ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - ဖျာကာရုပ်ရှင်ရုံ

Photo - Moe Gaung Pagoda Festival, 2009, MoeMaKa
ကိုသန်းလွင် - ဖျာကာရုပ်ရှင်ရုံ
(မဟေသီမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၆) မိုးမခ၊ နိုဝင်ဘာ ၁၅၊ ၂၀၁၆

(၁)

နောက်ဆုံးတခေါက်မြို့ကိုပြန်ရောက်တော့ ငယ်စဉ်က ရုပ်ရှင်ရုံးဟောင်းနေရာကို ကျွန်တော်ရောက်ရှိ သွားခဲ့ပါသည်၊ လွန်ခဲ့သောနှစ်၄၀ကျော်က ရုပ်ရှင်ကားများကို တသသခုံမင်စွဲလန်းစွာ ကြည့်ရှုခဲ့ကြရာ နေရာဟောင်း ဖြစ်သည့်တိုင် ရုတ်တရက် မမှတ်မိနိုင်တော့ပေ၊ ယခင်ကမြက်ပင်တွေ တရုံးရုံးထ နေသော ကွင်းပြင်ကျယ် နေရာတွင် ၁၀ခန်း ၆ခန်း ခမ်းနားသော ဓမ္မာရုံအသစ်ကြီး ကိုတွေ့နေရလေသည်၊ မှန်စီရွှေချ ထားသောတိုင်တွေ၊ ၊ ပြသာဒ်တွေမှာ နေရောင်အောက်တွင်တ၀င်းဝင်းတောက်နေကြသည်၊ ဘေးမှာလည်း တိုက်တွေ၊ လမ်းတွေ နှင့် သပ်သပ်ရပ်ရပ် ဖြစ်နေပါသည်၊ ဤနေရာမှာတချိန်က ဖျာတွေ ကာထားသော ရုပ်ရှင်ရုံကြီးတရုံ ရှိခဲ့ပါသည်ဟုပြောတော့အံ့သြနေကြသည်၊ သိမှီလိုက်သူများကားရှားပါးသွားပေပြီ။

ဤနေရာမှာ ညနေတိုင်း၊ ညအခါတိုင်း ကျွန်တော်တို့ စုဝေးရာနေရာဖြစ်ခဲ့ပါသည်၊ ရုင်ရှင်ကားက ၃ည တခါ၊ ၄ညတခါ ဇာတ်ကားသစ်လဲသည်၊ ၀ါးလုံးတွေ တိုင်တွေထောင်ဖျာတွေကာပြီးဘောလုံးကွင်းတ၀က်ခန့် အကျယ်အ၀န်းရှိသောနေရာကို ရုံလုပ်ခါ ရုပ်ရှင်ပြသခြင်းဖြစ်ပါသည်။

ကျွန်တော်တို့သည် နိုင်ငံကျော်ရုပ်ရှင်မင်သားမင်းသမီးကြီးများ၏ ထင်ရှားသောရုပ်ရှင်ဇာတ်ကားကြီးများကို ဤရုံ ဤနေရာတွင် ကြည့်ရှု့ခဲ့ကြပါသည်၊ ရွှေဘ၊ တင်ညွန့် မြတ်လေးတို့ကအစ ကောလိပ်ဂျင်နေ၀င်း၊ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ ၀ါဝါ၀င်းရွှေ ဟူ၍ တချိန်က ပြည်သူတို့၏အသဲစွဲကျော်ကြားခဲ့ကြသူများ၏ရုပ်ရှင် ကားများကို မလွတ်တန်းကြည့်ရှုခဲ့ကြပါသည်၊ အခင်းကမြက်ထူထူ မြေကြီးပေါ်တွင်စီချထားသောဖျာများ၊ နောက်ဖက် အထူးတန်းက မတ်တပ် ကုလားထိုင်များရှိသည်၊ ရှေ့တန်းက ငါးမူးဆိုလျင် ခုံတန်း တွေပေါ်က တကျပ်ပေး၍ ထိုင်ရသည်။

“ကိုရွှေဘက ပြန်လည်ထိုးသတ်ပါလိမ့်မယ်” ဆိုသောလော်စပီကာမှ ကျေညာချက်ကို ဤရုံမှာပင် ကျွန်တော်တို့ ကြားခဲ့ကြရခြင်းဖြစ်ပါသည်၊ ၀ရမ်းပြေးဖိုးသိန်းဇာတ်ကားတွင် ဇာတ်လိုက်ကြီး ကိုရွှေဘမှာ လူဆိုးတွေက နှိပ်စက်ခြင်းကို အလူးအလဲခံနေရသော ကြောင့် ပရိသတ်က မခံမရပ်နိုင်ဖြစ်ခါ ပိတ်ကား ဖြူဖြူကို တွေ့ရာ ခဲ၊ ပြောင်းဖူးတို၊ ပုလင်းကွဲ စသည်တို့ဖြင့် ပစ်ပေါက်ကြသောကြောင့် စက်မောင်းသည့် အော်ပရေတာက အော်ပြီး သတိပေးရခြင်းဖြစ်သည်။

အလွမ်းအဆွေး သောကတွေ ဝေနေသော မင်းသားကြီးများ၊ မင်းသမီးကြီးများ နည်းတူ ပရိသတ်က ထပ်တူ ထပ်မျှ ခံစားခဲ့ကြရပါသည်၊ ဟာသ သရုပ်ဆောင်များကို ကြည့်၍လည်း တသောသော ရယ်ခဲ့ကြပါသည်၊ ဖလင်ပြတ်သဖြင့် ဆက်နေရလျင်ဖြစ်စေ၊ စက်တလုံးထဲမို့ ဖလင်ထုပ် လဲရလျင် ဖြစ်စေ တစုံတရာကြောင့် ရုံမီးပွင့်လာလျင် ငိုထားကြသော မျက်နှာနှင့် ပရိသတ် တွေကို မြင်ခဲ့ကြရဘူးသည်၊ ငယ်ငယ်ဘ၀က ပြစက်ဘေးကိုသွားခါ ဖလင်အတိုအပြတ်စ များကို ကောက်ပြီးသိမ်းကြရသည်က အမောပါ၊ နေရောင်မှာ ထောင်ကြည့်လိုက်လျင် ဇတ်ကားထဲမှ ဇတ်ဝင်ခန်းများကို အမှတ်တရ ပြန်တွေးကြရပါသည်၊

တခြားဘာမှ လုပ်စရာမရှိကြသော ရွာလူထုသည် ဓါတ်စက်သံ တညံညံဖြင့် ရုပ်ရှင်ကားပြရာ နေရာသည် ဆုံရာ စုရပ်ဖြစ်သည်၊ ဖျာခင်းထားသောအကြော်ဆိုင်မှာ ၀ိုင်းထိုင်ပြီး ပဲကြော် ဗူးသီးကြော် အကြော်စုံ မှာ စားကြသည်၊ အသုပ်စုံ၊ မုန့်တီဆိုင်တွေမှာ ညစာစားသူတွေရှိသည်၊ ဖုံတွေကတထောင်းထောင်း ဓါတ်စက် သံ ဆူညံညံနှင့် အခြား ဖြေဖျော်စရာဟူ၍ ရေဒီယိုသာရှိသော ဤအရပ်မှာ ထိုဖျာကာထားသော ဇာတ်ရုံ နေရာသည် ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀၊ လူပျိုဖြစ်စ ဘ၀တွေနှင့် များစွာဆက်စပ်ခဲ့ကြ ပါသည်။

မှတ်မှတ်ရရ အဆိုတော် ကိုသန်းလှိုင်၏ “တဆောင်းသစ်ပြန်ပြီ” သီချင်းကို ဤရုပ်ရှင်ရုံမှာ စတင်ကြားဘူးခဲ့ ရပါသည်၊ ဇာတ်လိုက်မင်းသားက ဇော်ခင်ဟုကျွန်တော်ထင်ပါ၏၊ နှင်းမှုန်တွေဖွေးနေသောလမ်းကို ရိုက်ပြ ကာ သီချင်း၏ဂီတသံစဉ်တွင်ကျွန်တော်တို့ ငေးမောနေခဲ့ကြဖူးသည်၊ ရုပ်ရှင်၏အစ၊ အလယ်နှင့် ဇာတ်သိမ်း ပိုင်း သုံးနေရာလောက်မှာဤသီချင်းကို ဆိုသည် ထင်ပါသည်၊ နောက်နေ့ သီချင်းသံကြားနိုင်မည့် အချိန် တွင် ရုပ်ရှင်ရုံဘေးသို့ ကျွန်တော်တို့ရောက်သွားခါ နားထောင်ကြပြန်ပါသည်၊ မြောက်ပြန်လေတွေ တသုန်သုန် တိုက်ခတ်နေသောအခါ ကျွန်တော်တို့မြို့သည်တစိမ့်စိမ့်အေးသည်၊ ရာသီနှင့် သီချင်းကား လိုက် ဖက်လှပေ၏၊

ဇာတ်ကားဆုံးခါနီးသော် ရုံကိုဖွင့်ခါ ၁၅မိနစ်အနားပေးလေသည်၊ စာကျက်ရင်းဖြစ်စေ၊ မအိပ်လိုသေးလျင် ဖြစ်စေ၊ ရုပ်ရှင်ရုံအဖွင့် နောက်ဆုံးဖလင်တပိုင်းကိုသွားပြီး ကြည့်ခဲ့ကြရပါသည်။

ထိုစဉ်က လျှပ်စစ်မီးသည် ပျက်သည်မရှိ၊ ကျွန်တော်တို့မြို့သို့ ရေနွေးငွေ့မောင်းသောစက်ဖြင့် ထုတ်လုပ် သည့် လျှပ်စစ်မီးကို ရွှေဘိုကပေးသည်၊ တခါတရံ ၁၀မိနစ် ၁၅မိနစ် မီးပျက်သည်ကို ကြုံရဘူးသည်၊ ပရိသတ်က စိတ်ရှည်လက်ရှည် စောင့်ကြရသည်၊ မီးပျက်၍ ရုပ်ရှင်ပွဲဖျက်လိုက်ရတာတွေလည်းရှိခဲ့ဘူးသော် လည်း အလွန်ဖြစ်ခဲပါသည်။

ဖလင်ထုပ်မှာ သံဗူးအ၀ိုင်းတွေနှင့် မန္တလေးမှလာရသည်၊ ကားအဆင့်ဆင့်စီးပြီး ဖလင်ဗူးးတွေ ရုံဘေး ရောက်သောအခါ၊ သောချာသောအခါတွင်မှ ဓါတ်စက်ကိုလှည်းရှေ့မှာတင်ပြီး တမြို့လုံးအနှံ့ ကြော်ငြာဝေရ ပါသည်၊ ကြော်ငြာဝေသော ဓါတ်စက်သံသည် ချိုမြိန်လှပါသည်၊ ရုပ်ရှင်ကားကို ကြည့်ရပေတော့မည်၊ ကျွန်တော်တို့သည် 8” x 6” ပါတ်လည် တခါတရံနှစ်ဖက်ရိုက် တခါတရံ တဖက်ရိုက် ကြော်ငြာစာရွက်များ ကို အလွန် ခုံမင် ခဲ့ကြပါသည်၊ အရွယ်ကငယ်သေးတော့ လှည်းပေါ်ကကြော်ငြာဝေသူက ကျွန်တော်တို့ကို မပေး၊ အသက်ကြီးသူ အစ်ကို၊ အစ်မ၊ အဖေ၊ အမေ တို့ကို ကြော်ငြာလာပြီး တောင်းပေးပါဟု ပူစာကြရ သည်၊ ဆေးနံ့မချောက်သေးသော ကြော်ငြာစာရွက်များကို အမြတ်တနိုးကိုင်ပြီး အမြတ်တနိုးသိမ်းကြရပါ သည်၊ တချို့အိမ်များမှာဆို အိမ်နံရံ၊ ၀ါးထရံ၊ ကပ်ကြားမှာ ထိုးထားသော ကြော်ငြာစာရွက်များကို နှစ်နှင့်ချီ၍ သိမ်းထားတတ်ကြသည်။

ထိုရုပ်ရှင်များမှာ ကျွန်တော်တို့ ကျောင်းသားငယ်များကို စိုးမိုးသည်၊ ကိုရင်ဝတ်၍ ကတုံး တုံးထားသူ၏ နာမည်မှာ ချီးဗူးတွေဖြစ်ကုန်သည်၊ ပါးဖေါင်းသော သူငယ်ချင်းကို ကျော်ဇောကြီးဟု ခေါ်ကြသည်၊ ကျွန်တော်တို့ ဆရာတယောက်မှာ သူ့ကို ကျောင်းသားတွေက ဗိုလ်ဂေါ်လူလ ဟု ကွယ်ရာမှာ ခေါ်ကြသည် ကိုသာသိသည်၊ ဘာ့ကြောင့်ရယ် ရေရေရာရာမသိ၊ ဇာတ်ကားတကားတွင် မင်းသားမြတ်လေး (သို့) သူ့မိတ်ဆွေမှာ ဗိုလ်ဂေါ်လူလ ဟု နာမည်ရှိခဲ့ရာ ဂလန်ဂလားနှင့် ထိုဆရာကို ကျောင်းသားများက နာမည် ပေးလိုက်ကြဟန်တူသည်။

ပန်းပန်လျက်ပါ ဇာတ်ကားတွင် မင်းသား ကောလိပ်ဂျင်နေ၀င်းက အရက်တွေမူးအောင်သောက်ပြီး စကားပြောဟန်ကို နောက်တနေ့ ကျောင်းသားအချင်းချင်းပြောကြသည်၊ ဇာခမ်းစီးနောက်ကွယ်မှာ ဇာတ်ကားမှ မင်းသမီးမြတ်မွန်၏ အိမ်အကူဘ၀ကို ဂရုဏာသက်ခဲ့ကြသည်၊ ဇော်ခင်ကကော်လံ ကို ထောင်ပြီး အင်္ကျီဝတ်သလိုကော်လံထောင်ပြီးနေသူတွေ ရှိခဲ့ကြဘူးသည်။

ဦးဆုံးဆေးရောင်စုံ ကာလာရုပ်ရှင်ကား မေတ္တာရေလှိုင်း ကိုကား ကျွန်တော်တို့မြို့က ရုံမှာမပြ၊ ၁၄ မိုင်ဝေးသော ရွှေဘိုမြို့ ရုံသို့သွားကြည့်ရသည်၊ မင်းသားကြီး ဦးထွန်းဝေကို မှတ်မိသည်၊ ပြန်လာတော့ ဆေးရောင်တွေဖြင့် ကြည်နေသော ရုပ်ရှင်ကားအကြောင်း ပြောမဆုံးနိုင်ဖြစ်နေကြသည်၊

(၂)

ကမ္ဘာပေါ်တွင် ပထမဆုံး ရုပ်ရှင်ကင်မရာကို ပြင်သစ်နိုင်ငံမှ လူမီရေး ညီအစ်ကို နှစ်ဦးက တီထွင်ခဲ့သည်ဟု မှတ်သားရဘူးသည်၊ သူတို့၏ ရုပ်ရှင်ပြပွဲကို ဘုံဘေမြို့တွင် ၁၈၉၆ ခု၊ ဇူလိုင်လ ၇ ရက်နေ့က ၀ပ်ဆန် ဟိုတယ်ရှေ့ တွင် အာရေဗျ ပင်လယ်အော်ကို နောက်ခံထားပြီး ကျင်းပခဲ့ရာ မိုးတွေရွာနေသည့် ကြားမှ လူပေါင်းထောင်သောင်းချီ၍ အားပေးကြည့်ရူခဲ့ကြသည်ဟု ဆိုသည်၊ ထိုစဉ်က အိန္ဒိယ နှင့် မြန်မာနိုင်ငံ မှာ အတူတကွ ဗြိတိသျှကိုလိုနီနယ် များဖြစ်ခဲ့ကြသည်။

မြန်မာရုပ်ရှင်ကိုမူ လန်ဒန်အတ်ဦးအုန်းမောင် မှ စသည်ဟုမှတ်သားရဘူးသည်၊ ပဌမ ကမ္ဘာစစ်ကြီး မဖြစ်မှီ က ဦးအုန်းမောင်သည် ဒီဇူဇာ ကုမ္ပဏီ မှ ကင်မရာ တစ်လုံးကို ၀ယ်ခဲ့ဘူးသည်၊ ကင်မရာမှာ မှန်ဘီလူးမပါခဲ့ ပေ၊ သူသည် ဒီ၊အေ အဟူဂျာ ဓါတ်ပုံဆိုင်ဝန်ထမ်း တစ်ယောက်ဖြစ်ရာ ကင်မရာတွေ၊ ဖလင်တွေအကြောင်း၊ ဖလင် မှာ ခဲတို့ရပုံ တွေကို နားလည်သည်၊ ကမ္ဘာ လှည့် တစ်ဦးထံ မှ နောက်ထပ် ကင်မရာ တစ်လုံးဝယ်ပြီး မှ ပဌမ အလုံး နှင့်ပေါင်း၍ အလုပ်လုပ်သော ကင်မရာ တစ်လုံးဖြစ်လာသည်၊ သူ့ ကင်မရာ မှာ သုံးဘို့ ဖလင်ကို အမေရိကန် ကိုဒတ် ကုမ္ပဏီ မှ မှာယူသော်လည်း စစ်ကြီးဖြစ်လာ၍ ရောက်မလာခဲ့ပါ၊ စစ်ပြီးရန် အချိန်တွေစောင့်ခဲ့ရသည်၊ ၁၉၂၀ ခုနှစ်ရောက် မှ သူသည် သူဌေးဦးဘညွှန့်၊ ဦးညီပုတို့ နှင့် ပူးပေါင်းမိခါ ဘိလပ်ပြန် ဦးထွန်းရှိန်၏ ဈာပနကို ရုပ်ရှင်ဖြင့် မှတ်တမ်းတင် နိုင်ခဲ့ကြသည်။

တဖန် ၁၉၂၁ ခုနှစ်တွင် စာရေးဆရာ ပီမိုးနင်း နှင့် တွဲမိကြရာ မြန်မာ့ ဖလင်ကုမ္ပဏီ မှ ပဌမဆုံး မေတ္တာ နှင့် သူရာ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့သည်၊ ဖလင်လိပ်ကြီး ၂ လိပ်ကုန်သည်၊ Cinema de Paris ရုပ်ရှင်ရုံ တွင် ရုံတင်နိုင်ခဲ့သည်၊ အသံတိတ်ကားဖြစ်သည့်တိုင် ပရိသတ်က တခဲနက် အားပေးခဲ့ကြသည်၊ ပိတ်ကား ရှေ့ မှ စန္ဒားယားကြီးနှင့် လိုအပ်သော အသံတီးလုံးကို တီးပေးသည်။

၁၉၂၁ တွင် ကျေးတောသူမနု၊ ထို့နောက် တောမြိုင်စွန်းက လွမ်းအောင်ဖန်၊ ခင်ခင့် အမှားတော်ပုံ စသည်ဖြင့် ရုပ်ရှင်ကားတွေ ဆက်တိုက်ထွက်လာခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ပထမဦးဆုံး အသံထွက်ကား ငွှေပေးလို့မရ ကိုရိုက်ကူးနိုင်ခဲ့သည်။

စီးပွားရေး အရ တွက်ခြေကိုက်သလို ပရိသတ် အကြိုက်ဖြစ်အောင် ကင်မရာ လှည့်ကွက်များ၊ စတန့် မင်းသား တို့၏ အက်ရှင် အမူအရာများ နှင့် မြိုင်ဆိုင်လှသည်၊ ဗြိတိသျှ ဘားမားကုမ္ပဏီ သည် လူ (၂၂) ဦးပါသော အဖွဲ့ နှင့် အိန္ဒိယသို့ သွားပြီးရုပ်ရှင်ရိုက် ကြသည်၊ အသံအတွက် အိန္ဒိယ မှ လိုအပ်သော နည်းပညာ နှင့် ပစ္စည်းတွေ သုံးရသည်။

ရုပ်ရှင်ခေတ်ဦးကတည်းက ရုပ်ရှင်သည် ပြည်သူတို့ကို ပညာပေးရာ၊ ယဉ်ကျေးမှု ကို ဖြန့်ဖြူးရာအနုပညာ တရပ်ဖြစ်ခဲ့ပါသည်၊ စီးပွားရေးလုပ်ငန်းအနေဖြင့်လည်း ရုပ်ရှင်ကုမ္ပဏီ ပေါင်း ရာနှင့်ချီ ပြီး ရှိနေခြင်းက ဤ အနုပညာဖန်တီးမှု၏ လွှမ်းမိုးမှုပမာဏကို ခန့်မှန်းသိရှိနိုင်ပါသည်၊

အသံတိတ်ခေတ်ကတည်း နှစ်ကိုယ်ခွဲခြင်းအတတ်ပညာ၊ လူစားထိုး ပြီးစတန့် ရိုက်ကူးရပုံတွေ၊ ကင်မရာ လှည့်စားမှု ဖြင်ရထားကြီးများပျံသွားပုံ စသည်ဖြင့် ပရိတ်သတ်၏ အမြင်အာရုံ ဖမ်းစားပုံများမှာ မြန်မာတို့၏ ထိုးထွင်းဥာဏ်၊ တီထွင်ဥာဏ်တို့၏အစွမ်းပင်ဖြစ်ပါသည်။

ထိုသို့ ခေတ်ရေစီး နှင့် အတူ တဟုန်ထိုး တိုးတက်လာသော ရုပ်ရှင်လုပ်ငန်း မှာ ဆင်ဆာခေတ် နှင့် ဗဟိုဦးစီးသော စီးပွားရေးပေါ်လစီများကြောင့် ရှေ့ မတိုးနိုင်ဘဲ ရပ်တန့်သွားခဲ့ရပါသည်။ ၁၉၆၂ နှင့် ၆၅ ကြားနှစ်များတွင် အကယ်ဒမီဆုကို မပေးနိုင်၊ ကုမ္ပဏီပေါင်း ၁၁၈ ခုရှိခဲ့ရာမှ ရ၈ ခုအထိလျော့ကျသွား သည်၊ နိုင်ငံခြားဂီတ ကို အသုံးမပြုရဟူသော စည်းကမ်းချက်အသစ်တွေပေါ်လာသည်၊ ဘယ်လိုအင်္ကျီ၊ လုံချည်ကိုဖြင့် မ၀တ်ရဘူးဆိုတာတွေပါသည်၊ တင်းကြပ်သောတည်းဖြတ်မှုများနှင့်မြန်မာ့ယဉ်ကျေးမှု နှင့် မဆန့်ကျင်ရသောသံမဏိစည်းကမ်းများလည်း ရှိခဲ့ပါသည်။

အစိုးရက ၁၉၆၉ခုနှစ်တွင် ရုပ်ရှင်လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းလေသည်၊ မြို့ပေါင်းများစွာမှ ရုပ်ရှင်ရုံ ပေါင်း များစွာ ဖျက်သိမ်း ကြရသည်၊ မိသားစုပေါင်းများစွ စီးပွားရေးဖရိုဖရဲဖြစ်ကြရရုံသာမကသေး အနု ပညာဖန်တီးမှု ရေစီးကြောင်း မှာလည်း ရပ်တန့် သွားခဲ့ရပါသည်။

ဝတ္တုဖန်တီးသူ၊ ဇတ်ညွှန်းရေးသူ၊ ကင်မရာကိုင်အဖွဲ့၊ တည်းဖြတ်သုတ်သင်ရခြင်းစသည်ဖြင့် ရုပ်ရှင်တကား ဖြစ်အောင်လူပေါင်း မြောက်များစွာ ပါဝင်ကြရပါသည်၊ ၀င်ငွေ ကောင်းသလို ငွေကြေးကိုလည်း ပုံအော သုံးစွဲကြရပါသည်၊ လူတို့၏ဖန်တီးဥာဏ် ကို လွတ်လွတ်လပ်လပ်လွှတ်ထားရမည့် ဤအနုပညာလုပ်ငန်းကို အာဏာပိုင်များက အကန့်အသတ်တွေ လုပ်လာသောအခါ အောင်မြင်ရမည့် လုပ်ငန်းတခုလုံး ဂျုံးဂျုံးကျ ပြိုလဲသွားခဲ့ပါသည်၊ ဖလင်ကိုလည်းထိမ်းချုပ်ထားပြီး အစိုးရကခွဲတမ်းပေးသမျှသာ သုံးရသောကြောင့် အသစ်တီထွင်ဖန်တီးခြင်းဆိုတာဝေးစွ၊ ရုပ်ရှင်ကားတွေ ဖြစ်မြောက်ရုံသာ ဖန်တီး နိုင်ခဲ့ကြပါသည်၊

အမေရိကန်တို့၏ Hollywood မှ ရုပ်ရှင်ကုမ္ပဏီ များသည် ၂၀ ရာစု အစပိုင်းနှစ်များ၌ပင် စတင်ကြရခြင်း ဖြစ်ရာ မြန်မာတို့နှင့်ခေတ်ပြိုင်စခဲ့ကြသည်ဟုပင်ဆိုနိုင်ပါသည်။

အမေရိကန်တို့ မှာ ပြောပလောက်သော ဆင်ဆာလည်း မရှိ၊ ဇာတ်လမ်းကိုလည်းဘယ်ကိုမှတင်ပြစရာမလို၊ ဒါရိုက်တာ နှင့် ထုတ်လုပ်သူ တို့ စိတ်ကူးဥာဏ် ရှိသလို ရိုက်ကူးတင်ဆက်နိုင်ကြပါသည်၊ အကျိုးရလာဒ် မှာ ဟောလီဝုဒ် မှ ထုတ်လုပ်လိုက်သော ရုပ်ရှင်ကားတွေကို တကမ္ဘာလုံးသို့ တင်ပို့ နေကြရပြီး လူချမ်းသာတွေ ပေါများသော ရုပ်ရှင်စီးပွားရေး လုပ်ငန်းကြီးတခု ဖြစ်လာပါသည်။

မြန်မာစာပေသည် ဗုဒ္ဓနိပါတ်တော် ဇာတက ပုံပြင်များ မှ စတင်ပေါက်ဖွားလာသည်ဟု ပညာရှင်များ မှ သုံးသပ်ကြပါသည်၊ မြန်မာစာပေတွင် ယဉ်ကျေးမှု၊ စိတ်ဓါတ်မှန်ကန်မြင့်မြတ်မှုကအမြဲတန်းပါသည်၊ ထို အချက်ကြောင့်ဆင်ဆာ ဖြတ်သူတို့၏ ကက်ကြေးမှာ နေရာတကာ ထက်လာခဲ့သည်၊

အနုပညာဖန်တီးခြင်းဆိုရာ၌ ကျွန်တော်တို့ မြန်မာတွေ မညံ့ပါ၊ ခေတ်နှင့်အညီ ရင်ဘောင်တန်းလိုက်နိုင် ကြသော အတတ်ပညာနှင့် ဖန်တီးမှုများ တချိန်ကရှိခဲ့ကြဘူးပါသည်၊ ဦးအုန်းမောင်မှာ အမေရိကန် ကုမ္ပဏီ FOX နှင့် ကိုဒတ် ကုမ္ပဏီတို့၏ ကိုယ်စားလှယ်ဖြစ်လာသည်၊ ဆရာဇ၀နနှင့် ဦးထွန်းစိန်တို့မှာ ကာတွန်း ရုပ်ရှင် ၏ရှေးဦးတီထွင်သူများဖြစ်ခဲ့ကြပါသည်၊ ကိုလိုနီစနစ်တော်လှန်ရေး တွင် ပြည်သူအများ ဇာတိသွေး ဇာတိမာန် တက်ကြွစေရန် ရုပ်ရှင်ပညာရှင်များက တခမ်း တနေရာပါဝင် ခဲ့ကြပါသည်၊ ဆရာတော်ဦးဥတ္တမ တရားပွဲ၊ ဆရာစံ အမှုစစ်ဆေးပုံ၊ ရဲဘော်သုံးကျိတ် စစ်ချီတက်ရာတွင် ယခုအခါ Embedded Journalists များကဲ့သို့ အေ၀မ်း ဦးတင်မောင်နှင့်အဖွဲ့သည်ဘီ အိုင်အေ တပ်မတော် နှင့် အတူမှတ်တမ်းတင်ရုပ်ရှင်များ ရိုက်ကူးနိုင်ခဲ့ကြသည်၊

ပဲရော့ ဦးဆန်နီ ခေတ်မှစပြီးမျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး ရုပ်ရှင်ကားအများအပြားပေါ်ပေါက်ခဲ့ပါသည်၊ သို့ပါသော်လည်း စစ်အစိုးရ အဆက်ဆက် ရုပ်ရှင်လောက တခုလုံး ပိတ်ပင် ဖြတ်တောက်ခံရချိန်တွင် အနုပညာဖန်တီးခြင်းနှင့်အတူ ယဉ်ကျေးမှု အတတ်ပညာကို လက်ဆင့်ကမ်းသယ်ဆောင်ရသော အလေ့ အထမှာလည်း ပျက်ပျယ်ခဲ့ရပါသည်၊ ယနေ့ အင်တာနက်ခေတ်ကြီးတွင် နည်းပညာ နှင့် စက်ကိရိယာ များ သုံးစွဲနိုင်မှုတို့တွင် ကျွန်တော်တို့မှာ လိုက်မှီရန်ခက်ခဲသွားပါတော့သည်။

(၃)

ကျွန်တော်သည် ရုပ်ရှင်ရုံးဟောင်းနေရာ မှာ ထိုင်ပြီး ငယ်ငယ်က အချိန်များကို ပြန်လည်သတိရလာမိသည်၊ တဆက်ထဲမှာပင် စက်မှုအတတ်ပညာတွင် နောက်ကျကျန်ခဲ့သော ရုပ်ရှင်ဖန်တီးခြင်းလောကအကြောင်း ကိုလည်းစဉ်းစားနေမိပါသည်၊ မြန်မာ့ ရုပ်ရှင်လောကမှာ နိုင်ငံတော်၏ ဆင်ဆာနှင့် ဖလင်မလောက်မင မှု ပြဿနာများနှင့် လုံးခြာလိုက် နေခဲ့ရချိန်တွင် ပြင်ပကမ္ဘာကြီး၌ စက်မှုလုပ်ငန်းပြောင်းလဲရေးသာမက ဒီဂျစ်တယ် တော်လှန်ရေး (IT Revolution) ပါ ပေါ်ပေါက်ခဲ့ပါသည်၊ သံဗူးအ၀ိုင်းနှင့် ဖလင်လိပ်တွေအစား စီဒီရွန်နှင့် Thumb Drive များတွင် ရုပ်ရှင်ဇတ်လမ်းတွေအများကြီးကို ထည့်သွင်းကြည့်ရှုနိုင်ကြသည်၊ သံစုံတီးဝိုင်း Surround Sound တို့မှာ ရုပ်ရှင်ရုံများမှာသာမက အိမ်ဧည့်ခမ်းများမှာပါ နားဆင်လာနိုင်ကြ သည်။

တချိန်က ပြည်သူတို့၏စိတ်ဓါတ်၊ အတွေးအခေါ်တို့ကို မြန်မာ့ရုပ်ရှင်ကဖမ်းစားထားနိုင်ခဲ့ကြပါသည်၊ ကျွန်တော်တို့၏တီထွင်ဖန်တီးတတ်သော အတတ်ပညာသည် ဘယ်ကိုမှရောက်သွားသည် မဟုတ်ပါ၊ သင့် တော်သော ပါတ်ဝန်းကျင် တခုကို ဖန်တီးပေးနိုင်ပါလျင် မြန်မာတို့၏ ရုပ်ရှင်အခန်းကဏ္ဍသည် ပြန်လည် ဖွံ့ဖြိုးလာပါလိမ့်မည်၊ လန်ဒန်အတ် ဦးအေုန်းမောင်လို စဦးတီထွင်သူ ပညာရှင်တွေမရှားသော မြန်မာပြည်မှာ အခြေအနေပေးလျင် တောက်ပလာမည့် ကြယ်ပွင့် တွေအများကြီး ရှိသည်ဆိုခြင်းကို မမှိတ်မသုံ ယုံကြည်မိ ပါသည်၊



ကိုသန်းလွင်

၂၀၁၆ နိုဝင်ဘာလထုတ် မဟေသီ မဂ္ဂဇင်း