ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဇာဝါရီ - ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ


ဇာဝါရီ - ပြည်သူ့နှလုံးသားထဲ အစဉ်ရှင်သန်နေသူ
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ထိုင်းနိုင်ငံ (မြန်မာအများစုအခေါ် ယိုဒယားပြည်) ကို ရောက်ခဲ့ပြန်တယ်။ ဘဝမှာ ပထမဦးဆုံးအကြိမ် ဒုတိယအိမ် (နိုင်ငံ) ဖြစ်လာခဲ့တဲ့ ထိုင်းနိုင်ငံကို ၁၉၈၉ နှစ်လယ်ပိုင်းလောက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိသွားခဲ့တယ်။ အဲဒီတုန်းက လူက ငှက်ဖျားရောဂါနဲ့ သတိမေ့ သေလုမျောပါး - ထိုင်းနယ်စပ် မဲဆော့မြို့ ကို ကံကောင်းထောက်မစွာနဲ့ ဆေးကုသဖို့ ရောက်ရှိသွားခဲ့တာ။

ရောဂါသက်သာ သတိရလို့ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရွှေသိုင်းကြိုး ရွှေနားကွပ် အဖြူရောင် စစ်ဝတ်စုံနဲ့ တည်ကြည်ခန့်ငြား၊ ဥပဓိရုပ်ကောင်းလှတဲ့ ဘုရင်ကြီးရဲ့  ဓါတ်ပုံကြီးက မိမိ့ဦးခေါင်းထက် နံရံမှာ။ နောက်တော့ မိမိကို ခိုလှုံနေထိုင်ခွင့်ပေးခဲ့တဲ့ ထိုင်းမိသားစု (မွေးစားမိဘတွေ) အိမ်ဦးခန်း၊ ဧည့်ခန်းတွေမှာ တရိုတသေ ချိတ်ဆွဲထားတဲ့ ဘုရင်ကြီးနဲ့ တော်ဝင်မိသားစုပုံတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာခဲ့တယ်။ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံတဝှမ်း နေရာတိုင်းမှာ ဘုရင်မင်းမြတ်ရဲ့  ရုပ်ပုံ၊ ဓါတ်ပုံ၊ ရုပ်ထုတွေကို ရှောင်ဖယ်မမြင်ချင်လို့မရ။ ဘုရားနဲ့ တဂိုဏ်းထဲထား ကိုးကွယ်ကြတယ်။

ဒီလိုနဲ့ အဲဒီနယ်စပ်မြို့ ကလေးမှာ ခိုလှုံခွင့်ပေးခဲ့တဲ့ မွေးစားမိဘတွေ၊ အမျိုးတွေ၊ အသိမိတ်ဆွေတွေကို မေးကြည့်တော့ ဒီဘုရင်ကြီးက နန်းတက်ချိန်ကနေ ဒီနေ့အထိ သူ့ဘုန်းတန်းခိုး သြဇာတက္ကမ အရှိန်အဝါနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး စီမံကိန်းမြောက်များစွာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာစုံစမ်း၊ အစီအစဉ်များ စမ်းသပ်ရေးဆွဲ၊ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ခဲ့သူ။ ဒီအတွက် ထိုင်းနိုင်ငံသူနိုင်ငံသားတွေ ဘုရင်မင်းမြတ်ကို ဘယ်လောက်အထိ

ရင်ထဲအသည်းနှလုံးထဲက ချစ်ခင်လေးစား ကြည်ညိုကြောင်း ပြောပြတယ်။

နောက်တော့ နေ့စဉ်နေ့တိုင်း ညနေပိုင်း TV သတင်းထုတ်လွှင့်ချိန်မှာ လက်ထဲမှာ မြေပုံကားချပ်၊ ဆောက်လုပ်ရေး ပုံကြမ်းစာရွက်တွေ၊ မှတ်စုစာအုပ်နဲ့ ကင်မရာလည်းပင်ချိတ်ကာ ဝေးလံခေါင်ပါး ကျေးလက်ဒေသတွေကို မိုးထဲလေထဲ ခရီးကြမ်းတွေ ဖြတ်ကျော်ပြီး အောက်ခြေလွှာ တောသူတောင်သားတွေနဲ့ တရင်းတနှီးတွေ့ဆုံ၊ စကားပြောဆိုမေးမြန်း ကွင်းဆင်းသွားလာနေတဲ့ ဘုရင်ကြီးရဲ့  လှုပ်ရှားသွားလာ လုပ်ကိုင်နေတာကို အမြဲကြည့်ဖြစ်တယ် (ဗိုလ်ရှုပ်တွေ ဖျက်ဆီးလို့ ကုန်ကောက်စရာမကျန်တဲ့ မြန်မာပြည်က ဗိုလ်ရှုပ်ခင်ညွှန့်၊ ခေါင်းရှောင်တချို့ လို သတင်း Photo-Op အတွက် တတ်ယောင်ကား အာဖျံကွီး အာရွှီး ဟန်ပြလုပ်တာမျိုး မဟုတ်)။ မိမိ ဘုရင့်စည်စိမ်၊ ပိုင်ဆိုင်မှုတွေကို အသုံးချပြီး များစွာသော နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းလေ့လာ၊ စမ်းသပ်ကြံစည်း လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူတွေက ယုံကြည်လက်ခံကြတယ်။

ဒါပေမဲ့ ဘယ်လောက် အများကောင်းကျိုးလုပ်လုပ် အပြစ်ရှာ၊ ဝေဖန်ဆန့်ကျင်သူတွေ ရှိစမြဲ မဟုတ်လား - ပဒေသရာဇ်၊ အာဏာရှင် ဘုရင်စနစ်ကို ဆန့်ကျင်သူ လူနည်းစုကတော့ ဘုရင်ကြီး၏ တိုင်းကျိုးပြည်ကျိုး စွမ်းဆောင်လုပ်ဆောင်ချက်တွေ၊ တခမ်းတနား ထုတ်လွှင့်တင်ပြတာကို ဘုရင့်ကောင်စီရဲ့  ဝါဒ ဖြန့်ချီရေးသက်သက် ဖြစ်တယ်လို့ တီးတိုးဝေဖန်ပြောဆိုကြတယ်။ အဲဒီလို မထီမဲ့မြင် ပြောဆိုမှုတွေကို ဟန့်တားဖို့ တရားဝင် ပြဌာန်းထားတဲ့ Lèse majesté ဥပဒေကြောင့် ဘုရင်ကြီးနဲ့ တော်ဝင်မိသားစုအပေါ် လွတ်လပ်စွာ ပြောဆိုဝေဖန်မှုတွေ မရ (ရွှေပြည်မှာတော့ ဟိုးစစ်ကိုလိုနီခေတ်ကတည်းက ကြည်ညိုစရာတကွက် မရှိတဲ့ ဗိုလ်ရှုပ်တွေကို ရှုတ်ချပြောဆိုမိရင် နိုင်ငံတော်အကြည်ညိုပျက်မှု ပုဒ်မမျိုးနဲ့ တရားမဲ့ ဖမ်းဆီးတာမျိုးပေါ့)။ ဒီအတွက် လူ့အခွင့်အရေးအုပ်စုတွေက အဲဒီဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုကြတယ်။

ဒါကို ... တွေ့မြင်သိရသလောက်တော့ ခေတ်ပညာတတ် နဲ့ မြို့ နေ လူတန်းစားတွေက ပဒေသရာဇ် အာဏာရှင်ဘုရင်စနစ်ကို ရာနှုန်းပြည့် မထောက်ခံခဲ့ကြ၊ တချိန်က ဆန့်ကျင်ခဲ့ကြပေမယ့် ရှေ့ ကဘုရင်များနဲ့ မတူကွဲပြား - ပညာ၊ သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး တိုင်းနိုင်ငံနဲ့ ပြည်သူတွေအကျိုးအတွက် လက်တွေ့ကျကျ၊ မျှမျှတတ စွမ်းဆောင်လုပ်ကိုင်ခဲ့တဲ့ ဘုရင်ကြီးကိုတော့ ကြည်ညိုထောက်ခံကြတယ်။ ပညာတတ်တွေ အနှစ်သက်ဆုံးက ဘုရင်ကြီးကိုယ်တိုင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ပေးခဲ့တဲ့ အဆင့်မြင့် ပညာရေး တက္ကသိုလ်ကောလိပ်ကျောင်းများ၊ နန်းသက်တလျှောက် ပညာရေးထောက်ပံ့မှုများ နဲ့ ပညာရေးဘွဲ့လက်မှတ်များကို ချီးမြှောက်ပေးအပ်ခဲ့တာ ဖြစ်တယ်။

ဟိုတချိန် အာဏာရှင်ဗိုလ်နေဝင်းလက်အောက် အမှောင်တိုက် မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့စဉ် သင်ကြားခဲ့ရတဲ့ ကန့်သတ်ပညာရေးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဆိုတာ မြန်မာဘုရင်တွေ နယ်ချဲ့ သိမ်းပိုက် ဗိုလ်ကျခဲ့တဲ့ ဆူခိုထိုင်း၊ ဇင်မယ်၊ အယုဒ္ဒရ ဆိုတဲ့ ယိုဒယားနိုင်ငံ၊ ပိတ်ပင်ထားတဲ့ သတင်းကြောင့် ကိုယ့်နိုင်ငံထက် ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံနဲ့ တိုင်းရေးပြည်ရေး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဘုရင်ကြီးအကြောင်း ၁၉၈၉ နှစ်ကာလအထိ ထူးထူးထွေထွေ ဗလာနိတ္တိ မသိခဲ့။

တွေ့မြင်သိရတဲ့အချိန်မှာ မြန်မာနိုင်ငံထက် အဆပေါင်းမျာစွာ ရှေ့ ရောက်ဖွံ့ဖြိုးတိုးတက်နေပြီ။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကို မင်းတုန်မင်းနဲ့ခေတ်ပြိုင် ဘုရင်ကြီးဘူမီဘောတို့၏ အဘိုးတော် ရာမဘုရင် (၅) ချူလာလောင်ကွန်မင်းကြီး စခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကာလမှာ ဗမာဘုရင်တွေက “သူကျွန်မခံပြီ” ဟစ်ကြွေးကာ ဒုတ်ဒါးလက်နက်နဲ့ မိုက်မိုက်မဲမဲ တကွဲတပြား သေနတ်အမြှောက်များနဲ့ နယ်ချဲ့ လာတဲ့ အင်္ဂလိပ်ကို အန်တုနေချိန်။ နိုင်ငံတကာအရေး ဂဃနဏ မသိမလေ့လာဘဲ မာန်တက်နေတဲ့ မြန်မာဘုရင်တွေ ခွက်ခွက်လန် စစ်ရှုံး၊ ကိုလိုနီကျွန်လက်အောက် ရောက်နေချိန် အာရှတိုက်နယ်မြေကို ကျူးကျော်နယ်ချဲလာတဲ့ အင်္ဂလိပ်၊ ပြင်သစ်တို့နဲ့ အပေးအယူလုပ်ပြီး ဆိုင်ယမ် (Siam) - ထိုင်းနိုင်ငံကို လွတ်လပ်တဲ့တိုင်းနိုင်ငံ၊ စစ်မဲ့ဇုန်အဖြစ် ကာကွယ်ထားရှိခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို ရာမဘုရင် (၅) က အပတ်တကုတ်ကြိုးပမ်း ပြုပြင်ပြောင်းလဲ တည်ဆောက်ခဲ့တယ်။ ဒါကြောင့် ချူလာလောင်ကွန်ဘုရင်ကြီးကိုလည်း ထိုင်းနိုင်ငံတော်သစ်ကို ထူထောင်ခဲ့သူ ဗိသုကာဖခင်ကြီးလို့ ထိုင်းပြည်သူတွေ ကိုးကွယ်ဂါရဝ ပြုကြတာကိုလည်း တွေ့မြင်နိုင်တယ်။

ကံကုန်သွားတဲ့ ဘုရင်ကြီး ဘူမိဘောရဲ့  သမိုင်းနောက်ကြောင်း တစေ့တစောင်းကို ဆက်ပြောရရင် အဘိုးတော် ချူလာလောင်ကွန်ရဲ့  ထီးနန်းအမွေဆက်ခံ သားတော်များဖြစ်တဲ့ ရာမဘုရင် (၆) နဲ့ (၇) တို့ လက်ထက်မှာတော့ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာ မရှိသလောက်ပါ။ နောက် အဲဒီအချိန်ကာလ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲများနဲ့အတူ ကြီးထွားလာတဲ့ ဖက်ဆစ်၊ ကွန်မြူနစ် အန္တရာယ်၊ ပဒေသရာဇ် ဘုရင်စနစ်ကို ဆန့်ကျင်ပုန်ကန်မှုတွေကြောင့် ၁၉၃၂ မှာ ထိုင်းတပ်မတော်က ပထမအကြိမ် စစ်အာဏာသိမ်းကာ (ဒီနေ့အထိ စစ်တပ်အာဏာသိမ်းမှု (၁၂ ကြိမ်) ရှိခဲ့ပြီ) အကြွင်းမဲ့ အာဏာရှင် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်း၊ အုပ်ချုပ်မင်းလုပ်နေတဲ့ ရာမဘုရင် (၇) ကို သြဇာအာဏာမဲ့ စည်းမျဉ်းခံဘုရင်စနစ်နဲ့ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ ထိန်းချုပ်ကန့်သတ်လိုက်တယ်။

နေ့ချင်းညချင်း အခွင့်အရေးတွေဆုံးရှုံး၊ အာဏာရူးဗိုလ်ချုပ်တွေ အားပြိုင် အာဏာလွန်ဆွဲမှုတွေ၊ မရေရာတဲ့ နန်းတွင်းနိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ရာမဘုရင် (၇) ဖရဂျဒီပုတ် အင်္ဂလန်နိုင်ငံကို ဆေးကုသဖို့ဆိုပြီး ရှောင်တိမ်ကာ အဲဒီမှာ ထီးနန်းစွန့်လွှတ်၊ ကံကုန်နတ်ရွာစံတယ်။ ကွယ်လွန်ချိန်မှာ ရာမဘုရင် (၇) မှာ ထီးနန်းအရိုက်အရာ ဆက်ခံဖို့ သားတော် မရှိ၊ ထီးနန်းဆက်ခံခွင့်ရှိတဲ့ ညီတော် အိမ်ရှေ့ စံမင်းသားဖြစ်သူ မဟီဒေါ အဒူရာဒက် - ရာမဘုရင် (၈) နဲ့ (၉) တို့၏ ဖခမည်းတော်မှာလည်း ၁၉၂၉ ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့တော့ ရာမမင်းဆက်ဖြစ်တဲ့ မင်းသားမဟီဒေါရဲ့  သားတော်ကြီးဖြစ်တဲ့ အသက် (၉) နှစ်အရွယ် အာနန္ဒာ မဟီဒေါ ကို စစ်အစိုးရ နဲ့ နန်းတွင်းကောင်စီက ထီးနန်းအရိုက်အရာ ဆက်ခံဖို့ မေတ္တာရပ်ခံကြတယ်။

ဘုရင်ဖြစ်ဖို့ ကုသိုလ်ကံပါလာတဲ့ အနန္ဒာ မဟီဒေါ နဲ့ ဘူမိဘော အဒူရာဒက်တို့ ဘဝ အစ-အဆုံးက စိတ်ဝင်စားစရာ -- ချက်ကရီ ရာမမင်းဆက် အနန္ဒာ မဟီဒေါ နဲ့ ဘူမီဘော အဒူယာဒက်တို့က ဆိုခဲ့တဲ့အတိုင်း ရာမဘုရင် (၇) ရဲ့  ညီတော် - ရာမဘုရင် (၅) ချူလာလောင်ကွန်း၏ သားတော် (နံပတ် ၆၉ ယောက်မြောက်) စုန်ခလာမြို့ စား မင်းသား မဟီဒေါ အဒူရာဒက်ရဲ့  သားတော်တွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံ ခေတ်သစ်ဘုရင်စနစ်ကို စံချိန်တင် ပြောင်းလဲမယ့် ဘူမိဘော အဒူရာဒက် ကို မင်းသားမဟီဒေါ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေး (Public Health) ဘွဲ့ တက်ရောက်လေ့လာနေချိန်၊ မင်းသမီး မိဖုရား ဖြစ်လာတဲ့ သာမန်အရပ်သူ - သူနာပြုဆရာမလေး ဆန်ဝမ်တို့မှ ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့မှာ Cambridge (Mt. Auburn) ဆေးရုံမှာ မွေးဖွားခဲ့တယ် (အမေရိကန်နိုင်ငံ တည်ဆဲဥပဒေအရ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရှိတယ်)။

ဒီလိုနဲ့ မင်းသားမဟီဒေါ ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဘွဲ့လက်မှတ် ရရှိပြီးနောက် ၁၉၂၈ ခုနှစ်မှာ မိသားစု ထိုင်းနိုင်ငံကို ပြန်သွားကြတယ်။ အဲဒီမှာ ဖခင်ဖြစ်သူက သင်ကြားလေ့လာခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေရင် တနှစ်အကြာမှာ ရုတ်တရက် ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဘူမိဘော က (၂) နှစ်သား။ ဖခင်ကြီး ကွယ်လွန်အနိစ္စရောက်၊ ထိုင်းနိုင်ငံရေး မတည်မငြိမ်၊ နန်းတွင်းပုန်ကန်မှုတွေ၊ အာဏာဖီဆန်မှုတွေ၊ အရှုပ်အထွေး အန္တရာယ်တွေကြောင့် ကလေး (၃) ယောက် မုဆိုးမ မယ်တော်ကြီးက ၁၉၃၃ ခုနှစ်မှာ သားသမီးတွေကိုခေါ်ကာ ဥရောပနိုင်ငံ ဆွယ်ဇလန်နိုင်ငံသို့ တိမ်ရှောင်ခဲ့တယ်။ အဲဒီမှာ ဘူမိဘောတို့ မောင်နှမတွေ အဆင့်မြင့်ဘော်ဒါကျောင်းမှာ ပညာသင်ကြားကြတယ်။

၁၉၃၅ မှာ ဦးလေးတော် ရာမဘုရင် (၇) ထီးနန်းစွန့် နတ်ရွာစံလို့ အသက် (၉) နှစ်သာရှိသေးတဲ့ ဘူမိဘောရဲ့  နောင်တော် အနန္ဒာ မဟီဒေါ ကို ထိုင်းနိုင်ငံကိုပြန် ထီးနန်းလက်ခံဖို့ အုပ်ချုပ်စစ်အစိုးရနဲ့ ဘုရင်ကောင်စီက တောင်းဆိုပေမယ့် မယ်တော်မိဖုရားကြီး နဲ့ သားသမီးတွေ ထိုင်းနိုင်ငံကို ချက်ချင်းမပြန်နိုင်သေးဘဲ ဒုတိယကမ္ဘာစစ် ၁၉၄၅ ခုနှစ်အတွင်း အဆုံးသတ်တော့မှ ပြန်ကြပြီး၊ အသက် (၁၂) နှစ်အရွယ် သားတော်ကြီး အနန္ဒာ မဟီဒေါ နန်းတက်၊ ရာမဘုရင် (၈) ဖြစ်လာခဲ့တယ်။ ဘုန်းကြီးပြီး သက်မရှည်ရှာတဲ့ ရာမဘုရင် (၈) မှာ ယနေ့တိုင် အဖြေမရှိ မဖော်ထုတ်နိုင်သေးတဲ့ သေနတ်ဒဏ်ရာနဲ့ သူ့အိပ်ခန်းထဲမှာ ၁၉၄၆ ခုနှစ် ဇွန်လ (၉) ရက်နေ့မှာ နတ်ရွာစံခဲ့တယ်။ နောက်ပိုင်း အင်တာဗျူးတခုမှာ ဘုရင်ကြီး ဘူမိဘော က အဲဒီအချိန် နန်းတွင်း နဲ့ စစ်တပ် အရှုပ်အထွေး၊ အမေရိကန် စီအိုင်အေ သပ်လျှိုမှုတွေနဲ့ နောင်တော်အနန္ဒာ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်။

ကစားဖော်ကစားဖက် အလွန်ချစ်ရတဲ့ နောင်တော်ကို ရုတ်တရက် ဆုံးရှုံးခဲ့ပြီး ရက် (၁၀၀) ဝမ်းနည်းကြေကွဲမှုကာလ မပြည့်မီ၊ မပြီးဆုံးသေးတဲ့ ပညာရေးကိုဆက်ဖို့ ဆွစ်ဇလန်နိုင်ငံကို ပြန်သွားခဲ့တယ်။ ရာမမင်းဆက် (၉) အဖြစ် နန်းတက်ရမယ့် မင်းသားလေး ဘူမိဘော က အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားဥပဒေရေးရာတို့ကို နားလည်တက်မြောက်ဖို့အတွက် အစောပိုင်း လေ့လာသင်ယူနေတဲ့၊ သူ အလွန်စိတ်ဝင်စား နှစ်ခြိုက်တဲ့ ဂီတ၊ သိပံ္ပ တက္ကနော်လော်ဂျီ ဘာသာရပ်တွေအစား နိုင်ငံရေး နဲ့ တရားဥပဒေရေးရာတွေကို ပြောင်းလဲသင်ယူတော့တယ်။ ဆွစ်ဇလန်မှာ ပညာသင်ကြားယူနေချိန် ဦးလေးဖြစ်သူ ဘုရင်ခံကောင်စီ အကြီးအကဲ မင်းသားကြီးရန်စစ် က ခေတ္တအာဏာယူ စောင့်ရှောက်အုပ်ချုပ်နေခဲ့တယ်။ အဲဒီကာလမှာ မင်းသားကြီး အစီအစဉ်နဲ့ အစောပိုင်း ဘုရင်အာဏာ လုပ်ပိုင်ခွင့်တွေကို များစွာကန့်သတ်ချုပ်ချယ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အာဏာမှဖယ်ရှားပြီး ဘုရင်အာဏာ လုပ်ပိုင်ခွင့်တွေပေးမယ့် စစ်ဗိုလ်ချုပ်တွေနဲ့ အစားထိုးဖို့ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းတယ်။

ဒီလို မရေမရာ၊ မတည်ငြိမ်သေးတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို အဝေးမြေမှာ ပညာသင်ကြား၊ စောင့်ကြည့်လေ့လာပြီးနောက် ငယ်ရွယ်နုပျို၊ ပညာတတ် ဘုရင်လေးကို မျှော်လင့်နေကြတဲ့ ထိုင်းနိုင်ငံကို ၁၉၅၀ နှစ်စမှာ ပြန်လည်ရောက်ရှိလာပြီး၊ ပြင်သစ်နိုင်ငံမှာ တွေ့မြင်ချစ်ကြိုက်ခဲ့တဲ့ ဆွေမျိုးမကင်း၊ ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးရဲ့  သမီး ချစ်သူ ဆီရီခေတ် မင်းသမီးတော်နဲ့ ထီးနန်းမတက်ခင် တပတ်အလို ၁၉၅၀ ဧပြီလ ၂၈ ရက်နေ့မှာ အကျဉ်းရုံး ထိမ်းမြားလက်ထပ်ခဲ့တယ် (New York Times သတင်းစာကြီးက ရိုးစင်းလှတဲ့ တော်ဝင်လက်ထပ်မင်္ဂလာပွဲလို့ ရေးသားတယ်)။ ထီးနန်းကိုတော့ ဘန်ကောက်မြို့  တောဝင်င်နန်းတော်မှာ ၁၉၅၀ မေလ ၅ ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့တယ်။ အဲဒီနောက် တနှစ်နီးပါးခန့် ဆွစ်ဇလန်နိုင်ငံကိုပြန်ရပြီး ကျောင်းတက်၊ ကျောင်းပြီးဘွဲ့ရမှ ထိုင်းနိုင်ငံကို ၁၉၅၁ ခုနှစ်မှ တရားဝင်အုပ်ချုပ်မင်းလုပ်ဖို့ ပြန်ရောက်လာတယ်။

အဲဒီအချိန်ကစပြီး ထီးနန်းတက်ချိန်မှာ မိန့်ဆိုခဲ့တဲ့ "เราจะครองแผ่นดินโดยธรรม เพื่อประโยชน์สุขแห่งมหาชนชาวสยาม" - ထိုင်းပြည်သူများ ချမ်းမြေ့ပျော်ရွှင်မှု၊ အကျိုးစီးပွားအတွက် မှန်ကန်သော တရားနည်းလမ်းဖြင့် အုပ်ချုပ်တော်မှုမည်” ကတိစကားအတိုင်း တိုင်းကျိုးပြည်ကျိုးအတွက် များစွာလုပ်ကျွေးပြု၊ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ခဲ့တာကြောင့် ပြည်သူ့တွေ သည်းသည်းလှုပ် ချစ်ခင်မြတ်နိုး ကြည်ညိုလေးစားတဲ့ ဘုရင်မင်းမြတ်ကြီးအဖြစ် ကမ္ဘာသိ ထင်ရှားခဲ့တယ်။

ထိုင်းပြည်သူတွေ ဘုရင်ကြီးအပေါ် ထားရှိတဲ့ လေးနက်တဲ့ သစ္စာတရား၊ ချစ်မေတ္တာကို ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့စဉ်တလျှောက် တွေ့မြင်ခံစားခဲ့ရတယ်။ ချစ်ဇနီးမဟေသီက သူ့အရှင်ဘုရင်မင်းမြတ်ရဲ့  ပုံတော်ကို သွားလေရာ ယူဆောင်သွားပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မနားမနေ လုပ်ကျွေးပြုခဲ့တဲ့ ရှင်ဘုရင်ကြီးကို ဘယ်မျှ ကြည်ညိုလေးစား ချစ်ခင်ကြောင်းကို မကြာခဏ ပြောပြတယ်။ သူ ပြောပြသမျှထဲမှာ ဘုရင်ကြီးက ညာဘက်မျက်လုံးအတု*၊ ဘယ်ဘက်မျက်လုံး အကောင်းတလုံးနဲ့ ကြည်လင်ပြတ်သားတဲ့ အမြင် (vision) နဲ့ တိုင်းရေးပြည်ရေးအကျိုး မနားမနေ စွမ်းဆောင်ခဲ့တာ အံ့ဘနန်း အလွန်လေးစားဖို့ကောင်းတယ်တဲ့ (*၁၉၄၈ အောက်တိုဘာလ ၄ ရက်နေ့မှာ ဂျနီဗာ - လူစနေလမ်းခရီးမှာ သူမောင်းလာတဲ့ ကားတိမ်မှောက်ပြီး မျက်နှာတခြမ်း ဒဏ်ရာအပြင်းအထန် ရရှိပြီး၊ ညာဘက်မျက်လုံး ဆုံးရှုံးခဲ့တာဖြစ်တယ်)။

ဒီလို နိုင်ငံနဲ့ တိုင်းသူပြည်သားတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံရေး ကမောက်ကမ၊ မတည်မငြိမ်၊ ရန်အန္တရာယ်များကို ရှောင်ခွင်၊ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းပြီး ပြည်သူထောက်ခံမှု၊ ယုံကြည်အားကိုးမှု အပြည့်အဝ ရရှိခဲ့ပြီး၊ ဘုရင်သြဇာအာဏာ၊ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ပြန်လည်ရယူနိုင်ခဲ့တယ်။ နိုင်ငံရေး အင်အားစုတွေ၊ စစ်တပ်အတွင်း အားပြိုင် အကွဲအပြဲ၊ ပဋိပက္ခတွေကို ပြည်သူ့ထောက်ခံမှုနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖြေရှင်းပြီး သြဇာတက္ကမ အကြီးမားဆုံးနဲ့ နန်းသက်ရှည် ပြည်သူချစ် ဘုရင်မင်းမြတ် ဖြစ်လာခဲ့တယ်။

နောက်ဆုံးတော့ သူလည်းလေ လောကီသားပေမို့ မလွန်ဆန်နိုင်တဲ့ သေချင်းတရားကို နှစ်အနည်းငယ် အိုနာဝေဒနာ ခံစားရပြီးနောက် အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လယ် ၃ နာရီ ၅၂ မိနစ်မှာ သက်တော် (၈၈) နှစ်၊ နန်းသက် (၇၁) နှစ် ကမ္ဘာ့စံချိန်ချိုးခဲ့သူ တုနှိုင်းအစားထိုးမရတော့တဲ့ ဘုရင်မင်းမြတ်ကြီး သူချစ်တဲ့ တိုင်းသူပြည်သားများကို ခွဲခွါ ကံကုန်နတ်ရွာစံလေတယ်။

တနေကုန် ချစ်ဇနီးနားမှာ သူတို့ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေ မတမ်းတ၊ မကြားခင်၊ မမြင်ချင်တဲ့ အမင်္ဂလာသတင်းကို နားထောင်ပြီး သူတို့နဲ့ ထပ်တူ ဝမ်းနည်စိတ်မကောင်း ဖြစ်မိတယ်။ ချက်ချင်း တီဗီ သတင်းထုတ်လွှင့်မှုတွေက ရောင်စုံကနေ အဖြူအမည်း ပြောင်းလဲလိုက်တယ်။ သတင်းကြေညာသူများရဲ့  အသံများက ကြေကွဲအက်နေပြီး ပြည်သူတွေရဲ့  ဝမ်းနည်းပူဆွေ ငိုကြွေးသံတွေက တားဆီးမရ … ချစ်ဇနီးကို ကြည့်လိုက်တော့ မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည်လျှံနေကာ အနိစ္စသဘောကို တရားနဲ့တွေးဖြေ ကြိုးစားရင် ဘုရင်ကြီးရဲ့  တိုင်းချစ်ပြည်ချစ်စိတ်၊ ကြိုးပမ်းလုပ်ကိုင်မှုတွေကို တဖွဖွပြောပြပြန်တယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာရွတ် က ဒီနေ့မှသည် တစ်လတိတိ တိုင်းသူပြည်သားများ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ပြီး ဘုရင်မင်းမြတ်ကို ဂါရဝပြုကြဖို့ (ပျော်ပွဲရွှင်ပွဲများကို ရပ်ဆိုင်းဖို့) နဲ့ အစိုးရဝန်ထမ်း၊ ကျောင်းဆရာ/မများအနေနဲ့ တနှစ်တိတိ အောက်မေ့ဂါရဝပြုဖို့ ကြေညာလိုက်တယ်ဆိုရင် ချစ်ဇနီး တက္ကသိုလ်ဆရာမ က အနက်ရောင်ဝတ်စုံများ ချက်ချင်းသွားဝယ်ဖို့ လုပ်ခဲ့ကြတယ်။ အဲဒီလိုနဲ့ မြန်မာနိုင်ငံကို ပြန်လာမယ့်နေ့အထိ ဘယ်သွားသွား ချစ်ဇနီးနဲ့အတူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ဘုရင်ကြီးရဲ့  တသက်တာ လုပ်ဆောင်ခဲ့တဲ့ ကောင်းကျိုး ကုသိုလ်ကောင်းမှုများကို အောက်မေ့သတိရ၊ ဂါရဝပြုကြတယ်။

အောက်တိုဘာလ (၁၃) ရက်နေ့ ညနေကနေ ဒီနေ့၊ နောက်နေ့ရက်ပေါင်းများစွာ ဘန်ကောက်မြို့  ဘုရင့်တော်ဝင်နန်းတော်တဝိုက်ကို သွားကြည့်ရင် ထောင်သောင်းချီ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားတဲ့ လူအုပ်ကြီးကို နေပူမိုးရွာ တွေ့ရလိမ့်မယ်။ သူတို့တတွေ စည်းနဲ့ကမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် စုရုံးရောက်ရှိလာပြီး ပူဇော်ထိုက်သူ ဂါဝရပြုထိုက်သူကို တလေးတစား ဂါရဝပြုကန်တော့ လုပ်ကိုင်မှုတွေကိုကြည့်ပြီး ထပ်တူဝမ်းနည်းကြေကွဲမိသလို၊ စိတ်ထဲမှာလည်း စိတ်မကောင်းဖြစ် (ရှက်မိ)၊ အားကျတွေးမိတာက ဒို့မြန်မာလူမျိုးတွေလည်း ဘုရားပွဲ၊ နေ့ကြီးနေ့မြတ် (အာဇာနည်နေ့၊ ရာထောင်ချီ ဒီမိုကရေစီ အရေးတော်ပုံသမားတွေ ကျဆုံးသွားတဲ့ ၈၈ နှစ်ပတ်လည်နေ့) တွေမှာ စည်းနဲ့ကမ်းနဲ့ ဂါရဝပြု ဆင်နွှဲကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့။

အများကောင်းကျိုး အစွမ်းကုန် စွမ်းဆောင်ပေးသွားတဲ့ ဘုရင်မင်းမြတ် ကောင်းရာသုဂတိ နတ်ဘုံနန်းမှာ အေးချမ်းငြိမ်းချမ်းစွာ နားဆက်နိုင်ပါစေလို့ ဆုတောင်းပေးစရာမလို။ ပြီးတော့ ဒီနေ့ ဘုန်းကြီးသက်ရှည် အရှင်မင်းမြတ် ကံကုန် ကွယ်လွန်အနိစ္စရောက်သွားပေမယ့် ကမ္ဘာတည်သ၍ ထိုင်းလူမျိုးတို့ရဲ့  ရင်ထဲနှလုံးသားထဲ အစဉ်ကိန်းအောင်းနေမယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်ပါတယ်။