ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မျက်ရှု ● စားနပ်ရိက္ခာသည် နိုင်ငံရေး



မျက်ရှု ● စားနပ်ရိက္ခာသည် နိုင်ငံရေး
(မိုးမခ မဂ္ဂဇင်း သြဂုတ်လ ထုတ်ပါ မျက်မှောက်ရေးရာ ဆောင်းပါး)
အောက်တိုဘာ ၁၇၊ ၂၀၁၆


လက်ရှိကမ္ဘာ့လူဦးရေသည် လာမည့်အနှစ်သုံးဆယ်အတွင်း ၉ ဘီလျံသို့ တိုးပွားလာမည်ဖြစ်ရာ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာမှာလည်း စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်ကြောင်း ဗြိတိန်နိုင်ငံ အစိုးရ၏ သိပ္ပံနှင့်နည်းပညာတိုးတက်မှုဆိုင်ရာ စီမံကိန်း၊ ၂၀၁၁ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့လူဦးရေ၏ ၂၈% မှာ စားနပ်ရိက္ခာအနည်းငယ်သာ ရရှိပြီး ၁၄% မှာတော့ အလျံအပယ်စားသုံးနိုင်သူများ ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။ 

နည်းပညာတိုးတက်ဖွံ့ဖြိုးမှုကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များတွင် လူဦးရေသန်းပေါင်း အနည်းငယ်ကို ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရာယ်မှ ဆွဲထုတ်နိုင်ခဲ့သော်လည်း အများစုမှာ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက သည်ဘေးဒုက္ခကို အကြုံတွေ့ရဆုံးဖြစ်သည်။ အကြောင်းမှာ မြို့ပြဖွံ့ဖြိုးမှုကို ပိုမိုဦးစားပေးခြင်း၊ အရင်းရှင်စနစ်၏ မောင်းနှင်အားကြောင့် စက်မှုလယ်ယာပြောင်းလဲရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အသားစားမှု ရာခိုင်နှုန်းတိုးတက်လာခြင်းနှင့် ကမ္ဘာ့လောင်စာဆီ အခက်အခဲတို့ကြောင့်ဖြစ်ကြောင်း “ဖွံ့ဖြိုးရေးနှင့် လူမှုအပြောင်းအလဲ” နာမည်ကျော်စာအုပ်ကိုရေးသားသူ ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခဖိလစ်မက်မိုက်ကယ်လ်က သုံးသပ်ပြပါသည်။





မြို့ပြဖွံ့ဖြိုးမှုများကြောင့် လက်ငုတ်လက်ရင်းလယ်ယာကို စွန့်ပယ်ပြီး မြို့ပြစက်မှုလုပ်ငန်းများတွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြရာ ၁၉၅၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကမ္ဘာ့လယ်သမားဦးရေ ၂၅% ခန့် လျော့ကျသွားကြောင်း သိရသည်။ ထို့ပြင် စက်မှုလုပ်ငန်းများ၊ မြို့ပြအဆောက်အအုံများ ဆောက်လုပ်ရန်နှင့် စီမံကိန်းသီးနှံများကို စိုက်ပျိုးရန် ပုဂ္ဂလိကလုပ်ငန်းရှင်များက မြေသိမ်းယူမှုများ မြင့်မားလာခဲ့ရာ၂၀၁၂ ခုနှစ်၊ မေလအထိ ဟက်တာပေါင်း ၈၂.၂ သန်းခန့် သိမ်းယူခံခဲ့ရပြီး၊ ၎င်းသိမ်းယူခံရမှုတွင် အာဖရိကတိုက်တွင် ၄၇% နှင့် အာရှတိုက်မှ ၃၃% ပါဝင်ပါသည်။

နိုင်ငံ့စီးပွားရေးအတွက် စိုက်ပျိုးရေးကို အခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တိုင်းပြည်ဝင်ငွေတိုးပွားရေးနှင့် ကြွေးမြီများဆပ်နိုင်ရေးတို့အတွက် နိုင်ငံခြားပို့ကုန်ထုတ်လုပ်ခြင်း တိုးမြှင့်ရာတွင် စိုက်ပျိုးရေးထုတ်ကုန်များကို အထူးအလေးပေးခဲ့ရာ စက်မှုလယ်ယာပြုပြင်ပြောင်းလဲခြင်းနှင့် ခေတ်မီနည်းစနစ်များ အသုံးပြုခြင်းတို့လည်း ပါဝင်သည်။ သည်နေရာတွင် ၁၉၆၀ ခုနှစ်များတွင် အိန္ဒိယနိုင်ငံမှ အစပြုခဲ့သော မြစိမ်းရောင်တော်လှန်ရေး၏ ရိုက်ခတ်မှုများလည်း ပါဝင်နေခဲ့သည်။ ၎င်းတော်လှန်ရေးကြောင့် ၁၉၉၀ ခုနှစ်များတွင် အာရှတွင် စပါးမျိုးစိတ်အသစ်များ စိုက်ပျိုးနိုင်ပြီး ထွက်နှုန်း ၇၅% တိုးတက်ခဲ့သကဲ့သို့ လက်တင်အမေရိကား၊ အာရှနှင့် အာဖရိကနိုင်ငံများ၏ ဂျုံစိုက်ပျိုးမှုမှာလည်း ၅၀% ပိုမို အထွက်တိုးခဲ့သည်။ ငတ်မွတ် လူဦးရေ သန်းအချို့ကို ဤနည်းပညာဖြင့် ကယ်တင်နိုင်ခဲ့သော်လည်း မြစိမ်းရောင်တော်လှန်ရေးအတွက် နိုင်ငံခြားကော်ပိုရေးရှင်းများ ရင်းနှီးမြှုပ်နှံမှုအလုံးအရင်းကို အားထားရခြင်းနှင့် သဘာ၀၀န်းကျင်ကို စတေးရခြင်းများကြောင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုမဟုတ်ဟု ပညာရှင်များက ဆိုသည်။

ပထမအချက်မှာ စိုက်ပျိုးသီးနှံနိုင်ငံခြားပို့ကုန်အတွက် အစိုးရဦးဆောင်၍ စီမံကိန်းသီးနှံများကို မူဝါဒချမှတ်ပြီး အဓမ္မဖြစ်စေ၊ စိုက်ပျိုးစရိတ်ချေးငွေများ၊ အမတော်ကြေးများ အစရှိသော မက်လုံးများဖြင့်ဖြစ်စေ စိုက်ပျိုးစေခြင်းကြောင့် လယ်သမား အများစုမှာ ၎င်းတို့စိုက်ပျိုးလိုသော သီးနှံ၊ စားသုံးမှုအတွက် အဓိကလိုအပ်သော သီးနှံထက် စီမံကိန်းသီးနှံများကိုသာ စိုက်ပျိုးကြရ၍ လယ်သမားတို့၏ မျိုးစေ့ရွေးချယ်နိုင်မှုလွတ်လပ်ခွင့်ဆုံးရှုံးသည်ဟု ဆိုနိုင်ပါသည်။ သည်အရေးမှတဆင့် လူ့အခွင့်အရေးလိုလားသူတို့က လယ်သမား၏ အခွင့်အရေးတွင် စားနပ်ရိက္ခာဒီမိုကရေစီကိုပါ ထည့်သွင်း အရေးဆိုလာကြသည်။ ထို့ပြင် ခေတ်မီမျိုး၊ စပ်မျိုး၏ ဆိုးကျိုးသက်ရောက်မှုများတွင် မိရိုးဖလာ စိုက်ပျိုးလာသော ဒေသမျိုးစေ့ကို ကိုယ်ပိုင်ထိန်းသိမ်းခြင်းအလေ့အထများ နည်းပါးသွားရခြင်းလည်း ပါဝင်သည်။

 အစိုးရတို့၏ မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှုနှင့် စိုက်ပျိုးစွမ်းအား တိုးမြှင့်ခြင်း စီမံကိန်းတို့နှင့်အတူ နိုင်ငံခြားကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာရာ ယနေ့ကမ္ဘာတွင် စိုက်ပျိုးသောမျိုးစေ့များ၏ ၇၀% ကို DuPont ၊ Monsanto နှင့် Bayer ကုမ္ပဏီကြီးများက အုပ်စိုးထားပါသည်။ ဥပမာ - Monsanto က ယခင်က Roundup ပေါင်းသတ်ဆေးကို ထုတ်လုပ်ရာမှာ ၁၉၉၃ ခုနှစ်မှစပြီး ၎င်းတို့၏ Roundup ပေါင်းသတ်ဆေးကို သုံးစရာမလိုတော့ဘဲ အသင့်စိုက်ပျိုးနိုင်သော မျိုးရိုးဗီဇပြုပြင်ထားသည့် ပဲပုပ်စေ့များ (Roundup GM soybean seeds) ကို စတင်မိတ်ဆက်ခဲ့ရာ အောင်မြင်မှုရခဲ့သည်။ တောင်သူများအားထားလာသည်နှင့်အမျှ Monsanto က မျိုးစေ့ကိုပိုင်ဆိုင်ကြောင်း မူပိုင်ခွင့်ထားရှိရာ လယ်သမားများမှာ မျိုးစေ့သိမ်းထားနိုင်ခွင့်မရှိဘဲ ကုမ္ပဏီများထံတွင် မျိုးစေ့ကျွန်ခံရခြင်းကဲ့သို့ အမှီအခိုများ ဖြစ်လာကြရသည်။


၎င်းအပြင် စပ်မျိုးများသည် အထွက်နှုန်းကောင်းမွန်စေသော်လည်း သီးနှံတမျိုးတည်း စိုက်ပျိုးကြခြင်းကြောင့် ပင်ခြားဝတ်မှုန်ကူးခြင်း လျော့နည်းပြီး ဒေသရာသီဥတုဒဏ်ကို ခံနိုင်ရည်နည်းပါးခြင်း၊ ပိုးမွှားကျရောက်မှု အလားအလာပိုများခြင်းတို့ကြောင့် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ ပို၍ အသုံးပြုကြရာ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေပါသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း ဓာတ်မြေသြဇာအသုံးပြုမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြေဆီလွှာ ၁၆% ပျက်စီး ဆုံးရှုံးခဲ့ရသည်။ 

၂၀၀၆ ခုနှစ်တွင် ရာသီဥတုပူနွေးမှုကို သက်ရောက်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ၁၄% ထုတ်လုပ်မှုမှာ စိုက်ပျိုးရေးကဏ္ဍကြောင့်ဖြစ်ကြောင်း သိရသည်။ သို့သော် ဆင်းရဲသားနိုင်ငံများတွင် အကျင့်ပျက်ခြစားမှုကြောင့်လည်းကောင်း၊ အသိပညာနည်းပါးခြင်းကြောင့်လည်းကောင်း စပ်မျိုးများ၏ ရေရှည်အန္တရာယ်ကို မရိပ်စားမိဘဲ လတ်တလောအထွက်နှုန်းတိုးတက်ရေးအတွက် အစိုးရ မူဝါဒအကောင်အထည်ဖော်သူများနှင့် နိုင်ငံခြားမျိုးစေ့ ကုမ္ပဏီတို့ လက်ဝါးချင်းရိုက်ကာ စီမံကိန်းသီးနှံများကို အကောင်အထည်ဖော်နေကြဆဲဖြစ်သည်။ ထို့ပြင် သစ်တောပြုန်းတီးခြင်း၊ စက်ရုံများမှ ထွက်သော အညစ်အကြေးနှင့် ဓာတ်ငွေ့များကြောင့် မြေ၊ ရေ၊ လေထုညစ်ညမ်းရသည့်အပြင် ၎င်းအကြောင်းရင်းများက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ရန် ပံ့ပိုးလျက်ရှိရာ မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးခြင်းတို့ကြောင့်လည်း စိုက်ပျိုးထုတ်လုပ်မှုနှုန်းအပေါ် ထိခိုက်စေသည်။ အကျိုးဆက်ကား စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားလာပြီး နွမ်းပါးမိသားစုများမှာ လုံလောက်သော ရိက္ခာရရှိနိုင်ရန် အလှမ်းကွာလာခြင်းဖြစ်သည်။





စားနပ်ရိက္ခာကို လက်လှမ်းမီနိုင်မှု အနေအထား ဆင်းရဲ၊ ချမ်းသာ လူတန်းစားအလိုက် ကွာခြားရပုံ သိသာစေသောအချက်မှာ လူချမ်းသာနှင့် လူလတ်တန်းစားများ၏ အသားစားမှု တိုးတက်လာခြင်းလည်း ပါဝင်သည်။ အသားစားမှု တိုးပွားလာသည်နှင့်အမျှ ထုတ်လုပ်မှုကိုလည်း မြှင့်တင်ကြရရာ လူ့ဝမ်းစာထက် တိရိစ္ဆာန်အစာအာဟာရအတွက် ဦးစားပေးစိုက်ပျိုးကြရလေသည်။ လတ်တလော အမေဇုံသစ်တောဧရိယာများစွာ ပြုန်းတီးရခြင်း အကြောင်းမှာ McDonalds ဆိုင်များအတွက် လိုအပ်သော တိရိစ္ဆာန်အဟာရတင်ပို့နိုင်ရန် စိုက်ပျိုးရခြင်းကြောင့်ဖြစ်ကြောင်း မက်မိုက်ကယ်လ်က ဝေဖန်ပါသည်။ ထိုမျှမက စွမ်းအင်လုံလောက်မှုပြဿနာ ရှေ့တန်းရောက်နေခြင်းကလည်း စားနပ်ရိက္ခာအခက်အခဲကို ပိုမိုကြီးထွားစေသည်။ ကမ္ဘာ့လောင်စာဆီ အခက်အခဲကို ဖြေရှင်းရန် ဖွံ့ဖြိုးဆဲနိုင်ငံများက ဇီဝလောင်စာထုတ်လုပ်ခြင်းဖြင့် ယင်းတို့၏ စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကြသည်။ ဇီဝလောင်စာထုတ်လုပ်မှုမှာ အခြားသောလောင်စာဆီ ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်လျှင် ဘေးထွက်ဆိုးကျိုးနည်းပါး၍ သန့်ရှင်းသောလောင်စာဆီဟု ယေဘုယျအားဖြင့် ညွှန်းဆိုနိုင်သော်လည်း လောင်စာဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့သဖြင့် သစ်တောများပြုန်းတီးရခြင်းကိုလည်း ချင့်ချိန်စဉ်းစားသင့်ပါသည်။ လာမည့်အနှစ်သုံးဆယ်အတွင်း ကမ္ဘာ့လောင်စာဆီ လိုအပ်ချက် ၄၅% အထိမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းထားရာ ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံများမှာ စွမ်းအင်လိုအပ်ချက်အတွက် အဓိကထုတ်လုပ်သူများ ဖြစ်လာနိုင်ပါသည်။

ခြုံငုံသုံးသပ်ရလျှင် လောင်စာဆီအတွက်ဖြစ်စေ၊ စားနပ်ရိက္ခာအတွက်ဖြစ်စေ နွမ်းပါးသော ကမ္ဘာ့တောင်ဘက်အခြမ်းနိုင်ငံများက အဓိကထုတ်လုပ်ရပြီး ကမ္ဘာ့မြောက်ဘက်အခြမ်းနိုင်ငံများက စားသုံးသူများ ဖြစ်နေကြသည်။ မိမိထုတ်ကုန်အတွက် ၀လင်သော အစာရေစာ ပြန်လည်မရရှိသည့်အပြင်၊ လွပ်လပ်သောကုန်သွယ်မှု စည်းမျဉ်းခံစနစ်များအပေါ် နိုင်ငံကြီးများက အခွင့်ကောင်းယူ ကိုယ်ကျိုးရှာခြင်း၊ ရာသီဥတုဖောက်ပြန်သဖြင့် ရိက္ခာထုတ်လုပ်မှု ကျဆင်းလာခြင်းများကြောင့် ၂၀၀၇ - ၂၀၀၈ ခုနှစ်များတွင် ရိက္ခာဈေးနှုန်းများ နှစ်ဆခန့်မြင့်မားခဲ့ရာ ဤဆိုးဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆင်းရဲမိသားစုများကသာ ခါးဆီးခံခဲ့ကြရသည်။

စိုက်ပျိုးရေးကို အားထားရသော မြန်မာနိုင်ငံတွင်လည်း ပြည်သူပြည်သားတို့၏ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးမှာ မရေမရာရှိလှသည်။ ဗီဇပြုပြင်ထားသော မျိုးစေ့များအပေါ် အကောင်းမြင်စိတ်များလွန်းနေပြီး ရှုထောင့်ပေါင်းစုံမှ ရရှိလာသော သုတေသနရလဒ်များအပေါ် မမှီခိုဘဲ ယခင်အစိုးရက ဦးဆောင်ကာ မူဝါဒချမှတ်ပြီး စပ်မျိုး စိုက်ပျိုးရေး တွန်းအားပေးခဲ့သည်။ ဒီမိုကရေစီအသွင်ပြောင်းလဲရေး အစိုးရအသစ်၏ ပထမသက်တမ်းအတွင်း စီမံချက်ဖြင့် ငွေချည်-၆ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရန်လျာထားချက်ကို ရေတိုသုတေသနအပေါ်မှာသာ အမှီပြုရေးဆွဲခဲ့သည်မှာ မရေမရာ ရှိလှသည်။ ရေတိုသုတေသနရလဒ်အပေါ် အမှီမပြုဘဲ ရေရှည်စောင့်ကြည့်လေ့လာရန် လိုအပ်ပါသည်။ ယခင်က မအောင်မြင်ခဲ့သော ဆင်းရွှေလီစပါး စိုက်ပျိုးမှုမျိုး၊ နွေစပါး အတင်းအကြပ် စိုက်ပျိုးခိုင်းမှုမျိုး၊ စိုက်ပျိုးစရိတ်ချေးငွေပေးမှု လုံလုံလောက်လောက်မရှိခြင်းကဲ့သို့ တောင်သူတို့ အသက်ရှူပေါက်ကို ပိတ်စေခဲ့သည့် ဖြစ်ရပ်များရှိခဲ့ဖူးပါသည်။

ထင်ရှားသော သာဓကအနေဖြင့် ဇီဝလောင်စာထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့်၂၀၀၆ ခုနှစ်မှစပြီး တနိုင်ငံလုံး ကြက်ဆူဧက (၈)သန်းကို သုံးနှစ်စီမံကိန်းဖြင့် စိုက်ပျိုးခဲ့ရာ ယခုအခါ ၇၅% ခန့် ကြက်ဆူပင်များမှာ ပျက်စီးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစိုးရ၏ မရေရာသော စီမံကိန်းများကြောင့်သာမက ယခုအခါတွင် အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးရေးကူညီမှု အစီအစဉ်များနှင့်အတူ ကပ်ပါလာနိုင်သော ကမ္ဘာ့မျိုးစေ့ကုမ္ပဏီကြီးများ၏ ဘေးအန္တရာယ်ကိုလည်း သတိချပ်သင့်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်တွင် အနိုင်ရခဲ့သော အစိုးရအသစ်အနေဖြင့် စိုက်ပျိုးရေးမူဝါဒအသစ် ရေးဆွဲရာတွင် စိုက်ပျိုးတောင်သူများကို ချဉ်းကပ်၍ ၎င်းတို့၏ တွေ့ကြုံရင်ဆိုင်နေသည်များကိုလည်း ဖော်ထုတ်ကာ အလေးအနက်ထားသင့်ပါသည်။

သို့မဟုတ်ပါက ယခင်အစိုးရလက်ထက်က အဓမ္မမြေသိမ်း၊ ယာသိမ်းမှုများ၊ မြို့ပြချဲ့ထွင်ရေး စီမံကိန်းများ၊ ရိက္ခာဈေး မတည်ငြိမ်မှုများ၊ ရာသီဥတု ပြောင်းလဲမှု၊ မြေဆီလွှာပျက်စီးဆုံးရှုံးမှုနှင့် စိုက်ပျိုးရေးကော်ပိုရေးရှင်းကြီးများ၏ တွင်ကျယ်မှုလှိုင်းလုံးများအောက်တွင် နာလန်မထူနိုင်သော လယ်သမားထုတို့၏ဘ၀မှာ မူဝါဒအမှားများကြောင့် အနာဂတ်တွင် ပိုမို နိမ့်ကျဖွယ်ရှိပြီး နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံမှုမှာလည်း လူတန်းစားအလိုက် ကွာဟချက် ပို၍ ကြီးမားလာမည်ဖြစ်ပါသည်။

မျက်ရှု

(ယခု ဆောင်းပါး ကို မိုးမခ မဂ္ဂဇင်း အတွဲ (၃) ၊ အမှတ် (၈)၊ သြဂုတ်လ ထုတ်တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)