ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)


နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက် မတ်စောက်သောလမ်းများ (၂)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

[၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်ကပြုလုပ်မည့် "ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲ" အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့်စာတမ်း ဖြစ်သည်။  

အခန်း ၂ - ပြည်တွင်းစစ်ရဲ့အစနဲ့ သမိုင်းအကျဉ်း
အခန်း ၃ - စစ်ခြေလှန်းနောက်က ကပ်လိုက်လာတဲ့ ငြိမ်းချမ်းရေးကို မိုးမခစာဖတ်ပရိသတ်အတွက် ဆက်လက် ဖော်ပြလိုက် ပါသည်။]

၂။ ပြည်တွင်းစစ်ရဲ့အစနဲ့ သမိုင်းအကျဉ်း

ဗမာပြည်မှာ ပြည်တွင်းစစ်စဖြစ်တဲ့ကာလကို ၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်လို့ အားလုံးကလက်ခံထားတယ်။ ဒါပေမဲ့ဘယ် သူ့ကြောင့် ဖြစ်ရတယ်ဆိုတာနဲ့ပတ်သက်လို့ ကွဲလွဲချက်တွေရှိပါတယ်။ အထူးသဖြင့်အာဏာ ရအစိုးရအဆက်ဆက်က ပြည်တွင်းစစ်ဖြစ်ရတာဟာ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးကြောင့်လို့ တလျှောက်လုံးပြောခဲ့ရေးခဲ့ပါတယ်။ တောထဲရောက်သွားခဲ့ရတဲ့ ကွန်မြူနစ်ပါတီကလည်း ဒီကိစ္စအတွက်တရား ၀င်ဖြေရှင်းနိုင်ခဲ့တာမျိုးမရှိပါဘူး။ ဖြေရှင်းခဲ့ရင် လည်း လူသိပ်မသိခဲ့ဘူးလို့ပြောရမှာပါ။ ဒီကိစ္စမျိုးကလည်းသိမိခဲ့ သူတွေကပြောမှ၊ ပြောတဲ့စကားကလည်း ယုတ္တိရှိမှ၊ ခိုင်လုံမှ၊ ယုံကြည်ရလောက်မှပဲ လက်ခံနိုင်မယ်ထင်ပါ တယ်။

သိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းစာအုပ်မှာ ဒီလိုရေးထားတယ်။

''ကျော်ငြိမ်းသည် မမွေးစေချင်သောသားကို ဖျက်ပစ်ရန်ဆုံးဖြတ်လိုက်လေသည်။ တပြည်လုံး ရှိကွန်မြူနစ်ပါတီခေါင်းဆောင်များဖမ်းရန် ဆုံးဖြတ်လိုက်သည်။ စောစောကဂိုရှယ်တယောက်တည်း ဖမ်းထား လိုက်ရန်ကား ကြောက်ရွံ့နေခဲ့သေး၏။ အခုတော့ တပြည်လုံးဖမ်းပွဲစလေပြီ။ တပ်မတော်ထဲမှ ဗိုလ်သက်ထွန်း ကဖမ်းမည့်အကြောင်း သခင်သန်းထွန်းအားသတင်းပေးလိုက်သဖြင့်သာ ဗဟိုခေါင်းဆောင်များ လွတ်ထွက်ခြင်း ဖြစ်လေသည်။ ပြည်တွင်းစစ်စလေပြီ။'' ၂

ဒါကသိန်းဖေမြင့်ရေးသားချက်ပါ။ အဲဒီစာအုပ်မှာ ဦးကျော်ငြိမ်းရဲ့နိဒါန်း(အမှာစာ)လည်း ပါပါတယ်။

သခင်တင်မြရဲ့ 'ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ' စာအုပ်မှာတော့ ၁၉၄၈ခုနှစ်၊ မတ်လကုန်ပိုင်းကာလကို ဒီလိုရေးထားတယ်။

''မတ်လ၂၈ရက် နံနက်စောစောကြီးမှာ ဆကာကြီးဂါတ်တဲထဲက ပုလိပ်(၁၀)ယောက်လောက် လက်နက်ကိုယ်စီနဲ့ ကျွန်မတို့ အိမ်ကိုလာဝိုင်းပါတယ်။ …ခေါင်းဆောင်လာတဲ့ရာဇ၀တ်အုပ်က အဖေ့ကိုသူတို့လာ ရှာတဲ့အမည်ကို ပြောလိုက်တော့မှ… ဗမာပြည်ကွန်မြူနစ်ပါတီ မြို့နယ်ခေါင်းဆောင်သခင်အေးငြိမ်းကို လာရှာ တာတဲ့။ ဖမ်းဝရမ်းလည်းပါလာတယ်။

နေ့လယ်က ရေဒီယိုသတင်းမှာ ရန်ကုန်ဗကပဌာနချုပ်ခေါင်းဆောင်သခင်သန်းထွန်း၊ သခင် ဗသိန်းတင်နဲ့ ဂိုရှယ်တို့ကို ဆိုင် ရာမှသွားရောက်ဖမ်းရာမှာ  လွတ်မြောက်သွားကြောင်း၊ အလုံမြို့နယ်တပ်နီဌာန ချုပ်တွင်မူတပ်နီဗိုလ်ချုပ် ဗိုလ်သိန်းတန်၊ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်) နဲ့ ဗိုလ်လှမြိုင်အစရှိသော လူပေါင်း (၇) ယောက်ကို ဖမ်းဆီးရမိကြောင်း သတင်းကြေ ညာသွားပါတယ်။…နောက်နေ့တွေမှာ အနယ်နယ်ကအဖမ်းအဆီး သတင်းတွေနဲ့ ဗမာပြည်ကွန်မြူနစ်တွေက ကျေးရွာသူကြီး တွေဆီက လက်နက်ဝင်သိမ်းသွားတဲ့၊ ဖဆပလခေါင်းဆောင်တွေကို ဖမ်းသွား၊ သတ်သွားတဲ့သတင်းတွေ နေ့စဉ်သတင်းစာ တွေထဲမှာ နေ့ဆက်လိုပါလာပါတော့တယ်။ (စာ-၁၂၁-၂)
သခင်သန်းထွန်းအပါအ၀င် ခေါင်းဆောင်တွေဟာ ဧပြီလထဲကျမှ ရန်ကုန်ကထွက်နိုင်ခဲ့တာပါ။ (စာ-၁၄၄)''၃

အဲဒီအချိန်တုန်းက သိန်းဖေမြင့်က ဗမာပြည်ကွန်မြူနစ်ပါတီက နုတ်ထွက်ခါစဖြစ်ပြီး သခင်တင်မြကတော့ အလံနီကွန်မြူနစ် ပါတီက ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျောင်ဇောရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာတော့ ဒီလိုရေးထားပါတယ်။

''ထိုဆိုရှယ်လစ်ပါတီသည် ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ဦးနုကိုတဘက်ကမှီခိုပြီး တဘက်က ဖက်ဆစ်အာဏာတစိတ် တပိုင်းဖြင့် ရပ်တည်နေသည်။ ပြည်သူလူထုအတွင်းတွင် CPB နှင့် ယှဉ်ပြိုင်ပြီး ရပ်တည်မနေနိုင်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး တနှစ်အတွင်းမှာပင် CPB ကိုဖိနှိပ်လာ သည်။ နောက်ဆုံးCPBကိုတော တွင်းမောင်းချရေးဖြစ်စေသော ရန်ကုန်နှင့်တကွ တပြည်လုံးရှိ ကွန်မြူနစ်ပါတီဝင်များကိုတပြိုင်တည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးတော့သည်။ သို့သော် ခေါင်းဆောင်အများ စုသည် မျိုးချစ်ပြည်ချစ်နှင့် လိုလားသူများ၏ ကြိုတင်သတင်းပေးမှုကြောင့် နာရီပိုင်းအတွင်း အချို့လည်းညအိပ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး တောတွင်းမှမီး ကျိုးမောင်းပျက်လက်နက်နှင့်ခုခံသည်။ သို့ဖြင့်လူထုအတွင်း မရပ်တည်နိုင် သော ဆိုရှယ်လစ်များသည် ဤနည်းဖြင့် CPB ကိုတောတွင်းမောင်းချပြီး သောင်းကျန်သူဟုဆိုကာ ဆိုရှယ်လစ် လွှမ်းထား သောစစ်တပ်သို့ လွှဲအပ်ဖိနှိပ်ပါတော့သည်။ ဤနည်းဖြင့်ဆိုရှယ်လစ်များသည် စစ် တပ်အားကိုး၊ နယ်ချဲ့အားကိုးဖြင့်ပြည်တွင်း စစ်ကြီးကို ဖန်တီးလိုက်ပါတော့သည်။ ထိုကိစ္စကို ပုဂ္ဂိုလ်အရ ဦးဆောင်ဆောင်ရွက်သူမှာ ထိုစဉ်ကပြည်ထဲ ရေးဝန်ကြီး ဖြစ် သော ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဦးကျော်ငြိမ်းပင်ဖြစ်သည်။ သူသည်ဗမာပြည် ပြည်တွင်းစစ်၏ ပုဂ္ဂိုလ်အရတရားခံ နံ ပါတ် (၁) ဖြစ်သည်။'' ၎

အခုဖော်ပြခဲ့တဲ့အချက်တွေကိုကြည့်ရင် ပြည်တွင်းစစ်ဖြစ်ရခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ပြီး အာဏာရအစိုးရက အတိုက်အခံပါတီတွေကိုဖိနှိပ်မှုကနေ ပေါ်လာခဲ့တာဖြစ်တယ်ဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒါက၀ါဒရေးရာအခြေခံ ကြောင့်ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်။

တိုင်းရင်းသားလူမျိုးများရဲ့ လက်နက်ကိုင်တော်လှန်ရေးကရော ဘာကြောင့်ဖြစ်ပေါ်လာခဲ့ရပါသလဲ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ၁၉၆၁၊ သြဂုတ်လ (၂၀) ရက်မှာ ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။

''ဒီပြည်တွင်းစစ်ကို ထပ်ပြီးပိုမိုနက်ရှိုင်းစေတဲ့ အကြောင်းတရပ်လည်းရှိပါသေးတယ်။ ဒါကတော့ တိုင်း ပြည်မှာလွတ်လပ်ရေးနဲ့ အတူ အရေးကြီးဆုံးဖြေရှင်းရမယ့် ပြဿနာကြီးတရပ်ဖြစ်တဲ့လူမျိုးစုများက အမျိုးသားရေးရဲ့အခြေခံသဘောထားဖြစ်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးပြသနာများအပေါ်မှာ မှန်ကန်စွာမဖြေရှင်းနိုင်ဘူး။ ဒီလိုမဖြေရှင်းနိုင်ကြတဲ့အတွက် လူမျိုးစုများဟာ မိမိတို့ရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လူးလွန့်လှုပ်ရှားပြီး တိုက်ပွဲဝင်လာခဲ့ကြတယ်။ ဒါကိုပင် လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဖြေရှင်းသလို မဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေးပေးခဲ့တဲ့အတွက် လူမျိုးစုများနဲ့ ပဋိပက္ခပိုမိုပြင်းထန်လာခဲ့တယ်။ နောက်…လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ရတယ်။''၅

ဒီမိန့်ခွန်းမှာပါတဲ့မှတ်ချက်ဟာတိုင်းရင်းသားလူမျိုးများရဲ့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရတဲ့အကြောင်းကို ခြုံငုံမိတာကြောင့် တိုင်းရင်းသားခေါင်းဆောင်များရဲ့စကားတွေကို ထပ်ပြီးမကိုးကားတော့ပါဘူး။ လုံလောက်မှု ရှိနေလို့ပါ။

ပြည်တွင်းစစ်ရဲ့အစောပိုင်းကာလနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့မှတ်ချက်တခု ရှိပါသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချစ်ကောင်းရဲ့မှတ်ချက်ပါ။

''ပြည်တွင်စစ်ကား ညီအစ်ကိုမောင်နှမအချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေအချင်းချင်း တိုက်ကြသောစစ်၊ ဘတပြန်ကျားတပြန် တိုက်ကြသောစစ်ပင်ဖြစ်၏'' ၆

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွေတုန်းက အတူလက်တွဲလုပ်ခဲ့ကြသူတွေ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေက ပြည်တွင်းစစ်ဖြစ်လာတော့ ဘက်တဘက်စီမှာ ရပ်တည်ရင်း တိုက်ခဲ့ကြရတဲ့ စစ်တွေဖြစ်ခဲ့တယ်။ ပြည်တွင်း စစ်ရဲ့ပထမမျိုးဆက်က ဒီလိုအခြေအနေကနေ အခုလိုနှစ်ပေါင်း (၇၀) နီးပါးကြလာ တဲ့အခါမှာ တတိယမျိုးဆက်ကိုရောက် လာပြီလို့ ပြောနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ စစ်သက်တမ်းရှည် ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုပေါင်းမြောက်မြားစွာတွေထဲမှာ လူ့အသက်တွေ၊ ဘ၀တွေ၊ ပစ္စည်းဥစ္စာတွေ၊ အနာဂတ်တွေတင်မကဘဲ အရင်တုန်းကရှိခဲ့ဖူးတဲ့ ညီနောင်သားချင်း စိတ်ဓာတ်တွေလည်း ပါဝင်ပါတယ်။ အဲဒီဆုံးရှုံးမှု တွေထဲက အကြီးဆုံးသောဆုံးရှုံးမှုကိုပြောရရင် ပင်လုံစာချုပ်ကိုအခြေခံပြီးရှိခဲ့တဲ့ တိုင်းရင်းသားသွေးစည်းညီ ညွတ်ရေးစိတ်ဓာတ်နဲ့ ခံစားမှုပဲဖြစ်ပါတယ်။

တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတဲ့ နိုင်ငံရေးအခြေခံပေါ်ကနေ ရပ်တည်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားမျိုးနွယ် တွေနဲ့ စစ်အာဏာရှင်အဆက်ဆက်တို့ တိုက်ခဲ့ကြတဲ့တိုက်ပွဲရှည်ကြီးရဲ့အကျိုးဆက်ကတော့ ဗမာတိုင်းရင်းသားတွေ အ ပေါ်ကို မုန်းတီးလာ၊ ဆန့်ကျင်လာခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါကိုပြေလည်ကျေအေးအောင် ဖြေရှင်းဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှာအတူ တကွလျှောက်ကြဖို့ ပဲဖြစ်ပါတယ်။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာရှိနေတဲ့ နိုင်ငံရေးစစ်မီးကို နိုင်ငံရေးနည်းနဲ့ တရားမျှ တမှုရှိရှိဖြေရှင်းပြီး ငြိမ်းချမ်းရေးရှိလာ၊ ရလာအောင်လုပ်ကြဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မျှော်လင့်နိုင်ခြေရှိပါသလား။

ကျွန်တော်တို့ မျှော်လင့်ချက်တွေ ပြည့်ဝလာနိုင်ခြေရှိနေပါပြီလား။

ရှေ့ကိုလှမ်းမျှော်ကြည့်ဖို့အတွက် ကျန်ခဲ့တဲ့နောက်ဘက်(ဒါမှမဟုတ်) အနာဂတ်ကိုမျှော်ကြည့်ဖို့အ တွက်အတိတ်ကိုပြန်ငဲ့ကြည့်ကြရအောင်။

အတိတ်၊ ပစ္စုပ္ပန်နဲ့အနာဂတ်ဟာ ကာလကွင်းဆက်တွေဖြစ်နေလေတော့ ရှေ့တလံမျှော်ကြည့်ဖို့အ တွက် နောက်ဘက်က တခေါ်စာအကွာကို ငဲ့ကြည့်ကြရအောင်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့စကားကို ဘယ်တုန်းကစပြောခဲ့ကြပါသလဲ။

၃။ စစ်ခြေလှန်းနောက်က ကပ်လိုက်လာတဲ့ ငြိမ်းချမ်းရေး

၁၉၄၈၊ မတ်လ ၂၈ရက်မှာ ပြည်တွင်းစစ်စခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲဖြစ်ခဲ့တာမို့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ပြောလေ့ရှိကြပါတယ်။

''ပြည်တွင်းစစ် စတင်ခဲ့ပြီးနောက် ရက်သတ္တတပတ်ကြာတဲ့ ၅.၄.၁၉၄၈ မှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဖဆပလထဲမှာ လည်းမပါ။ ကွန်မြူနစ်တို့ဘက်ကိုလည်းမသိလိုက်ဘဲရှိကြတဲ့ သခင်ထိပ်တင်ကိုယ်တော်ကြီးနဲ့ သခင်ဗမောင်အစရှိတဲ့ သခင် တချို့ကိုခေါ်ပြီး အမြန်ဆုံးတို့ ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းကြဖို့နဲ့ ပါတီနိုင်ငံရေးဝါဒလမ်းစဉ်တွေကို အဓိကထားမ လုပ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိရာ ရရှိကြောင်းအတွက် လုပ်ဆောင်ကြစေလိုကြောင်း မိန့် ကြားခဲ့တယ်။ သခင်ခေါင်း ဆောင်တွေကလည်း လတ်တလောလုပ်ငန်းတွေချမှတ်ပြီးပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းနိုင်ဖို့အတွက် တို့ဗမာအစည်း အရုံးကို ပြန်ဖွဲ့စည်းကြတယ်''၇

၁၉၄၈ ၊ စက်တင်ဘာလ ၁၉ရက်မှာ အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားလှယ်တွေရဲ့အစည်းအဝေးကိုပြုလုပ် ပြီးဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါအ၀င် (၁၇)ဦးနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကို ဖွဲ့ခဲ့တယ်။

၁၉၄၈၊ ဒီဇင်ဘာ၂၅ရက်မှာ ရွှေတိဂုံစေတီတော်၊ ရာဟုထောင့် သံတန်ဆောင်းကြီးမှာ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက် ပေါင်းတရာကျော်က ဆရာတော်သုံးထောင်လောက်ရယ်၊ တခြားဘာသာပေါင်းစုံဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေရယ်နဲ့ လူထုပရိသတ် နှစ်ထောင်ကျော်တက်ရောက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအစည်းအဝေးကြီးတခုကို ပြုလုပ်ခဲ့ပါတယ်။

၁၉၅၁ ခုနှစ်အတွင်းမှာ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ (People's Peace Front) ကိုဖွဲ့စည်းခဲ့တယ်။ ၁၉၅၂ ခုနှစ်၊ မတ်လ၁၀ရက်ကနေ ၁၄ရက်အထိ ရန်ကုန်မြို့၊ ဂျူဗလီဟောမှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန် ရက်(ဗမာနိုင်ငံ)ရဲ့ပြည်လုံးကျွတ်ညီလာခံကနေ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအဆိုကို ဆုံးဖြတ် ချက်ချမှတ်ပြီး (၁၀၊ ၇၊ ၁၉၅၂) မှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာကိုထုတ်ပြန်ခဲ့ တယ်။ အဲဒီနောက်မှာ အထက်ဗမာပြည်တခွင်ကို လှည့်ပြီးတရားဟောတာတွေနဲ့ တခြားလှုပ်ရှားတွေလုပ်ခဲ့ တာကို စာရှည်မှာစိုးလို့ ဆက်မပြောတော့ပါဘူး။

ဒီနေရာမှာ ထူးခြားတဲ့အဖြစ်အပျက်တခုကို ပြောချင်ပါတယ်။ အဲဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေးအ ဖွဲ့(၈)ဦးကော်မတီဖွဲ့စည်းပြီး လှုပ်ရှားခဲ့တဲ့အထဲက ဖြစ်ပါတယ်။

''၁၉၅၈ ခုနှစ်၊ မတ်လ ၂၈ရက်မှာ တနေ့တည်း၊ တရက်တည်း၊ တချိန်တည်း အချိန်ကိုက် ပြီး တနိုင်ငံလုံးမှာရှိတဲ့ ခရိုင်မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေ ကျင်းပပြုလုပ် ခဲ့တာပဲဖြစ်ပါတယ်။'' ၈

ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က အဲဒီလိုလှုပ်ရှားမှုတွေလုပ်နိုင်ခဲ့ပေမယ့်လည်း ၁၉၅၈၊ အောက်တိုဘာလ အတွင်း အာဏာလွှဲပြောင်းမှု (ပထမအကြိမ် စစ်အာဏာသိမ်းမှု)ကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉၅၉ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (၈)ဦးကော်မတီကို ဖျက်သိမ်းခဲ့ရတယ်။ ၁၉၆၀ရွေးကောက်ပွဲနဲ့ ပထစ(ဦးနု) အစိုးရ တက်လာပြီး မရှေးမနှောင်းကာလ( ၂၄.၄.၁၉၆၀)မှာပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်စာတမ်းတခုကိုထုတ် ပြန်ခဲ့ပါတယ်။

၁၉၆၀၊မေလ(၂၂)ရက်မှာ ''ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ရေးအဖွဲ့''ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီးဖွဲ့စည်းခဲ့တယ်။ ဆရာကြီးရဲ့ကျန်းမာရေးကြောင့် အရှေ့ဂျာမဏီမှာ ဆေးသွားကုပြီးပြန်ရောက်လာ တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးနှိုးဆော်ရေးအဖွဲ့ကနေ ၁၉၆၁ခုနှစ်၊ မတ်လ(၉)ရက်မှာ ''ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့''ဆိုတဲ့နာမည်ကိုပြောင်းခဲ့တယ်။ ဆရာကြီးကဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ခရိုင်၊ မြို့နယ်အသီးသီးမှာပြည်တွင်း ငြိမ်းချမ်းရေး စည်းရုံးရေးကော်မတီတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတယ်။ ပြည်တွင်းစစ်ရပ် စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွက် လှုပ်ရှားမှုတွေဆက်လုပ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းကဦးဆောင်ပြီး စစ်တပ်ကတိုင်းပြည်အာဏာသိမ်း ခဲ့တယ်။ တော်လှန်ရေးကောင်စီဖွဲ့တယ်။ နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့တယ်။ စစ်တပ် ခေါင်းဆောင်တွေဦးဆောင်တဲ့ နိုင်ငံရေးပါတီကိုဖွဲ့စည်းပြီး တိုင်းပြည်ကိုတပါတီစနစ်နဲ့သွားဖို့ ပြင်ဆင်ခဲ့တာ လည်းဖြစ်ပါတယ်။ အဲဒီကာလ(၁၉၊ ဇွန်၊ ၁၉၆၂)မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဒီလိုပြောခဲ့တယ်။

''တပါတီစနစ်ပဲဖြစ်ဖြစ်၊ ပါလီမန်ဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ် ကြိုက်ရာကိုထူထောင်ရာတွင် မ စည်းလုံးမညီညွတ်ကြလျှင် အောင်မြင်နိုင်မည်မဟုတ်။ ညီညွှတ်စည်းလုံးမှအောင်မြင်နိုင် မည်။'' ၉

ငြိမ်းချမ်းရေး၊ ညီညွှတ်ရေး၊ ဒီမိုကရေစီရေးဆိုတာ တကယ်တမ်းစဉ်းစားကြည့်ရင် သုံးပွင့်တခိုင်ဖြစ်နေ တဲ့ နိုင်ငံရေးပန်းခက်တခက်ပါ။ ဒီ(၃)ခုထဲက တခုပျက်ရင် ကျန်တာတွေကလည်း အာမခံချက်မရှိ၊ သဟဇာ တမဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အခုလတ်တလောကိုပဲကြည့်ပါ။ ငြိမ်းချမ်းရေးမရှိတော့ ညီညွှတ်ရေးဆို တာမမြင်ရ။ ညီညွှတ်ရေးမရှိတော့ ငြိမ်းချမ်းရေးဆိုတာက အလှမ်းကွာဝေးနေ။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ် လိုဒီမိုကရေစီမျိုးပဲဖြစ်နေပါစေဦးတော့၊ ဒီမိုကရေစီကိုယ်တိုင်က စိုးတထိတ်ထိတ် ဒီမိုကရေစီဖြစ်နေမှာပါပဲ။ ''စစ် မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ''ဆိုတာကိုပဲ မင်းကရော ဒီမိုကရေစီစစ်လို့လားဆိုပြီးတော့ မေးခွန်းအ ထုတ်ခံနေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

အဲဒီလို ညီညွတ်ရေးမရှိကြတဲ့ အခြေအနေအောက် (တနည်းပြောရရင်) ငြိမ်းချမ်းရေးမရှိဘဲ ပြည်တွင်း စစ်ဖြစ်နေသမျှတော့ တိုင်းပြည်ကိုဘယ်လိုနိုင်ငံရေးစနစ်နဲ့ ထူထောင်ထူထောင်၊ အောင်မြင်မှာမဟုတ်ဘူးလို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလိုပြောခဲ့တဲ့အတွက် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်လာတာတွေရှိခဲ့ ဖြစ်ခဲ့ပါသလား။

''တော်လှန်ရေးကောင်စီအစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ (သခင်စိုး)၊ ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့၊ အ မျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)အဖွဲ့တို့ရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည် တွင်းငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများဟာ ၁၉၆၃ခုနှစ်၊ ဇွန်လ၁၁ရက်နေ့မှ ၁၉၆၃ခုနှစ်၊ နိုဝင် ဘာလ၁၅ရက်နေ့အထိ စုစုပေါင်း၅လကျော်ကြာပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီရက်တွေ အတွင်းမှာ ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွဖြစ်နေကြပါတယ်။'' ၁၀

ဒါကတော့ အဲဒီကာလတုန်းက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ စာရေးဆရာ ဉာဏ်မောင်ချစ် (ဦးလှရွှေ)ရဲ့ ဆောင်းပါးထဲကဖြစ်ပါတယ်။ အဲဒီကာလမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုကြပြီး စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တည်ဆောက်နိုင် ဖို့အတွက် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးကို ပြုလုပ်ဖို့နှိုးဆော်စာတစောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာထဲကအချက်တ ချို့ကို ကောက်နုတ်တင်ပြချင်ပါတယ်။

''ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ လူထုလူတန်းစား၊ လူမျိုးစု၊ လူ့အလွှာအသီးသီးတို့သည် ယနေ့ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ကိုရပ်စဲ၍ မိမိတို့အကျိုးစီးပွားနှင့်ကိုက်ညီသည့်စစ်မှန် သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်လိုကြသောဆန္ဒဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးတိုက်ပွဲကြီးကို တဦးနှင့်တဦးလက်တွဲဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ယခုလာမည့် နိုဝင်ဘာလ၁၀ရက်နေ့တွင် ရန်ကုန်မြို့၌ ရန်ကုန်၊ အင်းစိန်၊ ဟံသာဝတီ၊ ပဲခူး၊ သာယာဝတီနှင့် မအူပင်၆ခရိုင်မှလည်းကောင်း၊ နိုဝင်ဘာလ၁၅ရက်နေ့တွင် မန္တလေးမြို့၌ မန္တ လေး၊ မုံရွာ၊ ကျောက်ဆည်၊ ရွှေဘို၊ မြင်းခြံ၊ မိတ္ထီလာနှင့်စစ်ကိုင်း ၇ခရိုင်တို့မှလည်းကောင်း၊ လူ ထုလူတန်းစား၊ လူမျိုးစု၊ လူ့အလွှာအသီးသီးသည် စုရုံးချီတက်ကြလျက် ပြည်သူ့ကော်မတီမှ ကြီးမှူး၍ ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲများ ကျင်းပပြုလုပ်ရန် စိုင်းပြင်လျက်ရှိကြသည်။

လူထုအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ကြ။'' ၁၁

ဒါကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှုရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ၁၉၆၃၊ နိုဝင်ဘာလ၁၀ရက်က ရန်ကုန်မှာကျင်းပခဲ့ပြီး ၆ခရိုင်မှ လူထုအင်အား (တသိန်း ကျော်)ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူလူထုကြီးက ငြိမ်းချမ်းရေးကို ဘယ်လောက်တောင်မှ လိုချင်တမ်းတ ဖြစ်ခဲ့ကြသလဲဆိုတာကို ဖော်ထုတ်ပြသနိုင်ခဲ့ပေမယ့်လည်း ၁၉၆၃၊ နိုဝင်ဘာ ၁၄ရက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပျက်သွားခဲ့ပါတယ်။ ၁၉၆၄၊ မတ်လ(၂၈)ရက်မှာ ''အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ် သည့်ဥပဒေ''ဆိုတာကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့တွေရဲ့ တရားဝင်တည်ရှိမှုကို ဖျက်သိမ်းလိုက် တဲ့အထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လည်း ပါသွားပါတော့တယ်။

အဲဒီနောက်ပိုင်းကာလတွေမှာ တဖွဲ့ချင်းစီနဲ့လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှိခဲ့ပါသေးတယ်။ ထင်ထင်ရှားရှားအနေနဲ့ သိရတာတွေကတော့-

''၁၉၈၀၊ စက်တင်ဘာ ၂၃ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ(မဆလ)ကိုပေးပို့ခဲ့တဲ့ 'တွေ့ဆုံဆွေးနွေးကြရန် ကမ်းလှမ်းချက်'ကြောင့် နှစ်ဘက်ဆွေး နွေးခဲ့ကြတာရယ်၊ ၁၉၈၀-၈၁ ခုနှစ်ထဲမှာ ကေအိုင်အိုနဲ့ မဆလပါတီတို့ဆွေးနွေးခဲ့ကြတာရယ် တွေဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေပျက်ခဲ့တယ်ဆိုတာလည်း တွေ့ရပါတယ်။'' ၁၂

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အ ပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြပြီး နှစ်ဘက်စလုံးက စစ်နားနေခဲ့ပါတယ်။ ဒါပေမဲ့ တတိုင်းပြည်လုံး မှာ စစ်ပွဲတွေရပ်စဲသွားခဲ့တာတော့မဟုတ်ပါဘူး။ ဟိုနားထဖြစ်လိုက်၊ ဒီနားထဖြစ်လိုက်နဲ့ဖြစ်နေခဲ့တဲ့တိုက်ပွဲတွေ ဟာ အပစ်အခတ်ရပ်စဲရေးကာလတလျှောက်လုံးမှာ ရှိနေခဲ့ပါတယ်။

၂၀၁၀မှာ အစိုးရဖြစ်လာတဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသံတွေပြန်ပြီး ကျယ်လောင်လာခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဖို့ ညှိနှိုင်းဆွေးနွေးနေတုန်းမှပဲ အစိုးရဘက်ကထိုး စစ်တွေမကြာခဏဖြစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၅၊ အောက်တိုဘာ(၁၅)ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၈) ဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဖွဲ့အားလုံးပါဝင်ရေး (All Inclusive) မှုကို အစိုးရဘက်ကသဘောမတူ လို့ NCA စာချုပ်အတွက်ဆွေးနွေးခဲ့တဲ့ အဖွဲ့တော်များများက လက်မှတ်မထိုးခဲ့ကြပါဘူး။

အခု NLD အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံ ပထမအကြိမ် ကို ၂၀၁၆၊ သြဂုတ်လ(၃၁)ကနေ စက်တင်ဘာလ(၃)ရက်အထိ နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ အဲဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လုပ်ဖို့လည်း အစီအစဉ်ချမှတ်ထားကြပါတယ်။ ဒါပေမဲ့အဲဒီညီလာခံပြီးလို့ မကြာခင် မှာပဲ ကေအိုင်အေဌာနချုပ်ကို တပ်မတော်ဘက်ကထိုးစစ်ကြီးတွေ ဆင်နွှဲနေတာ၊ ကရင်ပြည်နယ်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ၊ TNLA နဲ့တိုက်ပွဲတွေဖြစ်နေတာ၊ NCA လက်မှတ်ထိုးထားတဲ့ RCSS (SSA) နဲ့တိုက်ပွဲ တွေဖြစ်နေတာတွေကို ဒီစာတမ်းရေးနေချိန်အထိ ကြားသိနေရတုန်းဖြစ်ပါတယ်။

စာတမ်းတင်သွင်းခဲ့သူ ■ နောင်ကျော်

(ဆက်လက်ဖော်ပြပါမည်။)

±±±±± ±±±±±  ±±±±±  ±±±±±

နိဒါန်းနှင့် အခန်း (၁) ဖတ်လိုပါက --

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ
http://moemaka.com/archives/54983http://blog.moemaka.com/2016/11/blog-post_925.html