လမ်းဖွင့်
ပေးနိုင်သည်ဟု ဆိုနိုင်သည်မှာ ၂၀၀၈ အခြေခံဥပဒေပါ ပုဒမ ၄၅၇ ခုအနက် မည်သည့်ပုဒ်မက ဖက်ဒရယ်မူနှင့် မကိုက်ညီသည်ကို ဆွေးနွေးရန် လမ်းဖွင့်ပေးသည်ဟု ယူဆရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များမှ ဆွေးနွေးရာတွင် KNU/ KPC/ DKBA အဖွဲ့ ၃ ဖွဲ့က စာတမ်းတစောင်တည်းအား ၃ ပိုင်းခွဲ၍ KNU မှ ဖဒိုစောတာဒိုမူ၊ KPC မှ စောကျော်ညွန့် ၊ DKBA မှ ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ ဖတ်ကြားခြင်းပြု ခဲ့ပြီး ၎င်းတို့ ၃ ဖွဲ့ တသဘောတည်းဖြစ်ကြောင်း တင်ပြခဲ့ သည်။ အလားတူပင် UNFC အဖွဲ့ဝင် ၇ ဖွဲ့ကလည်း ၎င်းတို့ဘုံသဘောတူ စာတမ်းအားအပိုင်း ၅ ပိုင်းခွဲ၍ NMSP မှ ဒုဥက္ကဌ နိုင်ဟံသာ ၊ KNPP ဒုဥက္ကဌ ခူဦးရယ် ၊ KIA မှ ဒုဗိုလ်မှူးကြီးဆင်ဝါး ၊ SSPP ဒုဥက္ကဌ ၂ စဝ်ခွန်ဆိုင်း ၊ ANC  အတွင်းရေးမှူး ဦးထွန်းဇော်တို့က ဖတ်ကြားပြီး UNFC သဘောထားအဖြစ်တင်ပြခဲ့သည်။

မိုင်ဂျာယာန်ညီလာခံတွင်ဆွေးနွေးခဲ့သော ဖက်ဒရယ်အခြေခံမူများ 

ပြည်နယ်များ၏လုပ်ပိုင်ခွင့် ၊သယံဇာတခွဲဝေရေး ၊ အမျိုးသားလုံခြုံ ရေးနှင့် ကာကွယ်ရေး၊  ပြည်ထောင်စု တပ်မတော်နှင့် ပြည်နယ်တပ်များ၊  စီးပွါးရေး၊  လူမှုရေး နှင့် မြေယာကဏ္ဏများ ခွဲ၍ ဖေါ်ပြထားသည်။

CNF ဒုဥက္ကဌ ၂ ဒေါက်တာဆလိုင်းလျံမှုံးဆာခေါင် ၊ PNLO ဥက္ကဌ ခွန်မြင့်ထွန်း ၊ ABSDF မှ ရဲဘော်မြင့်ဟိန်း၊  ALP မှ ဦးခိုင်ထွန်းဝင်း ၊ RCSS မှ ဒုဗိုလ်မှူးကြီးစိုင်းငင်း တို့မှလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စုပေါင်းအုပ်ချုပ်တဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးရေး၊ NCA ၏ အခြေခံအုတ်မြစ်၊  SSR နှင့် လုံခြုံ ရေးဆိုင်ရာပြသနာ ၊ စစ်အာဏာရှင်စနစ်အောက်တွင် ဒီမိုကရေစီတန်ဘိုးလျော့ကျ
နေသည့်ပြသနာ ၊ စစ်အာဏာရှင်စနစ်အောက်မှာ ဖိအားပေးခံခဲ့ရပြီး နိုင်ငံရေးအရ ပြသနာကိုမဖြေရှင်းခဲ့၍ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာခြင်းတို့ကို တင်ပြဆွေးနွေးသွားခဲ့ကြသည်။

NDAA မိုင်းလား အတွင်းရေးမှူးဦးကြည်မြင့် ကတော့ NCA လက်မှတ်ထိုးရေးကို ထောက်ခံပြောဆိုခဲ့သော်လည်း သူတို့အနေနှင့် ငြိမ်းချမ်းရေး
လက်မှတ်ထိုးပြီး ၂၇ နှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့သည်ကို ဇောင်းပေးပြောဆိုကာ NDAA လက်မှတ်ထိုး မထိုးကို ထည့်သွင်းပြောဆိုခြင်းမရှိပါ။ NDAA နှင့် နိုင်ငံရေး လုံခြုံ ရေး မြေယာ လူမှုရေး စီးပွါးရေးနှင့် ပတ်သက်ပြီး သီးခြားစာတမ်းတင်သွင်းထားခဲ့သည်။ UWSA သည်လည်း
စာတမ်းဖတ်မည့်နေ့တွင် ပြန်လည်ထွက်ခွါသွား၍ စာတမ်းအား ငြိမ်းချမ်းရေးကော်မရှင်အား ပေးအပ်ထားခဲ့သည်။

ချုပ်၍ ဆိုရလျင် NCA လက်မှတ်ထိုးထားသော KNU/ RCSS အပါ ၈ ဖွဲ့၏သဘောထားနှင့် UNFC ၇ ဖွဲ့၏သဘောထားမှာ များစွာကွဲပြားခြင်းမရှိပါ။ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ၊ လုပ်ပိုင်ခွင့်ပိုရရေး၊ ပြည်ထောင်စုတပ်မတော်တရပ်ရှိရေးကို ထောက်ခံသော်လည်း ထိုတပ်မတော်သည် အရပ်သားအစိုးရအောက်တွင် ရှိရမည်ဟု ရပ်ခံသည်။ ထို့ပြင် ပြည်နယ်တပ် ထားရှိရန် လိုသည်ဟု တင်ပြကြသည်။ ထို့အတု အာဏာတူ လွှတ်တော်နှစ်ရပ်ထားရှိရေးကို တင်ပြကြသည်။


 ထို့ပြင် တိုင်းရင်းသားအားလုံးနေထိုင်ရာ တိုင်းပြည်ဖြစ်သဖြင့်၎င်း မြန်မာနှင့် ဗမာဆိုသည်မှာလည်း အတူတူဖြစ်၍၎င်း တိုင်းပြည်နံမည်ကို ပြောင်းလဲရန် တင်ပြသည်ကို တွေ့ရသည်။

တရားဝင်နိုင်ငံရေးပါတီများ

ANP ဥက္ကဌ ဒေါက်တာအေးမောင် တင်သွင်းသည့် အကြံပြု စာတမ်းတွင် နိုင်ငံရေး၊ လုံခြုံ ရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ လွှတ်တော်/အစိုးရ ၊ လူမှုရေး ၊ စီးပွါးရေး ၊ သယံဇာတခွဲဝေမှု စသည့် ကဏ္ဏ များခွဲ၍ တင်ပြကြသည်။ ဖက်ဒရယ်ထက် ကွန်ဖက်ဒရိတ်ပိုဆန်သည်ဟု ကောက်ချက်ချခံရသည့် စာ တမ်းဖြစ်သည်။

SNLD သုတေသနနှင့်လေ့လာရေးဌာနမှ စိုင်းထွန်းအေးကတော့ တိုင်းရင်းသားများအခွင့်အရေး မရကြ၍ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်လာကြောင်း၊ အခြေအနေကလည်း လက်နက်ကိုင်မှ လူရာဝင်သကဲ့သို့ ဖြစ်နေကြောင်း၊ ဖိအားပေး၍ အတင်းအကြပ်အတည်ပြု ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အခြေခံဥပဒေ အသစ်တရပ် လိုအပ်ကြောင်း တင်ပြသွားခဲ့သည်။

ထို့ပြင်အခြားထူးခြားချက်တခုမှာ TNP တအန်းအမျိုးသားပါတီ၊ အထွေထွေအတွင်းရေးမှူး မိုင်ဝင်ထူးမှ တအန်းပလောင်ပြည်နယ်ဖွဲ့စည်းပေးရေးအား၎င်း၊  PNO မှ ခွန်ထွန်းရွှေ မှ ပအိုဝ်ြ့ပည်နယ် ဖွဲ့စည်းပေးရေးအား၎င်း၊ ဝ ဒီမိုကရက်တစ်ပါတီ - ဟိုပန်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ကိုရန်ကျော်မှ
ဝ ပြည်နယ်သတ်မှတ်ပေးရေးအား၎င်း၊  ဝ စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်၊ ဦးညီနပ်က ဝ မြောက် ၆ မြို့ နယ်အပြင် ကျိုင်းတုံ ၄ မြို့ နယ်ပါထပ်ပေါင်းပြီး  ၀ ပြည်နယ် သတ်မှတ်ပေးရေးအား၎င်း၊ တိုင်းလျံပါတီ ဥက္ကဌ စိုင်းဌေးအောင်က  ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေးအား၎င်း တင်ပြခဲ့သည်။ ပြည်နယ်အသစ်များ ဖွဲ့စည်းရေးသည် မြန်မာပြည်အတွေ့အကြုံ
အရ၎င်း အမေရိကန် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံ အရ၎င်း အသစ်အဆန်းမဟုတ်ဘဲ လိုအပ်သလို ဖွဲ့စည်းရန် လိုအပ်ဟု တင်ပြခဲ့ကြသည်။

အလားတူ လီဆူးအမျိုးသားပါတီ ( ဒူးလေးပါတီ ) ဦးရွှေမင်းခေါ် ဆခါးလာလူက ပူတာအို၊ ခေါင်လန်ဖူး၊ ဆော့လော် ၊ ချီဗွေ၊  မချန်းဘော ၅ မြို့ နယ်အား လီဆူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖွဲ့စည်းပေးရေးအား၎င်း၊  အခါအမျိုးသားတိုးတက်ရေးပါတီမှ ဦးမားကို့စ်မှ အခါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖွဲ့စည်းပေးရန်အား၎င်း၊ ထားဝယ်တိုင်းရင်းသားပါတီမှ ဦးအေးမင်းက ထားဝယ်တို့၏ ထူးခြားချက်ကို အသိမှတ်ပြု ရန်၎င်း တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

ချုပ်၍ ဆိုရလျင် ပြည်နယ်များ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ဖက်ဒရယ်မူများ တောင်းဆိုကြခြင်းရှိသကဲ့သို့ ကွန်ဖက်ဒရိတ်အဆင့်အတန်း တောင်းဆိုမှု များလည်းရှိသည်။ ထို့ပြင် နိုးကြား စုစည်းမိလာသော တိုင်းရင်း
သားများမှ ပြည်နယ်အဆင့်တိုးမြှင့်ပေးရန်တောင်းဆိုမှု နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအသစ်များ တောင်းဆိုလာသည်ကို တွေ့ရပေသည်။ ထို့အတူ
တပ်မတော်အားလည်း အရပ်ဖက်အစိုးရအောက်တွင် ထားရှိရေးကို တင်ပြခဲ့သည်။

တိုင်းရင်းသားအစုအဖွဲ့
တိုင်းရင်းသားအစုအဖွဲ့မှ ညီလာခံတက်ရောက်သူများ ထူးထူးခြားခြား သတိပြု မိသူမှာ ကဒူးတိုင်းရင်းသား ကိုသန်းဇော်ဦးဖြစ်သည်။  ကိုသန်းဇော်ဦးက ညီလာခံဒုတိယနေ့က ဒုဗိုလ်မှူးကြီးစိုးတင့်က နိုင်ငံတကာ စံနှုံးနှင့်နှိုင်းယှဉ်ပြီး ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရှိသည်ဟု ဆိုခဲ့ပါကြောင်း၊  ထိုသို့နိုင်ငံတကာစံနှုံးအရ ဒီမိုကရေစီ အကောင်အထည်ဖေါ် ကျင့်သုံးနေပြီဆိုပါက နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေသည့်အခန်းအား ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

ထို့ပြင် ကိုသန်းဇော်ဦးက ၎င်းအား ကဒူးတိုင်းရင်းသားများက အမှာပါးလိုက်ကြောင်း၊ ညီလာခံတွင် ဗမာ ၁ ကျပ် ရှမ်း ၁ ကျပ် ရပါက ကဒူး အတွက်လည်း ၁ ကျပ်ရအောင် တောင်းခဲ့ရန် အမှာပါးလိုက်ကြောင်း တင်ပြ
သွားခဲ့သည်။ ကိုသန်းဇော်ဦးတင်ပြချက်မှ သတိပြုဘွယ်ရာမှာ မြန်မာပြည်ရှိ တိုင်းရင်းသားပြသနာဖြေရှင်းရာတွင် လူနဲစုတိုင်းရင်းသားများအား ကာကွယ်ပေးသည့် အထူးအခွင့်အရေးပေးသည့် အစီအမံများ၊  ပြဌာန်းချက်များပါ လိုအပ်နေသည်ဟု သုံးသပ်ရပါသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )