ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၆)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၆)
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆

● ၁၉၇၅ ခုနှစ် ဇွန်လ ၆ ရက်နေ့
တက္ကသိုလ်ကျောင်းအားလုံး ဖွင့်လာပြီးနောက် မိမိတို့သည် နောက်ထပ်တိုက်ပွဲတခုကို ပြင်ဆင်ကြသည်။ ဤတကြိမ် မဆ လ အစိုးရဆန့်ကျင်ရေးတိုက်ပွဲဖေါ်ဖို့အတွက် ခက်လှမည်မဟုတ်ပေ။ ဦးသန့်အရေးတော်ပုံကာလက ရန်ကုန်တက္ကသိုလ်ဝင်း အတွင် မဆလအစိုးရက စစ်အင်အားသုံး၍ အကြမ်းဖက်ဖြို ခွဲခံရခြင်းနှင့်ပတ်သက်ပြီး ကျောင်းသားအားလုံးရင်ထဲတွင် မခံချင်စိတ်နှင့်နာကျင်မှု များရှိနေဆဲဖြစ်၍ ဖြစ်ပါသည်။

မိမိတို့ရွေးသည့်ရက်က အလုပ်သမားသပိတ်ကို အကြမ်းဖက်၍ ပစ်ခတ်နှိမ်နင်းခဲ့သည့် ၁၉၇၄ ခုနှစ်ဇွန်လ ၆ ရက်နေ့၏ နှစ် ပတ်လည်နေ့ဖြစ်သော ၁၉၇၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ဖြစ်သည်။ ထိုနေ့က တိုက်ဆိုင်စွာပင် ကျောင်းဖွင့်သည့်နေ့လည်းဖြစ်၍ အချိန်ခါသင့်သည်ဟု ဆိုရမည်။ ထိုသို့ ထိုနေ့ ထိုရက်တွင် သပိတ်တိုက်ပွဲဖေါ်မည်ကို ကိုယ့်အစုနှင့်ကိုယ် ကြိတ်၍ တိုင်ပင်နေ ခဲ့ကြသည်ဖြစ်ရာ သမဂ္ဂဖွဲ့စည်းခွင့်ရသည့်ခေတ်ကာလများကဲ့သို့ ကျောင်းသားထုအားလုံးစုစည်းပြီး တိုင်ပင်ခွင့် ဆုံးဖြတ်ခွင့် တော့မရှိပေ။ ဤသို့မရှိနိုင်အောင်လည်း သမဂ္ဂဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်ပုံရသည်။

ထို့နေ့မနက်စောစောတွင် မိမိတို့ စီးပွားရေးတက္ကသိုလ်သို့ရောက်သည်။ စုရပ်သဖွယ်ဖြစ်နေသည့် ကိုအောင်ရင်ဆိုင်တွင် ထိုင်ကြသည်။ မိမိတို့ဆေး (၂) က သိန်းမြင့်၊ မောင်မောင်ထွေးတို့ပါသည်ဟု ထင်သည်။ အီကိုကတော့ ကိုချစ်ဆောင်ဦး၊ ကို တင်မောင်သန်း၊ ကိုရဲထွဋ်တို့ပါကြသည်။ အီကိုတွင်တက်နေသည့် မိမိ၏ဝမ်းကွဲအကို ကိုမျိုးအောင်လည်းပါသည်။ ဒဂုံ ဆောင်က အချို့လည်းပါပုံရသည်။ မနက် ၉ နာရီလောက်ကျတော့ ကျောင်းသား ကျောင်းသူများ တစတစ ပိုများလာသည် ကျောင်းသားအားလုံးကတော့ တခုတခုဖြစ်တော့မည်ကို သိနေကြပြီ။ သို့သော် ဘယ်နေရာက ဘယ်လိုစမည်ဟူ၍တော့ မသိကြ။ မိမိတို့ကတော့ ဘယ်ကစဖေါက်ခွဲမလဲ တိုင်ပင်ကြသည်။ တိုက်ပွဲဖေါ်မည်ဟု ကြံရွယ်ထားသော်လည်း ဘယ်ကစ ဖေါက်ခွဲရမှန်းမသိဖြစ်နေသည်။

ထိုအခိုက်စတင်ဖေါက်ခွဲမည့်သူတစ်ဦးပေါ်လာသည်။ သူက အီကိုကကျောင်းသားတစ်ဦးဖြစ်သည့် ကိုကျော်အောင်ဖြစ်သည်။ နောင်တွင် ရွှေပြည်တန်ဂျာနယ်ထုတ်သဖြင့် ရွှေပြည်တန်ကျော်အောင်ဟု ခေါ်ကြပါသည်။ AE ဆောင်စာသင်ခန်းအတွင် စာ သင်နေသည့်ဆရာမကို ခွင့်တောင်းပြီး ကိုကျော်အောင်က ယနေ့သည် အလုပ်သမားများတိုက်ပွဲ ရက်စက်စွာ ဖြိုခွဲခံရသည့် နေ့ဖြစ်သဖြင့် စာသင်ခန်းမှထွက်၍ သပိတ်မှောက်ကြရန် ဟောပြောတော့သည်။ တကယ်တော့ ကိုကျော်အောင်ကို မိမိတို့ မသိ။ သူလည်းသူအစုနှင့်သူ လှုပ်ရှားနေပုံရသည်။ မိမိတို့အစုကမဟုတ်သော်လည်း စတင်ဖေါက်ခွဲနေပြီဖြစ်သဖြင့် မိမိတို့ လည်း စာသင်ခန်းအပြင်ဘက် ဝိုင်းဝန်းလိုက်ကြရာ ထိုစာသင်ခန်းပတ်လည်တွင် ကျောင်းသားများစုစည်းမိသွားပြီး လက် ခုပ်လက်ဝါးတီး ထောက်ခံအားပေးကြတော့သည်။ စာသင်သော ဆရာမလည်း ဘာမျှမတတ်နိုင်တော့ပေ။ ဤသို့ AE စာ သင်ဆောင် ၂ ခု ၃ ခုခန့်တွင် ကိုကျော်အောင်က အထဲဝင်ဟော မိမိတို့က အခန်းအပြင်ဖက်က ဝိုင်းဝန်းသြဘာပေးနှင့် စာသင်ခန်းများထဲမှ ကျောင်းသားများလည်း အားလုံးထွက်လာကြရာမှစ၍ စီးပွားရေးတက္ကသိုလ်တွင် စာသင်တန်းအားလုံးရပ်တန့်သွားပေတော့သည်။

သို့သော် ကျောင်းသားများ စာသင်ခန်းများထဲက ထွက်လာပြီးနောက်မိမိတို့ဘာဆက်လုပ်မှန်းမသိသကဲ့သို့ ဖြစ်သွားသည်။ တခုခုကိုဆက်ပြီး လုပ်ဆောင်ရန် စီစဉ်နိုင်ခြင်းမရှိသဖြင့် ကျောင်းသားများလည်း တဖြေးဖြေးပြန်ကုန်ကြတော့သည်။ ဤ သို့ဖြင့် နေ့လည်ပိုင်းသာရောက်သည့်တိုင် သပိတ်တိုက်ပွဲတခုကို တာမစူနိုင်ခဲ့ပေ။ မိမိတို့ ကိုအောင်ရင် လဘက်ရည်ဆိုင်တွင် ထိုင်နေစဉ်သတင်းတခုကြားလိုက်ရသည်။ ထိုနေ့မနက်က သမိုင်းဝင်းအတွင်း၌ ပညာရေးဝန်ကြီးလော နိုင်ငံတော်ကောင်စီဝင်လောဖြစ်နေသည့် ဒေါက်တာလှဟန်နှင့် စက်မှုတက္ကသိုလ်ကျောင်းသားများတွေ့ဆုံပွဲတခု ပြုလုပ်ခဲ့ကြောင်း ထိုတွေ့ဆုံပွဲ တွင် စက်မှုတက္ကသိုလ်ကျောင်းသားများ ဒေါက်တာလှဟန်အား အတော်လေးတိုက်ခိုက်ဝေဖန်ခဲ့ကြကြောင်း မနက်ပိုင်း အစည်းအဝေးမပြတ်၍ ညနေပိုင်းအစည်းအဝေးကို သမိုင်းဝင်းထဲက အားကစားရုံတွင် စီစဉ်ထားကြောင်း သိရသည်။ သို့နှင့် မိမိတို့လည်း သမိုင်းဝင်းအတွင်းသို့ ရရာကားဖြင့် ချီတက်ကြရတော့သည်။

● သမိုင်းဝင်းထဲက အားကစားရုံ
ထိုစဉ်က သမိုင်းဝင်းထဲက မေခဆောင် ဇွဲကပင်ဆောင်တို့၏ မျက်စောင်းထိုးတွင် သမိုင်းအားကစားရုံရှိသည်။ ထို့ပြင် ထို သမိုင်းဝင်းအတွင်းတွင် RIT အီကိုတို့မှ ကျောင်းသားအဆောင်များရှိပေရာ ကျောင်းသားများစုစည်းမိသည့်နေရာဖြစ်သည်။ ထို့ပြင် RIT စက်မှု တက္ကသိုလ်တွင် ကျောင်းသူထက်ကျောင်းသားက အများစုဖြစ်သကဲ့သို့ နိုင်ငံရေးအရတက်ကြွသူများ စာ သမား ပေသမားများအပါ ဂီတအနုပညာ လိုင်းစုံအောင်ထွက်သောကျောင်းလည်းဖြစ်သည်။ မဆလ ခေတ်ကျောင်းသားလှုပ် ရှားမှုများတွင် ရှေ့တန်းကပါဝင်ခဲ့သော တက္ကသိုလ်ဖြစ်သည်။ ကျောင်းသားအများစုရှိ၍ အင်အားလည်းတောင့်တင်းသည် မဟုတ်ပါလော။

ထို့ပြင် ထိုစဉ်က စက်မှုတက္ကသိုလ် RIT မှပေးသော BE ဘွဲ့လက်မှတ်သည်လည်း နိုင်ငံတကာတန်းဝင်သည့် အဆင့်အတန်း ရှိသည့် ပညာရေးဘွဲ့လက်မှတ်လည်းဖြစ်သည်။ ပညာရေးအရ ထူးခွန်သူများထွက်ရှိသကဲ့သို့ နိုင်ငံရေးအရ စာပေဂီတ အနုပညာအရ ထူးချွန်သူများထွက်ရှိရာ ကျောင်းတော်ကြီးလည်းဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကြီးအစပြုရာ ကျောင်း တော်ကြီးလည်းဖြစ်သည်။ ထို့ကြောင့်လည်း နဝတခေတ်တွင် အစိတ်အမွှာမွှာဖြိုခွဲခံခဲ့ရသည့် ကျောင်းတော်ကြီးလည်း ဖြစ်သည်။ နိုင်ငံရေးအရ အဓိကထား၍ဖြိုခွဲခံခဲ့ရသည်အတွက် ရရှိသည့်ရလဒ်ကား မြန်မာ့ပြည်ပညာရေးအဆင့်အတန်း နိမ့် ကျခြင်းဖြစ်ပေတော့သည်။

ထို ၁၉၇၅ ခုနှစ်ကလည်း RIT တွင်လည်း သူ့အစုအဖွဲ့နှင့်သူ တက်ကြွစွာလှုပ်ရှားနေကြရာ အင်အားစုဖွဲ့မှုကောင်းသည့် တက္ကသိုလ်ဖြစ်သည့်ပြင်ကျောင်းသားအင်အားအရ ဖေါက်ခွဲရှေ့ဆောင်နိုင်သည့် ကျောင်းလည်းဖြစ်သည်။ မိမိတစ်ဦးချင်း အနေနှင့်က အီကိုနှင့်မိန်းထဲက ကျောင်းသားများနှင့်အပေါင်းများသဖြင့် RIT က နိုင်ငံရေးအုပ်စုများနှင့် သိပ်မသိပေ။ ထိုစဉ် က RITမှ မိမိနှင့်ချိတ်မိသူမှာ ပြည်အုပ်စုမှ ကိုဝင်းစိန်တစ်ယောက်သာရှိသေးသည်။ သို့သော် ထိုအရေးတော်ပုံကစ၍ RIT ကျောင်းသားတော်တော်များများနှင့် ထိတွေ့ရတော့သည်ဟု ဆိုရပါမည်။

မိမိတို့ရောက်တော့ အားကစားရုံအတွင်း ကျောင်းသားများပြည့်နေပြီဖြစ်သည်။ မနက်ပိုင်းက ဒေါက်တာလှဟန်အား မေးခွန်း များထုတ်၍ အကြပ်ရရိုက်စေခဲ့သည့်အတွက် စက်မှုကျောင်းသားများတက်ကြွနေသည်။ မိမိတို့ ထင်သည့်အတိုင်းပင် ဒေါက်တာလှဟန်တို့အဖွဲ့ကပေါ်မလာတော့ပေ။ အတန်ကြာမှ ရန်ကုန်တက္ကသိုလ်ပါချုပ် ဒေါက်တာမောင်မောင်ခနှင့် ဆရာများ ဝင်လာသည်။ ဒေါက်တာလှဟန်နှင့်အဖွဲ့မလာတော့ကြောင်း တွေ့ဆုံပွဲအစီအစဉ်ကိုဖျက်သိမ်းကြောင်းနှင့် ကျောင်းသားများ မိမိအဆောင်ကို ပြန်ကြဖို့ ဆရာခက မေတ္တာရပ်ခံသည်။ မျက်နှာချို၍ သဘောကောင်းသည့် ဆရာခအား ကျောင်းသားများ လေးစားမှုရှိကြသော်လည်း ဤအကြိမ်တွင် ကျောင်းသားများ ဆရာခစကားအား နားမထောင်နိုင်ကြတော့ပေ။ သို့နှင့် ဆရာ ခနှင့် ဆရာများ ပြန်လည်ထွက်သွားသည်။

ကျောင်းသားများကား မပြန်ကြ။ အားကစားရုံအတွင်း ဆက်လက်ထိုင်နေကြပြီး မိမိအစုနှင့်မိမိ ဘာလုပ်မလဲဆိုသည်ကို တိုင်ပင်နေကြသည်။ ဤသို့ ခေတ္တမျှ တာစူနေကြခိုက် မိမိတို့ သမိုင်းအားကစားရုံအပြင်ဘက်ထွက်လိုက်ရာ ဆလိုင်းတင် မောင်ဦးနှင့် ကျောင်းသားသုံးလေးယောက် ရပ်စကားပြောနေကြသည်ကို တွေ့ရသည်။ သို့ မိမိတို့လည်း ဆလိုင်းတင်မောင်ဦးတို့စကားဝိုင်းထဲဝင်လိုက်ပြီး သူအားသပိတ်တိုက်ပွဲကို ခေါင်းဆောင်ဖို့ တောင်းဆိုလိုက်ကြပါသည်။ တကယ်တော့သူနှင့် မိမိတို့က အယူအဆကွဲပြားမှု ရှိကြသည်။ သို့သော် သပိတ်မှောက်ဖို့အတွက်မှာတော့ တူညီကြသည်။ ထို့ပြင်သူက အသက် ၂၅ နှစ်ခန့်ရှိပြီဖြစ်သော ကျောင်းသားကြီးဖြစ်ပေရာ သူ့ကို ပွဲထွက်ဖို့တောင်းဆိုရတော့သည်။

အခြေအနေက တစုံတယောက်ကတော့ ရှေ့ထွက်၍ ခေါင်းဆောင်ဖေါက်ခွဲရန် လိုနေသည်။ ရှေ့ဆောင်မည့်သူမရှိက အ ခြေအနေက အီလည်လည်နှင့် မနက်ကလို ပြိုကွဲမည်ကို ပူပန်နေရသည်။ ရှေ့ကထွက်ပြီးဖေါက်ခွဲ၍ ဦးစီးဖို့က သူ့လို အ သက်အရွယ်အတွေ့အကြုံ ရှိသူဖြစ်ရန်လည်း လိုအပ်နေသည်။ သူသာရှေ့ကထွက် မိမိနောက်က ဝိုင်းရံပေးမည်ဟု မိမိတို့ က ရဲရဲအာမခံလိုက်သည်။ တကယ်တမ်းအားဖြင့် သူနှင့်မိမိတို့က အရင်ကမသိပေ။ သို့ပေ မဲ့ လှု ပ်ရှားမှု များထဲတွင်ဤကဲ့သို့ပင် ပြောဆိုဆွေးနွေး၍ လုပ်ကြရသည်။ သူက ကိုယ့်အကဲခတ် ကိုယ်က သူ့အကဲခတ်နှင့် တိုက်ပွဲတွင်းဖြတ်သန်းကြရသည်။ ဤ သို့နှင့် တစ်ဦးနှင့်တစ်ဦးယုံကြည်မှုရလာသည်များလည်းရှိပါသည်။ နောက်ဆုံး သူရှေ့ထွက်မည်ဟု ဆုံးဖြတ်ချလိုက်ပြီး အား ကစားရုံထဲပြန်ဝင်သည်နှင့် မိမိတို့လည်းပွဲကြည့်စင်၌ ပြန်နေရာယူလိုက်ကြတော့သည်။

ဆလိုင်တင်မောင်ဦး စကားပြောစင်ရှေ့တွင် နေရာယူလိုက်သောအခါ အချင်းချင်းစကားပြောနေကြသော ကျောင်းသားအားလဲုး၏အသံတိတ်ဆိတ်သွားပြီး အားကစားရုံထဲရှိ ကျောင်းသားအားလုံး၏အာရုံစူးစိုက်မှုသည် သူ့အပေါ်သို့ ဆိုက်ရောက် သွားသည်။ သို့နှင့် ဆလိုင်းတင်မောင်ဦးက စတင်တရားဟောပါတော့သည်။ ကျောင်းသားများ၏ရပိုင်ခွင့်များ ဆုံးရှုံးနေ သောအခွင့်အရေးများ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရေး ပြီးခဲ့သောအရေးတော်ပုံများက အဖမ်းဆီးခံနေရ သော အလုပ်သမားများ ကျောင်းသားများ ပြန်လွှတ်ပေးရေးစသည့် တရားမျှတသည့် တောင်းဆိုချက်များကို တင်ပြပါသည်။

ထိုစဉ် အားကစားစင်မြင့်နောက်ဆုံးမှ အသံတသံထွက်လာသည်။ စကားလုံးအစအဆုံးတော့ မမှတ်မိပါ။ "ဘာတွေ လျှောက် ပြောနေတာလဲ အလကားလျှောက်ပြောမနေနဲ့" ဆိုသည့်သဘောမျိုးဖြစ်သည်။ "ဘယ်ကောင် ပြောတာလဲကွ" ဟူ၍ မိမိတို့ နောက်ဆုံးတန်းမှ ကျောင်းသားများ ထလိုက်မှ ထွက်ပြေးသွားသည်။ ကျောင်းသားများထဲဝင်၍ ရှုပ်ထွေးစေရန် ကြံပုံရသည်။ မိလိုက်၍က ထိုသူ သက်သာမည်မဟုတ်။ ထို့ပြင်ထိုသို အနှောက်အယှက်များက ထပ်ပေါ်လာနိုင်သေးသည်။ သို့နှင့် ဆလိုင်းတင်မောင်ဦးစကားတခွန်းအဆုံးတွင် ကျောင်းသားအုပ်နောက်တန်းနားတွင်ထိုင်နေသော မိမိလည်း ပါးစပ်အား လက်ဝါး နှစ်ဖက်ဖြင့်ကာ၍ အော်လံသဖွယ်ပြုပြီး အသားကုန်ဟစ်အော်လိုက်တော့သည်။

"သပိတ် သပိတ်" ဟူ၍ မိမိတိုင်လိုက်သည်နှင့် မိမိမျှော်လင့်ထားသကဲ့သို့ပင် "မှောက် မှောက်" ဟူသည့် ကျောင်းသားတို့ ဟစ်ကြွေးသံက အားကစားရုံအတွင်းဟိန်းညံသွားတော့သည်။ သို့နှင့်အားရှိသွားသော မိမိလည်း ဆက်၍ ရှေ့တိုင်တော့ သည်။

"သပိတ် သပိတ် မှောက် မှောက်"
"မီးဒုတ် မီးဒုတ် ရှို့ ရှို့"
"အရေးတော်ပုံ အောင်ရမည်"
"အရေးတော်ပုံ အောင်ရမည်"
"အရေးတော်ပုံ အောင်ရမည်"

ထို့နောက်တွင် ဆလိုင်းတင်မောင်ဦးက တလှည့်ဟောပြောလိုက် အောက်က မိမိတို့က ကြွေးကြော်သံတိုင်လိုက်နှင့် အားက စား ရုံတခုလုံး ဟိန်းဟိန်းညံနေတော့ပါသည်။ မိမိတကိုယ်လုံးလည်း စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်နေပါသည်။ မိမိတို့သပိတ် မှောက်နိုင်ခဲ့ပြီ မဟုတ်ပါလော။ သပိတ်ကြွေးကြော်သံကို ဟစ်ကြွေးနိုင်ခဲ့ပြီ မဟုတ်လား။ ဆလိုင်းတင်မောင်ဦးစကားပြောပြီး နောက် ကျောင်းသားများလည်း အားကစားရုံအပြင်ဘက်ထွက်လာကြသည်။ခေတ္တမျှ စုရုံးတိုင်ပင်ကြသည်။ ရှေ့တန်းမှ တက် ကြွသူများကတော့ စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်။ သူတို့ကျောင်းသားကလည်းများသူတို့နယ်မြေလည်းဖြစ်ပေရာ မိမိတို့ဝင်မပါတော့ နောက်ကကြည့်နေလိုက်သည်။

ကြို့ကုန်းရှိ စက်မှု တက္ကသိုလ်သို့သွားပြီး ကျောင်းသားများကို ထပ်သွားခေါ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဘာတာဘက်ကို ဖေါက်ထွက်သည့် မေခဆောင်နှင့်ဇွဲကပင်ဆောင်ကြားလမ်းအား အလုပ်သမားအရေးအခင်းပြီးနောက်ပိုင် အုတ်တံတိုင်းခတ် ၍ ပိတ်ထားလိုက်ပြီဖြစ်ရာ သပိတ်မှောက်ကျောင်းသားများလည်း ထိုအုတ်တံတိုင်းကို ဝိုင်းဖြိုလိုက်ကြပြီး အင်းစိန်လမ်းမ အတိုင်း ကြို့ကုန်းသို့ ချီတက်ကြတော့သည်။

မိမိကား ထိုချီတက်သည့်အဖွဲ့များနှင့်မလိုက်တော့ ကျန်သူများအားလည်း အကြောင်းကြားရင်း လှည်းတန်းကစောင့်ရန် မိန်းထဲသို့ပြန်လာခဲ့တော့သည်။ ထိုသပိတ်မှောက်အဖွဲ့သည် ကြို့ကုန်းမှ ပြန်လှည့်ပြီး မိန်းထဲရှိ ဘွဲ့နှင်းသဘင်ခန်းမသို့ ပြန် လာကြမည်ဖြစ်ရာ ကြိုတင်၍ မိမိလူများအားတပ်လှန့်ထားရန် လှည်းတန်းသို့ ပြန်လာခဲ့တော့သည်။

၁၉၇၄ ဇွန်လ ၆ ရက်နေ့က ပစ်ခတ်နှိမ်နင်းခံခဲ့ရ၍ ကျဆုံးသွားသောအလုပ်သမားများ ပြည်သူများ၏ဝိညာဉ်တို့သည် တနှစ် ပြည့်သော အခါသမယတွင် ပြန်လည်နိုးထခဲ့ပေပြီ။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)