ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နိုင်ဝင်းသီ - ရုံးခန်းတခန်းနှင့် စကားစမြည်



နိုင်ဝင်းသီ  - ရုံးခန်းတခန်းနှင့် စကားစမြည်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၆


အစည်းအဝေးတဲ့။ ဘာအစည်းအဝေးမှန်းလည်းမသိ။ နေ့လည် တစ်နာရီတိတိ
အချိန်မှာ မပျက်မကွက်လာရမယ်တဲ့။ ဒီကြားထဲ ပျက်ကွက်ခဲ့မယ်ဆိုရင် ပျက်ကွက်တဲ့သူရဲ့ တာဝန်တဲ့။
အစည်းအဝေးဖိတ်တာတောင်မှကောင်းကောင်းမွန်မွန် ဖိတ်ကြားခြင်းမျိုး
မဟုတ်။ ခြိမ်းချောက်သည့် လေသံက ပါနေလိုက်သေးသည်။
ဖိတ်တာကလည်း စာနဲ့ပေနဲ့ဖိတ်ကြားတာမျိုးမဟုတ်လေတော့ ဘယ်လိုအစည်းအဝေး မျိုးမှန်းလည်း မောင်ဥက္ကာ မသိပါ။
အနီးဆုံးမှာနေတဲ့ ဆယ်အိမ်မှူးကိုလည်း "ဘာအစည်းအဝေးလဲဗျ"ဟု သွားပြီး
မမေးချင်ပါ။ အဲဒီဆယ်အိမ်မှူးဆိုတဲ့ စုတ်ချွန်းချွန်းနဲ့အကောင်ကလည်း သူ့ကိုယ်သူ မဟာဝန်ရှင် တော်မင်းကြီးလောက် အရေးပါအရာရောက်သူဟု ထင်နေရှာသူဖြစ်သည်။ ရာအိမ်မှူးဆိုတဲ့ ကောင်က ပိုလို့တောင်ဆိုးနေသေးသည်။ ဂိုအားက တိုက်ရိုက်ခန့်ထားတဲ့ ဘုရင်ခံချုပ်ဟုများ အထင်ရောက်နေ လေသလားမသိ။ လမ်းလျှောက်လျှင် သံစူးထားတဲ့ လူလို ကြွစောင်းကြွစောင်းနှင့်။ စကားပြောလိုက်လျှင်လည်း မိုးတလုံး လေတလုံးနှင့်။ တစက်ကလေးမှ အဆင်မပြေလှပါ။
သို့ကလို အချိုးအစား မညီညွတ်သောကြောင့်ဖြစ်လိမ့်မည်။ တရာပမာဏရှိသော
အိမ်များ၏ အကြီးအကဲ အခေါင်အချုပ်ဖြစ်တော်မူထသော ရာအိမ်မှူးကြီး ရပ်ကွက်ထဲ၌
တိုင်းခန်းလှည့်လည်တော်မူနေစဉ်ကာလအတွင်း လမ်းထိပ်၌ ကန့်လန့်ဖြတ်အနေအထား
ဖြင့်ခွေအိပ်နေသော ဗန်ဒိန်းသည် ရာအိမ်မှူး၏ ပလွေရိုးသာသာ ခြေသလုံးကို အပီအပြင် ဖမ်းခဲလိုက်ပါသည်။

" ဗန်ဒိန်းလို အကောင်တောင် ကိုက်ဖဲ့လိုက်တယ်ဆိုမှတော့ စဉ်းစားသာကြည့်ကြ ပေါ့အေ။ နင်တို့အကောင် ဘယ်လောက်တောင် မျက်စိနောက်စရာ ကောင်းနေသလဲ ဆိုတာ"

 "ဟေ့....ငါကတော့ အဲဒီခွေးကို လုံးဝ မကျေနပ်နိုင်ဘူးအေ့။ ဘယ့်နှယ့်အေ... တချက်တည်းပဲ ကိုက်လိုက်ရတယ်လို့။ အမှန်က လေးငါးခြောက်ချက်လောက် ပတ်လည် သမလိုက်ရမှာအေ့"

 ဆိုက်တွေဂိုက်တွေ အပေးကြမ်းရှာသော ရာအိမ်မှူးကို ခွေးကိုက်သွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရပ်ကွက်ထဲမှာ လွင့်မျောနေသော အသံလှိုင်းမျှင်များပင်ဖြစ်သည်။

ရာအိမ်မှူးလိုပဲ ရပ်ကွက်ထဲမှလူတွေ အချိန်ရလျှင်ရသလို မေတ္တာပို့နေကြသော လူအုပ်စုတစ်စု ရပ်ကွက်ထဲမှာ ရှိနေပါသေးသည်။ "လော်"လေးလုံးကို အပိုင်စားရတော်မူ သော ဓမ္မာရုံလူကြီးများပင်ဖြစ်သည်။ ထိုဓမ္မာရုံလူဂျီးမင်းတွေကလည်း တကယ့်ကို တမှောင့်။ သူတို့စိတ်ထဲမှာ မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရဖို့အရေးမှာ လော်စပီကာကြီးများဟာ မပါ မဖြစ် မရှိမဖြစ် မသုံးမဖြစ် ခန်းဝင်ပစ္စည်းများဟု ထင်နေကြလေသလားမသိ။  ဘာပဲလုပ်လုပ် အရပ်လေးမျက်နှာကို ချိန်ရွယ်တပ်ဆင်ထားသော လော်လေးလုံးကို အသံကုန် မြှင့်တင်ပြီး အသားကုန်ဖွင့်တော့သည်။


 မောင်ဥက္ကာကတော့ ခုနှစ်ရက်သားသမီးများကို အမြဲတစေ အာရုံနောက်အောင် လုပ်လေ့ရှိသော ထိုလူစုနှင့် ထိပ်တိုက်မတိုးမိအောင် ရှောင်လေ့ရှိပါသည်။ ပြောလို့တော့ မရ။ ဒီနေ့အစည်းအဝေးမှာတောင် ထိုလူတွေနှင့် တွေ့ချင်တွေ့သွားနိုင်သည်။ ရပ်ထဲရွာထဲ က ပွဲမှန်သမျှမှာ ထိုလူတွေမပါသောပွဲမျိုးဆိုတာ ခပ်ရှားရှားမို့လား။

သည်လိုနှင့်ပဲအစည်းအဝေးကျင်းပမည့်ရုံးကို မောင်ဥက္ကာရောက်သွားခဲ့ပါသည်။ ရုံးရောက်တော့ ၁၂ နာရီခွဲလုနေပြီ။ လူမပြောနှင့် ၊ ခါတိုင်းမြင်တွေ့နေကျ ခွေးလေခွေးလွင့် တွေကိုပင် တကောင်တမြီးမှ မတွေ့ရပါ။ သည်လိုငေါင်တိငေါင်တောင်နှင့် ကြောင်စီစီ ဖြစ်နေချိန်မှာပင် ရုံးခန်းကြီးက မောင်ဥက္ကာကို စကားပြောလာခြင်းဖြစ်သည်။

"ဘာလာလုပ်တာလဲကွ ကောင်ကလေးရ... တယောက်တည်းဟိုကြည့်ဒီ ကြည့်နဲ့"


 " အစည်းအဝေးရှိတယ်လေဗျာ။ ဒီနေ့နေ့လည် ၁ နာရီမှာ"

" ဟ.... ၁ နာရီမှာအစည်းအဝေးရှိတယ်ဆိုရင် ၁နာရီခွဲလောက်မှ လုပ်နေကျလေကွာ။ မောင်ရင့်ဟာက သူများတွေလို ၁ နာရီခွဲလောက်မလာဘဲ ၁၂ နာရီခွဲကတည်းက ရောက်လာတော့ ငုပ်တုတ်မေ့ပြီပေါ့ကိုယ့်လူရာ"

"အေးဗျာ...ခင်ဗျားပြောမယ်ဆိုလည်းပြောစရာပါပဲ။ အဲဒီကိစ္စတွေဟာ ကျွန်တော်တို့ဆီမှာ အစဉ်အလာ လိုတောင်ဖြစ်နေပြီ"

"အလကားမှတ်လို့ကွာ။ မြန်မာစံတော်ချိန်ကွ။ ဒီလောက်တော့ရှိမှာပေါ့။ ဒါနဲ့နေ စမ်းပါဦးကွ။ ဒီနေ့ အစည်းအဝေးက ဘာအစည်းအဝေးလဲကွ"

 " မပြောတတ်ဘူးဗျ ရုံးခန်းကြီးရ။ ဘာအစည်းအဝေးမှန်းလဲမသိဘူး"

" အင်း..... ဟုတ်တော့လည်း ဟုတ်ပါတယ်ကွာ"

"ဘာလည်းဗျ ဟုတ်တော့လည်း ဟုတ်ပါတယ်ဆိုတာ"

"ဒီလိုလေကွာ...ခေါင်းစဉ်သိတော့လည်း ဘာမှ အကြောင်းထူးမလာဘူးလေကွာ။ မင်းတို့ဆီက အစည်းအဝေးဆိုတာမျိုးက သူတို့ပြောသွားတာ ဖတ်ပြသွားတာတွေကိုပဲ ဘုမသိဘမသိနဲ့ ခေါင်းညိတ် လိုက်ရတာမျိုး မဟုတ်လား"

 "မဆိုးပါလားဗျ ရုံးခန်းကြီးရ။ ခင်ဗျားတောင် ကျွန်တောို့ဆီကအစည်းအဝေးတွေရဲ့ အခင်းအကျင်းကို သဘောပေါက်နေပြီပဲ"

"သဘောပေါက်တာမဟုတ်ဘူးကွ ငါ့ကောင်ရ။ အလွတ်ကို ရနေတာကွ။ အလွတ် ကို ရနေတာ"

 "ဘယ်လိုများအလွတ်ရတာလဲ ရုံးခန်းကြီးရာ....အလင်းပြတော်မူပါဦးဗျာ"

"ဒီလိုလေကွာ ငါ့ကောင်ရာ..မင်းတို့ဆီကပွဲတွေက ဘယ်လိုပွဲမျိုးကိုပဲလုပ်လုပ်  သဘာပတိကြီးဆိုတာ ရှိတယ်ကွ။ သဘာပတိကြီးနေရာယူပေးပါရန် ပန်ကြားအပ်ပါတယ်တို့၊ သဘာပတိကြီးမှ အဖွင့်အမှာစကားပြောပေးပါရန် ပန်ကြားအပ်ပါတယ်တို့၊ သဘာပတိကြီး ပြန်လည်ထွက်ခွာပါတော့မယ်တို့ ဘာတို့ဆိုတာ ကနဦးအစပိုင်းတုန်းကတော့ သိပ်မဆိုးလှဘူးကွ။ ဒါပေမယ့် ကြာလာတဲ့အခါကျတော့ မျက်စိနောက်လာတာပေါ့ကွာ။ ငါသတိပြုမိသလောက်တော့ အဲဒီသဘာပတိကြီးဆိုတဲ့ လူကြီးတွေခမျာလည်း တော်တော်သနားစရာ ကောင်းတဲ့ လူတွေကွ။ သူတို့ခမျာနေရာယူပေးပါရန် ပန်ကြားအပ်ပါတယ်ဆိုလဲ ထိုင်နေရာက ထလာရတာပဲ။ သဘာပတိကြီးမှ ပြန်လည် ထွက်ခွာပါတော့မယ်ဆိုရင်လည်း ဘုမသိဘမသိနဲ့ ကိုယ့်နေရာကိုယ်ပြန်သွားရတာကွ။ မင်း စဉ်းစားကြည့်လေကွာ.. ဘယ်လောက်တောင် သနားစရာကောင်းတဲ့ သဘာပတိလဲလို့။ တချို့များ ချောင်းဆိုးချင်တာတောင် မဆိုးရဲရှာတဲ့ သဘာပတိတွေကို ငါ အများကြီးတွေ့ဖူးတာပေါ့ကွာ"


 "အေးဗျ..ခင်ဗျားပြောတော့လဲ ဟုတ်တုတ်တုတ်ပဲဗျ"

" ဒါတင်ပဲလားဆိုတော့ ဘယ်က လိမ့်မလဲ ငါ့ကောင်ရာ။ အဲဒီ အစည်းအဝေးတို့၊ တွေ့ဆုံပွဲတို့၊ သြဝါဒခံယူပွဲတို့ဘာတို့မှာ ရှေ့ကနေ တယောက်ယောက်က ပြောချင်တာတွေ ပြောပြီး ထောက်ခံပါသလားခင်ဗျာလို့ မေးခဲ့ရင်လဲ
 ထောက်ခံပါတယ်လို့ ပြန်ဖြေရသေးတယ်ကွ"

"ဒါကတော့ ကျွန်တော်လည်းကြုံဖူးတယ်ဗျ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ သူတို့က ထောက်ခံပါသလားခင်ဗျာလို့ လှမ်းအော်လိုက်ရင် ကိုယ်တွေကလည်း ထောက်ခံပါတယ်လို့ ပြန်အော်ရတာပဲဗျ"

"တခါတခါတော့လည်းစဉ်းစားမိတယ်ကွ။ တချို့များ ဘာကိုထောက်ခံခဲ့သလဲ ဆိုတာ ကိုယ့်ကိုကိုယ်တောင်သိကြရဲ့လားမသိဘူး"

" ဒါတော့ဟုတ်တယ်ရုံးခန်းကြီးရေ...ကျွန်တော်ဆို အစည်းအဝေးမျိုးစုံမှာ ဘာလာလာ ထောက်ခံခဲ့တာချည်းပဲ။ မထောက်ခံရင်လည်း အဘေခံရမယ့် အတူတူ မြန်မြန်ထောက်ခံ လိုက်တော့ အစည်းအဝေးမြန်မြန်ပြီးသွားတာပေါ့ ရုံးခန်းကြီးရာ"


 "ဟုတ်တော့လည်းဟုတ်ပါတယ်ငါ့ကောင်ရာ။ ဒါပေမဲ့ ပေရှည်တဲ့ကောင်တွေနဲ့ တွေ့ရင် ထောက်ခံရုံနဲ့ မပြီးသေးဘူးကွ။ ကန့်ကွက်ရန်ရှိပါသေးလားခင်ဗျာဆိုပြီး အရစ်က ရှည်နေပြန်ရောကွ"


 "ဟုတ်တယ်ဗျို့...ရုံးခန်းကြီးပြောတာကို ကျွန်တော်လုံးဝထောက်ခံတယ်ဗျို့။ ပြောမယ်ဆိုရင် ကျွန်တော်တို့ ငါးဆယ်တန်းခြောက်ဆယ်တန်းတွေဟာ ထောက်ခံပါတယ်ခင်ဗျားနဲ့ ကန့်ကွက်ရန် မရှိပါဘူး ခင်ဗျား ဆိုတဲ့ စကားကြီးနှစ်ခွန်းကြားမှာ ကြီးပြင်းခဲ့ရတဲ့ လူတွေဗျ ရုံးခန်းကြီးရ"


"ခုထိပဲ ဆိုပါတော့ကွာ"

"ဟုတ်တယ်ဗျို့။ရုံးခန်းကြီးပြောတာ ဒီတစ်ခါမှာလည်း မှန်ပြန်ပြီဗျို့ ကျွန်တော်တို့ဟာ အခုချိန်ထိ ဝဋ်ကြွေးမကုန်သေးဘူးဗျ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဘုမသိဘမသိနဲ့ ထောက်ခံနေရတုန်းပဲဗျ ရုံးခန်းကြီးရ"


 "မှန်တာလည်းမပြောနဲ့လေကွာ။ အစည်းအဝေးရှိတိုင်း ကြားနေရတဲ့ စကားကွ။ အစည်းအဝေးဆိုလို့ ပြောလိုက်ရဦးမယ်။ ငါ့ရုံးခန်းတစ်သက်မှာတော့ အဲဒီပွဲက အထူးခြား
ဆုံးပဲဟေ့"


 "ရုံးခန်းကြီးက ထူးခြားတယ်ပြောနေမှတော့ အတော့်ကို ထူးခြားနေလို့နေမှာပဲ။ ကြားစမ်းပါရစေ ရုံးခန်းကြီးရာ"

 "ဒီလိုကွ ဟိုတလောလေးက အစည်းအဝေးရှိလို့ဆိုပြီး အခမ်းအနားရော ဧည့်ခံကျွေးမွေးရေး ကိစ္စတွေရော မနက်စောစောမှာ လာပြင်ဆင်နေတာ ဘယ်သူတွေ အောက်မေ့လို့လဲ"


 "ဘယ်သူတွေလဲဗျ"

" ချဲရောင်းတဲ့ကောင်တွေနဲ့ အရက်ပုန်းရောင်းတဲ့ကောင်တွေကွ။ တို့မြို့က ချဲ
ရောင်းတဲ့ကောင်တွေကလည်း မောင်ရင်သိတဲ့အတိုင်း စတိတ်ရှိုး ဖျာလက်မှတ်ရောင်းသလို ရောင်းနေတဲ့ကောင်တွေလေကွာ"


 "နေစမ်းပါဦးဗျ... ဒီချဲရောင်းတဲ့ ငနဲတွေနဲ့ အရက်ပုန်းရောင်းတဲ့ကောင်တွေက အစည်းအဝေးနဲ့ ဘာဆိုင်လို့လဲဗျ"

"ဆိုင်မဆိုင်တော့ ငါလည်းမသိဘူး မောင်ရေ။ ဒါပေမဲ့ အဲဒီနေ့ကလုပ်တဲ့အစည်းအဝေးကို ဘာအစည်းအဝေးများ အောက်မေ့လို့လဲ"

"ပြောပါဦးဗျာ ရုံးခန်းကြီးရာ"

"မှုခင်းကျဆင်းရေး အစည်းအဝေးတဲ့ကွ ငါ့ကောင်ရ"

"အောင်မြတ်လေးဗျာ"

"ငါ့ဖြင့် အဲဒီနေ့က ရယ်လိုက်ရတာကွာ...အူတွေကိုနာလို့"

"တကယ့်လူတွေဗျာ ... .နော်.. သူတို့ကိုယ် သူတို့ ဘာတွေလုပ်နေသလဲဆိုတာတောင် သိကြရဲ့လား မသိဘူး"

 "အေးပေါ့ကွာ.... ရုံးခန်းဆိုတော့လည်း မမြင်ချင်ပေမယ့်လည်း မြင်နေရတာပဲ။ မကြားချင်ပေမယ့်လည်း ကြားနေရတာပဲပေါ့ကွာ....တနည်းပြောမယ်ဆိုရင် ဒီလူတွေနဲ့ ထိတွေ့ဆက်ဆံနေရတာကိုက ဝဋ်ဆင်းရဲ တမျိုးပေါ့ ငါ့ကောင်ရာ"

"အောင်မယ်....တယ်ဟုတ်ပါလားဗျ ရုံးခန်းကြီးရ။ ဝဋ်ဆင်းရဲ ဆိုတဲ့ စကားလုံး
အသုံးအနှုန်းကိုတောင် သုံးနေပြီဆိုမှတော့ မဟုတ်မှလွဲရော... ရုံးခန်းကြီးဟာ ဓာတ်ကြီး လေးပါး ဟန်ချက်ပျက် နေပုံရတယ်"


 " ဟေ့ကောင်ရာ ရုံးခန်းကြီး ခန့်ညားထည်ဝါလှချည်လားဆိုပြီး လွှတ်အထင်မကြီးပါနဲ့ကွာ။ ခွင်မျိုးစုံ ရိုက်နေတဲ့ နေရာကွ။ မကောင်းသူကို ကယ်ပြီး ကောင်းသူကို တွယ်နေတဲ့နေရာကွ။ ဒီလိုနေရာမျိုးမှာ နေနေရတဲ့ငါ့မှာ ဘယ်လိုလုပ်ပြီး ဓာတ်ကြီးလေးပါးကောင်းနိုင်ပါဦး မလဲ၊ ငါ့ကောင်ရာ.. ... စဉ်းစားများကြည့်ပါဦး"

 "အေးဗျာ....ရုံးခန်းကြီး ပြောတော့ လည်း ဟုတ်နေတာပဲဗျ"

"ဒါနဲ့နေစမ်းပါဦးကွ ကောင်ကလေးရ...မင်းက အစည်းအဝေးပေါင်းစုံ တက်ပြီး ထောက်ခံပါတယ်ခင်ဗျားလို့ ညာသံပေးအော်လာတဲ့ ကောင်ဆိုတော့ မေးစမ်းပါရစေကွာ"

 "ဘာများလည်းဗျ....ရုံးခန်းကြီးရ"

" ဒီလိုကွ...မင်း လက်နဲ့ဝီစီ မမှုတ်တတ်ဘူးလား။ ရွှီခနဲမြည်အောင်"

 "ဘာလို့ မမှုတ်တတ်ရမှာလည်း ရုံးခန်းကြီးရာ၊ ငယ်ငယ်တုန်းက ရွှေဘကားတွေ ကြည့်တုန်းက ရုံကွဲလုမတတ်မှုတ်ခဲ့တာ ကျွန်တော်တို့ပေါ့ဗျ"

"ဒါဖြင့်ရင် ဒီလိုလုပ်ကွာ"

 " ဘာလုပ်ရမှာလဲဗျ"

"အစည်းအဝေးတို့ဘာတို့ ပြီးသွားရင် မင်းတို့တွေ လက်ခုတ်တဖြောင်းဖြောင်းနဲ့ တီးကြတယ် မို့လား"

 "သူတို့ကို အားပေးချင်လို့တီးတာမဟုတ်ပါဘူးဗျာ။ဘုမသိဘမသိနဲ့ ထောက်ခံနေရတဲ့ အစည်းအဝေး မြန်မြန်ဆန်ဆန်ပြီးသွားလို့ ဝိုင်းတီးကြတာပါဗျ"

" အေးပါကွာ...မင်းတို့ဟာ မင်းတို့ဘယ်လိုနည်းနဲ့ တီးတီးပါ။ တီးချင်သလိုသာတီးကြပါ။ ငါပြောချင်တာက ဒီလိုကွ။ ဒီနေ့လုပ်မယ့် အစည်းအဝေးပြီးသွားရင် လက်ခုတ်တီးမယ့် အစား ဝီစီပြောင်းမှုတ်ကြည့်ပါလား... အပြောင်းအလဲလေး ဖြစ်သွားတာပေါ့ကွာ"

 " ဟာဗျာ...ရုံးခန်းကြီးကလည်း...ကောင်းပါ့မလားဗျာ"

"ဘယ့်နှယ့်ပြောလိုက်တာလဲ ငါ့ကောင်ရာ...မကောင်းဘဲ နေပါ့မလားကွာ... ကောင်းလိုက်တာမှ ဟိုဘက်ကမ်းတောင် လွန်သွားသေးတယ်"

" တစ်ခါမှတော့ ဝီစီမှုတ်တာမကြုံဖူးသေးဘူးဗျ"

 "လက်ခုတ်သံ တဖြောင်းဖြောင်းကြားမှာ ဝီစီသံ ရွှိခနဲဝင်လာတော့ ပိုပြီးတော့ မြိုင်သွား တာပေါ့ကွာ"

 သည်လိုနှင့်ပဲ........

သည်လိုနှင့်ပဲ ထိုနေ့က ကျင်းပပြုလုပ်ခဲ့သည့် ဘာမှန်းမသိ ညာမှန်းမသိ အကြောင်းအရာများကို ဘုမသိဘမသိနှင့် တခဲနက်ထောက်ခံခဲ့ရသော အစည်းအဝေး အပြီး၌ ပူးတွဲဖော်ပြပါ အသံဗလံများကို အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသော လူများအားလုံးက ပြံးစိစိနှင့် ကြားနာခဲ့ရသည်မှာ မှန်သောစကားဖြစ်ပါကြောင်း......။

"ဘယ်သူလဲဗျ...အစည်းအဝေးခန်းမထဲမှာ ရွှိခနဲ မှုတ်လိုက်တာ"

 'ဒီလူဟာ အစည်းအဝေးကို ဘောလုံးပွဲများ အောက်မေ့နေသလား မသိဘူး"

"လူကြီးတွေက ဒေါတွေခီးပြီး ထပြန်သွားပြီဗျ။ ဘယ်သူကများ တရွှီရွှီနဲ့ ထမှုတ် လိုက်တယ် မသိဘူး"

 "စာရေးဆရာလို့တော့ ပြောတာပဲဗျ။  ဘာပဲဖြစ်ဖြစ်ဗျာ...မကြီးမငယ်ကြီးနဲ့ ခုလိုထ မှုတ်တာတော့ မကောင်းဘူးပေါ့ဗျာ"

နိုင် ဝင်း သီ
နံနက် ၀၈း၁၀နာရီ
၁၈ ၊ ၁၀ ၊ ၂၀၁၆