ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကမ်လူဝေး - အလင်းမဲ့ဘဝများ

Than Htay Maung


ကမ်လူဝေး -  အလင်းမဲ့ဘဝများ
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆

မှောင်မိုက်သောညသည် တခါတရံ အတွေးစတို့ကို ရှည်လျားစေသည်။ ကာလကြာပြီဖြစ်သော ကိစ္စတို့သည် တိုက်ဆိုင်သောအခါ အတွေးထဲသို့ အလိုအလျောက် တိုးဝင်ရောက်ရှိလာတတ်သည်။ မထူးဆန်းလှပါ။

အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ မီးမလင်း၍ မှောင်နေသော လမ်းမီးတိုင်ကို တွေ့သည်။ မှောင်ပေမှာပေါ့ မီးပျက်နေတာကိုး။ မီးပြန်လာချိန်မှာ တော့ လင်းမှာပေါ့။ ဒီလိုတွေးမိတော့ အတွေးစတို့က ဆက်လာပြန်သည်။ အိမ်ရှေ့က လမ်းမီးတိုင်မီးလင်းဖို့ကြိုးစားခဲ့ရသော အကြောင်းတွေ။

အိမ်ရှေ့မှ လမ်းမီးတိုင်က မီးလုံးမကောင်း၍ မီးမလင်းသည်မှာ အတော်ကြာခဲ့ပြီ။ ဘယ်လောက်တောင်ကြာပြီလဲဟုဆိုလျှင် တလလား သုံးလလား တနှစ်လားဆိုသည်ကိုပင် မသိလောက်အောင် ကြာခဲ့ပြီဖြစ်သည်။ မီးလုံး မကောင်း၍ မီးမလင်းကြောင်း လျှပ်စစ်ရုံးသို့ သွားပြောဖြစ်သည်။ လျှပ်စစ်ရုံးကလည်း မီးလုံးလဲပေးမည်။ သို့သော် ဘတ်ဂျက်ကျသောအခါမှ လဲပေးနိုင်မည်ဟုရှင်းပြလေသည်။ ဟုတ်ပေသားပဲ။ ဘတ်ဂျက်မရှိပဲ ဘယ်လိုလုပ်လို့ရမလဲ။ ဒီလိုနဲ့ အိမ်ကို တပ်ဆုတ်ပြန်ခဲ့ရသည်။

မီးလုံးက ဦးလေးတို့အိမ်ရှေ့က ဓာတ်တိုင် တခုတည်းမီးမလင်းတာမဟုတ်ဘူးလေ။ ဦးလေး ညဖက် လမ်းတွေကို လိုက်ပတ်ကြည့်လိုက်ပါ။ တော်တော်များများမီးလုံးတွေ မလာတာ တွေ့မှာပါ။ ကျွန်တော်တို့လည်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း မီးလုံးတွေလဲဖို့တင်ပြပြီး ဘတ်ဂျက် တောင်းထားပါတယ်။ ဘတ်ဂျက်ရတာနဲ့မီလုံးတွေလဲပေးမှာပါလို့ အီးပီစီရုံးက ဝန်ထမ်း၏ ရှင်းပြသံက နားထဲတွင် တဖန်တလဲလဲကြားလို့နေမိသည်။ ဒီလိုနှင့် ကျလာမည့်ဘတ်ဂျက်ကြီးကို မျှော်ရင်း အချိန်တွေအတော်ကြာခဲ့ပြန်သည်။ အိမ်ရှေ့ကလမ်းမီးတိုင်ကတော့ မှောင်ဆဲ မှောင်မြဲ။

ဒီလိုနှင့် တနေ့တော့ ခေတ်စားနေသော စကားလုံးများဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ဆိုသည့်စကားလုံးများအတိုင်း ကြံရဖန်ရ ပြန်သည်။ လျှပ်စစ်ရုံးသို့သွားပြီး မီးလုံးကို ဘတ်ဂျက်ကျမှ မဟုတ်ပဲ ကိုယ့်အားကိုယ်ကိုးဝယ်ပေးမည့်အကြောင်း လဲပေးတပ်ပေးဖို့ အကြောင်းပြောတော့ ဟုတ်ပြီလိပ်စာပေးခဲ့ပါ။ သက်ဆိုင်ရာလိုင်းမင်းကိုလွှတ်လိုက်ပါမယ်။ လုပ်ပေးပါလိမ့်မယ်လို့ဆိုသည်။

လိုင်းမင်းလာမည့်အချိန်ကို အိမ်ကမျှော်ရင်းစောင့်ရင်း အချိန်တွေသာ ကုန်သွားသည်။ လိုင်းမင်းကတော့ ပေါ်မလာပါ။ ဒီလိုနှင့် အချိန်တွေကြာ မနေသာတော့မှ လျှပ်စစ်ရုံးမှာ အလုပ်လုပ်သော မိတ်ဆွေဝန်ထမ်းတယောက်ကိုပြောပြအကူအညီတောင်းဖြစ်သည်။ မိတ်ဆွေက အရန်ကောဟူသော မျက်နှာပေးနှင့် ပြုံးသည်။ လိုင်းမင်းတွေ လွှတ်လိုက်ပါ့မယ်။ သူတို့တွေ လဲပေးပါလိမ့်မယ်။ အားလုံးပြီးရင်တော့ မီးတိုင်တတိုင်ကိုဒီ၍ဒီမျှမုန့်ဖိုးလေးတော့ ပေးလိုက်ပါလို့မှာသည်။ ပေးရမှာပေါ့ဗျာ။ ဒီခောတ်ကြီးမှာ မပေးလို့မှမရတာ စားဝတ်နေရေးက အားလုံးအတွက် ခက်ခဲနေတာပဲလို့ ပြန်ပြောဖြစ်သည်။

နောက်ရက်သိပ်မကြာခင်မှာပင် သူ့ဟာနှင့်သူဆိုတော့ အဆင်ပြေချောမွေ့စွာ လမ်းမီးတိုင်က မီးလင်းသွားလေသည်။ မီးက လင်းသမှ မီးခလုတ်မပိတ်လျှင် နေ့ပါလင်းနေပြီး မီးခလုတ်မဖွင့်မိလျှင် မလင်းပြန်။ လမ်းမီးတိုင်များအတွက် သီးသန့်လျှပ်စစ်မီးလိုင်း မရှိတော့ဟုဆိုသည်။ လမ်းမီးတိုင်မှ မီးခလုတ်ကိုမနက်ပိတ်၍ ညမှောင်လျှင်ပြန်ဖွင့် ပေးရသည်။ ကိုယ်ထူကိုယ်ထ ပဲပြောပြော ကိုယ့်အားကိုယ်ကိုးပဲပြောပြော ဘယ်လိုကြီးလဲဟု မေးခွန်းမထုတ်ရဲပါ။ လမ်းမီးတိုင်မီးလင်းသွားသည်ကိုပင် ကြေနပ်ကျေးဇူးတင်နေရသည့်ဘဝမဟုတ်လား။

မီးလင်းသွားသော အိမ်ရှေ့ကလမ်းမီးတိုင်အကြောင်တွေးရင်း ငယ်ဘဝကိုအတွေးက ရောက်မိ ပြန်သည်။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတယောက်ရှိခဲ့ပါသည်။ နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက်ကြာခဲ့ပါပြီ။ သူတို့မိသားစုက ဆင်းရဲသည်။ သူက ကျွန်တော်နှင့်တတန်းတည်း တခန်းတည်း ဘေးခြင်းကပ်ထိုင်ဖြစ်သော သူငယ်ချင်း။ ကျွန်တော်က စာတော်သောကျောင်းသား။ သူက စာသိပ်မရ။ သို့သော် ကြိုးစားသူ။ ကျောင်းကအိမ်စာလုပ်ခိုင်းလျှင် တခါတရံ ပြီးအောင်လုပ်မလာ။ ကျောင်းရောက်မှ အသည်းအသန်ပြီးအောင်လုပ်တတ်သည်။ မနေနိုင်သော ကျွန်တော်က အိမ်စာပြီးအောင်လုပ်ခဲ့ဖို့တိုက်တွန်းဖြစ်သည်။

ထိုအခါ သူသည် အားငယ်သောအကြည့်ဖြင့်ကြည့်ရင်း ရေနံဆီကုန်သွားတော့ ဖယောင်းတိုင်လည်း မရှိတာနဲ့ စာဆက်လုပ်လို့မရဘူးဟု ပြောပါသည်။ ကျွန်တော်ရုတ်တရက် နားမလည်ခဲ့ပါ။ နားလည်အောင် သေသေချာချာမေးသောအခါမှ အကြောင်းစုံ ကိုသိလာရပါသည်။

သူတို့မိသားစုက လက်လုပ်လက်စား ဆင်းရဲသည်။ နေတော့မြို့ စွန်ရပ်ကွက်။ သူတို့အိမ်မှာ လျှပ်စစ်မီတာမရှိ။ အီးပီစီမှလျှပ်စစ်မီးမသွယ်နိုင်။ ညဖက်မှောင်လျှင် ရေနံဆီမီးအိမ်ထွန်း။ အချိန်တန်တော့ မှောင်ထဲမှာအိပ်။ ဒါကသူတို့ဘဝ။ ရေနံဆီကလည်း တနေ့စာ တနေ့စာ သူ့ အတိုင်းအဆနှင့်။ အဆင်ပြေ၍ မိဘက ဖယောင်းတိုင်ဝယ်ပေးထားလျှင်တော့ ဖယောင်းတိုင်မီးနှင့် စာဆက်လုပ်။ ဖယောင်းတိုင်မရှိလျှင်တော့ ထိုနေ့အဖို့ပြီးပြီ။

ကျွန်တော်ကြားတော့ စိတ်မကောင်းဖြစ်ရသည်။ ဒါဆိုမင်းစာကောင်းကောင်းဖတ်လို့ မရဘူးပေါ့ဟု စိုးရိမ်စွာ ပြောဖြစ်တော့ သူငယ်ချင်းရယ်သည်။ ဒီလောက်လည်း မဆိုးပါဘူးကွာ။ မိုးတွင်း မိုးရွာရင်သာ ဒုက္ခတွေ့တာပါ။ ကျန်တဲ့အချိန်က စာသာရေးရခက်တာ စာရေးရခက်လို့အိမ်စာမပြီးတာ စာတော့ကျက်လို့ရပါတယ်ဟုဆိုသည်။ မီးမရှိပဲ စာဘယ်လိုဖတ်မလဲလို့ တအံ့တသြမေးတော့။ ရပါတယ်ကွ။ အိမ်ရှေ့က လမ်းမီးတိုင်ရှိတာပဲ လမ်းမီးတိုင်အောက်မှာ သွားပြီးဖတ်ရတာပေါ့။ ဒီလိုပဲအဆင်ပြေပါတယ်လို့ဘဝကိုကြေနပ်စွာ နားလည်ပုံမျိုးနှင့် ဆိုသည်။

သူ့အခြေအနေကိုသိပြီး ကျွန်တော်မုန့်ဖိုးလေးတွေစု၍ ဖယောင်းတိုင်ထုပ်လေးတွေ ဝယ်ပေးဖြစ်သည်။ ထိုနှစ်က သူရော ကျွန်တော်ရော စာမေးပွဲအောင်၍ နောက်တတန်းတက်ခဲ့ကြပါသည်။

နှစ်တွေကြာခဲ့ပြီး သူနှင့် တကြိမ်ပြန်တွေ့ဖြစ်ပါသည်။ သူဆယ်တန်းနှင့်ကျောင်းထွက်လိုက်ရပြီး ပုံတူခဲရေးပန်းချီဆရာအဖြစ် အသက်မွေးနေကြောင်းသိခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် သူငယ်ချင်းက သူ့လမ်းကိုသူလျောက်နေလေပြီ။ ကြေနပ်ရပေမှာပေါ့။

အချိန်ကာလတို့သည်နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လောက် ကျော်ဖြတ်ခဲ့လေပြီ။ ဒီခေတ်ဒီအခါမှာရော ကျွန်တော့် ငယ်ဘဝ က သူငယ်ချင်းလို ဆင်းရဲသောကြောင့် ဖယောင်းတိုင်မဝယ်နိုင် LED မီးမဝယ်နိုင် ၍ စာမဖတ်ရစာမလုပ်ရသော ကလေးငယ်များ ဘယ်လောက်တောင် ရှိနေဦးမလဲ ကျွန်တော်မသိ နိုင်ပါ။ ကျွန်တော့်သူငယ်ချင်းလိုမီးလင်းနေသော လမ်းမီးတိုင်တွေအောက်မှာ စာဖတ်နေကြမလား။ ဒီခေတ်ကလေးငယ်တွေ ကျွန်တော့်သူငယ်ချင်းလို ကံကောင်းနိုင်ပါ့မလား။ မီးအမြဲ မှန်မှန်လင်းသော လမ်းမီးတိုင် ကျွန်တော်တို့ငယ်ငယ်ကလိုဒီနေ့ရှာလို့လွယ်ပါ့ဦးမလား။

ကျွန်တော့်သူငယ်ချင်း မီးမှန်မှန်လင်းသော လမ်းမီးတိုင်အောက်စာဖတ်ခွင့်ရခဲ့ခြင်းက ဒီနေ့ခေတ် ကလေးငယ်တွေထက် နည်းနည်းများ ပိုကံကောင်းခဲ့လေသလားဟုတွေးမိရင်း မှောင်နေသောည၏ လမ်းမများကို ကြည့်ရင်း အတွေးဆန့်မိပါသည်။ ။

ကမ်လူဝေး