ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ငြိမ်းချမ်းအေး - တဖို့တည်းသမားတွေကို တိုက်ရပါမယ်


ခရိုနီတွေ အရင်လို မကျင့်ကြံဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

“…. ကျမတို့ ပြည် သူပြည်သားထဲကနေပြီးတော့ ချမ်းသာကြွယ်ဝတာကို ကျမ သဘောကျပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝပြီးတော့ မှန်ဖို့တော့ လိုတာပေါ့။ အရင်တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်….”

ဒေါ်အောင်ဆန်းစုကြည်

စီးပွားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဘက် များ တွေ့ဆုံပွဲ အခမ်းအနား အဖွင့် မိန့်ခွန်း၊ နေပြည်တော် (အောက်တိုဘာ ၂၂၊ ၂၀၁၆)
(VOA Burmese)

××××× ××××× ××××× ××××× ××××

ငြိမ်းချမ်းအေး - တဖို့တည်းသမားတွေကို တိုက်ရပါမယ်

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအများစုပါ အစိုးရသစ်လက်ထက်မှာ ဘက်ပေါင်းစုံ၊ ကဏ္ဍစုံ စီမံချက်တွေနဲ့ အရှိအဟုန်ပြင်ပြင်း အပြောင်းအလဲတွေ ဖော်ဆောင်နေပါတယ်။ အစိုးရသစ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှာ မြေယာနဲ့ရင်းနှီးမြှုပ်နှံမှု ပြဿနာများလည်း ပါဝင်ပါတယ်။ အဆိုးခေတ်စနစ်ရဲ့ ဆယ်စုနှစ်များစွာ အာဏာအလွဲသုံးစားလုပ် ထင်တိုင်းကြဲခဲ့မှု ဒဏ်ကို တိုင်းပြည်ဟာ နက်နက်ရှိုင်းရှိုင်းခံနေရပါတယ်။ ဒါဟာ အစိုးရအသစ်အတွက် ကြီမားတဲ့ စိန်ခေါ်မှု တရပ်ပါပဲ။

ယခင် ခေတ်ဆိုးမှာ အာဏာပိုင်၊ စစ်တပ်ပိုင်၊ ဦးပိုင်နဲ့ အပေါင်းအပါ ပြည်တွင်းပြည်ပ အရင်းရှင် စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ဒေသခံ ပြည်သူတွေကြား နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့တဲ့ မြေသိမ်း၊ ယာသိမ်း ဖြစ်စဉ်တွေ၊ တဖက်စောင်းနင်း အဓမ္မအမှုတွေ အားလုံးဟာ ယခုအချိန်မှာ တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ ကဏ္ဍစုံ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အဟန့်အတားတွေ ဖြစ်စေပါတယ်။ မျက်မှောက်မှာ ကောင်းစားနေသူ လူတစု စီးပွားအုပ်စုကြီးတွေရှိနေပါမယ်၊ ဒါကို မှီခိုနေရတဲ့ လခစား ဝန်ထမ်းတချို့ အလုပ်ရနေပါမယ်။ ဒါပေမဲ့ လူထုအများအတွက် သာတူညီမျှ အကျိုးရလဒ်ကတော့ အင်မတန် နည်းလှပါတယ်။ အခု မျက်မှောက်တိုင်းပြည်ဟာ ပါလီမန် ပါတီစုံ လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ ဈေးကွက်ဗဟိုပြု အရင်းရှင် စီးပွားရေးစနစ်ကို သွားနေတယ် ဆိုကြပေမဲ့ ဒီလို အားကြီးသူ နိုင်ရာစား အဓမ္မပြုတဲ့ စစ်အာဏာရှင်စနစ် အကျင့်အကြံ အလုပ်တွေက မပျောက်သေးတော့ စစ်အုပ်စုနဲ့ အပေါင်းအပါ သူကြွယ်တစု စီးပွား၊ အာဏာ အကျိုး ကာကွယ်ရာ စစ်ခရိုနီအရင်းရှင်စနစ်သာ ဖြစ်နေသေးပါတယ်။

နဂိုရှိရင်းစွဲ လစ်ဘရယ်ဒီမိုကရေစီနဲ့ အရင်းရှင်စီးပွားစနစ်မှာကိုကလည်း ဓန အင်အား ခိုင်မာ၊ သြဇာ အာဏာကြီးသူတွေသာ စံစားရတာ များပါတယ်။ ဒါပေမဲ့ ဒီအရင်းရှင်ဝါဒ စည်ပင်သာယာဝပြော ဆိုပြေစိမ်းလန်းဖို့ရာမှာ လူ့အသိုင်းအဝန်း၊ ဈေးကွက်နဲ့ ဥတုရာသီသဘာဝ မဖောက်ပြန် ရှင်သန်ဖို့က မရှိမဖြစ် အရေးကြီးတဲ့အတွက် ရှင်သန်အောင် စီမံဆောင်ရွက်ရတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ လုပ်နည်းလုပ်ဟန်တွေ အရင်းရှင် ဈေးကွက်စီးပွားပုံစံမှာ မဖြစ်မနေ ထည့်သွင်း ကျင့်သုံးရပါတယ်။ ဒါကို စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) စီးပွားလုပ်ဟန်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လူမှုရေးတာဝန်ကျေရမှု (Corporate Social Responsibility) လို့ခေါ်ပါတယ်။ အရင်းရှင်စနစ်ရဲ့ အမှောင်တခြမ်းကို ဖော့စေတဲ့ လူမှုရေးတာဝန်ကျေမှုတွေပါ။

စီးပွားရေး လုပ်ထားဟာ လူမှုရေးလုပ်ငန်းမဟုတ်တဲ့ အတွက် အကျိုးအမြတ်ကို အဓိကထားစဉ်းစားရတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ ခေတ်သစ်မှာ ရေရှည်ဖွံဖြိုးတိုးတက်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်ဖို့က အကျိုးအမြတ် တခုတည်း ရှေ့တန်းတင် စဉ်းစား လုပ်ဆောင်လို့ မရတော့ပါဘူး။ အခြား အရေးကြီးတဲ့ လူသားနဲ့ကမ္ဘာမြေအကျိုးတွေလည်း ထည့်သွင်းစဉ်းရပါမယ်။ အကျိုးအမြတ်အတွက် စီးပွားရှာ (Profit/Economics Based) လုပ်ရင်းနဲ့ တွဲလျက် လူ၊ လူမှုဘဝ၊ မြေကမ္ဘာနဲ့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုဂေဟစနစ်ကိုလည်း မထိခိုက်ဘဲ၊ ရှေရှည်ရှင်သန်တိုးတက်ဖွံ့ဖြိုးအောင် (People, Social, Planet, Environment, Ecology) ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစား အကျိုးဖြစ်အောင်၊ အနည်းဆုံး အကျိုးမယုတ်အောင် ကြံဆောင်ရတဲ့ စီးပွားလုပ်ဟန်ကို ခေတ်သစ်ကမ္ဘာ့စီးပွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတိုင်းဟာ ရေရှည်တည်တံ့နိုင်မှုနဲ့ အကျိုးအမြတ်အလို့ငှာ လုပ်ငန်းစီးပွားနည်းဗျူဟာမှာ မဖြစ်မနေ ထည့်သွင်းချမှတ်ရမယ်လို့ အရင်းရှင်စနစ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီတွေက ဆိုပါတယ်။

ဥပမာ – စီးပွားရေး လုပ်ငန်းအတွက် ဒေသခံတွေ ကို အတင်း အဓမ္မ နေရာ ဖယ်ခိုင်းခြင်းမျိုး၊ လက်ယာမြေ သိမ်းခြင်းမျိုး မရှိတာ၊ တကယ်လို့ မဖြစ်မနေ မြေနေရာ ရယူမှု လုပ်ရရင်လည်း ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့အညီ ဖြစ်စေတာ၊ နစ်နာမှုတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေး၊ ဘဝ အာမခံချက်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဖော်ဆောင်ပေးတာမျိုးကို ဆိုလိုပါတယ်။ စီးပွားရှာရာဒေသက ဆိုင်ရာ ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာယုံကြည်မှု အတွေးအခေါ်တွေကိုလည်း လေးစားလိုက်နာ အသိအမှတ်ပြုရပါတယ်။ ဥပမာ - ‘လက်ပံတောင်းဒေသ လယ်တီစေတီနဲ့သိမ်တို့သည် ပထမလယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ’ ဆိုပြီး ဒေသခံတွေရဲ့ ယုံကြည်မှုကို မျက်ကွယ်ပြု ဖျက်ဆီး၊ ရွှေ့ပြောင်းတာမျိုး လုပ်လို့ မရပါဘူး။

ဒါ့အပြင် စီးပွားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူ အလုပ်သမားတွေအတွက်လည်း အခွင့်အရေး အပြည့်အဝ ပေးရပါတယ်။ ဥပမာ – လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၊ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်မှုမျိုး။ အလုပ်သမား ငှားရမ်း အသုံးပြရာမှာလည်း ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ်။ ဥပမာ – အာဏာပိုင်နဲ့ပေါင်းပြီး ဒေသခံတွေကို အတင်းအဓမ္မအခမဲ့ (သို့မဟုတ်) လုပ်ခနည်း လုပ်အားပေး အလုပ်စေခိုင်း၊ ကူလီထမ်းခိုင်း၊ ပေါ်တာဆွဲခြင်းမျိုးတွေကို ရှောင်ကြဉ်ရပါတယ်။ ကိုယ့်လုပ်ငန်းထုတ်ကုန်ုကို သုံးစွဲသူ၊ စားသုံးသူတွေရဲ့ အခွင့်အရေးကိုလည်း ရှေးရှုရပါတယ်။ ဥပမာ- မိမိစီးပွားရေးလုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုက လူနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာ၊ လုံခြုံစိတ်ချ အရည်အသွေး ပြည့်မီအောင်၊ အသက်အန္တရာယ် ကျန်းမာရေး မထိခိုက်အောင် အာမခံတာမျိုးတွေပါ။

ဒီ ခေါင်းစဉ်တွေကို လက်ရှိ တိုင်းပြည်မှာ လုပ်ပိုင်ခွင့်ရ၊ တွင်ကျယ်နေတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းကြီးတိုင်းက သူတို့ လုပ်ငန်း ရည်မှန်းချက် Mission တွေမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမဲ့ အများစုကတော့ စားသောက်ကောင်းအောင်၊ စီးပွားလုပ်ကိုင်ခွင့်ရအောင် ဟန်ပြ လုပ်ပြတဲ့ သဘောသာ ဖြစ်နေဆဲပါပဲ။ ဥပမာ - လက်ပံတောင်း ဖြစ်စဉ်လို ကြီးကြီးကျယ်ကျယ် ပြဿနာတွေ တက်၊ လူစိတ်ဝင်စားမှုများတာမျိုးတောင်မှ စီးပွားစီမံကိန်းဖော်ဆောင်သူ လုပ်ငန်းရှင်ဘက်က စစ်တပ်ဦးပိုင် အရှိန်အဝါနဲ့ လုပ်သင့်တဲ့ တာဝန်ယူ၊ တာဝန်ခံမှုမျိုး မရှိဘူးဆိုတာ အထင်အရှား တွေ့နိုင်တော့ တခြား လူမသိ၊ သူမသိ၊ စာနယ်ဇင်းမှာ အသားပေး (Highlight) အလုပ်မခံရတဲ့ နိုင်ငံအနှံ့က ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်း တည်ဆောက်မှုတွေမှာ ဘယ်လောက်များ ကျင့်ဝတ်တာဝန် ပျက်ကွက်မှုတွေ၊ မတရားမှုတွေ ဖြစ်နေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။

ဒီလို သဘောကြောင့် နိုင်ငံခြား/ပြည်တွင်း ကုမ္ပဏီကြီးများ မြန်မာပြည်မှာ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာ သထက် ချမ်းသာသွားပြီး ဒေသခံကျောမွဲ နင်းပြားများကတော့ မွဲသထက်မွဲ လူသွေးလူရောင် မပြောင်ဖြစ်ရတာကို လက်တွေ့ မြေပြင်မှာ မြင်တွေ့နေရခြင်းပါ။ ဒါမျိုးတွေကို အစိုးရ ရုပ်သံ၊ သတင်းစာမှာ၊ လွှတ်တော်မှာ၊ သမ္မတမိန့်ခွန်းတွေမှာတော့ ယခင်က မတွေ့ရခဲ့သလို အခု “ပြောင်းလဲချိန်တန်ပြီ” ဆိုကြတဲ့ ခေတ်မှာလည်း အသားပေး ဖော်ပြခံရခြင်း မရှိသေးပါ။

တကယ်တော့ ဖောင်စီးရင်း ရေငတ်နေကြရတဲ့ ပြည်သူများရဲ့ ဘဝနဲ့အသက်ငင်နေတဲ့ မြန်မာ့သဘာဝအလှကို နိုင်ငံတဝှမ်းက ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီ မိုင်း၊ သစ်လုပ်ငန်းလုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံပြည်သူတွေရဲ့ မျက်ရည်တွေ၊ သွေးစက်တွေ၊ မီးလောင်ဒဏ်ရာတွေမှာ ရှာကြည့်နိုင်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေထက် အဆပေါင်းများစွာနည်းတဲ့ အခြေခံလစာလေးရဖို့အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒ ပြနေရတဲ့ အငတ်ဘေးသင့်အလုပ်သမားထုကြီး အသံကို နားထောင်ရင် ကြားသိရပါမယ်။ စီးပွားလုပ်ငန်းတွေရဲ့ ‘ဘယ်သူသေသေ ငတေမာ’ လုပ်နေမှုကို သေမလိုဖြစ်နေတဲ့ ဧရာဝတီမြစ်ကြီးကို တိုင်တည်ပြီးလည်း ကြည့်မြင်နိုင်ပါတယ်။ ရွှေတွင်းတူးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အန္တရာယ် နှစ်စဉ် ရေကြီးနေတဲ့ အထက်ပိုင်း ဗမာပြည်က သက်သေထူနေပါတယ်။ တောင်ကတုံးတွေအပြည့်နဲ့ ရိုးမတောင်တန်းကြီးတွေမှာလည်း လူတစု ထင်တိုင်းကြဲနေမှုကို ဖော်ထုတ်သိရှိနိုင်ပါတယ်။

မြန်မာပြည်လို အရပ်သား အစိုးရ၊ လွှတ်တော်နဲ့ ပေါင်း၊ နိုင်ငံရေးသမားဆိုသူတွေနဲ့ ပေါင်း၊ ဒါမှမဟုတ် ဒါတွေအားလုံးထက် အာဏာစောင်းထက်တဲ့ စစ်တပ်စီးပွားလုပ်ငန်း ဦးပိုင်နဲ့ပေါင်း စသလို အမျိုးမျိုး ‘ပေါင်းစား’ ကာ အာဏာ ငွေကြေး တောင့်တင်းသူ လက်တဆုပ်စာ အစစအရာရာ အသာစီးရ လုပ်သမျှတင့်တယ်နေတဲ့ တိုင်းပြည်မျိုးမှာတော့ စီးပွားသီအိုရီတွေ၊ စံသတ်မှတ်မှုတွေဟာလည်း အလကားပါပဲ။ ဒါတွေကို တည့်မတ်ထိန်းကျောင်းပြုပြင်ရမယ့် နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သေနတ်ပြောင်းအောက် စစ်တပ်လောင်းရိပ်မှာ အသံမဲ့နေကြပါတယ်။ လက်ရှိတိုင်ပါ။ ကျောသား၊ ရင်သား၊ ကျောင်းသား၊ စစ်သား၊ ဘုရားသား၊ ပြည်သူ့သား မခွဲခြား တပြေးညီ ကျင့်သုံး အာဏာစက်တည်တဲ့ တရားဥပဒေက မတည်ရှိပါဘူး။ တည်ဆဲ တရားဥပဒေတွေကလည်း တရားမျှတမှုကို ဖော်ဆောင်နိုင်မှုနည်းနေတယ်။ သမာသမတ်ကျတဲ့ တရားဥပဒေတွေကျလည်း အမှန်တကယ် လက်တွေ့ စိုးမိုးမှု မရှိ ဖြစ်နေတယ်။

ဆိုတော့ ဒီလိုအနေအထားမှာ လူထုဟာ လူတစု အကျိုးစီးပွားနဲ့ လွတ်ကင်းရာမှာ ကိုယ့်ဘာသာ ခပ်ကင်းကင်းနေ မသေထမင်း၊ မသေဟင်း ရှာစားရုံမှ အပ အခြားမရှိသလို ဖြစ်နေရပါတယ်။ လက်ရှိစနစ်၊ နောက်ခံ အနေအထားနဲ့ တိုင်းပြည်မှာ ဈေးကွက်မှာ ကုန်ပစ္စည်းတွေ အရင်ခေတ်တွေကထက်စာရင် ပိုပေါလာကောင်းလာပါမယ်။ ကားသစ်တွေ၊ နည်းပညာ ဆက်သွယ်ရေး ပစ္စည်း၊ လျှပ်စစ်သုံး လူသုံးကုန်တွေ အများအပြား တွေ့ကောင်းတွေ့ရပါမယ်။ ဒါပေမဲ့ အခြေခံလူထု ၇၅ ရာခိုင်နှုန်းကျော်ကတော့ ဒီလို ခေတ်သစ်ရဲ့ အကျိုးကျေးဇူး အသီးအပွင့်တွေကို အရည်အသွေးမီ ပြည့်ပြည့်ဝဝ သုံးစွဲခံစားခွင့်ရဖို့ အလှမ်းဝေးနေဦးမှာသာ ဖြစ်ပါတယ်။

တကယ်တော့ ဘာကိုမှ ဂရုမထားဘဲ ဒီလိုပဲ ကိုယ်နိုင်တဲ့ ပြည်သူကို အနိုင့်အထက် ကုပ်ခွစီးကာ ကိုယ်ကျိုးစီးပွားပဲ နင်းကန်ရှာရင်း ကိုယ်စီးပွားရှာတဲ့ဒေသနဲ့ လူ့အသိုင်းအဝန်းရဲ့ အထွေအထွဖွံ့ဖြိုးတိုးတက်မှု ကျဆင်းစေရင် ရေရှည်မှာလည်း နိုင်ငံတခုလုံးရဲ့ စီးပွားရေး မတိုးတက်နိုင်သလို ကိုယ့်စီးပွားလုပ်ငန်းလည်း ပျက်စီး ဆုတ်ယုတ်ရမှာ မလွှဲမသွေ ဖြစ်ပါတယ်။

အလားတူပဲ အစိုးရ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုမမူ မစောင့်ရှောက်ဘဲ ထင်တိုင်းသောင်းကျန်းနေရင် ရေရှည်မှာ ဒေသရဲ့ ပထဝီနဲ့ဂေဟစနစ် ပျက်ယွင်းပြီး ရာသီဥတုတွေ ဖောက်ပြန်၊ သဘာဝဘေးဒုက္ခတွေ ထူပြော၊ စီးပွားလုပ်ကိုင်ခွင့်တွေ လျော့နည်းကာ အနာဂတ်မှာ ဖွံဖြိုးတိုးတက် ရှင်သန်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။ (တိုင်းပြည်ရဲ့ စစ်အစိုးရ အဆက်ဆက် သမိုင်းမှာ ဒါတွေ ဖြစ်လည်း ဖြစ်ခဲ့ပါပြီ။)

ဆိုချင်တာက ရေရှည်မှာ ငါဖို့တခုတည်း ကြည့်သူတွေကိုယ်တိုင် ငါ့ဖို့ အတိုင်းအတာဟာ နည်းလာမှာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားနဲ့ ဒီသဘောကို ဂရုမစိုက်ဘဲ နေနိုင်သူတွေဟာ ခေတ်သစ်ကမ္ဘာမှာ မိမိအကျိုးစီးပွား ကို ရေရှည် ရပ်တည်နိုင်ဖို့ရာ မကြံဆောင်၊ မမြော်မြင်နိုင်လောက်အောင် အသိဉာဏ်ပညာတုံးနေတဲ့လူမျိုးတွေနဲ့ ဆူလွယ်နပ်လွယ် ရတုန်းလေးကို ဘယ်သူ.. ဘာ.. ဖြစ်ဖြစ် ရှာထားမယ်၊ အနာဂတ် နဲ့မျိုးဆက်သစ်အတွက် မစဉ်းစားဘူး လို့ ခံယူနိုင်လောက်အောင် စိတ်ဓာတ် အောက်တန်းကျနေတဲ့ လူမျိုးတွေပဲဖြစ်ပါမယ်။

ဝမ်းနည်းစရာနဲ့ အနာဂတ်အတွက်စိုးရိမ်ဖို့ ကောင်းတာက ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရနေတဲ့သူတွေနဲ့ လုပ်ပိုင်ခွင့်သာနေတဲ့ လက်ချိုးရေလို့ရတဲ့ မဟာစီးပွားလုပ်ငန်းရှင်ကြီးအများစုက အထက်မှာ ဆိုခဲ့တဲ့ လူနှစ်မျိုးဖြစ်တဲ့ — အနာဂတ်ကို မျှော်.. မြော်မြင် မကြည့်၊ မမြင်နိုင်လောက်အောင် ဉာဏ်ပညာနည်းနေသူတွေနဲ့ အနာဂတ်နဲ့ မျိုးဆက်သစ်အတွက် ထည့်မစဉ်းစားဘဲ နေနိုင်လောက်အောင် စိတ္တသတ္တိ စာရိတ္တချို့ယွင်း ပျက်စီးနေသူတွေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အတိတ်နဲ့ မျက်မှောက်မှာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို အဓမ္မမုဒိမ်းကျင့်တဲ့ ဖြစ်ရပ်တွေ တလှေကြီး ပေါ်ခဲ့၊ ပေါ်လျက် ဖြစ်နေခြင်းပါပဲ။

နိဂုံးချုပ်ရရင် ဒီလို ငတေ၊ ငရွှေ၊ ငဇေ၊ ငပိုင်နဲ့ အပေါင်းအပါတွေချည်းပဲ အမြဲတမ်း ‘မာ’ နေ ခွင့်ရနေတာဟာ လက်ရှိတိုင်းပြည်ရဲ့ အဓိက ပြဿနာ ပါ။ အခြေခံလူထုအများကတော့ အဘက်ဘက်က နစ်နာရတဲ့ ဖွတ်ကျောပြာစု ခရုအဆံကျွတ် ဘဝတွေပါပဲ။ ဒီလို ဖြစ်နေတာဟာ ‘စစ်အာဏာရှင် + သူကြွယ် ခရိုနီ’ ပေါင်းခဲ့တဲ့ ခေတ်ဟောင်းဖြစ်ဖြစ်၊ အခု ဒီမိုကရေစီ အမည်ခံတဲ့ ‘စစ်အုပ်စု + နိုင်ငံရေးသမား အမည်ခံ + ပြည်တွင်း/ပြည်ပ အရင်းရှင်ခရိုနီ’ များပေါင်းစားတဲ့ ခေတ်သစ် ဖြစ်ဖြစ် သဘာကတော့ အတူတူပါပဲ။ လူအများ အကောင်းမြင် မျှော်လင့်စောင့်စားနေကြတဲ့ လက်ရှိ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရအသစ်ဟာ အမှန်တကယ် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရှေးရှုလိုတယ် ဧကန် အမှန် ဆိုရင်ဖြင့် ဒီလို တဖို့တည်းသမားတွေကို တိုက်ထုတ်မယ့် စနစ်သစ်၊ လူသစ်၊ မူဝါဒသစ်တွေ ချမှတ် အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ အစိုးရသစ်နဲ့ ပြည်သူ အဓိက ပျက်ရ၊ ဖျက်ရ၊ တိုက်ရမှာက ‘လူတစုတည်း ကောင်းဖို့ရာ ရောက်မှုအတွက် လူအများစုမှာ ပျက်လင့်ကာ’ ဖြစ်နေတဲ့ အကြောင်းခံသဘောကြီး ဖြစ်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး @ Nyein Chan Aye - Columnist @ Nyein Chan Aye
(ဆယ်သွယ်ရန်နှင့်ဝေဖန်ရန် - nyeinchanaye81@gmail.com)

#Re_Post ယခု ဆောင်းပါးကို မိုးမခ မီဒီယာ ၊ The Ladies News Journal ၊ မန္တလေး ထုတ် Friday Times Journal တို့မှာ ဖော်ပြပြီး ဖြစ်ပါတယ်။