ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● အပူတောမှာ မောလှပြီ




သာထက်အောင် ● အပူတောမှာ မောလှပြီ
(မိုးမခ)  အောက်တိုဘာ ၈၊ ၂၀၁၆


မိသားစုတစုပဲဖြစ်ဖြစ် ရပ်ကွက်တခုပဲဖြစ်ဖြစ် တိုင်းပြည်တပြည်ပဲဖြစ်ဖြစ် သိပ်ဆင်းရဲလာပြီဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ စုပြုံလာတတ်တာသဘာဝပါ။

မိသားစုတခုမှာပဲ သိပ်ဆင်းရဲလာပြီဆိုရင် ဆင်းရဲခြင်းဒဏ်ကို အံကြိတ် မခံနိုင်တဲ့အခါ သားသမီးတွေပျက်စီး လာတတ်တယ်။ မိန်းမတွေဖောက်ပြန်လာတတ်တယ်။ ရာဇ၀တ်မှုမကင်းတဲ့ ငွေရှာနည်းတွေကို ယောက်ျား လုပ်သူတွေက ကြံတတ်ပါတယ်။ ဒါ့ကြောင့် ဆင်းရဲသားရပ်ကွက်တွေမှ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ နှက်ကြ၊ ဆူညံ ပွတ်လောထနေတာတွေ တွေ့ရတတ်ပါတယ်။ ဆင်းရဲလို့ ပညာမသင်နိုင် ပညာမတတ်လို့ အသိဉာဏ်ခေါင်းပါး၊ အသိဉာဏ် ပညာ ဗဟုသုတ ခေါင်းပါးတော့ ဆင်းရဲတွင်းက မတက်နိုင်၊ ဒီလို ဆိုးသွမ်း သံသရာထဲမှာ ကရွက်ကင်း လျှောက်နေရတဲ့ဘ၀က လွတ်အောင်ကျွတ်အောင်ဆိုတာ တစုံတယောက်က ပေးကမ်းစွန့်ကြဲရုံနဲ့ မဖြစ်စ လောက်လေးပေးရုံနဲ့ မကျွတ်မလွတ်နိုင်ပါဘူး။

အခုထက်ထိ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ ထိပ်တန်းက မဆင်းသေးတဲ့ ရွှေပြည်ကြီးမှာလည်း ဆင်းရဲခြင်းကို အကြောင်းပြုပြီး ဒုက္ခပေါင်းစုံကြုံတွေ့နေရဆဲပါ။ မဖတ်ဘဲလည်းမနေနိုင်၊ ဖတ်ကြည့်တော့လည်း စိတ်ချမ်းသာစရာတွေ့ရခဲတဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တော်ကြာသတ်ကြဖြတ်ကြပြန်ပြီ၊ ၂ လောင်းပြိုင် ၃ လောင်းပြိုင်၊ ခု တလောလေးမှာ ပွတ်လောရိုက်သွားတဲ့ အင်းဝစက်ချုပ်ဆိုင်က အိမ်ဖော်၂ ယောက်ကို ညှဉ်းပန်း နှိပ်စက်တဲ့သတင်း၊ ဒါကို ဖုံးဖုံးဖိဖိ ကာကာကွယ်ကွယ် လုပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်က လူမဆန်တဲ့လူကြီးတွေ၊ ကိုယ်စာသင်ပေး နေတဲ့တပည့်မလေး၂ ယောက်ကို သားမယားပြုကျင့်တဲ့ ကျောင်းဆရာအမည်ခံလူ့ငနွား၊ မူးယစ်ဆေးဝါးကို ဘိလပ်မြေသယ်သလို ကားကြီးကားငယ်နဲ့ သယ်နေ ရောင်းဝယ်နေပေမယ့် မိလိုက်မှဖြင့် ပိုင်ရှင်မဲ့၊ အခြေခံဥပဒေ ပြင်ဆင်ရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့၊ ကုန်ဈေးနှုန်းကျဆင်းရေးတို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်မှန်းသိပေမယ့် လော်စပီကာ ကိစ္စလောက်ကတော့ ပြည်သူ့အစိုးရလို့ အမည်ခံတဲ့ ပုဂ္ဂိုလ်များ ကောင်းစွာကိုင်တွယ်နိုင်ဖို့သင့် ပါပြီ။

ဂျပန်ပြည်သူတွေဟာရထားပေါ်မှာ ကိုယ့်ဖုန်းကမြည်လို့ရှိရင် ဘေးလူအနှောင့်အယှက်ဖြစ်မှာစိုးလို့ ခပ်ဝေးဝေးထပြီး စကားပြောတာ ကိုယ်တိုင်မြင်တွေ့ဖူးတော့ ခုလို လော်စပီကာကြီး၊ ၁ လုံး ၂ လုံး ပြိုင်ဖွင့်နေတာ ရှက်ရ ကောင်းမှန်း၊ ပြင်ရကောင်းမှန်း မသိတာကတော့ ကမ္ဘာ့အလယ်မှာ ရှက်ဖွယ်လိလိကိစ္စပါ။ နဂိုကမှ အပူတွေနဲ့ 'ပူ' ရတဲ့အထဲ 'ဆူ'တာကြီးကိုပါ အဆစ်ခံစားနေရတဲ့ ပြည်သူတွေကိုစာနာဖို့သင့်ပါပြီ။

ဒါ့ကြောင့်ပဲထင်ပါရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားပြီး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ရွေပြည်ကြီး မှာ ဘုရားကျောင်းကန်၊ ကမ္မဌာန်းရိပ်သာများပေါသလို၊ လူတွေကလည်း အချိန်အား အချိန်ပိုလေးရှိရင် တရား စခန်းတွေဝင်လေ့ရှိကြပါတယ်။ မိုးကုတ်နဲ့နီးစပ်တဲ့လူက မိုးကုတ်၊ မဟာစည်နဲ့နွယ်တဲ့လူတွေက မဟာစည်နည်း၊ တချို့က ချမ်းမြေ့၊ တချို့ကဓမ္မဒူတ စသဖြင့်နီးစပ်ရာ ကမ္မဌာန်းရိပ်သာများဝင်ပြီး တပတ်တန်သည်၊ ၁၀ ရက်တန် သည်၊ ၁ လတန်သည် အေးရာအေးကြောင်း၊ အပူတွေနဲ့ဝေးရာဝေးကြောင်း၊ တချို့ကလည်း ဒုလ္လဘ၀တ်၊ တချို့ လည်း သီလရှင်ဝတ်၊ အပူအပင်လေး နည်းနည်းမှ သက်သာ၊ သက်သာဆိုတဲ့စိတ်နဲ့​တရားရိပ်ဘုရားရိပ်ခိုကြရ ပါတယ်။

တရားရိပ်၊ ဘုရားရိပ်ခိုရမှန်း ခုထိမသိသေးတဲ့ကျွန်တော်ကတော့ တတိယအရွယ်ရောက်သော်လည်း ညနေတိုင်ရင် တတောင်ဆစ်ကွေး ယဉ်ကျေးမှုကိုလေးစားသောအားဖြင့် ဖန်ခွက်ကိုတင်းတင်းဆုပ်နေဆဲပါ။ ဒါပေမဲ့ ပါးစပ်မှာအတ္တအစွယ် တဖွေးဖွေးမရှိအောင်၊ မျက်လုံးမှာ ရာဂခိုး၊ ဒေါသခိုးတွေ ဝေမနေအောင် ရင်ထဲမှာလောဘ ဗရပွနဲ့ လေထမနေအောင်၊ မောဟမှိုင်းခိုးတွေကြား တွေဝေ မိုက်မဲ မနေအောင် သတိလေးကပ်ပြီး 'တိဟိတ်' ဆိုတဲ့ လူစားတဲ့မပါတောင် 'အဟိတ်'ဆိုတဲ့ တိရစ္ဆာန်လို လူစားမျိုးမဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

သြဂုတ်လ ကုန်ခါနီး တရက်မှာ မိတ်ဆွေကြီးကိုသာနိုင်က ကျွန်တော့်ဆီဖုန်းဆက်လာပါတယ်။

“ဟေ့လူ-ကျုပ်တို့ ကော့စ်ဟာဗာ (Coffs Harbour) နဲ့ လစ်စ်မိုး (Lismore) ကိုသွားမလို့၊ လိုက်မလား၊ ကားငှား ထားတာ ၁၂ ယောက်စီး၊ ခုမှ ၆ ယောက်လောက်ပဲ လူစုလို့ရသေးတယ်၊ ကားချောင်တယ်။ ပျင်းရင်လိုက်ခဲ့” ဆိုတာနဲ့ အိတ်ကလေးတလုံးဆွဲပြီး ၃၁-၈-၂၀၁၆ ရက်နေ့က ဒီခရီးမှာ ပါဝင်လာခဲ့ရပါတယ်။

ကိုသာနိုင်ဆိုတဲ့လူက ကျွန်တော်နဲ့ အလုပ်တခုမှာ အတူလုပ်ဖူးပြီး သင်္ဘောသား အလုပ်ရလို့ ၀င်ငွေကောင်းတဲ့ သင်္ဘောသား ဘ၀ ပျော်ရွှင်စွာခံယူသွားတဲ့လူပျိုကြီး၊ ဘာသာတရားကိုင်းရှိုင်းသူတဦးဖြစ်ပါတယ်။ မနက်လင်း ကတည်းက ကားကြီးတစီးနဲ့ တအိမ်ဝင် တအိမ်ထွက် လူစုပြီး ၉ ယောက်တိတိ လူစုံလို့ ဆစ်ဒနီက ထွက်တော့ နေ့ခင်း ၁၁ နာရီခွဲပါပြီ။ လမ်းမှာစားရင်း နားရင်းနဲ့ ကီလိုမီတာ ၅၃၇ ဝေးတဲ့ Coffs Harbour ကို ညမှောင်မှ ရောက်ပါ တော့တယ်။ ဓမ္မဒူတ တရားစခန်းဟာ ကော့စ်ဟာဗာမြို့လေးနဲ့ မဝေးလှတဲ့ တောအုပ်ကလေးထဲမှာ ရှိပြီး ၅ ဧက ကျယ်ဝန်းပါတယ်။ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ တပည့်ဆရာတော် ဦးက၀ိ ကတော့ ငယ်ငယ်ပဲရှိပါသေး တယ်။ ကိုယ်တိုင်ကားမောင်းပြီး ရှေ့နှစ်မှာ စိတ်ပညာတက်ဖို့ တက္ကသိုလ်ဝင်ခွင့်ရထားပြီးပြီလို့ သိရပါတယ်။

ရောက်ပြီး အထုပ်အပိုးချ နေရာ ထိုင်ခင်းယူပြီးပြီဆိုရင်ပဲ ဆရာတော့်ထံ ငါးပါးသီလယူ၊ ရေမိုးချိုး၊ ထမင်း စားပြီးနားကြရပါတော့တယ်။ ဆရာတော်ကလည်း ဘာမှအားနာဖို့မရှိကြောင်း လွတ်လွတ်လပ်လပ်သာနေကြ တကျောင်းလုံးမှ ဆရာတော်တပါးတည်းရှိတာ။ ဟောဟိုမှာခေါင်းအုံး၊ စောင်လိုသလောက်ယူသုံးကြ၊ အားလုံး သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်းပါပဲ။ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်တွေကတော့ Australia Standard ဆိုတော့ သန့်ရှင်းသပ်ယပ်ပါတယ်။

ကော့စ်ဟာဗာက ဆစ်ဒနီရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀၀ ကျော်ဝေးတော့ ဆစ်ဒနီလောက် မအေးဘဲ သင့်တင့် မျှတတဲ့ ရာသီဥတုမို့ အချမ်းကြောက်တဲ့ အညာသား ကျွန်တော့် အဖို့ နေရထိုင်ရ အလွန်အဆင်ပြေပါတယ်။ တောမြို့လေး သာသာရှိတဲ့ မြို့လေးမို့ ဆူသံရှုပ်ထွေးခြင်းမရှိဘဲ သပ်သပ်ယပ်ယပ် သန့်ရှင်းလှပတဲ့ နေချင့်စဖွယ် မြို့လေးပါ။

ဒီဓမ္မဒူတ တရားစခန်းကိုထူထောင်တာ ၁၀ နှစ်လောက်ရှိပြီလို့ သိရပါတယ်။ ခု ကျောင်းထိုင်နေတဲ့ ဆရာတော်ဦးက၀ိ က တောင်စွန်းနယ်ဘယ်က ဖြစ်ပြီး ဒုတိယမြောက်လို့သိရပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလ ရောက်ရင် ကြွလာလေ့ရှိတဲ့ ဆရာတော် ဓမ္မဘေရီ (တောင်စွန်း) ဆရာတော်လည်း ဆစ်ဒနီရောက်ရင် Coffs Harbour ကျောင်း ကိုကြွလေ့ရှိပါတယ်။ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒကိုတော့ ဆစ်ဒနီက ဆရာတော်ဦးဇာဂရ ဈာပနတုန်းက တခါဖူးမြင်ဖူးပါတယ်။ ခုလာမယ့် စက်တင်ဘာလထဲ Coffs Harbour ကထိန်ခင်းပွဲကို ဆရာတော် အရှင်ဆေကိန္ဒ ကြွမှာမို့ အားရင်လာခဲ့ကြပါဦးလို့ ဆရာတော်ဦးက၀ိက ဖိတ်ကြားပါတယ်။ ကြိုးစားပါ့မယ်ဘုရားလို့ လျှောက်ထား ခဲ့ပေမယ့် ခရီးမနီးတော့သိပ်တော့လွယ်မယ်မထင်။

ဆရာတော်ကို အရုဏ်ဆွမ်းကပ်ပြီး လူတွေကတော့ ပါလာတဲ့ အရာမှန်သမျှ ၀ါးတော့တာပါပဲ။ ဒီခရီးရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဦးအောင်ဝင်းရဲ့ဇနီး ဒေါ်ခင်မေတင့်က ဆီထမင်း ထိုးလာတော့ ဘရိတ်ဖက်စ်အတွက် အတော် အဆင်ပြေသွားပါတယ်။ Coffs Harbour က မနက် ၈ နာရီကျော်ကျော် ထွက်လာတဲ့ အဖွဲ့ဟာ လမ်းမှာစားရင်း နားရင်း၊ လမ်းမှားရင်းနဲ့ ကီလိုမီတာ ၂၀၀ ကျော်ဝေးတဲ့ Lismore မြို့လေးကို မွန်းတိမ်းမှ ရောက်ပါတယ်။

Lismore မြို့လေးနဲ့ အတော်လေးလှမ်းတဲ့ တောအုပ်ကြီးထဲ အ၀င် အချိုးကွေ့လေးမှာ Bodi Tree Forest Monetary ဆိုတဲ့ ဆိုင်းဘုတ် သေးသေးလေးသာ မတွေ့ရင် ဒီမှာ ဗုဒ္ဓဘာသာ တရားစခန်း တခုရှိမှန်း ဘယ်လိုမှ မသိနိုင်ပါဘူး။

မဟာစည်နည်းနဲ့ တရားပြနေတဲ့ ဆရာတော်ဦးဦးပညာဗာရို (PannyaVaro)က ၀မ်းမြောက်စွာ ဆီးကြိုပြီး ဂျာမဏီကလာ တရားအားထုတ်နေတဲ့ ပြုံးချို ရိုးရှင်းတဲ့ မျက်နှာနဲ့ ခပ်ရွယ်ရွယ် အမျိုးသမီးလေး စကလ်မနီ ကနေရာ ချထားပေးပါတယ်။ ၉၅ ဧက ကျယ်ဝန်းတဲ့ တောအုပ်ကြီးကို ရှင်းလင်းဖို့၊ မြက်ရိတ်ဖို့ ကိစ္စတွေကတော့ ဆရာတော်နဲ့ လုပ်အားပေးလှူသူအချို့ရဲ့ ကုသိုလ်ပါဝင်မှုလို့ဆိုပါတယ်။

ရောက်ပြီး အထုပ်အပိုးချ၊ ခဏနားပြီးဆရာတော်ကို ကန်တော့ပြီးတော့ ဆရာတော်နဲ့အာလာပသလ္လာပ ပြောကြ၊ မိတ်ဆက်ကြ၊ ဆရာတော်ပြောတာတွေ နားထောင်ရင်း ကျွန်တော့် စိတ်ထဲ ဆရာတော်ဦးပညာဗာရိုကို သြဇီဘုန်းကြီးဆိုတာ သံသယ ၀င်လာပါတယ်။ ဆရာတော့်လေသံက သြဇီသံမ၀ဲပါဘူး။ ဒါနဲ့မေးကြည့်တော့ ထင်တဲ့အတိုင်းပါပဲ။ လန်ဒန် အင်္ဂလန်မှာ မွေးပြီး ၁၉၅၇ မှ သြစတြေးလျ ရောက်တယ်လို့ မိန့်ပါတယ်။ ၁၉၇၄ မှာ အိန္ဒိယမှာ မဟာစည်ဆရာတော်နဲ့တွေ့ပြီး အဲ့ဒီမတိုင်ခင်က ထိုင်း-သီရိလင်္ကာတို့မှာလည်း တရားထိုင်ဖူးပါသတဲ့။ နောက်တော့ ရန်ကုန်လာပြီး မဟာစည်သာသနာ့ရိပ်သာမှာ တရားစခန်းများဝင်ခဲ့ပြီး ခုတော့ Lismore မြို့လေးရဲ့ ခပ်လှမ်းလှမ်း တောအုပ် တနေရာမှာ မဟာစည်နည်းနဲ့ ၀ိပဿနာ တရားစခန်းဖွင့်ပြီး နိုင်ငံတကာကတရားထိုင် လိုသူများကိုအိပ်ရာ၊ နေရာထိုင်ခင်း၊ တရားထိုင်ရာ မိုးလုံလေလုံအဆောက်အအုံတွေနဲ့ အတော်လေးအထိုင်ကျ နေပါပြီ။ ၉၅ ဧက ကျယ်တဲ့တောအုပ်ကြီးထဲမှာ ဆရာတော်သီတင်းသုံးနေထိုင်တဲ့ ကျောင်းလေးကတော့ တကယ့်ကို ရိုးရှင်းလှတဲ့ ပကာသနမပါတဲ့ တောကျောင်းလေးပါ။ ဆရာတော်ရဲ့ဆွမ်းစားဆောင်လေးက စားပွဲအဟောင်း တလုံး၊ ကုလားထိုင်နှစ်လုံးနဲ့ ဟိတ်ဟန်မရှိဘဲ အလွန်ရောင့်ရဲတင်းတိမ်နိုင်တဲ့ လက္ခဏာတွေ အထင်းသားမြင် နေရပါတယ်။

ကဲ… သွားကြစို့… ဆိုပြီး ဆရာတော်ဦးဆောင်ရာကို ကားနဲ့တက်ခဲ့ကြပါတယ်။ အတော်လေးမော့တဲ့ တောင်ကုန်းလေးပေါ်ရောက်လို့ ကားပေါ်ကဆင်းတော့ တဖြူးဖြူးတိုက်လွင့်လာတဲ့ လေထဲမှာ တောနံ့တောင်နံ့ လေးတွေရသလိုခံစားရပါတယ်။ အဲဒီတောင်ကုန်းပေါ်မှာ ရွှေတိဂုံစေတီနဲ့ ထပ်တူစေတီငယ် တဆူတည်ဆောက် နေပါတယ်။ သြဇီဆောက်လုပ်ရေးလုပ်သားများနဲ့ အုတ်မြစ်ချနေတာတွေ့ခဲ့ရပြီး ဘေးမှာဆောက်လုပ်ရေး ပစ္စည်းတွေ၊ အုတ်တွေ ပုံထားတာတွေ့ခဲ့ရပါတယ်။ တပါးတည်းထိုင်တဲ့ ကျောင်းမို့ သံဃာအင်အားနည်းပါးသော်လည်း ဆရာတော်ဦးပညာဗာရိုရဲ့ စိတ်ကူးအကြံအစည်ကတော့ အင်မတန်ကြီးလှပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် က သြဇီ ဒေါ်လာ ၄သိန်းနဲ့ ၀ယ်ထားတဲ့ ၉၅ ဧကကျယ်တဲ့ တောအုပ်ကြီးထဲမှာ အံ့ဘနန်းကြီးကျယ်ခမ်းနားလှတဲ့ ဗုဒ္ဓဘာသာသာသနာ့ အဆောက်အအုံတွေကို ဒေါ်လာပေါင်းများစွာ အကုန်ကျခံပြီး ဆောက်လုပ်ဖို့ ကြံစည်အား ထုတ်နေပါပြီ။ ရွှေတိဂုံပုံတူစေတီ တဆူတည်းရဲ့ ကုန်ကျစရိတ်ကိုက ဒေါ်လာ ၃ သိန်းခွဲလို့ ခန့်မှန်းထားပါသတဲ့။ သိမ် အတွက်က ဒေါ်လာ ၃ သိန်း ၆ သောင်းကျော်၊ သံဃာတော်များအတွက် နေထိုင်တည်းခိုဖို့ အဆောင်က ဒေါ်လာ ၉ သောင်းခွဲ Mediation Hall တရားထိုင်ဖို့ ကမ္မဋ္ဌာန်းရိပ်သာက ဒေါ်လာ၂ သောင်းနီးပါး၊ မသန်မစွမ်းသူများ တရားထိုင်နိုင်မယ့် အိပ်ခန်း၂ခန်းပါ အဆောက်အအုံက ဒေါ်လာ ၁ သိန်းကျော်၊ ကျန်တဲ့ ယောဂီတွေ တရားထိုင်ဖို့ နေဖို့ ၆ ခန်းတွဲ-၄ခန်းတွဲ အဆောက်အအုံတွေ၊ ကားပါကင်၊ ရေချိုခန်း၊ အိမ်သာ၊ မီးဖိုဆောင် စသဖြင့် အထွေထွေစုစု ပေါင်းဒေါ်လာ ၁ သန်းကျော်လောက် ကုန်လိမ့်မယ်လို့ ဆရာတော်က ခန့်မှန်းပါတယ်။

ရပ်ဝေးရပ်နီးက အလှူရှင် တွေ အားကိုးရသလို သူတို့ဌာနေအစိုးရ (Local Government) ကလည်း ၁ နှစ်ကို ဒေါ်လာ ၅ ထောင် ထောက်ပံ့ တယ်လို့ဆိုပါတယ်။ စတည်ထောင်တဲ့ ၂၀၀၆ ကနေ ကနေ့အထိ သစ်ပင်အမျိုးမျိုးအစားစား အပင်ပေါင်း ၇,၀၀၀ ကျော်စိုက်ပြီးပြီလို့ ဆရာတော်ကမိန့်ပါတယ်။ ဂေါ်ဖီပင်၊ မုန်လာပင်၊ သရက်ပင်၊ သံပရာပင်တွေက ကျွန်တော့် အတွက် မဆန်းပေမယ့် တခါမှ မမြင်ဖူးတဲ့ ထောပတ်သီးပင်က သီးနေတဲ့ ထောပတ်သီးတွေ တွေ့တော့ ကျွန်တော် အတော်ဝမ်းသာသွားပါတယ်။ ကျွန်တော့်အိမ်မှာစားပြီး လွှင့်ပစ်မယ့် အစေ့ကို ဖန်ခွက်ထဲ ရေစိမ်ထားတာ ၃ လ လောက်ရှိပါပြီ။ ခုမှ အမြစ်ကလေး ၁ စင်တီမီတာလောက် ထွက်လာလို့ ၀မ်းသာရတဲ့ အကြောင်း ဆရာတော်ကို ပြောပြတော့ ဆရာတော်က ပြုံးပြီး အပင်ပေါ်ကေ ထာပတ်သီးတလုံးခူးပြီး ကျွန်တော့်ကိုပေးပါတယ်။ သီရိလင်္ကာ က သယ်လာတဲ့ ဗောဒိညောင်ပင်တွေကတော့ ဟိုမှာတပင်၊ ဒီမှာတပင်၊ ကိုင်းကူး စိုက်ပျိုး နည်းပညာကျွမ်းကျင်ပုံ ရတဲ့ ဆရာတော်ရဲ့ လက်ရာတွေပါပဲ။

တောင်ကုန်းလေးပေါ်ကဆင်းတော့ ကားကိုမသုံးတော့ဘဲ ဆရာတော်က သူ့တောအုပ်ကြီးကိုလိုက်လံ ပြသပါတယ်။ စမ်းချောင်းရေ သွင်သွင်လေးက တောအုပ်ကိုကွေ့ကာ ကောက်ကာစီးဆင်းနေပြီး သရကာ ကျေးငှက်တို့ရဲ့သဘာဝ သံစာစာက ကားသံလူသံ ဆူညံသံတွေနဲ့ ယဉ်ပါးနေတဲ့ ၂၁ ရာစု မြိ့ပြလူသားအဖို့ အထူးအဆန်း လို့တောင် ဖြစ်နေပါသေးတယ်။ တယောက်ထိုင် ကမ္မဋ္ဌာန်းကျောင်းဆောင်လေးတွေလည်း ဟိုနားတလုံး ဒီနား တလုံးတွေ့ခဲ့ရပါသေးတယ်။ ပေါ့ပါး သွက်လက်စွာ လျှောက်လှမ်းနေတဲ့ သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ရဟန်းအိုကြီး နောက် ၆၀ ကျော် အဖိုးအိုလေး ကျွန်တော် ဟောဟဲလိုက်နေပါပြီ။

မနက် ၆ နာရီမှာ နေ့တိုင်း တရားထိုင်လေ့ရှိတဲ့ ဆရာတော်က တရားထိုင်လိုသူများရှိရင် ၆ နာရီအရောက် Mediation Hall ကိုလာပါဆိုတာနဲ့ မနက်ခပ်စောစောထပြီး ဆရာတော်နဲ့အတူ တရားထိုင်ကြပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဒုလ္လဘ ၀တ်စဉ်တုန်းက တခါ တရားထိုင်ဖူးတာကလွဲရင် ၀ိပဿနာ တရားအားထုတ်ဖို့ မေ့လျော့ခဲ့တဲ့ ကျွန်တော်၊ ညနေတိုင်ရင် ဖန်ခွက်ကိုင် အလေ့အထနဲ့ နှစ်ပေါင်းများစွာ ယဉ်ပါးခဲ့တဲ့ ကျွန်တော် တနာရီ တိတိ တရားထိုင်ပြီးလို့ မျက်လုံး ဖွင့်လိုက်တဲ့အခါ နေပူစပ်ခါးက ပင်ပန်းစွာ လျောက်လှမ်းလာပြီး အရိပ်အာဝါသ အောက်ရောက်တဲ့ လူတယောက်ကို အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ အပြစ်ကင်းစင်ခြင်း ဆိုတဲ့ ပီတိတွေ မကြုံစဖူး ထူးကဲစွာ ခံစားရပါတယ်။ နောင် အခွင့်အခါ သင့်ရင်ဖြင့် တခေါက်တခါ တပတ်တန်သည် တလတန်သည် တိတ် ဆိတ်ငြိမ်းချမ်းတဲ့ တောအုပ်ကြီးထဲမှာတရားစခနိးများ ၀င်နိုင်မယ်ဆိုရင်ဖြင့် ထိန်ထိန်ညီးညီး တောက်လောက်နေ တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အတ္တမာန်စွယ် တဖွေးဖွေးတွေနဲ့ ခဏတာဖြစ်ဖြစ်ဝေးကွာနိုင်ရင်ကောင်း လေစွလို့ အောင်းမေ့မိပါတယ်။

၎-၉-၂၀၁၆ တနင်္ဂနွေနေ့ မနက် ၈ နာရီလောက်က ကော့စ်ဟာဗာက ထွက်လာတဲ့ ကျွန်တော်တို့ ၉ ယောက် အဖွဲ့လမ်းမှာ ကားကျပ်တာ၊ လမ်းပြင်တာတွေနဲ့ကြုံပြီး တအိမ်ဝင် တအိမ်ထွက်မို့ ည ၁၁ နာရီခွဲမှပဲ ကီလိုမီတာ ပေါင်း ၅၀၀ ကျော်ဝေးတဲ့ ဆစ်ဒနီက အိမ်ကိုပြန်ရောက်ပါတယ်။ သံသရာခရီးတော့မသိဘူး။ အိမ်အပြန်ခရီးကတော့ အတော်ပင်ပန်းလှပါတယ်။

ကွင်းစလန်းနဲ့ နယူးယောက်ဝေးပြည်နယ်ရဲ့ အလယ်မှာရှိတဲ့ Coffs Coffs Harbour က အောက်ကိုဆင်းလာ တယ်ဆိုရင်ပဲ ရာသီကအေးတဲ့ဖက်ကိုလုလာပါပြီ။ သဘာဝတောတောင်ရှုခင်းတွေကို ကားပေါ်ကငေးရင်း တောင်စဉ်ရေမရအတွေးနယ်ချဲ့မိပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့ ရွှေပြည်ကြီးမှာ မြေပေါ်မြေအောက်သံယဇာတ လယ်မြေ ချောင်းမြောင်း သစ်ပင်သစ်တော ပေါများကြွယ်ဝပါလျက် ဘာ့ကြောင့်များတိုင်းပြည်နဲ့လူမျိုးဆင်းရဲမွဲတေသွားပါလိမ့်…။ တမလွန်မဆိုထားနဲ့ တဘ၀စာတောင် သိပ်မသေချာလှတဲ့ နေရာ၊ ပါဝါ၊ အာဏာ၊ စည်းစိမ်၊ ဥစ္စာတွေအတွက် လူ လူချင်းညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေကြတာတွေကို ထင်ရှားတဲ့ ဘာသာကြီးတွေက မတားဆီး နိုင်ကြတော့ဘူးလား။ ယဉ်ကျေးလှပါတယ်ဆိုတဲ့ လူသားတွေရဲ့ မိုက်ရိုင်းယုတ်မာမှုတွေက ကြောက်စရာပါလား။

ဒီလိုခေတ်ယုတ်ခေတ်ဆိုးကြီးထဲမှာ ယဉ်ကျေးမှုချင်းမတူ၊ ဘာသာစကားချင်းမတူ၊ ပထ၀ီဝင်အနေအ ထားကွဲပြားတဲ့ တောအုပ်ကြီးထဲမှာ တပါးတည်းစံနေတော်မူပြီး ထေရ၀ါဒဗုဒ္ဓသာသနာပျံ့ပွားကြောင်း မဟာစည်နည်း ကမ္မဋ္ဌာန်း တရားပွားများရာပွားများကြောင်း ကျင့်ကြံအားထုတ်နေတဲ့ မျက်နှာဖြူလူမျိုး (ငယ်ဖြူမဟုတ် သော်လည်း ၃၂ ၀ါ ရှိပြီဖြစ်တဲ့) ဆရာတော်ဦးပညာဗာရို (PANNYA VARO) ရဲ့ ပါရမီကိုတော့ မလေးစား မကြည်ညိုဘဲ မနေနိုင်ပါဘူး။ ၂ ရက်တာသာ တွေ့ကြုံခွင့်ရခဲ့ပေမယ့် ဆရာတော်ရဲ့ အနေအစား ရောင့်ရဲရိုးရှင်းမှု၊ မျက်နှာတော် သွင်ပြင်ရဲ့ တည်ငြိမ် အေးချမ်းမှု၊ စကားပြောရာမှာ သိမ်မွေ့ယဉ်ကျေးမှု တရားထိုင်ရာမှာ သမာဓိ အားကောင်းမှု တွေကို သတိထားခဲ့မိပါတယ်။

အခါအခွင့်သင့်လို့ ရေစက်ဆုံလို့ ကြုံဦးမယ်ဆိုရင်ဖြင့် အပူတွေမဟပ်ရာ၊ လောကီဘုံမီး အရှုပ်တော်ပုံ ကြီးတွေနဲ့ ဝေးရာ စိတ်၏ငြိမ်ရာ စိတ်၏ ငြိမ်းရာ ကော့စ်ဟာဗာ (Coffs Harbour) က ဓမ္မဒူတ တရားစခန်းနဲ့ လစ်စ်မိုး (Lismore) က ဗောဓိပင်ကျောင်းတရားစခန်းတို့ကို တပတ်တန်သည်၊ တလတန်သည် ကွန်းခိုနိုင်ရင်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်မရောက်ဦးတော့ တည်ငြိမ်အေးချမ်းတဲ့ “သန္တိရသ” များ ခံစားနိုင်မယ်လို့ စိတ်ကထင်နေပါတယ်။

သာထက်အောင်
၂၈ စက်တင်ဘာ ၂၀၁၆