ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့ ခရီးသွားဆောင်းပါး (အပိုင်း ၅)



သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့ ခရီးသွားဆောင်းပါး (အပိုင်း ၅)
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၆
May 31, 2016 နေ့

မနက် (၆) နာရီမှာ ဘရိတ်ဖတ်စားပြီး အမေရိကန်နိုင်ငံပိုင်နက် တောင်ဘက်အစွန်းဆုံး ကျွန်းဖြစ်တဲ့ (Key West) ကီးဝက်စ်ကို ခရီးထွက်ခဲ့ကြတယ်။

သီတဂူသံဃဝိဟာရကနေ ကီးဝက်စ်ကို (၂၂၉) မိုင်ဝေးပြီး ကားမောင်းချိန် (၄ နာရီ ၁၅ မိနစ်) ရှိပါတယ်။ ဒါက လမ်းညွှန်မြေပုံကပြတာပါ၊ တကယ်တော့ ပင်လယ်ရေပြင်ပေါ်မှာ လမ်းက ကျဉ်း၊ မြန်နှုန်းနည်းပြီး ကားအသွားအလာများတဲ့အတွက် အနည်းဆုံး (၅) နာရီတော့ မောင်းရ ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ငုပ်လိုက်ပေါ်လိုက်နဲ့ တန်းပြီးစွယ်ထွက်နေကြတဲ့ ကျွန်းငယ်လေး တွေကို တံတားတွေအဆင့်ဆင့်ထိုးပြီး ဆက်သွယ်ပေးထားတယ်။



ဒေသအခေါ်အဝေါ်အရ Key ဆိုတာ ကျွန်းလို့အဓိပ္ပါယ်ရပါတယ်။ Key Largo, Key Marathon, Adman Key, Scout Key, Key West စသဖြင့် ကျွန်းတွေကို အသီးသီး နာမည်ပေးထားပါတယ်။ ကီးဝက်စ်ကိုရောက်ဖို့ ကျွန်းပေါင်း (၄၀) ကျော်နဲ့ တံတား ပေါင်း (၄၂) စင်းကို ဖြတ်သန်းသွားရပါတယ်။ အဲဒီတံတားတွေထဲမှာ တံတားတစ်စင်းက (၇) မိုင်ထိ အရှည်ရှိတယ်။



တံတားတွေကို ရေပြင်ပေါ်ရှပ်ပြေးထိုးထားတဲ့အတွက် ကားမောင်းသွားရင် ပင်လယ်ရေပြင်ပေါ် မောင်းနေရသလိုခံစားရမှာဖြစ်ပြီး သင်္ဘောဖြတ်လမ်း ကုန်းတံတားကြီးတွေပေါ်ကို တက်သွား တဲ့အခါမှာလည်း ကောင်းကင်ပေါ်ကတိမ်တွေနားထိ ရောက်လုနီးနီး ဖီးလ်တစ်မျိုးကို ခံစားရ တာ ပျော်စရာကောင်းပါတယ်။



တစ်ချို့သီးသန့် ဗကေးရှင်းထွက်ကြသူများကတော့ ကီးဝက်စ်ကို တောက်လျှောက်မမောင်း ဘဲ ကြားမှာရှိတဲ့ကျွန်းတွေမှာ လှေစီးထွက်ရင်း ငါးမျှားရင်း ဟိုတယ်တွေမှာ ညအိပ်ရပ်နားပြီး သွားကြပါတယ်။ ကြားကကျွန်းတွေမှာလည်း ကြည့်ရှုလေ့လာစရာ ငါးပြတိုက်တွေ ရှိုးပွဲတွေ ပျော်ရွှင်ဖွယ်ရာ ကခုန်သီဆိုဖျော်ဖြေပွဲတွေ၊ နိုက်ကလပ်တွေ ဘုတ်စတေရှင်တွေ စုံအောင်ရှိကြ တယ်လေ။ တချို့ကတော့လည်း ရေသူမလေးတွေ အရှင်လတ်လတ် ရေကူးနေတာကို ကြည့်ရင်း ဘီယာလေးနဲ့ တစိမ့်စိမ့်ဇိမ်ယူတတ်ကြတယ်။

ငါးမျှားဝါသနာပါတဲ့သူတွေကတော့ ပင်လယ်ထဲကိုဘုတ်ငှားသွားပြီး ဘီယာစုပ်လိုက် ဘာဘီ ကျုဖုတ်လိုက် ငါးမျှားလိုက်ပေါ့။ ဒီမှာ ငါးမျှားတာက ဝါသနာအရ အပျော်မျှားကြတာများတယ်၊ မိတဲ့ငါးတွေကို ဘာအမျိုးအစားဖြစ်တယ် ဘယ်လောက်အချိန်ရှိတယ် ဘယ်လောက်ကြီးတယ် ဆိုတာတွေ တိုင်းတာတွက်ချက်ပြီး ရေထဲပြန်လွှတ်ကြတာများတယ်။ ရရင်ဓာတ်ပုံရိုက်ပြီး ဘယ်လောက်ကြီးတဲ့ငါးကို ဘယ်လိုရအောင်မျှားနိုင်တယ်ဆိုတာ သူငယ်ချင်းမိတ်ဆွေတွေ ကြားမှာ ဂုဏ်ယူတတ်ကြတယ်။

တချို့ကတော့လည်း ပြန်မလွှတ်ကြဘဲ ဘုတ်ပေါ်မှာတင် မီးကင်းစားတယ်၊ အိမ်ယူသွားတယ် ပေါ့။ အိမ်ယူသွားတယ်ဆိုပေမယ့် ငါးတိုင်းကိုယူခွင့်မရှိပါဘူး၊ အကောင်ရဲ့အတိုင်းအတာနဲ့ အမျိုးအစား သတ်မှတ်ထားတာရှိတယ်၊ သိပ်ငယ်လွန်း သိပ်ကြီးလွန်းတဲ့ငါးတွေကို ဖမ်းဆီးခွင့် မရှိဘူး၊ ပင်လယ်ထဲလှည့်ပတ်နေတဲ့ ရဲနဲ့တွေ့ရင် ဒဏ်ရင်လည်းရိုက်ခံရမယ်၊ လိုင်စင်ရင် လည်းအသိမ်းခံရနိုင်တယ်။ ဒီမှာတော့ ဒီလိုစည်းကမ်းတွေနဲ့ ရှားပါးငါးမျိုးစိတ်တွေကို စောင့် ရှောက်ထားတယ်။



ပင်လယ်ထဲထိ ဘုတ်နဲ့မထွက်နိုင်တဲ့သူတွေက တံတားဟောင်းတွေပေါ်ကနေ မျှားကြတယ်။ အသုံးမပြုတော့တဲ့ တချို့ရှေးဟောင်းတံတားတွေကို မဖျက်ဆီးပစ်ဘဲ လေ့လာကြည့်ရှူရ အောင် ဆက်လက်ထိန်းသိမ်းထားတယ်။ ဒီလိုနိုင်ငံမှာတော့ ဘယ်လောက်ကောင်းသေး ကောင်းသေး၊ ခံနိုင်ရည်ဘယ်လောက်ရှိသေးရှိသေး သတ်မှတ်နှစ်သက်တမ်းပြည့်ပြီဆိုတာနဲ့ လုံးဝအသုံးမပြုတော့ပါဘူး။ သက်တမ်းလွန်တွေကို အကြောက်အလန့်မရှိ သုံးနေကြသေး တာတော့ ရွှေမြန်မာသတ္တိခဲတို့ပါပဲ။ ကြည့်လေ အင်္ဂလိပ်ဆောက်ခဲ့တဲ့ အင်းဝတံတားကြီး သက်တမ်းပြည့်ပြီးတာ ဘယ်လောက်ကြာပြီလဲ၊ ခုထိ ကားတွေတဝီဝီပြေးနေတုန်း။ အင်း… ပြေးနေတယ်ဆိုတာကလည်း မနေ့တနေ့ကမှ အသစ်ထပ်ဆောက်တဲ့ စစ်ကိုင်းတံတားကြီး ထက် ပိုစိတ်ချရသေးလို့နေမှာပါလေ။



ကီးဝက်စ် သွားတဲ့ကားလမ်းဟာ အသွားတစ်လမ်း အပြန်တစ်လမ်းပဲရှိတော့ ရှေ့ကကားကို ကျော်တက်ဖို့ အဆင်မပြေလှဘူး၊ အတော်ဝေးဝေးမှတစ်ခါ Passing Zone ကျော်တက်လမ်း လေးတွေတွေ့တုန်း ရအောင်ကျော်တက်ရတယ်၊ အဲဒီအချိန်လေးမှာ မကျော်တက်နိုင်ရင် ကုန်တင်ကားကြီးနောက်က အိပဲ့အိပဲ့နဲ့ လိုက်ပေဦး။ ကီးဝက်စ်က မိုင်သိပ်မဝေးပေမယ့် အဲလို လမ်းကျဉ်းပြီး စပိလစ်မစ်ပေးတာနည်းလို့ ကြာတာ။

ဒါတောင် ဒီလမ်းဟာ အခုနောက်ပိုင်းမှ တဖြည်းဖြည်းဒီလောက် ကောင်းလာတာ။ ဟိုအရင်ကထက် ပိုကျယ်လာတယ်၊ စက်ဘီးလမ်းတွေ သီးသန့်လုပ်ပေးထားတယ်၊ စက်ဘီး စီးဝါသနာအိုးများက စက်ဘီးနဲ့အသွားအပြန်လုပ်ကြတယ်။ ကျန်းမာကြံ့ခိုင်ရေးပေါ့။



တကယ်တော့ ဒီကီးဝက်စ်လမ်းကို ကျူးဘားရန်ကကာကွယ်ဖို့အတွက် ထောက်ပံ့ရေး စစ်လက်နက်ရိက္ခာတွေ အမြန်ဆုံးပို့ဆောင်နိုင်အောင် ထောက်/ပို့လမ်းအဖြစ် ရန်ရည်ရွယ်ပြီး ဖေါက်လုပ်ထားတာလို့ဆိုတယ်။ ကွန်မြူနစ်ကြီး ကိုကျူးဘားက သိပ်မဝေးတဲ့ လက်တစ်ကမ်း မှာလေ မိုင် (၉၀) ပဲကွာတယ်။ တစ်ချိန်တုန်းက နေ့လား ညလား အမြဲလိုခြိမ်း ခြောက်နေတာ ဆိုတော့ စစ်တပ်ချပြီးစောင့်နေရတယ်။ စစ်တပ်ရှိတယ်၊ လေဆိပ်ရှိတယ်၊ ဟိုး… တုန်းက အသုံးပြုခဲ့တဲ့ သံလုံးပစ် အမြောက်ဆံ ခံတပ်ကြီးလည်းခုထိရှိသေးတယ်။ ခုတော့ ကီးဝက်စ် ဟာ ပျော်စရာ ရွှင်စရာတွေအပြည့်နဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်တစား လည်ပတ်စရာ နေရာတစ်ခုဖြစ်လာခဲ့တယ်။

ဝမ်းဗိုက်မှာ မှန်တပ်ထားတဲ့လှေ Glass Boat တွေနဲ့ ပင်လယ်နက်ထဲကိုသွားပြီး ကျောက်ပန်း ခက်တွေ ငါးလိပ် မကန်း ပင်လယ်ပျော် ရေသတ္တဝါတွေကိုကြည့်ကြမယ်၊ ကိုယ်တိုင်ရေကူးဝတ် စုံဝတ်ပြီး ရေငုပ်ကြမယ်။ ရေကအရမ်းကြည်နေတာမို့ ပင်လယ်ကြမ်းပြင်ကို အတိုင်းသားမြင် ရတယ်။



ပင်လယ်ထဲကပြန်လာရင် ကုန်းပေါ်မှာ Street Show တွေစုံအောင်ကြည့်မယ်၊ စားစရာတွေ သောက်စရာတွေမျိုးစုံအောင်ဝယ်စားမယ်။ ဆိုကြမယ် ကကြမယ်။ ညနေစောင်းရင် ကျောက် ဆောင်တွေပေါ်ထိုင်ပြီး ပင်လယ်ထဲတဖြည်းဖြည်း ငုပ်ဝင်သွားတဲ့ နေလုံးရဲရဲကြီးကို စောင့်ကြည့် ကြရင်း ဘီယာစုပ်ကြမယ်ပေါ့။



ကီးဝက်စ်ကို ခရီးထွက်ရင် ဒါတွေရှိတယ်လို့ ပြောပြတာ၊ ဘုန်းကြီးတွေအတွက်ကတော့ နှာရှူဗူးကြီးဆီသွား ဓာတ်ပုံရိုက်ပြီး ပြန်ရုံပါပဲ။ ဒီထက်မပိုဘူး။ နှာရှုဗူးကြီးဆိုတာက နှာရှုဗူးကြီး နဲ့တူတဲ့ နယ်ဆုံးမှတ်တိုင်ကြီးကိုပြောတာ။ ပြီးတော့ပြည်နယ်တွေကို ဆက်သွယ်ဖေါက်လုပ် ထားတဲ့ US-1 အဝေးပြေးလမ်းကြီးရဲ့ (စ-ဆုံး) ဇီးရိုးမိုင်တိုင်တွေမှာ ဓာတ်ပုံရိုက်နိုင်တယ်။ ကမ္ဘာကျော်စာရေးဆရာကြီး ဟဲမင်းဝေးရဲ့ နေအိမ်ကိုဝင်ရောက်လေ့လာနိုင်တယ်။ ဒါပါပဲ။



ကီးဝက်စ်ရောက်တဲ့အခါ အဓိကမဖြစ်မနေလုပ်ရမှာကတော့ အမေရိကန်ပိုင်နက် တောင်ဘက် အစွန်ဆုံးနယ်မြေလို့ သတ်မှတ်ထားတဲ့ Southern Most Point နှာရှူဗူးမှတ်တိုင်ကြီးမှာ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းပါပဲ။ ရောက်လာကြတဲ့ဧည့်သည်တွေဟာ မှတ်တိုင်ကြီးနဲ့ဓာတ်ပုံ တွဲရိုက်ဖို့ နိုင်ငံကြီးသားတွေပီပီ တန်းစီစောင့်ပြီး အလှည့်ကျရိုက်ကြပါတယ်။ ဒီလိုတန်းစီရ မယ်လို့ ဥပဒေဆွဲထားတာမဟုတ်ပါဘူး။ လက်မှတ်ရုံတွေ၊ ငွေရှင်းကောင်တာတွေ၊ ဘတ်စ် ကား ယာဉ်ရထားဂိတ်တွေ စသဖြင့်ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် အတ္တကိုရှေ့တန်းတင်ပြီး ကြားဖြတ်ဝင် ဇွတ်တိုးတယ်လို့ မရှိကြဘူး။ နောက်ဆုံးကပဲဝင်တန်းစီကြတယ်။

နိုင်ငံတော်သမတကြီး အိုဘားမားကိုယ်တိုင်တောင် တစ်ခါတလေ ပြည်သူကြားထဲ ဈေးဝယ် ထွက်တဲ့အခါ ငွေရှင်းကောင်တာလိုင်းမှာ နောက်ဆုံးကပဲအများနည်းတူ ဝင်တန်းစီလေ့ရှိ တယ်။ ဒါဟာ စတန့်ထွင်တာမဟုတ်ပါဘူး၊ ငါဟာနိုင်ငံတော်အကြီးအကဲပဲဆိုပြီး ရှေ့ကဖြတ် ဝင် အခွင့်ထူးခံလုပ်ကြည့်ပါလား ဘာဖြစ်သွားမလဲလို့။ မလုပ်ပါဘူး ကလေးတွေတောင်လုပ် လေ့မရှိတဲ့အမူအကျင့်။ ဒါဟာယဉ်ကျေးမှုရှိကြတဲ့ နိုင်ငံကြီးသားများရဲ့ ခေါက်ရိုးကျိုးနေတဲ့ လေးစားစရာ အမူအကျင့်ပါပဲ။



အဲ… ဒါပေမယ့် ကိုယ့်ပေါင်ပဲကိုယ်လှန်ထောင်းရဦးတော့မှာပဲ၊ သိပ်မကြာသေးတဲ့ တစ်ချိန်က မြန်မာပြည်က ရွှေဧည့်သည်တွေကို လိုက်ပို့ခဲ့ဘူးတယ်။ ဒီ ကီးဝက်စ် Southern Most မှတ် တိုင်ကြီးမှာပါပဲ။ နာမည်ကျော် ထိပ်တန်းအနုပညာရှင်ကြီးတစ်ယောက် မြန်မာပြည်မှာတော့ အားလုံးကချစ်ခင်လေးစား အားကျအတုယူရလောက်အောင် စမတ်ကျတဲ့သူတစ်ယောက်ပေါ့၊ မြန်မာပီပီ လျှင်မြန်သွက်လက် ချက်ချာပုံကိုပြတဲ့အနေနဲ့ လူတန်းကြီးကိုဖြတ်ကျော်ပြီး မှတ် တိုင်ရှေ့မှာဓာတ်ပုံရိုက်ဖို့ ခပ်တည်တည်ဝင်ရပ်လိုက်တယ်။ ခြစ်ခြစ်တောက်နေပူထဲမှာ တန်းစီ နေတဲ့လူတွေအားလုံး “ဟယ်… ဟာ… ဟင်…” အာမေဋိတ်မျိုးစုံထွက်ပြီး ဝိုင်းကြည့်ကြတဲ့ အထင်သေးမျက်လုံးတွေကို ဒီကနေ့ထိမြင်ယောင်နေသေးတယ်။ မြန်ဆန်လွန်းလို့ တားချိန် တောင်မရလိုက်ဘူး သူကဓာတ်ပုံတွေ တဖြောင်းဖြောင်းရိုက်ပြီးသွားပြီ။ ပြီးတော့ စေတနာ ကောင်းစွာနဲ့ပဲ နောက်မှာတန်းစီနေတဲ့ကိုယ့်လူတွေကို “လာကြလေ” တဲ့ လှန်းခေါ်နေသေး တယ်၊ အမလေး။



သူ့ကိုအပြစ်တင်နေတာမဟုတ်ပါဘူး၊ တကယ်တော့ သူကတကယ့်စိတ်ရင်းစေတနာကောင်း တဲ့သူတစ်ယောက်ပါ၊ ပြဿနာက ဒီလိုလုပ်တာဟာ ရိုင်းစိုင်းရာမကျတဲ့ လုပ်ရိုးလုပ်စဉ်အလုပ် တစ်ခုလို့ ငယ်ကတည်းကစွဲနေတဲ့အသိတစ်ခုပါပဲ။ ကိုယ့်နိုင်ငံမှာက “ဒီလိုမလုပ်နဲ့ ဒီလိုလုပ်” ဆိုတဲ့ (ကျောင်းမှာမပြဋ္ဌာန်းတဲ့) ယဉ်ကျေးမှုသင်ခန်းစာလေးတွေကို အပြင်လောကမှာ ကလေးတွေနားလည်အောင် လူကြီးတွေကမှ လေ့ကျင့်မပြခဲ့ဘဲကိုး။

မေတ္တာဖြင့်-

သီရိဘုန်းစံ



အပိုင်း (၆) ဆက်ရန်