ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂျပန်ဝတ္ထုရေးဆရာ ခါဝါ့ဘာ့တ ယာစုနာရိ ရေးသားသော ပန်းပွင့်လေးတွေပေါ်လာတဲ့ ဓာတ်ပုံ


ဂျပန်ဝတ္ထုရေးဆရာ ခါဝါ့ဘာ့တ ယာစုနာရိ ရေးသားသော ပန်းပွင့်လေးတွေပေါ်လာတဲ့ ဓာတ်ပုံ
(ဒေါက်တာကျော်တင့် ဘာသာပြန်)
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆


(၁)
သားအိမ်ဆီလာဆက်ထားတဲ့ မမျိုးဥအိမ်ကိုထုတ်ပစ်လိုက်ရသူဆိုတာက ကျုပ်အမျိးထဲမှာလည်း တယောက် ရှိခဲ့ဖူးတယ်။ အဲသလိုခွဲထုတ်ရတော့ ကျုပ်အစ်မက အိမ်ထောင်ကျပြီးလို့ သား ယောကျာ်းလေးတယောက်မွေးပြီးတဲ့ အခါမှပါ။

မမျိုးဥအိမ်မရှိတော့တဲ့နောက်မှာ သူဟာ ရုတ်တရက် ဝတုတ်လာခဲ့တယ်။ နောက် ဒီထက်ပိုပြီး ဝစရာမရှိနိုင်တော့ လောက်တဲ့အဆင့်လည်းရောက်တဲ့အချိန်မှာပဲ၊ ပင်လယ်လင်းပိုင်လို အံ့ဩစရာကောင်းလောက်အောင် အထပ်ထပ် ဖိုင့်လာတဲ့အဆီတွေက သူ့ကိုယ်ထဲမှာရှိနေတဲ့ ဝိညာဉ်ကောင်လေးကိုများ သွားဖိညှပ်ထားလိုက်လေသလားမသိဘူး၊ သူစိတ်က နည်းနည်းပြောင်းလာခဲ့ပြီး၊ အခုတလှည့်မှာတော့ ရုတ်တရက် ပိန်ချုံးလာခဲ့ပြန်တယ်။

အဲဒီနောက်ပိုင်းမှာတော့ အသားအရောင် မဲမဲခြောက်ခြောက်အမျိုးသမီးတယောက် ဖြစ်လာခဲ့ တော့တာပါပဲ။

အဲသလို သူ့မှာအပြောင်းအလဲတွေဖြစ်နေတုန်းက ကျုပ်က ကလေးပဲ ရှိသေးတယ်။ ကလေးဖြစ်တဲ့ ကျုပ်က သူအဲလိုဖြစ်သွားတာမြင်ရတော့ အတော့်ကို ဝမ်းနည်းခဲ့ရတယ်။

ဘာလို့ဝမ်းနည်းတာလဲဆိုရင် ကျုပ်က ဒီအစ်မနဲ့ တောင်ပေါ်က ဘုရားတဆူကို အတူတူ သွားဖူး ဖူးခဲ့လို့ပဲ။

အဲဒီတုန်းက သူဟာ ကျောင်းသူဘဝပဲ ရှိသေးတယ်။ ကျုပ်ကလည်း လူမမယ်ကလေးပဲ။ ကျုပ်ကို သူက လက်ဆွဲခေါ်လို့၊ ​ကျုပ်က သူ့ပါးပြင်ကလေးကို မော့ကြည့်ရင်းနဲ့ လမ်းလျှောက်လိုက်သွားခဲ့တာ။ အင်း၊ သူ့ကိုပဲ တချိန်လုံး မော့ကြည့်ပြီးတော့ လျှောက်လိုက်နေခဲ့တာ ဖြစ်ပုံရတယ်။ သူ့ရဲ့ပါးပြင်ဖြူနုနုကလေးကို မှတ်မိနေတာကလွဲလို့၊ တောင်ပေါ်ကဘုရားကိုရော၊ အဲဒီကိုသွားတဲ့ လမ်းကိုရော၊ နောက် သူ့မျက်နှာပေါက်ကိုပါ ဘာဆိုဘာတခုမှ ကျုပ်သတိပြန်မဖော်နိုင်တော့ဘူး။ သူ့ပါးပြင်က တံတိုင်းမွှေးပွင့်ဖတ်ကလေးလို၊ နောက်ပြီး လဝန်းဖြူဖြူကလေးလို၊ သို့ပေမဲ့ စမ်းကြည့်ရင်နွေးနွေးလေးပုံ။ မြူငွေ့တွေဆိုင်းနေတဲ့ညမှာ လမ်းမီးတိုင်ကဖြာကျနေတဲ့ အလင်းရောင်လို လှပတယ်၊ နွေးထွေးတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအစ်မရဲ့ ပါးပြင်ဖြူဝိုင်းဝိုင်းကိုသတိရမိတိုင်း ကျုပ်ဟာ ငယ်စဉ်ကလေးဘဝရဲ့နှလုံးသားနုနုကို တခါပြန်ပြီး ရသလိုဖြစ်နေပါတယ်။

အမျိုးသမီးလှလှလေးရဲ့ ပါးစုံမို့မို့လေးကိုကလေးတယောက်ရဲ့နှလုံးသားလေးနဲ့နောက်ထပ်တခါ မော့ကြည့်ချင်လိုက်ပါဘိလို့ ကျုပ် အမြဲဖြစ်မိတယ်။


သို့ပေမဲ့ အဲဒီ ကျုပ်အစ်မဝမ်းကွဲ မမျိုးဥအိမ်ထုတ်ဖို့ ခွဲစိတ်မှုခံယူခဲ့ရတုန်းက သူ့ကလေးက အသက်ငါးနှစ်ကျော် ခြောက်နှစ်တောင်ရှိနေပြီ။ တကယ်တော့ အခုမှ အသက်​ ဆယ့်ခွန်နှစ်နှစ်သာ ရှိသေးတဲ့ ဒီကလေးမလေး မိစကို ခွဲရမှာနဲ့ ယှဉ်ကြည့်ရမယ်ဆိုရင် ဘယ်လိုမှမတူနိုင်ကြချေဘူး။ ဘာပဲဖြစ်ဖြစ် မမျိုးဥအိမ်ထုတ်ယူတဲ့ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး ကျုပ်ရဲ့စိုးရိမ်စိတ်ကြီးတဲ့ခံစားချက်က ကျုပ်အစ်မ ခွဲရကတည်းက ရလာခဲ့တယ်ဆိုရင် လွဲမယ်မထင်ဘူး။ ဒါကြောင့် ပိုစိတ်မကောင်းရတာ။ အဲလေ၊ ဟုတ်သားဘဲပေါ့၊ မိစကိုက ငယ်ငယ်ရွယ်ရွယ် မိန်းကလေးဆိုတော့ ပိုစိတ်မကောင်း ရတာပေါ့။ သူလေးလည်း အဲဒီခွဲစိတ်မှုကိုခံယူရရှာတော့မှာမို့ ကျုပ်ရဲ့စိတ်ခံစားချက်ကို လာခိုက်တာနေတာလို့ပဲဆိုရလိမ့်မယ်။ သူ့ကို ဓာတ်ပုံရိုက်ပေးခဲ့ဖြစ်တာတောင် အဲသည်ဝမ်းနည်းမှု ခံစားချက်က ရှေ့ဆောင်ခဲ့လို့ပဲနေမှာပါ။

ဆန်းတာက ရလာတဲ့ အဲသည်ဓာတ်ပုံပေါ့။

ဖလင်ဆေးကြည့်လိုက်တော့ ဒီမိန်းကလေးရဲ့ပုံနဲ့အတူ ပန်းပွင့်လေးခွန်နှစ်ပွင့်က နည်းနည်းခပ်ဝါးဝါးပေမဲ့ အထင်အရှားပေါ်ထွက်လာတာမဟုတ်လား။

တခုသောတက္ကသိုလ်ဆေးရုံရဲ့ကွန်ကရစ်အမိုးပြားပေါ်မှာ မိစကိုက မတ်တပ်ရပ်နေခဲ့တယ်။ သူ့ရဲ့ နောက်ခံအဝေး ရှုခင်းကတော့ မြို့လယ်ကတိုက်တာအဆောက်ဦးတွေရယ်၊ ရထားသံလမ်း အတွက်မြှင့်တင်ထားတဲ့ တံတားတန်းရှည်ကြီးရယ်ရှိကြတယ်။ အဲဒီပုံရိုက်တုံးကချိန်ခဲ့တဲ့ ကျုပ်ကင်မရာ မှန်ဘီလူးမှာချိန်ထားတဲ့ဆုံချက်အနေထေားအရ ဟိုအ​ဝေးကြီးကအရာဝတ္ထုတွေရဲ့ပုံရိပ်တွေကို ထင်လာအောင် လုပ်ထားတာမဟုတ်ခဲ့သလို တကယ်တမ်းလဲ အဲဒီနောက်ခံတွေက ပုံထဲမှာ မပါလာခဲ့ပါဘူး။ တကယ်လို့ အဝေးမှာရှိနေတဲ့ တိုက်တွေ သံလမ်းတံတားတွေက ပုံထဲမှာ ပါလာခဲ့တယ်ဆိုရင်တောင် ပန်းပွင့်တွေက ပါသင့်တာ မဟုတ်သေးဘူး။ ပန်းပွင့်ဆိုတာက အဲဒီနားတဝိုက် ဘယ်​နေရာမှာမှ ရှိခဲ့တာမဟုတ်တာ။

ဒီလိုဆိုရင် နှစ်ခါပြန်ရိုက်မိတာများ ဖြစ်ချေမလား။ ကျုပ်ကမှားပြီးတော့ ဒီဖလင်တကွက်ထဲကိုပဲ နှစ်ခါပြန်သုံးကာ ရိုက်မိတာများ ဖြစ်သွားခဲ့တာလား။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် ပန်းတွေကိုဓာတ်ပုံရိုက်ခဲ့တာမျိုးကို လုံးဝဥဿုံ အမှတ်မရဘူးလေ။

ဆိုတော့ …. ကျန်တဲ့စဉ်းစားလို့ရနိုင်မယ့်တခုထဲသောဖြစ်နိုင်ချေက ကျုပ်မသိလိုက်တဲ့အချိန်မှာ တစုံတယောက်က ကျုပ်ရဲ့ကင်မရာကို ယူသုံးလိုက်လို့ပဲ။ အဲဒီလူက ပန်းပွင့်တွေကို ရိုက်ထားတဲ့ ဖလင်ချပ်နဲ့ကျုပ်က မိစကိုရဲ့ပုံကို ထပ်ရိုက်မိလို့ပဲ။ သို့သော် ဒီလိုဖြစ်ရ​အောင်ဆိုတာကလည်း ဆေးပြီးသားဖလင်ကို တချက်ကြည့်လိုက်တာနဲ့ဆိုခဲ့သလိုမဟုတ်ကြောင်း သိသာလှတယ်။ ပုံထဲက ပန်းခွန်နှစ်ပွင့်က တပွင့်နဲ့တပွင့် ရှေ့နောက်အနီးအဝေး တူကြတာမှမဟုတ်တာ။ အဲဒီပန်းတွေထဲက ဘယ်တပွင့်ကိုမှ ပြတ်သားအောင်ချိန်ထားနိုင်တာမျိုးမဟုတ်သလို၊ ပျံနေတဲ့လိပ်ပြာလေးတွေကိုများ ရိုက်ထားလိုက်သလို၊ ရိုးတံတွေလဲမပါ၊ ပန်းအိုးတွေလဲမပါနဲ့မို့။


အဟုတ်ကိုပဲ၊ အဲဒီထဲမှာက လိပ်ပြာကလေးတွေလိုဝဲပျံနေတဲ့ ပန်းပွင့်ကလေးတွေပါ။ ခရမ်းဖျော့ရောင် ဖူဂျီပန်းကလေးတွေလိုလို၊ ပဲနွယ်ပန်းပွင့်ကလေးတွေလိုလို။ သီကုံးချင်စိတ်ပေါက်လာစေမဲ့ ပန်း​ပွင့်မျိုးလေးတွေပါ။ ဘာပန်းလဲလို့အမျိုးအစားအတိအကျပြောနိုင်ဖို့အထိတော့ မြင်ရတဲ့ပုံပန်း သဏ္ဍာန်က နည်းနည်းဝါးလွန်းတယ်။ ဒါပေမဲ့ ဒီပန်းလေးတွေက ကောင်းကင်မှာ ပျံနေတာနော။ ဟုတ်သေးပါဘူး။ ကောင်းကင်မှာမျောနေတဲ့သက်ရှိသတ္တဝါဆိုတာက ရှိတာမဟုတ်လို့ ပျံနေတယ်လို့ဆိုမိပေမဲ့ တကယ်ကလွင့်မျောနေတယ်လို့ဆိုမှ ပိုမှန်လိမ့်မယ်ထင်ပါရဲ့။

အဲဒီဓါတ်ပုံကိုကြည့်ပြီး ကျုပ်က စဉ်းစားနေမိတာပေါ့။ ပန်းဆိုတဲ့သဘောက ပွင့်ပြီးရင် အားလုံးဟာ​ ကြွေကျပြန့်ကျဲသွားရတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် တကယ်လို့များ ပန်းပွင့်ကလေးသာ သူဖူးပွင့်ခဲ့ရာ အကိုင်းနဲ့အပင်ကိုခွဲခွာပြီး တမုဟုတ်ချင်းမှာ ပျားပိတုန်းလေးတကောင်လို ကောင်းကင်ယံထက်ကို ဝဲလည်လှည့်ပတ် ပျံသန်းနိုင်ခဲ့မယ်ဆိုရင် အင်မတန်မှ ကြည်နူးစရာ ကောင်းလိုက်မှာ မလွဲနိုင်ပါဘူးလို့ပေါ့။

နည်းနည်းပါးပါးပဲဆိုဆို အဲသလို အသက်ဝင်မှုရဲ အရိပ်အငွေ့လေးတွေက ဓာတ်ပုံထဲက ပန်းပွင့်လေးတွေမှာ ထင်ဟပ်လို့နေတယ်။ ဒီမှာတင် သံသယအသစ်တခုက ထပ်ပေါ်လာပြန်တယ်။ ဓညတ်ပုံထဲမှာပေါ်နေတာက ပန်းပွင့်လေးတွေလို့ထင်ရပေမဲ့၊ တကယ်အစစ်အမှန်က လိပ်ပြာလေးတွေပဲမဟုတ်ဘူးလား။ အခုရာသီကာလကိုက သစ်ပင်တွေစိမ်းလန်းနုပျိုပြီး၊ ပျားပိတုန်းလိပ်ပြာတွေ မြူးပျော်တဲ့အခါသမယဖြစ်တာကိုး။

ဘာပဲဖြစ်ဖြစ် ကျုပ်က အဲဒီနေရာမှာကိုပဲ တခါထပ်ပြီးဓာတ်ပုံအသစ်တွေရိုက်ကြည့်ဖို့ လုပ်တော့ တာပါပဲ။ သံလမ်းတံတားရော မြို့လယ်ကအဆောက်ဦတွေပါ သေသေချာချာ ပေါ်လွင်ထင်ရှား အောင်ပေါ့။ ဒီတခါတော့ မှန်ဘီလူးဆုံချက်အကွာအဝေးအနေအထားကို အမျိုးမျိုးပြောင်းပြီး ရိုက်ခဲ့တယ်။ ပြီးတော့ မိစကို မပါဘူး။ ဟော… ပုံသစ်တွေထဲမှာ ပန်းကလေးတပွင့်တလေကိုမှ မမြင်ရချေပါဘူး။

အရင်တခါရိုက်ခဲ့တဲ့ဓာတ်ပုံထဲမှာ ဘယ်ကမှန်းမသိတဲ့ပန်းပွင့်တွေ မပီမသနဲ့ပါသွားလို့ အရမ်းအားနာ လိုက်တာ၊ နောက်ထပ်တခါပြန်ရိုက်ပေးမယ်နော်လို့၊ ကျုပ်က မဖြစ်တဲ့အဆုံး မိစကို ကို တောင်းပန်ဖို့မှတပါး အခြားမရှိခဲ့တော့။

ဟောတော့.. ကျမ ဒီလောက်ထိတောင်ဖြစ်နေပြီတဲ့လား။

မိစကိုဟာ ကုသိုလ်ဖြစ်လူနာတယောက်အနေနဲ့လာဆေးရုံလာတက်နေတာ။ ကုသိုလ်ဖြစ်လူနာတွေရဲ့စိတ်ထဲမှာ မှန်ကိုတောင်ကြည့်ချင်စိတ် သိပ်မရှိလေရော့သလား။ မိန်းကလေးက ကိုယ့်ဓာတ်ပုံကိုယ်ကြည့်ပြီး အံ့ဩသွားလိုက်ရှာတာများ။


လာပြန်ပြီလား….လို့ ကျုပ်က အသံထွက်အောင်ပြောမိသွားရတာက လှပချောမောလှတဲ့ အမျိုးကောင်းသမီးလေးကို တွေ့လိုက်လို့ပါ။ ပင်ကိုယ်က ချောတာရယ်၊ ကောင်းမွန်သားနားတဲ့ ဝတ်စားဆင်ယဉ်မှုတွေရယ်ကြောင့် ဒီသမီးလေးဟာ ဆေးရုံမှာ ထင်ပေါ်နေခဲ့ပါတယ်။ သူက ခြောက်လတောင် ဆေးရုံတက်နေတာဆိုတော့ ပိုမျက်နှာတန်းမိနေကြတာပေါ့။

ဒီမိန်းကလေးမှာက လက်ထပ်ဖို့ စေ့စပ်ထားတဲ့သူရှိနေပြီးပြီဆိုပဲ။ ဒီတော့ သူဟာ ဆေးရုံမှာနေပြီး၊ မင်္ဂလာပွဲဆင်နွှဲနိုင်ဖို့ စောင့်နေတာတဲ့။ ပိုပြီးရှင်းအောင်ပြောရရင် ဒီမိန်းကလေးဟာ သန့်စင်ကောင်းမွန် တဲ့မမျိုးဥအိမ်တစုံကို စောင့်မျှော်နေခြင်းသာ ဖြစ်ပေတယ်ပေါ့။

ဘာလိုလိုနဲ့ ဟိုကလေးမလေးက ..လို့ သူနာပြုဆရာမက ဆေးရုံကော်ရစ်ဒါမှာ ကျုပ်ကို ပြောလာ ပါတယ်။ ဆွတ်ဆွတ်ဖြူတဲ့ဆေးရုံဝတ်စုံကို နဖူးကနေခြေဖျားအထိဖုံးအောင်ဝတ်ထားရတဲ့ မိစကိုရဲ့ နောက်ကျောကို အဝေးကနေ လက်ညှိုးညွှန်ရင်း ပြောတာပါ။

အခန်းနံပါတ်၉က အမျိုးကောင်းသမီးတော်လေးကို မင်္ဂလာဆောင်နိုင်အောင် လုပ်ပေးမလို့တဲ့ရှင့်။

ခွဲစိတ်တာက ပြီးတောင်ပြီးသွားပြီလား။

မနက်ဖြန်မှပါရှင့်။

ကျုပ်က ရှေ့ကိုခပ်သုတ်သုတ်လျှောက်လိုက်ပြီး မိစကိုကို ဖြတ်ကျော်ပြီးခဲ့တာနဲ့ မဆိုင်းတော့ဘဲ၊ ဒီမိန်းကလေးက ကလေးအရွယ်လေးပဲရှိသေးတာမဟုတ်လားဗျာလို့ သူနာပြုဆရာမကို မေးလိုက်ပါတယ်။

ဆယ့်ခွန်နှစ်နှစ်လို့ဆိုပါတယ်ရှင့်။

ဒီအရွယ်လေးနဲ့ ဘာလို့မမျိုးဥအိမ် ထုတ်ပစ်ရမှာလဲ။

ဟုတ်ပါ့ရှင်။ အဲဒီမိန်းကလေးက ကုသိုလ်ဖြစ် အခမဲ့လာကုတဲ့အထဲကဆိုတော့ အကြောင်းပြစရာအချက်အလက်ကောင်းကောင်းတခုခုတော့ ရှိမှာပါ။

ဒီအရွယ်လေးနဲ့လက်ထပ်ခဲ့ပြီးသားမို့လား။ လက်မထပ်ရသေးရင်တောင် ကလေးရလောက်တဲ့ အခြေအနေရှိခဲ့တာမို့လား။

တောင်းပန်ပါတယ်။ လူနာရဲ့အတွင်းရေးလိုဟာမျိုးကိုပြောမိလို့ခွင့်လွှတ်ပါရှင်။ ဒါပေမဲ့ ဟိုဘက်ကပုဂ္ဂိုလ်ရဲ့ ဂုဏ်အဆင့်အတန်းအတွက်လုပ်ရတာတော့ မဟုတ်တာသေချာပါတယ်။ ဒီဆေးရုံကြီးပေါ်မှာ ဆေးပညာအရမလိုအပ်ဘဲ ဘယ်လိုခွဲစိတ်မှုမျိုးကိုမှ လုပ်တာမှမဟုတ်တာရှင်။

ကိုယ့်ရဲ့မမျိုးဥအိမ်ကို ဟိုအမျိုးကောင်းသမီးလေးဆီပေးရမှာဆိုတာကိုလေ၊ ဒီကလေးမလေးက သိရဲ့လား။

သိမှာမဟုတ်ဘူးထင်ပါတယ်။ ပေးရတဲ့သူကိုရော၊ ယူရတဲ့သူကိုရော ဆရာဝန်ကမှအသိမပေးခဲ့ရင်။ မျိုးဥအိမ်ဟာ မျိုးဥအိမ်သက်သက်သာဖြစ်နေပြီး ဘယ်မိန်းမသားကမှ ပိုင်နိုင်တာမျိုးမဟုတ်တာရှင်။







မျိုးဥအိမ်သက်သက်တဲ့။

ဟုတ်လိုက်လေလို့တွေးရင်း အဲသလောက် နှစ်သိမ့်ပေးတဲ့ စကားအလိမ္မာလေးကိုပိုက်ကာ ကျုပ်ဟာ ဆေးရုံအမိုးပေါ်မှာရှိတဲ့ဥယျာဉ်ခြံကလေးဆီကို တက်လာခဲ့တယ်။ ခပ်လှမ်းလှမ်းက ရထားသံလမ်းတံတားထက်မှာတော့ အမည်းရောင် ကုန်တင်ရထားတစင်းက ပြေးနေတယ်။

မမျိုးဥအိမ်ကိုယ်တိုင်က သူရဲကောင်းအာဇာနည်လေးလား။ ခွဲစိတ်ဆရာဝန်ကပဲအာဇာနည်လား။ သို့တည်းမဟုတ် အမျိုးကောင်းသမီးကလေးကပဲ အာဇာနည်လေလား။ ဘာပဲဖြစ်ဖြစ် ဒီခွဲစိတ်မှုမှာ တော့ အာဇာနည်အသစ်တယောက်က နောက်ကွယ်မှာရောက်နေတာပဲလို့ ကျုပ်စိတ်ထဲမှာ တွေးနေမိတာပေါ့ဗျာ။

ခွဲစိတ်ခန်းထဲမှာ ခုတင်နှစ်ခု။ အဲဒီခုတင်တွေအသီးသီးပေါ်မှာ အမျိုးသမီးငယ်နှစ်ယောက်ဟာ ကိုယ်လုံးတီးနဲ့ လဲလျောင်းနေကြတယ်။ မေ့ဆေးပေးခံထားရတာမို့အိပ်မောကျနေကြလေရဲ့။ ဝမ်းဗိုက်တွေရဲ့နေရာအတူတူလောက်ကနေ ခွဲပြီး ဖွင့်ကြမယ်။ ပြီးတော့ မိန်းကလေးနှစ်ယောက်လုံး မျက်စိပြန်ပွင့်မလာမီ နံပါတ်တစ်မိန်းကလေးရဲ့မမျိုးဥအိမ်တွေဟာ နံပါတ်နှစ်မိန်းကလေးရဲ့ ဝမ်းဗိုက်ထဲကို ပြောင်းထည့်ခံရတော့မှာ။

အမျိုးကောင်းသမီးလေးက ဆင်းရဲသားမိန်းကလေးဆီကရတဲ့သားဥအိမ်တွေကိုယူပြီး လက်ထပ်မင်္ဂလာဆောင်တော့မှာ။ ကလေးတွေမွေးတော့မှာ။ ရလာတဲ့ကလေးက ဘယ်သူ့ ကလေးများပါလိမ့်။ အမျိုးကောင်းသမီးလေးရဲ့ကလေးပေလား။ မိစကိုရဲ့ကလေးပေလား။

သူ့ဘာသာရှိနေတဲ့ မျိုးဥအိမ်သက်သက်မို့၊ ဘယ်မိန်းမရဲ့ပစ္စည်းရယ်လို့မှ ယတိပြတ်မဆိုနိုင်ဘူးရှင့်..လို့ သူနာပြုဆရာမကတော့ အလိမ္မာသုံးပြောသွားခဲ့တာပဲ။ ကျုပ်လည်းပဲ အဲဒီအတွေးအခေါ်ကို ပုံတူကူးသုံးချလိုက်မယ်ဆိုရင် မွေးလာတဲ့သူဟာ ကလေးတယောက်ဖြစ်တာသက်သက်မို့ ဘယ်မိခင်ရဲ့ ကလေးမှမဟုတ်ဘူးလို့ ပြောရတော့ မှာပဲလား။

သို့သော်လည်း ဆေးရုံရဲ့ဆေးသိပ္ပံပညာပေးပြခန်းထဲက ဖန်ပုလင်းတခုထဲမှာ ဆေးရည်အစိမ်ခံရပြီး အသက်ပျောက်ခဲ့ရမှာနဲ့၊ အခုလို အမျိုးကောင်းသမီးလေးနဲ့အတူလက်ထပ်ထိမ်းမြားပြီး ပဋိသန္ဓေတည်ရမှာကို ယှဉ်ကြည့်လိုက်။ ဒီနှစ်ခုဟာ မိစကိုရဲ့မမျိုးဥအိမ်အတွက် အင်မတန်မှ ကွာခြားလွန်းလှတဲ့ကံကြမ္မာလမ်းနှစ်သွယ်ပါ။

အင်းလေ၊ ဒီ မျိုးဥအိမ်ကလေး တစ်ခုနှစ်ခုက ဘယ်ကနေလာပြီး ဘယ်ကိုသွားမှာလဲဆိုတာကို ဆေးရုံအမိုးပေါ်က ဥယျာဉ်လေးထဲမှာ တောင်စဉ်ရေမရ အစဉ်းစားလွန်သွားလို့များလား မသိပါ ဘူး။ ကျုပ်မှာ နွေဦးပေါက်ရဲ့နေဝင်ဆည်းဆာအချိန်မှာရတတ်တဲ့ လွမ်ဆွေးမှုကလေးခံစားလာရပြီး နွမ်းနယ်လာတယ်လို့ထင်မိတယ်။ ဟုတ်မှာပေါ့၊ နောက်ဆုံးပိုင်းလောက်မှာတော့ သတိတောင် လွတ်လောက်မတတ် အတွေးရေယာဉ်ကြောမှာ မျောသွားခဲ့တာမဟုတ်လား။

အဲသည် ကံကြမ္မာလမ်းနှစ်သွယ်မှာ ဘယ်လမ်းကိုပဲလိုက်လိုက် ဘာမှကွာခြားလှမှာလည်း မဟုတ်ပါဘူး။ အိန္ဒိယပြည်တောထဲက ကျားသားကနေလုပ်ထားတဲ့ပစ္စည်းက တနေ့သောအခါမှာ ကျုပ်ရဲ့နှလုံးသားထဲကတနေရာရာကို အစားထိုးဝင်ရောက်လာမဲ့ကိစ္စမျိုးက မဖြစ်နိုင်သလို၊ ဆေးရည်စိမ်ခံထားရပြီး အဲသည်ဖန်ပုလင်းထဲမှာ အမြဲထာဝရသေနေရမယ့်အရာဆိုတာလည်း ဒီလောကထဲမှာ ရှိမှာမှမဟုတ်ဘဲဟာ။







ဒါပေမဲ့ ဒီအခြေရောက်ကာမှ ကျုပ်ဆီမှာ အံ့ဩစရာကဖြစ်လာရချေသေးတယ်။

ဒီထက်အများကြီးပိုဆန်းတဲ့ခွဲစိတ်မှုတွေနဲ့ကုယူရတဲ့ အမျိုးသမီးတွေလည်း ရှိတာပါပဲလို့ သူနာပြုဆရာမလေးက ကျုပ်ကို ပြောပေးတယ်။ ကဗျာဆရာတယောက်လိုခံစားချက်နုနုနဲ့ အတော်လေးကိုယောက်ယက်ခတ်နေအောင် ဆောက်တည်ရာမရလှည့်ပတ်သွားလာနေတဲ့ကျုပ်ကို စိတ်ပူတတ်လွန်းရန်ကောလို့ ပြောနေတဲ့သဘောမျိုးပါ။

ဟုတ်တယ်လေ၊ အဲဒီလိုစိတ်ပူပန်မိတာက ကျုပ်ရဲ့အသည်းထိအောင် ခိုက်ဝင်သွားတယ်ဆိုရင်တောင် မှားမယ်မထင်ဘူး။ ဘာလို့လဲမေးလာရင်၊ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးတယောက်စီက မမျိုးဥအိမ်တွေ ကို အတင်းဆွဲယက်ယူတဲ့အဆင့်အထိ ကိုယ့်အိမ်ထောင်ရေးကို ရှင်သန်ဖွံ့ဖြိုးရလေအောင်လုပ်နေတဲ့ အာဂအမျိုးကောင်းသမီးလေးကိုလေ၊ ကျုပ်က သူလေးကို ဒီခွဲစိတ်မှုနဲ့ဆက်နွယ်ပြီး စိတ်ဝင်စားရာက အစ အခုတော့ တိတ်တခိုးချစ်မြတ်နိုးနေမိပြီလို့ထင်တဲ့အတွက်ကြောင့်ပါပဲ။

အဲသည်မိန်းကလေးက အခုထိ တကြိမ်လောက်ဖြစ်ဖြစ် လက်ထပ်ခဲ့ဖူးတာ မဟုတ်ဘူးလား။ သားမျိုးဥအိမ်က မကောင်းလို့ အိမ်ထောင်ကွဲခဲ့ရတာမဟုတ်လား။

မဟုတ်ပါဘူး။ တကယ့်အပျိုစင်သမီးတော်လေးပါရှင်။ အသက်ကလေးကလည်း အခုမှ နှစ်ဆယ် တောင် မပြည့်တတ်သေးဘူးထင်ပါရဲ့လို့သူနာပြုကပြောနေတာများ၊ လူနာရဲ့ ကိုယ်ရေးကိုယ်တာဖုံးဖို့ ဖိဖို့အတွက် နည်းနည်းပါးပါး လိမ်လည်ပြောမယ်စိတ်ကူးရပုံတောင် မပေါ်တော့ပါဘူး။

ဒါပေမဲ့နော်၊ ကျုပ်က အဲသည်အမျိုးကောင်းသမီးလေးကို ကြိုက်မိတာက မျိုးဥအိမ်ကိစ္စနဲ့ ဆက်နွယ်လို့ ပါလို့ဆိုနိုင်ပေမဲ့ အဲသလိုအဖြစ်ကပြောရရင် ရင်တွင်းခံစားမှုထဲကနေလစ်ထွက်လာတဲ့ မှားချက်သာ ဖြစ်ပြီး၊ ဘာမှရေးကြီးခွန်းကျယ်ကိစ္စမဟုတ်ပါဘူး။

အဲသည်ခွဲစိတ်မှုရဲ့ရလဒ်ကနေ မိန်းမသားဖြစ်တဲ့ဒီအမျိုးကောင်းသမီးလေးဟာ ဘယ်လို ဘယ်လောက် အထိ ထွန်းလင်းတောက်ပလာနိုင်မယ်ဆိုတာ ကျုပ်အနေနဲ့ မမှန်းဆတတ်ဘူး။ ရုပ်ရည်ရူပကာရော၊ စိတ်နေစိတ်ထားပါ ပြောင်းလဲလာလိမ့်မယ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပဲ။

ဒီလိုဆိုပြန်တော့ တဖက်က မမျိုးဥအိမ်အဖြုတ်ခံလိုက်ရတဲ့မိစကိုအတွက်ကျတော့ ဘယ်လိုများ နေမှာပါလိမ့်။ ကျုပ်စိတ်ထဲမှာတော့ အစ်မဝမ်းကွဲတုန်းကကြုံရခဲ့တာတွေကိုပဲ ပြေးမြင်လာတော့တယ်။

လူတွေမှာဝိညာဉ်ဆိုတာကရှိသလား၊ မရှိဘူးလားဆိုတဲ့မေးခွန်းကိုလည်း မိန်းမတွေမှာ မျိုးဥအိမ်ရှိလား၊ မရှိဘူးလားဆိုတာ မစဉ်းစားခဲ့ဖူးသလိုပဲ၊ ကျုပ်တော့တခါမှ ခေါင်းထဲထည့်မကြည့်ခဲ့ဖူးဘူး။ သို့ပေမဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ဖြစ်ရပ်အပေါ်မှာသာကြည့်ရရင် ဆန်းတော့ဆန်းပေမဲ့ မမျိုးဥအိမ်ဟာ မိန်းမတွေအတွက် ဝိညာဉ်ဖြစ်နေတယ်လို့များ ဆိုရလေတော့မလား။





အထင်တော့မလွဲလိုက်ပါနဲ့အုံး။ မမျိုးဥအိမ်ဟာ မိန်းမသားတွေရဲ့ဂုဏ်ဒြပ်တရပ်ဖြစ်လို့ မိန်းမတွေရဲ့ဝိညာဉ်ပါဆိုပြီး ပြက်ရယ်စရာစကားလုံးမျိုးသုံးကာ ပြောချင်လို့လည်းမဟုတ်ရပါဘူး။

မျိုးဥအိမ်တွေက မိစကိုရဲ့ဝမ်းဗိုက်ထဲကနေ အမျိုးကောင်းသမီးလေးရဲ့ဝမ်းဗိုက်ထဲကို အရွှေ့အပြောင်း ခံခဲ့ရတာမှန်ပေမဲ့၊ သားမျိုးဥထုတ်ပေးတဲ့သူ့အလုပ်ကိုသူ ပုံမှန်လုပ်နေလျက်ပါပဲ။ သူ့ဘာသာသူ သီးသန့်အသက်ရှင်နေတဲ့ သာမာန်သတ္တဝါတကောင်နဲ့ တူမနေဘူးလား။ ဒီလိုဖြစ်တာကို သူနာပြုဆရာမပြောခဲ့သလိုပြောရမယ်ဆိုရင် မျိုးဥအိမ်ဟာ မျိုးဥအိမ်သက်သက်သာဖြစ်နေပြီး ဘယ်မိန်းမသားကမှ ပိုင်တာမျိုးမဟုတ်လို့ဖြစ်မှာပေါ့။

ဒီတော့ အဲဒီမျိုးဥအိမ်ဟာ ဝိညာဉ်ပါလို့ စဉ်းစားမယ်ဆိုရင်၊ သူ့ဟာသူဝိညာဉ်တခုသက်သက်ဖြစ်နေပြီး ဘယ်သူမှပိုင်ဆိုင်တယ်လို့မပြောနိုင်ဘူးလို့ဖြစ်လာမှာ။ တကယ်လို့ မိစကိုရဲ့ဝိညာဉ်က သူ့ဆီကနေ အမျိုးကောင်းသမီးလေးဆီကို ရွှေ့ပြောင်းသွားပေမဲ့ ဝိညာဉ်တို့တာဝန်တွေကို ရွက်ဆောင်နေပြီး ရှင်သန်နေသေးတယ်ဆိုရင်။ ဟုတ်ပြီ၊ သဘောပေါက်ပါပြီ။ ဒါဟာဖြင့် ပန်းပွင့်ကလေးတွေက လိပ်ပြာပိတုန်းကလေးတွေလိုအကောင်လေးတွေဖြစ်လာပြီး ကောင်းကင်ယံမှာဝဲပျံနိုင်တာလိုမျိုးဖြစ်ပြီး အလွန်တရာမှ ချမ်းမြေ့ဖွယ်ရာကောင်းလှပေလိမ့်မယ်လို့ကျုပ်အနေနဲ့ထင်မိတယ်။

ဒီမှာတင်ပဲ အဲ…စကားအဆက်အစပ်က နည်းနည်းတော့ ခုန်ပျံကျော်လွှားဖြစ်သွားလေသလားပဲ။ ဘာပဲဖြစ်ဖြစ် မမျိုးဥအိမ်ကိုအရယူသွားတဲ့အမျိုးကောင်းသမီးလေးက ကျပ်ကို ညှို့ယူ ဆွဲငင်နေတယ် ဆိုလို့ရှိရင်၊ အဲသည် မျိုးဥအိမ်ကိုအထုတ်ယူခံလိုက်ရတဲ့မိစကိုက ကျုပ်ဘက်ကိုထပ်ဆင့်ပြီး ချဉ်းနင်းလာမယ်ဆိုတာကတော့ သဘာဝရဲ့သဘောပါပဲ။

ခုတင်ပေါ်ကထပြီး အခန်းအပြင်ဘက်ကို အရင်ထွက်လျှောက်နိုင်ခဲ့တဲ့သူကတော့ မိစကိုပါ။ သူ့ခမျာ ပိန်ကျသွားရှာတယ်။ တခါတခါမှာ လက်ဖျားကလေးတွေတဆတ်ဆတ်တုန်တတ်တဲ့ ကလေးမလေး ပါ။ ကျုပ်ကတော့ သိပ်မကြာသောကာလအတွင်းမှာပဲ သူ့ဓာတ်ပုံတွေကို ရိုက်ပေးနိုင်တဲ့အထိ အကျွမ်းတဝင် ဖြစ်ခဲ့သူပါ။

ဒီတခါတော့ နံရံရှေ့မှာပဲရပ်လိုက်တော့။ ဟိုအရင်ကလို ပန်းပွင့်လိုဟာတွေပါမလာရအောင်ပေါ့နော။

သူ့မှာ မျက်ခွံက နည်းနည်းလေးကသိကအောက် ဖြစ်နေတဲ့ပုံပါပဲ။ မျက်စေ့ပေါက်ကျယ်အောင်ဖွင့်ဖို့ အမျိုးမျိုးအားထုတ် ရင်းကနေ နောက်ဆုံးရိုက်တော့ မျက်လွှာကိုချလာလိုက်တာ ပိတ်လုမတတ်ပါပဲ။ မိုးအုံ့နေတဲ့နေ့ဖြစ်တယ်။ စူးစူးရှရှအလင်းရောင်ဆိုတာလည်း မရှိပါဘူး။

သို့သော်လည်း ဘယ်လိုပုံများထွက်လာမှာပါလိမ့်။ ဖလင်ဆေးကြည့်လိုက်တော့ အခုတခါမှာ ခွေနေတဲ့ ပန်းတွေအစား အလင်းရောင်တန်းတွေက ပေါ်နေတယ်။ ဓားသွားမြမြလိုပြတ်သားထက်မြက်တဲ့ အလင်းရောင်တန်းတွေ တော်တော်များများက သူ့ရဲ့နောက်မှာ ထိုးထိုးထောင်ထောင်မျောနေတာပါ။

အဲသည်အခိုက်မှာပဲ သူနာပြုဆရာမကပြောလာပါတယ်။

အဲဒီကလေးမက အိပ်ရင်တော်တော်နဲ့ မပျော်နိုင်ရှာဘူးလို့ကြားတယ်။ ခွဲပြီးခါစမှာအချိန်ပြည့်စောင့်ပေးတဲ့ အထူးသူနာပြုရဲ့လက်ဝါးပေါ်မှာ သူ့လက်ညှိုးနဲ့စာလုံးတွေရေးရင်းမှ အိပ်ပျော်နိုင်ခဲ့တာတဲ့ရှင်။

ဘာတွေရေးတာတဲ့လဲ။

ဘာတွေများရေးပါလိမ့်နော်။







ကျုပ်ကပဲ မိစကိုကို လက်ခံစောင့်ရှောက်ပေးဖို့ဖြစ်လာခဲ့တယ်။ ဆေးရုံတက်နေတဲ့ ကျုပ်ရဲ့ဇနီးဟာ အသိမပေးတာဘဲပိုကောင်းနိုင်တဲ့အခြေအနေမျိုးမှာပဲ ရှိနေသူပါ။ သူ့ကို အာရုံကြောယိုယွင်းတဲ့ ရောဂါနဲ့ဆေးရုံ စတင်ရပေမဲ့၊ ဗီတာမင်ချို့ယွင်းမှုကပိုပိုဆိုးလာရာက နှလုံးပါမကောင်း၊ အစာအိမ် လည်းထိလာလို့ဆေးရုံတက်နေရတာ လပေါင်းများစွာကြာခဲ့ပါပြီ။ သို့ပေမဲ့ အဲသည်အအခြေ အနေမှာ ရှိတဲ့ ကျုပ်ရဲ့ဇနီးနဲ့လည်းဆုံဖြစ်အောင်ဆုံပေးပြီး၊ အဲဒီညဘက် ကျုပ်တို့အိမ်ပြန်ရောက်တော့ ညဆယ်နာရီတောင် ကျော်သွားခဲ့ပြီ။

မိုးရာသီထဲမှာ ရွာတဲ့မိုးမျိုးက နှစ်ရက်ဆက်တိုက် ရွာချနေခဲ့တာ။ ဆင်ဝင်ခန်းပြတင်းပေါက်က လိုက်ကာမှာ မိုးရေတွေရွှဲနေတာတွေ့ရတယ်။ အဲဒီလိုက်ကာကို အတင်းဆွဲဖွင့်နေတဲ့ကျုပ်ကို မိစကိုက မျက်တောင်တချက်မခပ်ဘဲ ကြည့်နေခဲ့တယ်။ တော်တော်နဲ့မပွင့်နိုင်တော့ ကျုပ်ကစိတ်တိုလာခဲ့မိတယ်။ အဲလိုအတင်းအဓမ္မအားနဲ့ဆွဲလိုက်လို့ထင်ပါရဲ့။ တခါးကိုတ အားတွန်းဖွင့်လိုက်တာနဲ့အတူ ကျုပ်ခြေထောက်ကလည်း ချော်သွားခဲ့တယ်။

အဲဒီအချိန်မှာပဲ ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ အပေါ်ထပ်ကနေဆင်းတဲ့လှေကားမှာ သစ်သားဘောလုံး တခု တထစ်ချင်းလိမ့်ကျလာတဲ့အသံကို ကြားရတယ်။

ကြွက်များလား လို့ဖြတ်ခနဲတွေးလိုက်လို့မှမကြာခင် ဆင်ဝင်ခန်းရဲ့အပေါ်ဘက်မှာ မီးတောက်လျှံတခုကို တွေ့လိုက်ရတယ်။ ကျုပ်က မိစကိုကို ပွေ့ပြီးနေရာရွှေ့လိုက်ရတယ်။ မှောင်လဲနေတယ်။ မီးတောက်က အတွင်းတံခါးကိုဝင်တိုက်တဲ့အသံကိုကြားလိုက်ရပြီး တခါးရွက်ထဲ စုပ်ယူသွားသလို ပျောက်ကွယ်သွားခဲ့တယ်။

ခဏလေး၊ ဆေးရုံကိုဖုန်းဆက်ကြည့်လိုက်အုံးမယ်နော်လို့ ပြောတော့ ကျုပ်အသံထဲမှာ ကြောက်သံပါနေတာကို ပထမဆုံးကိုယ်ဟာကိုယ် သတိပြုမိခဲ့တယ်။

ရှင့်ဇနီးလား။ ရှင့်ဇနီးကတော့ ဘာမှအထူးအခြားမရှိပါဘူး။ အခုဆို တာဝန်ကျသူနာပြုဆရာမက စာအုပ်ဖတ်ပြပေးနေတာ ကျမဒီက မြင်နေရတယ်။

ကျွန်တော်စိတ်ပူလို့ပါ။ တယောက်ထဲနေရတာ ကြောက်တတ်လို့ ပင်ပမ်းနေလောက်ပြီထင်တယ်။ တယ်လီဖုန်းနားအထိ ခေါ်လာခဲ့လို့ရမလား။

ဖုန်းဆက်ပြီးထွက်လာတော့ မျက်နှာတပြင်လုံးမှာ မျက်ရည်ပေါက်တွေအစီရီကျနေတဲ့ မိစကိုလေး တယောက် ငိုနေရှာတာမဟုတ်လား။ ဒီလောက်နာရဲ့နဲ့ ဒီထိအောင်များ ကြိတ်ပြီး လျှောက်လာ နိုင်ပေတယ်။

တို့ဇနီးရဲ့ကျန်းမာရေးအခြေအနေက မိစကိုပြောသလိုပါပဲ။

ကျုပ်ရဲ့အိမ်ထဲမှာ မိစကိုက ပထမဦးဆုံး အကြိုက်တွေ့ခဲ့တဲ့အရာကတော့ မှန်တင်ခုံပါ။

ကျွန်မမှန်တင်ခုံကမှန်ကို ကြည့်လို့ရလားရှင့်။

ဒါပေမဲ့ သူက အဲဒီစကားမှမဆုံးရခင် မှန်တင်ခုံက ကြွတက်လာပြီး တပေလောက် ရှေ့ဘက်ကို ရွှေ့လာခဲ့တယ်။







ကျုပ်အိမ်က လှေကားထစ်လမ်းခပ်ရှည်ရှည်လေးနဲ့ တက်ယူရတဲ့ တောင်ကုန်းလေးပေါ်မှာ ရှိတယ်။ ကျုပ်ကအပြင်ထွက်ရတာ အင်မတန်ကြိုက်တဲ့သူဖြစ်ပြီး၊ အလုပ်လုပ်နေတဲ့သူလဲမဟုတ်တော့ အိမ်ကထွက်ချိန်ရောပြန်ရောက်တဲ့အချိန်ပါ မှန်မှန်ရယ်မဟုတ်ဘဲ ဖြစ်ချင်သလိုဖြစ်နေတာပါ။

အဲဒါတောင်မှ ကျုပ်ပြန်လာလို့ တောင်ကုန်းခြေရင်းအရောက် လှေကားကိုစတက်မယ်လုပ်တိုင်း မိစကိုက အမြဲတမ်း လှေကားထိပ်ကနေ ဆင်းလာတာပဲ။ လှေကားထစ်တွေရဲ့အလယ်ပိုင်းလောက်မှာ ဆုံကြတာပေါ့။

ပြန်ရောက်လာပြီနော်လို့ နည်းနည်းမျက်နှာကလေးကိုမဲ့ကာဆိုပြီးမှ မျက်စိအကြည့်ကို ပုံမှန်ဖြစ်အောင် ပြန်ထားကာ ဒီအတိုင်းပဲ တောင်ကုန်းပေါ်အတူပြန်တက်လာတာပါပဲ။

ကျုပ်ပြန်လာမှာကိုသိနေပြီး မပျက်မကွက် လမ်းထိပ်ထိပ်ထွက်ကာ လာကြိုပေးတယ်ဆိုတာမျိုးက ဘာလို့လဲ။ သူ့ခမျာ အတော့်ကိုပျင်းနေလို့ပဲဆိုပါစို့။ ကျုပ်အကြောင်းတွေကိုချည်း တချိန်လုံးတွေးနေလို့သာ အဲသလိုဆီးကြိုတာမျိုးလုပ်လို့ရတာဆိုရင် မှားနိုင်မယ်မဟုတ်ဘူး မဟုတ်လားဗျာ။ တောင်ကုန်းထိပ်က အပေါ်ဆုံးလှေကားထစ်ကို ရောက်အောင်တက်နေတုန်း ကျုပ်က ဒီမိန်းကလေးကို ခင်တွယ်လာမိတာများ ဆန်းပြားတယ်လို့ထင်ကြအုံးမှာလားခင်ဗျာ။

ကျုပ်မှာ မိန်းကလေးကိုမေးကြည့်ချင်တာတွေ ရင်ထဲမှာပြည့်လျှံနေတာပဲ။ ဘာလို့မမျိုးဥအိမ်ကို ထုတ်ရ တာလဲ။ အိမ်ထောင်ကျခဲ့ဖူးတာမျိုးရှိခဲ့သလား။ စိတ်ရောဂါများရနေသလား။ သူ့ရဲ့မျိုးဥအိမ်က အမျိုးကောင်းသမီးလေးရဲ့ ဗိုက်ထဲကို ပြောင်းထည့်လိုက်ပြီး အခုဆို မင်္ဂလာတောင် ဆောင်တော့မယ် ဆိုတာကောသိရဲ့လား။

ဒါပေမဲ့ အဲသလိုမေးခွန်းမျိုးတွေက သတိမထားလိုက်ရင် ဒီမိန်းကလေးရဲ့ စိတ်ကိုအလွန်ထိခိုက် စရာတွေ ဖြစ်သွားမှာ။ ဟုတ်တယ်လေ။ ကျုပ်အိမ်ကိုရောက်ကတည်းက ဒီမိန်းကလေးဟာ အပျိုစင်တို့ရဲ့ကေသာပုံစံ မက်မွန်ထိပ်ခွဲဆံထုံးကို လှလှပပထုံးလို့ပျော်နေပါပြီ။ ကျုပ်ဇနီးရဲ့ မိတ်ကပ် တွေကို သုံးချင်သုံးလို့ပြောကတည်းက မိန်းကလေးက ဝမ်းပမ်းတသာနဲ့ အလှအပတွေ ပြင်လာတာ ဆိုရင် လွဲမယ်မထင်ဘူး။ အဲဒါကြောင့် အခုအခါမှာ တကယ့်ကို မိန်းမပျိုလေးပီပီ သေသပ်လှပတဲ့ ဆံထုံးလေးကို ထုံးနိုင်နေတာပါ။ သို့ပေမဲ့ အခုလိုမိန်းမပျိုပီပီသသလှနေတယ်ဆိုတာဟာလည်း ငြိမ်းလု နီးနီး မီးတောက်တခုရဲ့အလှမျိုး၊ အဲသလိုသာမဟုတ်ဘူးလားလို့ ကျုပ်ရင်ထဲမှာ အတွေးကဝင်တယ်။ ကျုပ်အစ်မဝမ်းကွဲလိုမျိုးဖြစ်လာမှာ။ မိစကိုဟာ ဝလာမယ်၊ စိတ်တွေပြောင်းပြီး ပိန်လာမယ်။ နောက်တော့ မဲမဲခြောက်ခြောက် မိန်းမတယောက် ဖြစ်လာမယ်ဆိုရင်။

အခုလိုအခါသင့်တုန်း မိစကိုရဲ့ချောမောတဲ့ပါးပြင်လေးကို အောက်ကနေ မော်ကြည့်လိုက်ရရင် သိပ်ကိုလှမှာပဲ။



၁၀



ဘာမှမရှိပဲ ရုတ်တရက် ခေါင်းလောင်းလေးတွေက ထမည်တာတို့၊ မီးညွန့်မီးတောက်ကလေးတွေ ဝေ့နေတာတို့၊ ဦးထုပ်တွေက ဝေ့နေတာတို့၊ ဖိနပ်တွေက ထပျံတာတို့၊ စသည်စသည် ဖြစ်ရပ်မျိုးတွေ ဟာ ဒီအိမ်ကို မိစကိုရောက်လာမှ ဖြစ်နေကျတွေမို့ ထူးဆန်းတယ်ဆိုတဲ့အဆင့်တောင် မဟုတ်တော့ သလိုဖြစ်သွားပါပြီ။

သို့ပေမဲ့ ဥပမာအနေနဲ့ ကျုပ်က မင်းဟာ သူများတကာလက်ဝါးပေါ်မှာ စာရေးရရင် အိပ်လို့မြန်မြန် ပျော်တယ်ဆိုလို့ပြောရင်း သူ့ခေါင်းအုံးနားကို ကျုပ်လက်ဝါးဖြန့်ချပေးလိုက်တဲ့အချိန်မှာပေါ့။ စိမ့်ခနဲအေးခနဲဖြစ်သွားပြီး သူမဟုတ်တဲ့တခြားအရာက ကျုပ်လက်ကိုလာပြီးထိတာ ခံစားရတယ်။ အဲသလိုဖြစ်တော့ ကျုပ်တောင် အတော်ကြီးအံ့ဩမိရဖူးတယ်။

ဟောဒီထဲမှာ ပန်းတွေ၊ ပန်းတွေမှအများကြီးပဲလို့ ကျုပ်ကင်မရာနောက်က ချောင်းကြည့်နေတဲ့သူက အသံထွက်ပြီး ပြောခဲ့တာလည်း ရှိခဲ့ဖူးတယ်။ အဲဒီဖလင်ကိုဆေးကြည့်တော့ တကယ်ပဲ ပန်းတွေအများ ကြီး ခပ်ဝါးဝါးနဲ့မျောလာနေကြတဲ့ပုံကို ရတော့တာပါပဲ။

အဲသလိုအဖြစ်အပျက်တွေက သူလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မမျိုးဥအိမ်နဲ့ တကယ်တမ်းပတ်သက်မှုရှိနေလို့လားဆိုတာတော့ ကျုပ်လည်း နားလည်နိုင်စွမ်းမရှိတဲ့ကိစ္စပါ။ သို့သော်လည်း သူရဲ့မျိးဥအိမ်အတွက် လက်ထပ်မင်္ဂလာပြုဖို့ရက်မြတ်က တနေ့ထက်တနေ့ ပိုပိုပြီး နီးကပ်လို့သာလာပါတယ်။

ပင်လယ်ကမ်းခြေကို အပမ်းဖြေသွားမှပဲ။ ကောင်းကင်ကိုမော့ကြည့်ပြီး ကျုပ်က အဲသလိုစဉ်းစားမိ တာက ဇူလိုင်လရဲ့မနက်ခင်းမှာပါ။ ကျုပ်က ကောင်းကင်ပြာကို ပိုမြင်နိုင်အောင်ကြည့်ဖို့ အိမ်နောက်ခြံဘက်ဆီထွက်လာရင်း တလက်စတည်း သတင်းစာတွေကိုပါဆွဲယူခဲ့တယ်။

ဒါပေမဲ့ အဲသည်သတင်းစာသုံးစောင်ကို မိစကိုအခန်းထဲ လှမ်းပစ်ထည့်ပေးတော့၊ ဘာလို့လည်း မသိဘူး၊ တစောင်သောသတင်းစာက ရုတ်တရက်ထထောင်ပြီး သူအိပ်နေတဲ့အိပ်ရာ ကြမ်းပြင်တဝိုက်ကိုပတ်ကာ ဝေ့ပျံနေလေတော့တယ်။

ကျုပ်က အဲသည်သတင်းစာ ပြန်ငြိမ်လာသည်ထိအောင် စောင့်ခဲ့လိုက်တယ်။ ပြီးမှ သတင်းစာကို ဖွင့်ဖတ်ကြည့်တယ်။

ဒါကြောင့်ကိုး… လို့ရုတ်တရက်ကျုပ်နှုတ်ကတိုးတိုးထွက်သွားမိတဲ့အကြောင်းကတော့ ဟို အမျိုးကောင်းသမီးလေးရဲ့လက်ထပ်မင်္ဂလာပွဲဓာတ်ပုံကြီးက အဲသည်သတင်းစာထဲမှာပါနေလို့ပါ။

ဒီဓါတ်ပုံထဲမှာလဲ ပန်းတွေက ပါနေတာဘဲ။ အဲဒီပန်းတွေက တကယ့်ပန်းအစစ်တွေ။ သို့သော် ဒီလက်ထပ်ပွဲကတော့ အတုကြီး။ ဒါပေမဲ့ အေးအေးဆေးဆေးစဉ်းစားကြည့်တဲ့အခါမှာတော့ ဒါက တကယ့်အမှန်စင်စစ်ဖြစ်နေတဲ့ကိစ္စ။

ကျုပ်က မိစကိုရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကို သေသေချာချာစိုက်ကြည့်မိပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ရင်နာရတဲ့ခံစားချက်က အပြင်ကိုပွင့်အံထွက်လာတော့မတတ်ဖြစ်လုနီးမှာ ရုတ်တရက် မိန်းကလေးကို လှုပ်ပြီးနှိုးမိပါတော့တယ်။

မင်္ဂလာဧည့်ခံပွဲရဲ့အိပ်မက်ကို မက်နေတာမဟုတ်လား။

အဲ.. ဟုတ်ကဲ့။

မင်းလည်း မင်္ဂလာဆောင်ကိုဆောင်ရမှာပေါ့။ ကဲ…

သို့ပေမဲ့ မိန်းကလေးက နည်းနည်းလေးတောင်မှ အံ့ဩမသွားခဲ့ပါဘူး။ ကျုပ်ဖက်တာကို ခံလိုက်ရတာကိုပေါ့။ ဒါပေမဲ့ ဒါက ကျုပ်မဟုတ်ဘဲ ဘယ်ယောကျာ်းတယောက်ပဲဖြစ်ဖြစ်၊ သူက အံ့ဩလိမ့်မယ်မဟုတ်ချေဘူးလေလား။

++++

++++



၁၉၆၈ စာပေနိုဘယ်ဆုရ ဂျပန်စာရေးဆရာ ခါဝါ့ဘာ့တ ယာစုနာရိ Kawabata Yasunari (1899-1972) ၏ 1930 ဝတ္ထုတို Hana Aru Shashin (花င်္ဝံ写真) ကို ဂျပန်ဘာသာမှပြန်ဆိုပါသည်။

ချစ်သောစာရှုသူသို့ …

ဒီဝတ္ထုရိုက်မှာ စကားပြောတဲ့ဝါကျတွေကို “xxxxxx” ပုံစံနဲ့ ရိုက်မထားပါ။ မူရင်းစာရေးဆရာရဲ့စတိုင် မပျက်စေလိုလို့ပါ။ မြန်မာစာလိုပဲ ဂျပန်စာမှာလည်း “ ” တွေ အရင်က မရှိခဲ့ပါ။ ခါဝါ့ဘာ့တာ့က အင်္ဂလိပ်စာပေကို အလွန်ကျွမ်းကျင်သော်လည်း ဒီဝတ္ထုတိုမှာတော့ အနောက်တိုင်းသင်္ကေတတွေ အသုံးပြုတာမတွေ့ရပါ။



လေးစားမှုဖြင့်

(ကျော်တင့်)

2012 Oct 5