ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆလိုင်းဝင်းရွှေ - ငခုံးမ



ဆလိုင်းဝင်းရွှေ - ငခုံးမ
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၆

လတ်တလောဖြစ်နေတဲ့ ဝ-မိုင်းလား ‘ပြဿနာ’ အတွက် NDAA ဒုစစ်ဦးစီးချုပ် ဝ နယ် ပန်ဆန်းမှာ သွားဆွေးနွေးတာ အားလုံးပြေလည်ခဲ့တယ်လို့သိရတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ကာချုပ် မင်းအောင်လှိုင်နဲ့ ဒုကာချုပ်စိုးဝင်းတို့က ဒေါ်စုနဲ့ ဦးထင်ကျော်တို့နဲ့ ဆွေးနွေးပြီးတော့ မင်းအောင်လှိုင်က တင်မျိုးဝင်းကို ဝ-မိုင်းလား သွားခိုင်းခဲ့တယ်။ ငြိမ်းချမ်းရေး-ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ အကြောင်းပြခိုင်းခဲ့တယ်။ တကယ်တော့ အခုကိစ္စမှာ ဝ လုပ်တာ လုပ်နည်းလုပ်ဟန်မမှန်ပေမဲ့ အချင်းချင်းပြဿနာသာဖြစ်လို့ အပြင် ကဝင်ပါစရာ မလိုသလို ရာဇသံပေးရအောင်လဲ ဗမာစစ်တပ် နယ်မြေမဟုတ်ပါဘူး။ ဝ အနေနဲ့ လက်ရှိတပ်စွဲ ထားတဲ့ မိုင်းလားစခန်းတွေက အင်အားတွေ ပြန်လျှော့ချဖို့ အစီအစဉ်ရှိပြီးသားဖြစ်တယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရည်မှန်းချက်ပြည့်ဝပြီးနောက် သင့်တော်တဲ့အချိန်မှာ ပြန်ထုတ်မှာဖြစ်တယ်လို့ ဝ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချထားတယ်။

တဖက်မှာတော့ ဝ နဲ့ မိုင်းလား ပြဿနာကို အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ ဗမာမဟုတ်တဲ့ ရန်သူဟောင်း RCSS နဲ့ အပေါင်းအပါရှမ်းအဖွဲ့တချို့၊ ရှမ်းသတင်းဌာနတချို့ကလဲ စိတ်ကူးယဉ်အိပ်မက်မက်ပြီး တို့မီးရှို့မီး လုပ်နေကြတယ်။ ဒါပေမဲ့ အဆိုးဆုံးကတော့ မိုင်းလားထဲမှာ အခွင့်ကောင်းစောင့်ပြီး မင်းအောင်လှိုင် ရင်ခွင်ထဲဝင် တကိုယ်တော်ကြီးပွားရေးလုပ်ချင်နေတဲ့ ကြည်မြင့်လိုလူက ရှိနေတာဖြစ်တယ်။

ဒါကြောင့် အခု အသံကျယ်နေတဲ့ ကြည်မြင့်အကြောင်း လေ့လာဖို့လိုလာတယ်။

ကြည်မြင့် (ခေါ်) ကျန်းစစ်မင်ဟာ ယူနန်ပြည်နယ် ဝမ်တိန်မြို့သား တရုတ်နိုင်ငံသားဖြစ်တယ်။ ဝမ်တိန် နဲ့ နယ်စပ်ဟိုဘက်ဒီဘက်ရှိတဲ့ ကျူကုတ်-ပန်ဆိုင်းမြို့သား စိုင်းလင်းနဲ့ ငယ်သူငယ်ချင်းဖြစ်တယ်။ ၁၉၆၇ ယဉ် ကျေးမှုတော်လှန်ရေးကာလမှာ နိုင်ငံတကာကူညီရေး ဆိုပြီး တရုတ်တပ်နီလူငယ်တွေ ဗကပ ထဲဝင်တော့ ပါ လာတာဖြစ်တယ်။

အစောပိုင်းမှာတော့ စစ်ရေးတက်တက်ကြွကြွ ထမ်းဆောင်ပြီး ထူးထူးချွန်ချွန်တိုက်ခဲ့တယ်။ မိုးမိတ်မြို့သိမ်း တိုက်ပွဲကို ခေါင်းဆောင်ခဲ့ပြီး ဗမာစစ်တပ်က သူရကျော်ကျော်ချို ကျတဲ့ပွဲ၊ စီစီဝမ်-တာပန်တိုက်ပွဲတွေမှာ အရေးပါခဲ့တယ်။ ဗမာဆန့်ကျင်ရေး-တရုတ်လူမျိုးကြီးဝါဒအခြေခံစိတ်ဓာတ်နဲ့ တိုက်ခဲ့တာဖြစ်တယ်။ စီစီဝမ်-တာပန်တိုက်ပွဲ ရှုံးပြီးနောက် ကိုယ်ကျိုးစီးပွားလုပ်ဖို့ဘဲ ပိုအားသန်လာတယ်။ ဗကပ မြောက်ပိုင်းဗျူရိုရဲ့ ဘိန်းဖြူထုတ်လုပ်ရေးတာဝန်ခံလုပ်ခဲ့တယ်။

ဒါပေမဲ့ တဖက်မှာတော့ ဗကပထဲ မြှုပ်ထားတဲ့ တရုတ်ထောက်လှမ်းရေးအလုပ်လုပ်နေပြီး သတင်းတွေ ပို့ပေးနေခဲ့တယ်။ ကိုယ်ကျိုးအတွက်လဲ ဗကပ ခေါင်းဆောင် ဗမာအဖိုးကြီးတွေကို တအားဖားယားခဲ့လို့ တခြားကေဒါတွေ၊ အောက်ခြေရဲဘော်တွေနဲ့ အဆင်မပြေဖြစ်ခဲ့တယ်။။

၁၉၈၉ မှာ ဗကပကို ကိုးကန့်နဲ့ဝတွေ ပုန်ကန်ပြီး အာဏာသိမ်းချိန်မှာ မြောက်ပိုင်းဗျူရို ဒုစစ်ဦးစီးမှူးလုပ်နေ တဲ့ ကြည်မြင့်ဟာ သူ့နယ်မြေမုန်းကိုးမှာ အခြေစိုက်ခဲ့တဲ့ ဗကပ ယူဂျီ ၄၈၂၈ အဖွဲ့အချက်အလက်တွေ ခင်ညွန့်တို့ကိုပေးခဲ့တယ်။ ဒါကြောင့် ၄၈၂၈ အဖွဲ့မိသွားတဲ့ကိစ္စမှာ သူ့လက်ချက် အများကြီးပါတယ်။ ဒါ့ အပြင် ဗကပ ဥက္ကဌ သခင်ဗသိန်းတင်စကားပြောတာပါတဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေး ဆိုတဲ့ ဗီဒီယိုခွေနဲ့ တခြားစာရွက်စာတမ်းတွေ အချက်အလက်တွေကိုလဲ စစ်အစိုးရဆီ အပ်ခဲ့တယ်။ ဒါကြောင့် သခင်တင်မြ၊ ဘခက်၊ မောင်မြတို့ပြီးတဲ့နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေထဲမှာ၊ ဗကပထဲမှာ အကြီးဆုံးသစ္စာဖောက်ဖြစ် လာတယ်။ စစ်အုပ်စုအတွက် အဖိုးအတန်ဆုံးသစ္စာဖောက်ဖြစ်ခဲ့တယ်။ ဖုံကျားရှင်း၊ ကျောက်နီလိုင်-ပေါက်ယိုချန်၊ စိုင်းလင်း၊ ဇခုံတိန့်ယိန်းတို့က ဗကပ ကို ပုန်ကန် ဘက်ပြောင်းရုံဘဲလုပ်ခဲ့ပေမဲ့ ကြည်မြင့် ကတော့ ရန်သူကို အချက်အလက်တွေ ထိုးအပ်ပြီး သစ္စာဖောက်ခဲ့သူ၊ ရန်သူနဲ့ပေါင်းခဲ့သူဖြစ်တယ်။

၁၉၈၉-၉၀ မှာဘဲ ကြည်မြင့်ဟာ ကိုးကန့်တပ်မှူး ဖုန်ကျားဖူးဆီမှာ (သူ့ကိုယ်ပိုင် ဘိန်းချက်စခန်းတွေရှိခဲ့တဲ့) မုံးစီး-တာမိုးညဲဘက် နေရာတောင်းပြီး သီးခြားငြိမ်းအဖွဲ့၊ သီးခြားငြိမ်းနယ်မြေထောင် လုပ်စားဖို့ရည်ရွယ်ခဲ့ ပေမဲ့ ကိုးကန့်က လက်မခံတဲ့အခါ ကိုးကန့်ကိုကာပြန်ပြီး ကားပေါ် နံပတ်ဖိုး အထုတ်လိုက်တင်၊ တရုတ်ပြည် ထဲကဖြတ် မုန်းလားကိုသွားပြီး ငယ်သူငယ်ချင်းစိုင်းလင်းဆီ နေရာတောင်းလို့ အထူး-၄ ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်လာတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ရော၊ တရုတ်အချင်းချင်းနဲ့ပါ ဘယ်သူနဲ့မှမတည့်လို့ ၁၉၉၅ လောက်မှာ မိုင်းလားမှာမနေတော့ဘဲ မူဆယ်မှာ စီးပွားရေးသွားလုပ်တယ်။ စတား ခရီးသွားလာရေး ဆိုတဲ့ကုမ္ပဏီထောင်ပြီး ခင်ညွန့်ထောက်လှမ်းရေးတွေနဲ့ပေါင်း စီးပွားရေးသောင်းကျန်းခဲ့တယ်။ မိုင်းလားမှာ တော့ သူ့တပည့်မင်းအိမ်ကို ထားခဲ့တယ်။ ၂၀၁၀ မှာ နယ်ခြားစောင့်တပ်လုပ်ချင်တဲ့ မင်းအိမ် အသတ်ခံရပြီး နောက် ၂၀၁၂ လောက်မှာ ကြည်မြင့်ဟာ မိုင်းလားပြန်လာတယ်။ စိုင်းလင်းက သူ့ကို အတွင်းရေးမှူး ပြန်ခန့် ခဲ့တယ်။

ကြည်မြင့် မူဆယ်မှာရှိတုံး ဆိုးဆိုးဝါးဝါးလုပ်ခဲ့တာက ၂၀၀၀ ခုနှစ် နိုဝင်ဘာ မုန်းကိုးလူသတ်ပွဲဖြစ်တယ်။ ဒီပွဲမှာ ကြည်မြင့်ဟာ ထောက်လှမ်းရေး စန်းပွင့်၊ စကခ-၁၆ တပ်မမှူး မြင့်လှိုင်၊ ရမခတိုင်းမှူး တင်အောင် မြင့်ဦး၊ ဒုချုပ်မောင်အေးတို့နဲ့ပေါင်းပြီး ဝ ခေါင်းဆောင် လင်နီမင်နဲ့ လူပေါင်း ၂၅၀ ကိုသတ်ခဲ့တယ်။ ဒီထဲမှာ ရဲဘော် ၁၇၀ ဟာ တန်းစီပြီး ပစ်သတ်ခံရတာဖြစ်တယ်။ (၁၉၇၉ တုံးက ကြည်မြင့်အစ်ကို ကျန်စီကျင်း ဗကပ တပ်ရင်း ၄၀၄၈ ဒုနိုင်ငံရေးမှူးဖြစ်ချိန် မုန်းမ-မန်သျှိုးမှာ မိန်းမကိစ္စဖြစ်လို့ တပ်ရင်းမှူး လင်နီမင်က အရေးယူခဲ့တာကို အခုလို ဗမာတပ်အကူအညီနဲ့ ပြန်ဂလဲ့စားချေတာဖြစ်တယ်။) ကြည်မြင့်ဟာ ဗကပ ဟောင်း အိုဗာဆီး တရုတ် ကိုရဲအောင်ကို လင်နီမင်အဖွဲ့ထဲမှာ သတင်းပေးအဖြစ် မြှုပ်ထားခဲ့ပေမဲ့ သတ်ဖို့ တန်းစီခိုင်းချိန်မှာတော့ သူ့လူ ရဲအောင်ကို ပြန်ခေါ်မထုတ်ဘဲ သတ်တဲ့ထဲ ထည့်ပေးလိုက်တယ်။

တရုတ်လူမျိုးကြီးဝါဒရှိပြီး ဗမာဆန့်ကျင်ရေးစိတ်ကြီးတဲ့အတွက် ဗမာစစ်ဗိုလ်တွေကိုတွေ့ရင် ဗကပခေတ် တိုက်ပွဲတွေမှာ ဗမာတပ်ကို ဘယ်လိုချခဲ့တာ ဆော်ခဲ့တာ စသဖြင့် အာဘောင်အာရင်းသန်သန်နဲ့ပြောလို့ သူ့ကို မျိုးချစ်စိတ်တစုံတရာရှိတဲ့ဗမာစစ်ဗိုလ်တွေက တအားမုန်းကြတယ်။ ဒါပေမဲ့ ဗမာဆန့်ကျင်ရေးစိတ် ပြင်းထန်လေ၊ ဗမာနဲ့ပေါင်းပြီးစီးပွားရေးလုပ်လေ ဆိုတဲ့တရားအတိုင်း ခင်ညွန့်ထောက်လှမ်းရေးကို အကြီး အကျယ်ဖားယားပြီး မဟုတ်တာအကုန်လုပ်ခဲ့တယ်။

၂၁ ပင်လုံမှာ ဥက္ကဌ စိုင်းလင်းမပြောခိုင်းဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေ အပြည့်အဝထောက်ခံကြောင်း၊ NCA အလံအောက် အားလုံးဝင်ဖို့၊ အားလုံးလက်မှတ်ထိုးဖို့ တိုက်တွန်းကြောင်းတွေ ထည့်ပြောခဲ့တယ်။ NCA အမာခံတွေလို့ စွပ်စွဲခံရတဲ့ KNU RCSS တို့တောင် ဒီလိုမပြောခဲ့၊ မထောက်ခံခဲ့ပါဘူး။ ဒီအချက်ဟာ အခု နောက်ဆုံး ဝ-မိုင်းလားပြဿနာရဲ့ အရေးပါတဲ့အကြောင်းရင်းတချက် ဖြစ်တယ်။

တကယ်တော့ ကြည်မြင့်ဟာ မိုင်းလားဒေသ (ယခင်အခေါ် ဗကပ ၈၁၅ စစ်ဒေသ) ကို ၁၉၉၀ မတိုင်ခင်က တခါမှမရောက်ခဲ့ဖူးပါဘူး။ မိုင်းလား-မိုင်းမ-မဲခေါင်ဒေသတခုလုံးကို လွတ်မြောက်အောင် ၁၉၇၃-၁၉၇၅ ခုမှာ ဝ တွေ အဓိကပါတဲ့ ဗကပ တပ်မဟာ ၈ နဲ့ တပ်မဟာ ၅ တို့က SSIA ရှမ်းသူပုန် တပ်မဟာ ၇၆၈၊ အခါ ပျောက်ကျားသူပုန်တွေကို စည်းရုံးလက်တွဲပြီး တိုက်ယူခဲ့တာဖြစ်တယ်။ ရှင်းရှင်းပြောရရင် မိုင်းလားဒေသ အတွက် ကြည်မြင့် သွေးချွေးတွေစွန့်လွှတ်ခဲ့တာ လုံးဝမရှိခဲ့ဖူးပါဘူး။ အခု တပ်စွဲထားတဲ့ ဆီလူးဒေသ ဆိုရင် လဲ ၁၉၈၉ နောက်ပိုင်းမှ UWSA က NDAA ကို ပေးလိုက်တာဖြစ်တယ်။

ဒါ့ကြောင့် ညီနောင်အဖွဲ့အစည်းတွေ၊ မဟာမိတ်တိုင်းရင်းသားတွေလဲ လက်မခံနိုင်၊ ဒေသခံလူထုတွေနဲ့လဲ အဆင်မပြေသူကို အတင်းလက်ခံထားပြီး ကျန်းစစ်မင် ဆိုတဲ့ ငခုံးမတကောင်ကြောင့် မုန်းလားတလှေလုံး အပုပ်ခံမလား။ ၂၀၀၉ တုန်းက ကိုးကန့်မှာ ပယ်စောက်ချိန်ပေါ်ခဲ့သလို မိုင်းလားမှာအဖြစ်ခံမလား။ အဖက် ဖက်ကသစ္စာဖောက်ခဲ့တဲ့ ကြည်မြင့်ကို နေရာပေးထားတဲ့ ဦးစိုင်းလင်း ဘယ်ကို ဘယ်လိုချီတက်သွားမလဲ။