အမေရိကား အရှေ့ခြမ်းမှာ အင်တာနက်ဆိုက်များ အတိုက်ခံနေရ



အမေရိကား အရှေ့ခြမ်းမှာ အင်တာနက်ဆိုက်များ အတိုက်ခံနေရ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

အောက်တိုဘာ ၂၁၊ သောကြာ မနက်ခင်းကစပြီးတော့ အမေရိကန်အရှေ့ဘက်ကမ်းခြေက အင်တာနက်သုံးစွဲသူများ သူတို့သွားချင်တဲ့ ၀က်ဆိုက်တွေကို သွားလို့မရအောင် အင်တာနက်ဆိုင်ဘာ တိုက်ခိုက်မှု ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အများသုံးစွဲနေကြတဲ့ Twitter၊ • SoundCloud • Spotify • Netflix • Reddit • Disqus • PayPal စတာတွေကို လူတွေ သွားလို့ မရတော့ပါဘူး။ ယမန်နေ့က သတင်းဝက်ဆိုက်အချို့လည်း အတိုက်ခံရလို့ လူတွေမှာ သတင်းပြတ်တောက်ကုန်တယ်လို့ ဆိုကြပါတယ်။

အင်တာနက်တိုက်ခိုက်မှုဆိုတာက ဒီဒေါ့စ်အတက်ခ်လို့ ခေါ်တဲ့ အင်တာနက်ရဲ့ လိပ်စာမှတ်ထားတဲ့ ဆာဗာ (ဒီအင်န်အက်စ် ဆာဗာ) တွေကို မောဝဲလို့ ခေါ်တဲ့ ကွန်ပြူတာပိုး ကူးစက်ခံရတဲ့ ကွန်ပြူတာစက်အများအပြားကနေ ၀ိုင်းပြီး အကြမ်ပေါင်းများစွာ ခေါ်ဆိုမှုတွေ လုပ်ကြလို့ အလုပ်တွေ မနိုင်ဘဲ လိပ်စာမှတ်ဆာဗာတွေ ပြုတ်ကျကုန်အောင် လုပ်တာ ဖြစ်ပါတယ်။ The Mirai botnet လို့ ခေါ်တဲ့ ကွန်ပြူတာပိုးကို တိုက်ခိုက်သူတွေက သုံးစွဲထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်မှာ စတင်တော့မယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို ဆိုင်ဘာတိုက်ခိုက်မှုကို ခံကြရတာမို့ အများက စိုးရိမ်မှုတွေ ထုတ်ပြောကြပါတယ်။ ရုရှားအစိုးရ ကျောထောက်နောက်ခံနဲ့ အင်တာနက်အကြမ်းဖက်သမားတွေက အမေရိကန်အင်တာနက်ကို ထိုးဖောက်နေကြတာမို့ အမေရိကန်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲကို ပြည်ပရန်စမှု ခံနေရတယ်လို့ အများက ဝေဖန်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။ မဲပေးတဲ့ စနစ်တွေကို အင်တာနက်မချိတ်ထားသော်လည်း မဲစာရင်းရလဒ်တွေ ထုတ်ပြန်တာမှာ အင်တာနက်ဆိုက်တွေ ဆားဗစ်တွေကနေ ဖြန့်ဝေရမှာမို့လို့ အခုလိုမျိုး ရွေးကောက်ပွဲကာလမှာ အတိုက်ခိုက်ခံရရင် သွယ်ဝိုက်ပြီး အထိနာမှာပဲလို့ သုံးသပ်ကြပါတယ်။ အမေရိကန်အစိုးရက ရုရုား အင်တာနက်ထိုးဖောက်မှုတွေကို လက်တုန့်ပြန်ဖို့ စဉ်းစားတယ်လို့ ပြောနေချိန်မှာ အမေရိကန်ဝက်ဆိုက်တွေ အတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။