ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဓမ္မရေစီး နဲ့ ကမ္ဘာ့ရေစီး


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဓမ္မရေစီး နဲ့ ကမ္ဘာ့ရေစီး
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

ဆရာဇင်ဝေသော်ရဲ့ 'သီဟနာဒ'အမည်နဲ့ရေးတဲ့ ''ပါဠိစကားလုံးများနှင့် စကားပြောကြည့်ခြင်း''ဆိုတဲ့ စာလေး သူ့ဝေါပေါ်မှာ ပြန်တင်ထားတာကို ဖတ်ပြီး တွေးမိတာလေးကို ပြောမလို့ပါ၊ ''သီဟနာဒ''ဆိုတာ ခြင်္သေ့လို ကြုံးဝါးခြင်း(သို့) ရဲဝံ့ပြတ်သားစကားဆို ခြင်း''လို့ အဓိပ္ပာယ်ရတဲ့အတိုင်း သူ့စာက တိုတိုလေးပေမယ့် တကယ့် သီဟနာဒပါ။

သူ့စာမှာ - ဓမ္မနယ်ပယ်မှာ အဲ ..ဘယ်လိုပြောရမလဲ ..လူရာဝင်သွားသူ တစ်နည်း ဓမ္မအမြင်ခိုင်မာ သွားသူလို့ ဆိုရမည့် အငယ်ဆုံးအရိယာပုဂ္ဂိုလ် ''သောတာပန္န''ဆိုတာ''ဓမ္မရေစီးထဲ ရောက်သွားသူ''လို့ ခေါ်တယ်၊ ကမ္ဘာမှာ နိုင်ငံရေး, စီးပွားရေးစသည် ခိုင်မာပြီး လူရာဝင်သွားတဲ့ နိုင်ငံများကို ''ကမ္ဘာ့ရေစီးကြောင်းထဲရောက်သွားပြီ''လို့ သုံးတယ်။ ဖဲ့ကပ်ကပ်လုပ်မနေသင့်ဘူး၊ ဓမ္မရေစီး ဖြစ်ဖြစ် ကမ္ဘာ့ရေစီးဖြစ်ဖြစ် ရေစီးကြောင်းထဲ ရောက်သွားမှ ဓမ္မအရာဝင်၊ လူရာဝင်တယ်။ ယနေ့ ကမ္ဘာမှာတော့ ''ကမ္ဘာ့ရေစီး''လို့ သုံးကြတယ်၊ လမ်းကြောင်းမှန်ပေါ် ရောက်သွားခြင်းကို ဆိုလိုတယ် ..ဆိုတဲ့အကြောင်း ရေးထားတာလေးပါ။ တိုတိုလေးပဲ၊ အတော်ထိပါတယ်။ ''တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့''ဆိုတာမျိုးပေါ့။

ဒါကို ဖတ်ပြီး ပြောချင်တာလေးက ကိုယ်တွေ့ဖြစ်ရပ်ကလေးနဲ့ စပြောရင် ပိုပြည့်စုံလိမ့်မယ်။

၁၉၇၈-ခုလောက်ကပါ၊ ဒေးဒရဲနိကာယ်သင်တန်းပြီးစ သင်တန်းမှတ်စုတွေ စုစည်းရေးသားဖို့ မိမိတို့ အညာသားဦးဇင်း လေးပါးလောက် ကျန်နေတဲ့အချိန် ရန်ကုန်ကမိတ်ဆွေ သတင်းစာဆရာတစ်ဦးက ပယ်လယ်ထဲမှာ စန္ဒားနဲ့ ငါးထောင်တဲ့အကြောင်း လေ့လာစာရေးချင်လို့ဆိုပြီးလာလို့ သူ့ကို စန္ဒားရှိရာပို့ရင်း ပင်လယ်ခရီးကို ကွင်းကျောင်းဆရာတော်က စီစဉ်ပေးတာ။

ပထမဆုံး ဒေးဒရဲကနေ တိုးမြစ် (ဧရာဝတီမြစ်)အဆုံး ပင်လယ်ဝက သံတိတ်ဆိုတဲ့ ပင်လယ်ကမ်းရွာ(တံငါရွာဆိုပါတော့) ကို ညအိပ်သွားရတယ်၊ ညပိုင်းတရားပွဲလေးလည်း လုပ်လိုက်သေးတယ်၊ ရာသီဥတုက ပုံမှန်ပါပဲ။ မနက်စော အရုဏ်တက်မှာ နံနက်ဆွမ်း စောစောကပ်ကြပြီး ခြောက်နာရီခွဲလောက် ပင်လယ်ခရီးစကြတာ။

စန္ဒားဆိုတာ ကမ်းနဲ့ ဆယ့်ခြောက်မိုင်လောက်ကွာတဲ့ ပင်လယ်ရေစီးကြောင်းမှာ အုံးပင်လုံးကြီးတွေ(ဇက်ကဖြတ်ပြီး) ခြောက်လုံးလောက်နဲ့ စိုက်ဆောက်ထားတဲ့ ငြမ်းတဲကြီးပါပဲ၊ ရေတက်ချိန်မှာ အဲဒီတဲပေါ်ကနေ ပိုက်ကြီးတွေချပြီး ရေစီးကြောင်းအတိုင်း မျှောလိုက်လာတဲ့ ငါးတွေထောင်တဲ့ နေရာပါ။

မိမိတို့အဖွဲ့အတွက် စီစဉ်ထားတဲ့ စက်လှေကြီးက စန္ဒားကနေ ငါးတွေသယ်ဖို့လုပ်တားတဲ့ အလျှာ ပေသုံးဆယ်၊ အနံ နှစ်ဆယ်ပေလောက် ကျယ်ပြီး အင်ဂျင်ပါဝါ နှစ်ရာစက် တပ်ဆင်ထားတဲ့ လှေကြီး၊ အောက်ထဲမှာ ငါးလှောင်၊ ရေမဝင်နိုင်အောင် အပေါ်က ပျဉ်အလုံဖုံး၊ အဲဒီပေါ်ကမှ နံရံခြောက်လက္မပျဉ်တစ်ချပ်စာပဲ အကာပါတဲ့ လှေပက်လက်ကြီးပေါ့၊ အဲဒီပေါ်မှာ မိမိတို့ အဖွဲ့ ရှစ်ယောက်စီးသွားကြတာ။

ကမ်းနဲ့ လေးမိုင်လောက်ရောက်တော့ လှိုင်းက တဖြေးဖြေးပုံမှန်ထက် ကြီးလာတယ်။ (နောက်မှသိရတာ ၇-နာရီ ရေဒီယို စလာလာချင်း မိုးလေဝသမုန်တိုင်း အထူးသတင်းက ကြေငြာပါသတဲ့)။ နောက်ထပ်နာရီဝက်လောက် ဆက်သွားတော့ မုန်တိုင်းက သိသိသာသာကြီးကို ပြတော့တာပဲ၊ အိမ်လုံး တောင်လုံးခန့် လှိုင်းတံပိုးကြီးများဆိုတာ စာထဲသာတွေ့ဖူးတာ၊ ခုတော့ ကိုယ်တွေ့ ကြုံတော့တာပါပဲ။

မိမိတို့ကို လိုက်ပို့တဲ့အထဲမှာ ကျောင်းအမ ဒကာမကြီး နှစ်ယောက်ပါတယ်။ သူတို့က ငိုယိုကုန်ပြီ၊ စက်လှေ အမြန်ပြန်လှည့်ဖို့ ပဲ့ကိုင်ကို အတင်း ငိုယိုပူစာနေသတဲ့။ ''ဘယ့်နှယ့်လုပ်ရမလဲ''ဆိုပြီး ပဲ့ကိုင်က မိမိကိုလာမေးတယ်။ သူကလည်း ပင်လယ်စက်လှေ ပဲ့ကိုင်နေပေမယ့် အညာသား ရေမကူးတတ်ဘူးတဲ့။

အဖွဲ့မှာ မိမိက ဆရာကြီးလိုဆိုတော့ အဆုံးအဖြတ်ခံယူတာပေါ့လေ။ ''ဒကာရေ ..ဒီနေရာမှာ မင်းက ပဲ့ကိုင်လေကွယ်၊ ငါရော ကျန်တဲ့အားလုံးက စီးသူသက်သက်ပဲ၊ မင့်အတွေ့အကြုံအရ ဘာလုပ်သင့်တယ်ဆိုတာ မင်းသာ ဆုံးဖြတ်ကွာ''ဆိုတော့ -

''လှိုင်းက သိပ်ကြီးနေပြီ၊ ဒီအချိန်နောက်ပြန်လှည့်ရင် လှိုင်းလုံးရှေ့ လှေကန့်လန့်ထိုးခံသလိုဖြစ်ပြီး ဒလိမ့်မှောက်ခုံ အားလုံး ဒုက္ခရောက်ကုန်မယ်၊ ဒီလှေက ပျဉ်အမိုး ဖုံးထားတာဆိုတော့ လှိုင်းလုံးဖုံးသွားပြီး ပြန်ပေါ်မှာ၊ နစ်အောင်အထဲ ရေမဝင်ဘူး၊ နောက်ပိုင်းက နည်းနည်းဝင်တဲ့ ရေကိုလည်း ဆယ်ကောင်အား စက်နှစ်လုံးနဲ့ စုပ်ထုတ်ထားတယ်၊ လှိုင်းလုံးကို တည့်တည့် တိုးဖြတ် ရမှာပဲဘုရား .. ဟိုးမှာ မြင်နေရတာ စန္ဒားပဲ၊ ရေစီးကြောင်းကို ခွဆောက်ထားတာ၊ အဲ့ဒီရောက်ရင် လှိုင်းမရှိတော့ဘူး၊ အေးဆေးပဲ''တဲ့။

''အဲဒီလိုဆို မင်းဆုံးဖြတ်တဲ့အတိုင်းသာ ဆက်လုပ်ကွာ''ဆိုတော့ ''အရှင်ဘုရားတို့ကိုတော့ ဒီသံကွင်းတပ်ထားတဲ့ ငုတ်လေး တွေမှာ လက်ထိပ်ခတ်ထားရမယ်ဘုရား၊ မတော်တဆ လှိုင်းလုံးအကြီးတွေ လွှမ်းရင် ပါသွားမှာစိုးလို့''ဆိုပြီး သံကွင်းမှာ အသင့် ပါလာတဲ့ ကြိုးများနဲ့ လက်ကို ချည်ပြီး သံကွင်းနဲ့တွဲစပ်ထားပါတယ်။ နောက်ပိုင်းက ဒကာမကြီးတွေကတော့ ငိုယိုပါလာခဲ့တယ်။

မိမိနဲ့အနီးကပ်မှာက မိုးကုတ်တရားပြကမ္မဋ္ဌာန်းဘုန်းကြီးတစ်ပါး ပါတယ်၊ သူက အနားကပ်ပြီး ''ဘယ်လို ဆက်လုပ်ကြမလဲ'' တဲ့။ ''ခုချိန်မှာ အရှင်ဘုရား ဟောဟောနေတဲ့ ဝိပဿနာလိုပဲလေ၊ ကိုယ်က ဘာမှ လုပ်လို့ မရဘူး၊ သူလုပ်တာကိုပဲ သတိနဲ့ စောင့်ကြည့်နေရမှာ၊ ဘယ်လိုမှ မလုပ်နဲ့၊ သူလက်ထိပ်ခတ်ပေးတဲ့အတိုင်း မဖြည်ပစ်နဲ့၊ သတိနဲ့ငြိမ်ငြိမ်လိုက်ခဲ့ပေါ့''ဆိုတော့ ''ဆရာတော် ဘာများ နှလုံးသွင်းနေလဲ မေးတာပါ''တဲ့။

''ဓဇဂ္ဂသုတ်ဆိုတာ ကောင်းကင်ပေါ်မှာတောင် မြေကြီးပေါ်လို ထောက်တည်ရာရတယ်ဆိုမို့လား၊ ခုရေပြင်က မြေနဲ့ ပိုနီးပါတယ်၊ အေးဆေးပါ၊ ဓဇဂ္ဂသုတ်မှာဆိုတဲ့အတိုင်း ရတနာသုံးပါးဂုဏ် နှလုံးသွင်းလေ''ဆိုတော့ ''တပည့်တော် သံဗုဒ္ဓေကို ဆုံးအောင် ဆိုလို့မရဘူးဘုရား''တဲ့။ ''ဒီလိုဆို စာထဲပါတဲ့အတိုင်း ''နမော ဗုဒ္ဓဿ''ပဲ စိတ်ထဲက ဆိုနေ''ဆိုတော့မှ ငြိမ်သွားပြီး ပါးစပ်က လှုပ်စိ လှုပ်စိနဲ့ ဆိုနေထင်ပါရဲ့၊ ကိုယ်လည်း ဆိုနေမိပါတယ်။

အသဲယားစရာကောင်းတာကတော့ ရေစီးနဲ့ တစ်ခေါ်လောက်အလို၊ စန္ဒားနဲ့ကလည်း တစ်ဘလောက်စာလောက်အလို ရောက်နေပြီး ပြေးသာသွားလို့ရရင် ခြေလှမ်းတစ်ရာလောက် အလိုမှာပေါ့၊ လှိုင်းလုံးကြီးတွေက တကယ့် အိမ်လုံး တောင်လုံး လှေပေါ် ဝေါကနဲ ဝေါကနဲ လေးငါးလုံး ဆက်ဖုံးလိုက်တာ လက်က သံကွင်းနှစ်ခုကို မြဲမြဲဆုပ်ထားရတယ်၊ မျက်လုံးကလည်း ပင်လယ်ရေလွမ်းခံရတော့ ဖန်တွတ်ရဲစပ်နေပြီ၊ ရေစီးကြောင်းက အတော်နဲ့ မရောက်နိုင်ဖြစ်နေတာပဲ။

လှိုင်းကို ဦးတည့်တည့်နဲ့ရင်ဆိုင်ရင်း မသိမသာ တဖြည်းဖြည်းဆန်ကူးလို့ မိနစ်လေးဆယ်လောက်ကြာတော့မှ ရေစီးမြောင်း ရောက်ပါတယ်။

အား .. တကယ့်ကိုမှ အံ့သြစဖွယ်အစစ်ပဲဗျာ၊ ရေစီးကြောင်းက ပင်လယ်ကြီးထဲ ဖြတ်စီးနေတယ်သာဆိုတယ်၊ ပင်လယ်ကြီး မဟုတ်သလိုပါပဲဗျာ၊ ဘာလှိုင်းတံပိုးမှကို မရှိဘူး၊ စက်လှေကြီးကလည်း ဖျပ်ဖျပ်လူးနေတဲ့ ငါးခုံးမတစ်ကောင် ရေနက်ထဲ ပြန်ရောက် လိုက်သလို တစ်ခါတည်း ငြိမ်ကိုသွားတော့တာ။

ပါလာတဲ့ အရှင်မြတ်လေးတွေလည်း အဲဒီတော့မှပဲ ''ဟေး ''ကနဲ အော်လိုက်ကြပြီး ခပ်ထားတဲ့ ကြိုးတွေ ဖြေ၊ ထရပ်၊ စိုနေတဲ့ အပေါ်ရုံဧကသီကိုဖြန့်ပြီး နေလှန်းရင်း ပျော်ကြနဲ့ တစ်လှေလုံးလည်း အဲဒီတော့မှ အသံထွက်နိုင်ကြတယ်၊ အသက်လည်း ခုမှ ပုံမှန်ရှူနိုင်ကြ ထင်ပါရဲ့။

(နောက်မှ ပြောပြတော့ မိုးလေဝသက မုန်တိုင်းသတင်း ကြေငြာကတည်းက ကမ်းကနေ မှန်ပြောင်းနဲ့လှမ်းကြည့်နေတာ၊ လိုအပ်ရင် ကူညီဖို့ စက်လှေတစ်စီးနဲ့ ပင်လယ်ကျွမ်းကျင်သူ လေးငါးယောက်လည်း အသင့်ပြင်ဆင်ထားတာ၊ မုန်တိုင်းထဲမှာ နှစ်နာရီခွဲ ကျော်ကြာတယ်၊ အရှင်ဘုရားတို့ သင်္ကန်းတွေ ထဖြန့်မှပဲ တပည့်တော်တို့လည်း သက်ပြင်းချနိုင်တော့တယ်လို့ ပြောပါတယ်)။

အဲဒီတုန်းက လှိုင်းတွေကို ကျော်လွန်ပြီး ရေစီးထဲရောက်သွားချိန်မှာ ''လှိုင်းဒဏ်က လွတ်ပြီ''လို့ ခံစားလိုက်ရတဲ့ ဝိမုတ္တိသုခ ကတော့ ''ဘယ်လိုကိုပါပဲ''လို့ နှိုင်းယှဉ်ပြောပြစရာ စကားလုံးရော, ဥပမာရော ခုထိ ရှာမတွေ့သေးပါဘူး။ နိဗ္ဗာန်ဆိုတဲ့ ဝိမုတ္တိသုခဟာ လောကထဲမှာ ဖော်ပြစရာ ဥပမာနဲ့စကားလုံးများ မရှိတဲ့အတွက် ''လောကုတ္တရာ''လို့ ခေါ်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရေးရေး သဘောပေါက်လာသလိုလိုပဲ။

ဒါပေမယ့် ''အဲဒီ ဝိမုတ္တိသုခမျိုး နောက်ထပ်ခံစားလိုပါသေးသလား''ဆိုရင်တော့ ''နိုး'' တကယ့်ကို ''နိုး''အစစ်ပါ။ ဘယ်တော့မှ မခံစားချင်တော့ဘူး။ လွတ်မြောက်မှုရဲ့ အရသာဆိုတာ မလွတ်မြောက်မှု ဆင်းရဲနဲ့ ကြုံပြီးမှ ရရှိခံစားနိုင်တာလေ၊ လွတ်မြောက်မှုကို ထပ်ခံစားချင်ရင် အဲလို ပင်လယ်ထဲ နောက်ကြောင်းပြန်လှည့်ပြီး ပင်လယ်လှိုင်းဒဏ် အလူးအလိမ့်ခံရဦးမှာဆိုတော့ ဘယ်နည်းနဲ့မှ နောက်ကြောင်း မပြန်ချင်တော့ဘူးဗျာ ..။ ဒီနေရာမှာတော့ ဖလသမာပတ်နဲ့ အကြိမ်ကြိမ်ထပ် ခံစားတယ်ဆိုတဲ့ လောကုတ္တရာ ဝိမုတ္တိသုခနဲ့ ကွာတာပေါ့လေ။

''အော် .. လောကုတ္တရာနယ်အဆုံး ရောက်ပြီးသူတွေ သံသရာကို ဘယ်တော့မှ ပြန်မလာဘူး''ဆိုတာ ဟုတ်ပေမှာပဲ။

ဒီအကြောင်း နောက်တစ်နေ့ညမှာ စပ်မိကြတော့ -

သင်တန်းနာယက တောင်တွင်းကြီးနတ်မှီဆရာတော်ဘုရားကြီးက ''ပစိဖိတ်မုဒ္ဒရာမှာ မျက်စိလည်နေတဲ့ သင်္ဘောတွေ၊ မုန်တိုင်းမိတဲ့သင်္ဘောတွေဟာ ''ခရိုစီအို''ဆိုတဲ့ ရေစီးကြောင်းကြီးတွေပေါ် ရောက်လိုက်တာနဲ့ တစ်ခါတည်း လှိုင်းလည်း ငြိမ်၊ မျက်စိလည်လည်း ပျောက်သွားတာပဲ၊ ဘယ်ရေစီးကြောင်းမှ လှိုင်းကြားပြန်ကွေ့တယ်ဆိုတာ မရှိဘူး၊ ဂျပန်ကမ်းခြေကို ဆိုက်သွားတာပဲ။

သတ္တဝါတို့ရဲ့ ခရီးကို ''သံသာရ သာဂရ = သံသရာတည်းဟူသော သမုဒ္ဒရာ၌''လို့ ဆိုသမို့လား၊ သံသရာဆိုတာ လောကဓံလှိုင်းတွေ၊ ဝါဒ ဝါဒန္တရဆိုတဲ့ အယူဝါဒလှိုင်းတွေ ဝုန်းဒိုင်းကြဲနေမှာပေါ့။ မဂ်ဆိုတဲ့ ဥာဏ်အမြင်ရရင် သမုဒ္ဒရာထဲက ရေစီးကြောင်းရောက်လိုက်သလို မျက်စိလည်စရာ၊ လမ်းမှားစရာလည်း မရှိတော့ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ကမ်းကို တန်းနေတာပဲ၊ အဲဒါ ''သောတာပန္န = ရေစီးကြောင်းပေါ်ရောက်တယ်''လို့ တင်စားတာပေါ့''ဆိုတဲ့အကြောင်း အကျယ်တဝင့် ရှင်းပြပါတယ်။

ဆရာဇင်ဝေသော်စာကို ဖတ်ပြီး ဒီကိုယ်တွေ့လေးတွေ ပြန်တွေးရင်း ဆက်ပြီး စဉ်းစားနေမိတာကတော့ -

ခုဆို ရွှေပြည်ကြီးက ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဆိုတဲ့ ကမ္ဘာ့ရေစီးဆီ ဦးတည်မိခါစရှိပါသေးတယ်။ ဖြစ်ခဲ့ပြီးတဲ့ လှိုင်းအရှိန်တွေ မငြိမ်သက်သေးသလို ရေစီးကြောင်း မဟုတ်တဲ့ ပင်လယ်ပြင်ကြီးကလည်း မုန်တိုင်းအသစ် လှိုင်းအသစ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ရုန်းကန်နေရဆဲပါ။

ကိုယ့်ဝန်းကျင်မှာ ကမ္ဘာ့ရေစီးထဲရောက်နေပြီလို့ ဆိုနိုင်တဲ့ နိုင်ငံတွေကလည်း ခေတ်ပေါ်အင်တာနက်တို့ကဆင့် တွေ့မြင် ကြားသိနေရတော့ အသဲတယားယားနဲ့ အားမလို အားမရဖြစ်ကြတာကို စာနာနားလည်မိပါတယ်။

ဒါပေမယ့် တစ်ခေါ်လောက်ခရီးလေးကို နာရီနဲ့ချီပြီး သွားခဲ့ရတဲ့ အတွေ့အကြုံလေးအရ သည်းခံဇွဲသန်ရမည့် အချိန်တွေကိုလည်း မှန်းဆမိပါတယ်။ (မှန်းဆနားလည်ပေးကြရမှာပါ)။

လှိုင်းလုံးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ စက်လှေပဲ့ကိုင်ဆရာ ပြောတဲ့ စကားလိုပေါ့လေ ..''ခုချိန်မှာ နောက်ကြောင်း ပြန်လှည့်လိုက်လို့ကတော့ လှိုင်းရှေ့မှာ အလျှားလိုက် စင်းပေးလိုက်သလို ဒလိမ့်ကောက်ကွေး နစ်သွားမည့်အရေးက ပိုလို့အလေး ထားစရာပါ။

(ဒီအတွေးစလေး ဖော်ပေးတဲ့ ဆရာဇင်ရေ ... ကျေးဇူးပါနော် ..။)

အပ္ပမာဒေန သမ္ပာဒေထ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၃ဝ-၁ဝ-၂ဝ၁၆