ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မိုက်ခဲစိန် - စားသုံးသူယဉ်ကျေးမှုကို အာခံကြဖို့


မိုက်ခဲစိန် - စားသုံးသူယဉ်ကျေးမှုကို အာခံကြဖို့
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆


လွန်ခဲ့တဲ့ တပတ်က စားသုံးသူယဉ်ကျေးမှုကို တွန်းလှန်ကြဖို့ ဆိုတာ ရေးမိတယ်။ အယ်ဒီတာအဖွဲ့က ယဉ်ကျေးမှု ဆိုတာထက် ယဉ်ကျေးမှုဝါဒ ဆိုတာမျိုး သုံးရင် မကောင်းဖူးလားမေးတယ်။ ၀ါဒဆိုတော့ အာဘော်တခုခုကို ဖြန့်ချိတာ ၀ါဒဖြန့်တာ လုပ်တာမျိုးပေါ့လို့ ဆိုလာတယ်။ မိမိကတော့ စားသုံးသူဝါဒထက် စားသုံးသူယဉ်ကျေးမှုလို့ ပြောချင်တယ်။ သူက ၀ါဒဖြန့်စရာ မလိုတော့ဘူး၊ လူနေမှုစနစ်တိုင်းမှာ ယဉ်ကျေးမှုတခုလို စီးဝင်နေပြီလေ။ “စားသုံးသူ အမြဲမှန်တယ်” လို့ အရင်းရှင်(၀ါဒ) က ဆေးဆိုးလိုက်တော့ ပြည်သူတွေဟာ သူတို့ကိုသူတို့ စားသုံးသူလို့ အထင်ရောက်ပြီး ငါတို့ ပြည်သူတွေ အမြဲမှန်တယ်လို့ စိတ်ကြီးဝင်နေကြတာ အလွှာတိုင်းမှာ ဖြစ်နေပြီ။ စားသုံးသူယဉ်ကျေးမှုကို လူထုက ပြန်စဉ်းစားစေချင်လို့ ရေးတာပါ။ ပြီးတော့ အထူးသဖြင့် ဈေးကွက်စီးပွားရေးစနစ် ထိုးဖောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ခုချိန်မှာ စားသုံးသူယဉ်ကျေးမှုကို စဉ်းစားနေစေဖို့ ရေးတာပါ။

စားသုံးသူယဉ်ကျေးမှုကို အာခံနိုင်ဖို့က အယင်ဆောင်းပါးမှာ ဖော်ပြခဲ့သလို စားသုံးသူတွေက ခြိုးခြံချွေတာတဲ့ အကျင့်ကို မွေးမြူကျင့်သုံးကြဖို့နဲ့ အာဏာပိုင်တွေ အုပ်ချုပ်သူတွေကလည်း စားသုံးသူတွေအတွက် သက်သာချောင်ချိရေးစနစ်ကို ထူထောင်ပေးကြဖို့ လိုပါတယ်။

လက်ရှိမှာ တိုင်းပြည်ပြပြင်ပြောင်းလဲရေးအတွက် အားလုံးက ၀ိုင်းဝန်းလုပ်ကိုင် အပြင်းအထန် ကြိုးစားနေရချိန်ဖြစ်တာမို့ အဖွဲ့အစည်းအသီးသီးဟာ သင်တန်းတွေ ဆွေးနွေးပွဲတွေ အသိပညာပေးလုပ်ငန်းတွေ မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေကြတယ်။ ဘယ်မှာ သူတို့ လုပ်ကိုင် ကျင်းပကြသလဲ။ အများဆုံးကတော့ ဟိုတယ်တွေ၊ ဧည့်ခံ ခန်းမဆောင်တွေ၊ စားသောက်ဆိုင်တွေ … စတဲ့ နေရာတွေမှာ ငွေကုန်ကြေးကျခံ ကျွေးမွေး ဧည့်ခံပြီး ကျင်းပနေကြတာပါ။ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေအတွက် ကုန်လိုက်မယ့် ပိုက်ဆံတွေ အများကြီးပဲဆိုတာ ခန့်မှန်းကြည့်နိုင်တယ်။ သည်လိုမှ မလုပ်ရင်လည်း နိုင်ငံတကာ တန်းမမီဘူး၊ ပုံစံမကျဘူး၊ ရုပ်မထွက်ဘူးလို့ သူတို့တွေက ပြောကြတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီရေး အပြောင်းအလဲလည်း ဖြစ်ပြီ ဆိုရော ဟိုတယ်တွေ ခန်းမဆောင်တွေအားလုံး စီးပွားဖြစ်ကုန်တော့တာပဲ လို့ ပြောစမှတ် ရှိပါတယ်။ အရင်တုန်းက အာဏာရှင်တွေ ပွဲ၊ အခုကျတော့ အာဏာရှင်တွေကော အတိုက်အခံတွေကောပါ ဟိုတယ်၊ ခန်းမ၊ စားသောက်ဆိုင်တွေပေါ်တက်ပြီး ပွဲတွေ ပွဲတွေ ကျင်းပလိုက်ကြတာ လုပ်ငန်းရှင်တွေဟာ စီးပွား ၂ ဆ ဖြစ်တယ်လို့ ရယ်သွမ်းသွေးကြတယ်။

မြန်မာပြည်မှာ စားသုံးသူယဉ်ကျေးမှုကို အပြင်းအထန် လှုံဆော်တာနေတာကို ထောက်ပြရရင် ကုမ္မဏီတွေ ၀န်ဆောင်မှုလုပ်ငန်းတွေက နေ့စဉ် ရက်ဆက် ဖိတ်ကြားပြသ မိတ်ဆက်နေကြတဲ့ ကုန်ပစ္စည်းတို့ ၀န်ဆောင်မှုတို့ စွမ်းဆောင်ရည်တို့ ထုတ်ဖော်ပြသရှင်းလင်းပွဲတွေ သတင်းစာရှင်းလင်းပွဲတွေပဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ကုန်ပစ္စည်းမျိုးစုံ ၀န်ဆောင်မှုမျိုးစုံ စွမ်းဆောင်ရည်မျိးစုံ တနေ့ပြီး တနေ့ မရိုးရအောင် ထိုးဖောက် ၀င်ရောက် နေရာယူနေတယ်။ ပြည်တွင်းထုတ်တွေ မဟုတ်တာတော့ သေချာတယ်။ ပြည်တွင်းလုပ်ငန်းတွေက ပြည်ပက ၀င်ရောက်လာတဲ့ မိတ်ဆက်တွေလောက် ငွေအရင်းအနှီး မရှိသေးတော့ သူတို့လည်း စိတ်ကြိုက် အစွမ်းပြ မိတ်ဆက်ပွဲ မလုပ်နိုင်သေးလို့သာပေါ့။

စဉ်းစားစရာက မြန်မာပြည်က ခုမှ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတုန်း။ ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ စားသုံးသူ လို့ အထင်ရောက်ပြီး သုံးမယ် စွဲမယ် ဖြုံးမယ် ၀ယ်မယ် ဘယ်လိုလို့ လုပ်နိုင်မှာတုန်း။ ခြိုးခြံချွေတာသူတွေ သက်သာချောင်ချိရေးလမ်းစဉ် လိုက်သူတွေအဖြစ် ပြင်ဆင်တွေးခေါ်ရမယ့် အလေ့အကျင့်တွေ မလုပ်နိုင်ကြတော့ဘူးလားလို့ မေးခွန်းထုတ်ချင်စရာပါ။

“အင်တာနက်နဲ့ နည်းပညာဟာ သင့်ကို လွတ်မြောက်စေမယ်” လို့ ၀ါဒဖြန့်ကြတယ် ကြွေးကြော်ကြတယ်။ အခုချိန်မှာ ပြည်သူတွေဟာ ဖုံးဘီလ်တွေ အင်တာနက်ဘီလ်တွေ တယ်လီဖုံးဈေးတွေအောက်မှာ ပိနေကြတယ်။ ဘယ်လိုလုပ် သူတို့ လွတ်မြောက်ကုန်ကြတာလဲလို့ မေးမြန်းချင်စရာပါ။ ဖုံးဘီလ်ဖြည့်ရင်းနဲ့ အွန်လိုင်းပေါ်က ၀ယ်စရာတွေ သွားစရာတွေ စားစရာတွေ ကြော်ငြာတွေကော၊ အချင်းချင်း လက်တို့တာတွေကော အများကြီးပါ။ တကယ်တန်း ပြောရရင် အင်တာနက်နဲ့ နည်းပညာဟာ သင့်ကို လွတ်မြောက်စေတယ် ပြီးတော့ စားသုံးသူအဖြစ် အကျဉ်းကျသွားစေတယ်လို့ ပြောရင် ပိုမှန်မယ်။

ဘာကြောင့် သည်လိုပြောရသလဲဆိုတော့ မြန်မာပြည်ဟာ စစ်အာဏာရှင်လက်အောက်မှာ ပိပြား ငြိမ်ဝပ်နေရစဉ်က အင်တာနက်နဲ့ နည်းပညာကို သုံးစွဲပြီး ဒီ/လှုပ်တွေက တွန်းလှန်တိုက်ပွဲ ၀င်ခဲ့ကြတယ်။ သူတို့တွေဟာ ရှိစုမဲ့သူ ငွေကြေး၊ နည်းပညာတွေနဲ့ အင်တာနက်ကို အသုံးချပြီး စစ်အာဏာရှင်တွေ စစ်အုပ်စုကို တော်လှန်ခဲ့ကြတယ်။ ကိုမင်းကိုနိုင်တို့လို့ ၈၈ မျိုးဆက်တွေ၊ ကိုဇာဂနာတို့လို့ အနုပညာရှင်တွေကို ထောင်ဒါဏ် အနှစ် ၅၀၊ ၆၀ နဲ့ စစ်အုပ်စုတွေက ဖမ်းချုပ် နင်းခြေခြင်း ခံခဲ့ရပါတယ်။ အဲသည်တုန်းက စားသုံးသူယဉ်ကျေးမှုဆိုတာ ဘယ်ချောင်နား ရောက်နေမှန်းတောင် မသိရပါဘူး။ သည်လိုနဲ့ အင်တာနက်နဲ့ နည်းပညာဟာ သင့်ကို (စစ်အုပ်စုရဲ့ လက်ဝါးကြီးအုပ်မှု) အောက်က လွတ်မြောက်စေပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေအားလုံးဟာ စားသုံးသူယဉ်ကျေးမှုအောက်မှာ အကျဉ်းကျသွားတယ်ဆိုတာ အခုလက်ရှိ အခြေအနေဟာ သက်သေပဲ ဖြစ်ပါတော့တယ်။

စစ်အုပ်စုရဲ့ လက်ဝါးကြီးအုပ် ဖိနှိပ်မှု နင်းခြေမှုအောက်က လွတ်မြောက်အောင် ရုန်းကန်နေရဆဲ မြန်မာပြည်သူလူထုဟာ လက်ရှိအခြေအနေမှာ စားသုံးသူယဉ်ကျေးမှုနဲ့ တွေဝေ မိန်းမော သာယာနေကြတာကို သတိပြုမိစေချင်လို့ သည်စာကို ရေးရတာဖြစ်ပါတယ်။ စစ်အုပ်စုလက်အောက်မှာ မြန်မာတွေဟာ ခြိုးခြံချွေတာပြီး မိသားစုတွေကို ထောင်ဝင်စာ ပို့ခဲ့ကြရတာပါ။ ကိုယ်ချင်းစာနာသူ မိမိပတ်ဝန်းကျင်ဟာ ဒုက္ခခံစားနေရသူတွေ သက်သာချောင်ချိစေဖို့ ၀ိုင်းဝန်းပြီး တယောက်တလက် ကူညီနေခဲ့ကြတာပါ။ ဆက်လက်ပြီးတော့လည်း သည်သဘောထားမျိုးနဲ့ ချိန်ထိုးပြီး မိမိတိုင်းပြည်အခြေအနေကို ရင်ဆိုင်ကြရမလဲဆိုတာ မေးမိပါတယ်။

စစ်လက်နက် ကျည်ဆံ အသက်အိုးအိမ် စည်းစိမ်တွေ ဖြုန်းတီးပြီးတော့ ပြည်တွင်းစစ်တွေ ဖြစ်နေဆဲ၊ ယခင်အစိုးရအဆက်ဆက်ရဲ့ အလွဲသုံးစားမှုတွေ ဖျက်ဆီးဖြိုဖျက်မှုတွေ အဂတိမှုတွေ၊ လုပ်ကြံမှုတွေ အမြောက်အများရဲ့ ဒဏ်တွေ အကြီးအကျယ် သင့်နေတဲ့ မြန်မာပြည်ဟာ ဆင်းရဲမွဲတေနေဆဲ၊ သည်ကြားထဲ “စားသုံးသူတွေ အမြဲမှန်တယ်၊ စားသုံးသူဟာ ဘုရင်ပဲ” ဆိုတဲ့ “ဆေးဆိုးထားတဲ့ အစာတွေ” စားသုံးပြီး မိမိတို့ကိုယ်တိုင်ကော တိုင်းပြည်အတွက်ပါ ခြိုးခြံ ချွေတာရေး သက်သာ ချောင်ချိရေးကို ဦးစားပေး အတွေးအခေါ် လှုပ်ရှားမှုအဖြစ် ကျနော်တို့ မြန်မာတွေ မစဉ်းစားသေးတာ၊ မူဝါဒ ချမှတ်ခြင်း မပြုနိုင်ကြသေးတာ ၀မ်းနည်းစရာပါခင်ဗျား။

ရန်ကုန်မြို့တော်ကြီးမှာ ဘတ်စ်ကားတွေ ကြပ်ပါတယ်။ လမ်းတွေလည်း ပိတ်ဆို့လှပါတယ်။ ယာဉ်လုပ်သားတွေကလည်း ကြမ်းတမ်း ရိုင်းစိုင်းလှပါတယ်။ အဲသည်ရဲ့ မွန်းကြပ်မှုဘေးထွက် ဆိုးကျိုးတွေက များပြားလှပါတယ်။ စာရိတ်တွေကလည်း တက်ပြီးရင်း တက်ဆဲပါပဲ။ အဲသည်အတွက် စားသုံးသူတွေက ဘယ်လို ခြိုးခြံချွေတာရေး လမ်းကို ရွေးရမှာလဲ။ လမ်းလျှောက်ကြရမှာလား။ စက်ဘီး စီးကြရမှာလား။ အုပ်ချုပ်သူတွေ အာဏာပိုင်တွေကကော ဘယ်လို သက်သာချောင်ချိရေး နည်းလမ်းတွေ ထုတ်သုံးကြမှာလဲ။ ဘတ်စ်ကားလိုင်းတွေ တိုးချဲ့ဖို့လား၊ ကားလမ်းတွေ ယာဉ်ကြောပိတ်တာ လျော့ချပေးဖို့လား၊ လမ်းပေါ်က ကားတွေ လျော့ချမှာလား၊ ခရီးသည်တွေ လျော့ချမှာလား။ ဘာလဲ၊ ဘယ်လဲ။ စားသုံးသူတွေကိုယ်တိုင်ကကော ဘတ်စကားလိုင်းတွေကို တွင်တွင်ကြီး စားသုံးနေတာကို ဘယ်လို လျော့ချကြမှာလဲ။ စဉ်းစားစရာတွေပါ။

အထက်က ရေးခဲ့မိသလိုပါပဲ။ သတင်းထောက်အသစ်ကလေးက မြို့သစ်ကနေ မြို့ထဲကို အကြိမ်ကြိမ် ဘတ်စကားနဲ့ စီးပြီး ဆရာကြီးများ ကျင်းပတဲ့ သင်တန်းတွေ ၀ပ်ရှော့တွေ တက်ပြီး ပညာရှာတယ်။ ပြီးတော့ ဟိုတယ်ကြီးမှာ ကျင်းပတဲ့ ကုန်စည်မိတ်ဆက်ပွဲကို တက်ပြီး ကြော်ငြာသတင်းရေးလိုက်တယ်။ ကြော်ငြာသတင်းက မိတ်ဆက်တဲ့ ကုန်စည်ကို တင်ထားတဲ့ ရှော့ပင်မောလ်ကြီးတွေကို စားသုံးသူအဖြစ် စိတ်ကြီးဝင်နေသူတွေက ဘတ်စကားအဆင့်ဆင့်စီးပြီး သွားကြတယ်၊ လေ့လာကြတယ်။ မြည်းစမ်းကြတယ်။ အဲသည် ဖြစ်ရပ်မှာ ခြိုးခြံချွေတာရေးနဲ့ သက်သာချောင်ချိရေးကို ဘယ်လိုမျိုး ညီမျှခြင်း ဆွဲကြရမှာလဲ။

အင်တာနက်နဲ့ နည်းပညာက သင့်ကို လွတ်မြောက်စေတယ်၊ ပြီးတော့ စားသုံးသူအဖြစ် အကျဉ်းကျသွားစေတယ်။