ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းနွယ်သွေး ● ဆက်မပြောဖြစ်သော အကြောင်းအရာများ


မင်းနွယ်သွေး ● ဆက်မပြောဖြစ်သော အကြောင်းအရာများ
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

။ အကြောင်းအရာ ၁ ။
ဘတ်ဆိုက ပြောတယ်ပဲထားလိုက်ပါတော့။ တံခါးခေါက်သံတွေဟာ ကမ္ဘာကြီးဆီက လာတယ်။ မြေပုံအညွှန်းထဲက အစက် အပြောက်လေးဟာ ငါတို့နေရာပဲ။ မသေချာဘူး။ ဒါပေမဲ့ ဒီအတိုင်းမှတ်ထားလိုက်ရတယ်။ နောက်တကြိမ် တွေ့ဆုံဖို့ဆိုတာ ဖြစ်ချင်မှဖြစ်လာမှာ။ ပြောချင်တာတွေ အကုန်ပြောလို့ရရင်ကောင်းမယ်။ မိန်းမငယ်တယောက်က နှစ်ရှည်လများစောင့်စားနေလိမ့်မယ်လို့ မင်း ယုံကြည်သလား။ ဘတ်ဆိုက ဒီလိုမေးခွန်းတွေအတွက် သူကိုယ်တိုင်ပြန်ဖြေဖို့ အဖြေမရှိကြောင်းပြောတယ်။ ရောက်တတ်ရာရာပေါ့။ တခါတလေကျတော့လည်း တမင်တကာရောက်အောင်ပြောလိုက်မိတာပါပဲ။ လာရာလမ်းအတိုင်း ပြန်ခဲ့ရင်တော့ မပြောင်းလဲတာတချို့တလေ ရှိကောင်း ရှိမှာပါ။ လတ်တလော နာကျင်မှုဆိုတာ နောင်တချိန်ဖြစ်လာမယ့် ဟာသလို့ ဟိုလူတယောက်ပြောတာ သတိရတယ်။ အချိန်က နည်းလွန်းတယ်။ ဟာသဖြစ်လာမယ့်အချိန်ထိ နာကျင်မှုက သက်ဆိုးရှည်ပါ့မလား။ မသိဘူး။ ဒီအတိုင်းပဲ နေလိုက်တယ်။ ဘတ်ဆိုပြန်သွားတော့ ည ၁၁ နာရီထိုးပြီ။

။ အကြောင်းအရာ ၂ ။
(၁)
ဘယ်အရပ်ကို သွားမယ်လို့ သူပြောခဲ့ပါသလဲ။ မျက်လှည့်ဆရာတယောက်နဲ့တွေ့ခဲ့တယ်။ ဆံသဆရာ တယောက်နဲ့တွေ့ခဲ့ တယ်။ တရားဟောဆရာတယောက်နဲ့တွေ့ခဲ့တယ်။ ကျနော်မေးနေကျ မေးခွန်းကိုပဲ သူ့တို့က ကျနော့်ကို ပြန်မေးခဲ့ကြတယ်။ မခက်ဘူးလား။ ရပ်ဆိုင်းလုနီး ခြေလှမ်းတွေဟာ ရှိုက်သံ ပိုကျယ်တယ်။ ဖြစ်နိုင်ရင် နေ၀င်ခါနီးအချိန်ဟာ ၀မ်းနည်းစရာကောင်း အောင်လှတယ်လို့ ပြောဖြစ်ခဲ့ချင်တာ။ ကွင်းပြင်ကြီးထဲ စက္ကူစွန်ကလေး ကြိုးပြတ်ကျခဲ့သလို။ ပြတ်သွားတဲ့ကြိုးရဲ့တဖက်မှာ စက္ကူစွန်ကလေးကို မျက်စိတစဆုံးငေးရင်း ဆုံးရှုံးမှုကို တမြေ့မြေ့ခံစားနေသူတယောက် ရှိမှာသေချာတယ်။ ဘယ်သူလဲဆို တာတော့ ကျနော်မသိချင်ဘူး။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်နေမှာ။

မျက်လှည့်ဆရာက သူ့လက်ထဲဖွက်ထားတဲ့ ဖဲချပ်ကို လွှင့်ပစ်လိုက်တယ်။ တလျှောက်လုံး သူဝှက်ထားတဲ့ဂဏန်းကို သူပြန်ရှာလို့ မရတော့ဘူးဆိုပဲ။ သူဖွက်ထားတဲ့ဂဏန်းဟာ သူကိုယ်တိုင်ပဲလို့သိရင် ခံနိုင်ရည်ရှိပါ့မလား။ ဘယ်အရပ်ကိုသွား မယ်လို့ သူပြောခဲ့ပါသလဲ။ ကျနော်တို့ဟာ ကျနော်တို့ကိုယ်တိုင် ကျပျောက်ခဲ့တဲ့အရာဝတ္ထု (သို့မဟုတ်)သက်ရှိပစ္စည်းတွေ ဆိုတာ သက်သေပြဖို့ တရားဟောဆရာနဲ့ ဆံသဆရာကို ကျနော်တို့ စောင့်နေခဲ့ကြတယ်။ သူတို့ရောက်လာရင် ဒီအကြောင်း တွေကို ကျနော်ဆက်ပြောနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြောလည်းပြောချင်ပါတယ် ။

(၂)
မျက်လှည့်ဆရာနဲ့ကျနော် အချိန်တော်တော်များများကို အတူတကွဖြုန်းတီးခဲ့ကြပြီးပြီ။ စကားတွေလည်း တော်တော်များများ ပြောခဲ့ပြီးပြီ။ တရားဟောဆရာနဲ့ ဆံသဆရာ ရောက်မလာကြသေးဘူး။ `ညဥ့်နက်နေပြီ။ ညက ပိုလှလာတယ်လို့ ခင်ဗျားမ ထင်ဘူးလား ။ ´မျက်လှည့်ဆရာက ကျနော့်ကိုမေးတယ်။ မျက်လှည့်ဆရာက သူ့မေးခွန်းရဲ့အဖြေကို စိတ်ဝင်စားဟန်မတူဘူး။ သူခံစားရသလို ကျနော်မခံစားရလည်း အရေးမကြီးဘူးလို့ ယူဆထားတယ်ထင်ရဲ့။ ကျနော့်မှာလည်း အဖြေရှိမနေဘူး။ ညရဲ့အလှတရားက အမှောင်လို့ သူခံစားချင် ခံစားနေမယ်။ တပ်အပ်ပြောလို့တော့ မရဘူး။ တိတ်ဆိတ်နေတဲ့ ညက ပိုနက်တယ်။ ကျနော်က အဲသလိုတွေးတယ်။ ကျနော်တို့နှစ်ယောက်နေရာမှာ သူခိုးတယောက်နဲ့ ပြည့်တန်ဆာတယောက်ရှိ နေတယ် ဆိုကြပါစို့။ သူတို့ဘယ်လို ခံစားရမလဲ။ အမှောင်ရဲ့သိပ်သည်းမှုက လူတိုင်းအပေါ်မှာ သက်ရောက်မှုချင်း တူနိုင် ပါ့မလား။ နေ့နဲ့ညဆိုတာ အချိန်အပိုင်း အခြားတခု ဒါမှမဟုတ် အချိန်ရဲ့အလှည့်ကျဖြစ်စဉ်ပါပဲ။

။ အကြောင်းအရာ ၃ ။
ကျနော်လုပ်နေတဲ့အလုပ်တွေကို အနုပညာကိစ္စလို့ ခင်ဗျားက ဘာ့ကြောင့်စွတ်စွဲချင်ရတာလဲ။ ကိုလွမ်း နောင်ကို ကျနော်မေးလိုက်တယ်။ သူ မဖြေဘူး။ ကျနော်ဆွဲထားတဲ့ပန်းချီကားထဲက သစ်ရွက်တရွက်ကြွေကျနေပုံကို လက်နဲ့ထောက်ပြ ပြီး `ဒါ ခင်ဗျားမဟုတ်လား ´တဲ့ ။ ကျနော်လည်း သူ့မေးခွန်းကို မဖြေဖြစ်ဘူး။ စားပွဲပေါ်တင်ထားတဲ့ စီးကရက်ဗူးထဲက စီးကရက်တလိပ်ထုတ်ယူလိုက်တယ်။ မီးညှိပြီး ချက်ချင်းထိုးချေလိုက်တယ်။ တခါတလေကျတော့ ကိုယ်လောင် ကျွမ်းပြချင်သလောက် လောင်ကျွမ်းခွင့်မရဘဲ ဖိသတ်ခံလိုက်ရတာမျိုးလည်း ရှိမှာပေါ့။ ဝမ်းနည်းစရာတော့ မကောင်းပါဘူး။ အခြားနည်း လမ်းတခုခုတော့ ရှိအုံးမှာပါ။ စောစောက ထိုးချေလိုက်တဲ့ဆေးလိပ်ကို ကောက်ယူပြီး မီးရှို့လိုက်တယ်။ တငွေ့ ငွေ့တောက်လောင်နေတာပဲ။ ကျနော့်အပြုအမူကိုကြည့်ပြီး ကိုလွမ်းနောင်က မှတ်ချက်တခုပေးတယ်။ ယေဘုယျလက်ခံထား တဲ့အတိုင်း တသမတ်တည်းသွားလို့တော့ မရဘူးပေါ့ဗျာ။ ကျနော့်မေးခွန်းကို ခင်ဗျားမဖြေတာ ခင်ဗျားမေးခွန်းကိုကျနော် မဖြေတာ အဲဒီသဘောပဲဖြစ်မယ်ထင်တယ်။ ဒါလုပ်ရင် ဒါဖြစ်မယ်၊ ဒီလမ်းကသွားရင် ဒီကိုရောက်မယ်ဆိုတာလောက်နဲ့ ကျနော်တို့ ဖြစ်တည်မှုကို လျော့မချချင်ဘူးပေါ့။ ဒီနေရာကို ဒီလမ်းကသွားလို့မရမှန်းသိရင် တခြားလမ်းရှာပြီးရောက်အောင်သွားမယ်။ ရောက်တာ မရောက်တာထက် အဲဒါပိုပြီး စိတ်ဝင်စားစရာ အားစိုက်ချင်စရာကောင်းတယ်မဟုတ်လား။ ကျနော် ဘာမှပြန်မပြောဖြစ်ဘူး။ သူ့တယောမှာ ကြိုးတချောင်းပြတ်နေတာကို ကျနော် သတိထားမိတယ်။

မင်းနွယ်သွေး