ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ



နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆


(၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန် က ပြုလုပ်မည့် " ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ" အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့် စာတမ်း ဖြစ်သည်။ ရှေ့နေကြီး ဦးသိန်းသန်းဦး (ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်နောက်ပိုင်းသမိုင်းခေတ်ပြိုင်မော်ကွန်းများ) နှင့် ဒေါက်တာရန်မျိုးသိမ်း (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း) တို့ စာတမ်းများ အပါအဝင် စာတမ်းရှင် ၁၁ ဦး အပယ်ခံရသည်။

မာတိကာ

နိဒါန်း

၁။ ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်

၂။ ပြည်တွင်းစစ်အစနဲ့ သမိုင်းအကျဉ်း

၃။ စစ်ခြေလှမ်းနောက်က ကပ်လိုက်လာတဲ့ငြိမ်းချမ်းရေး

၎။ ဆွေးနွေးဖက်အပြောင်းအလဲများ

(က) အစိုးရနဲ့လက်ဝဲအင်အားစု

(ခ) အစိုးရ၊ တိုင်းရင်းသားအင်အားစုများနဲ့ လက်ဝဲပါတီ

(ဂ) အစိုးရနှင့် ဖက်ဒရယ်မူအတွက် ဆွေးနွေးပွဲများ

၅။ လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲများ

၆။ ခြုံငုံသုံးသပ်ချက်


နိဂုံး

နိဂုံးအညွှန်း

■ နိဒါန်း

ဒီစာတမ်းအတွက် ခေတ်ပြိုင်ကာလသတ်မှတ်ချက်ကို ဘယ်အချိန်ကစပြီး သတ်မှတ်ထားသလဲလို့ ကော်မတီက ပုဂ္ဂိုလ်တယောက်ကို မေးကြည့်တယ်။ ၁၉၄၈ ကနေ ဒီနေ့ ထိလို့ ပြန်ဖြေတယ်။

ကျွန်တော်က ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာကို ရေးမှာဆိုတော့ အဲဒီကာလ၀န်းကျင်က ထုတ်ခဲ့တဲ့စာအုပ် စာတမ်းတွေ၊ မိန့်ခွန်းတွေ၊ ကြေညာချက်တွေ၊ ဆွေးနွေးချက်တွေကိုရှာဖွေဖို့ ကြိုးစားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်က စာတွေရှာရတာ မလွယ်ပါဘူး။ အဲဒီကာလနဲ့ပတ်သတ်လို့ ရေးထားတာတွေ၊ ပြန်စုစည်း ထားတာတွေကိုပဲ အဓိကအားကိုးအားထားပြုရပါတယ်။

၁၉၆၂၊ မတ်လ (၂)ရက်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၁၉၆၃ မှာ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်တယ်။ အဲဒီဆွေးနွေးပွဲပျက်ပြီးချိန်မှာ တော်လှန်ရေးကောင်စီ (စစ်အာဏာသိမ်းအစိုးရ)ရဲ့ ပြန်ကြားရေးဌာနက ''ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသမိုင်းဝင် စာရွက်စာတမ်းများအမှတ် ၁''ကို ထုတ် တယ်။ လမ်းစဉ်သတင်းစာ အယ်ဒီတာအဖွဲ့က လက်ရွေးစင်စာအုပ်တွေထုတ်တဲ့ထဲမှာ ငြိမ်းချမ်းရေးနှင့်ပတ်သတ် တဲ့စာအုပ်တွေလည်းပါတာကိုတွေ့ရတယ်။ တခြားစာအုပ်တချို့ထုတ်ခဲ့တာလည်းတွေ့ရတယ်။ အဲဒီနောက်ပိုင်း မှာ စာအုပ်အနေနဲ့ အတော့်ကိုရှားရှားပါးပါးဖြစ်ခဲ့တာကို သတိပြုမိတယ်။ ၁၉၆၃ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက် သွားတဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သူအများစုကို ဖမ်းဆီးခဲ့တာကလည်း စာအုပ် ရှားပါးရတဲ့အကြောင်းတွေထဲမှာ အရေးကြီးတဲ့အချက်ဖြစ်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမဆလခေတ် တလျှောက်လုံးမှာ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့အတူ ငြိမ်းချမ်းရေးအသံတွေပါ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီတော့ လည်း ငြိမ်းချမ်ရေးနဲ့ပတ်သတ်တဲ့စာအုပ်ဆိုတာမျိုးကလည်း ထွက်မလာနိုင်ခဲ့တော့ပါ။

၁၉၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာတွေကလည်း တကယ့်ငြိမ်းချမ်းရေးမဟုတ်ဘဲ ယာယီစစ်မဖြစ်ရေးဘဲ လုပ်ခဲ့တာဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို မှတ်တမ်း မှတ်ရာမရှိပါဘူး။

အခုတော့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NCA စာချုပ်အတွက် ညှိနှိုင်းရေးဆွဲနိုင် ခဲ့ပြီးလို့ တကယ်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင့်ရောက်လာတော့လည်း အားလုံးပါဝင်နိုင်ရေးမူ (All Inclusive) ဖြစ်မလာတာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်လက်မှတ်ထိုးရေး ကိစ္စဟာ မအောင်မြင်ခဲ့ပါဘူး။ အခု အစိုးရသစ်လက်ထက်မှာတော့ ၂၁-ရာစု ပင်လုံညီလာခံကို စတင်ကျင်းပနိုင်ခဲ့ပါပြီ။ NCA စာချုပ်လက်မှတ်ရေးထုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ထဲ ပါဝင်ခွင့်ပြုမယ်လို့ ပြောသံတွေလည်း ကြား နေ၊ တိုက်ပွဲသံတွေလည်းကြားနေရချိန်ပါ။ ဒီအခြေအနေတွေအထိ အကျုံးဝင်အောင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေ ကို အကိုးအကားလုပ်ပြီး စာတမ်းကို ပြုစုထားပါတယ်။

၁။ ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်

ဒီကနေ့ ဗမာပြည်မှာ အဖတ်ရဆုံးနဲ့ အကြားရဆုံးစကားလုံးကို ပြောပါဆိုရင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာပဲဖြစ်မယ်ထင်ပါတယ်။ မြင်သာမြင်ရ မကြင်ရတဲ့၊ ကြားသာကြားရ မစားရတဲ့အရသာထဲမှာ ငြိမ်းချမ်းရေ က ထိပ်ဆုံးနေရာမှာရှိနေမယ်လို့ယူဆပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ (၆၉)နှစ်နီးပါးရှိခဲ့ပြီ ဆို တော့ တိုင်းသူပြည်သားလူအများစုကြီးအတွက် ငြိမ်းချမ်းရေးဆိုတာကို ကြားသာကြားဖူးပြီးမမြင်ဖူး၊ မတွေ့ဖူး၊ မကြုံဆုံဖူးကြတာ သေချာပါတယ်။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းနဲ့ငြိမ်းချမ်းရေးကိစ္စမှာ အထူးတက်ကြွလှုပ်ရှားခေါင်းဆောင်ခဲ့သူ ဆရာဒဂုန်တာရာတို့ဟာလည်း မသေခင်မှာ ငြိမ်းချမ်းရေးရတာကို မြင် သွားချင်တယ်လို့ပြောခဲ့ကြပေမယ့် သေသာသေသွားခဲ့ကြပေမယ့် မမြင်သွားခဲ့ကြရပါဘူး။ လက်ရှိ ကျွန်တော်တို့ မျိုးဆက်တွေရော ငြိမ်းချမ်းရေးကို မြင်တွေ့ခွင့်၊ ခံစားခွင့်ရနိုင်ကြမယ်လို့ယုံကြည်မျှော်လင့်မိပါသလား။

ဗမာနိုင်ငံသားတွေ ဒီလောက်အထိ အာသာငမ်းနဲ့ တမ်းတမ်းတတဖြစ်နေရလောက်တဲ့ ငြိမ်းချမ်းရေးဆို တာဘာလဲ။ ဒီစကားလုံးရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာသိဖို့လိုလာပါပြီ။

မြန်မာအဘိဓာန်ကတော့ ငြိမ်းချမ်းရေးဆိုတာကို

''ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့သောအဖြစ်''လို့ ဖွင့်ဆိုပေးထားတယ်။ အောက်စ်ဖို့ဒ် အဘိဓာန် (7th Edition) မှာတော့

'' a situation or a period of time in which there is no war or violence in a country or an area''

ဒီဖွင့်ဆိုချက်နှစ်ခုလောက်နဲ့ကြည့်ရင်ပဲ ''ငြိမ်းချမ်းရေး''ဆိုတာ ''ဆူပူလှုပ်ရှားထကြွပုန်ကန်မှုမရှိတဲ့၊ အကြမ်းဖက်ရက်စက်မှုမရှိတဲ့၊ စစ်ပွဲမရှိတဲ့ အချိန်ကာလနဲ့ အခြေအနေ'' ကို ဆိုလိုတာဖြစ်ကြောင်းထင်ရှားပါ တယ်။ ဒီဖွင့်ဆိုချက်ပေတံနဲ့ တိုင်းကြည့်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ငြိမ်းချမ်းရေးရှိနေပြီလို့ပြော နိုင်ပါပြီလားဆိုပြီး မေးစရာထပ်ရှိလာနိုင်ပါသေးတယ်။ ကမ္ဘာကြီးကို ခဏထားလိုက်ပြီး ကျွန်တော်တို့ ဗမာပြည် ကြီးကို ပြန်လှည့်ကြည့်ကြပါဦးစို့။

ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာယာယီငြိမ်းချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားအသုံးအနှုန်းရှိတယ်။ အပေါ်ယံအမြင်မှာ တည်ငြိမ်နေသလိုလိုရှိပြီး အတွင်းပိုင်းမှာတော့ မကျေလည်မှုတွေ၊ မကျေနပ်မှုတွေ၊ ခံပြင်း ဒေါသဖြစ်စရာတွေ၊ အမုန်းတွေ၊ အငြိုးတွေ၊ နာကြည်းကြေကွဲစရာတွေ… စတဲ့ အကြောင်းအချက်တွေက သွေး ပုပ်ပြည်ပုပ်တွေလို လှိုက်စားနေတာမျိုးရှိနေရရင် အဲဒီအခြေအနေကို ထာဝရငြိမ်းချမ်းရေးရှိနေပြီလို့ ပြောမရဘူး ဆိုတာ အားလုံးသိကြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူတဲ့လူမျိုးနွယ်တွေ၊ ကွဲပြားတဲ့ယုံကြည်ကိုးကွယ်သူတွေရှိနေတတ်တယ်။ ဗမာပြည်မှာလည်းဒီလိုပဲရှိတယ်။ အဲဒီလိုမတူကွဲပြားတဲ့ အခြေအနေကို ကိုယ်စားပြုမှုက အင်အားစုတခုအနေ နဲ့ အခိုင်အမာ (ကိုယ်စီ) ရှိနေကြတယ်ဆိုရင် အဲဒီတိုင်းပြည်ထဲက မျိုးနွယ်စု (တိုင်းရင်းသား)တိုင်းအတွက် လွတ်လွတ်လပ်လပ်နေထိုင်သွားလာခွင့်၊ စီးပွားရှာခွင့်အပါအ၀င် ရသင့်ရထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ အခြခံရပိုင် ခွင့် တွေရှိဖို့လိုတယ်။ ပြီးတော့ လူတိုင်းလူတိုင်းအတွက် တိုင်းရင်းသားတိုင်းအတွက် တန်းတူညီမျှခွင့်အရေးတွေ ရှိနေဖို့လိုတယ်။ အဲဒီနိုင်ငံထဲမှာ နေထိုင်ကြတဲ့နိုင်ငံသားတိုင်းမှာ အခြေခံရပိုင်ခွင့်တွေ၊ တန်းတူညီမျှ အခွင့်အ ရေးတွေကို စာရွက်ပေါ်မှာသာမကဘဲ တကယ့်နေထိုင်မှုဘ၀ထဲမှာပါ ရရှိနေကြဖို့လိုတယ်။ မတူကွဲပြားသူတွေ အချင်းချင်းကြားမှာ ကြီးငယ်ရွယ်လတ်မကွဲပြား၊ မခွဲခြားဘဲ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေး စားနဲ့ သူရပိုင်ခွင့်၊ ကိုယ့်ရပိုင်ခွင့်တွေကို အပြန်အလှန်လေးစားအသိအမှတ်ပြုဖို့လိုတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ဆိုရင် သက်ဆိုင်ရာဘက်အားလုံးက စိတ်ဓာတ်ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားနေပါလမ့်မယ်။ အဲဒီ စိတ်ယဉ်ကျေးမှုအဆင့်အတန်းဆိုတာကို စိတ်သဘောထားမှန်ကန်မြင့်မြတ်ခြင်းလို့ ပြောရင်ရပါတယ်။

စိတ်ယဉ်ကျေးမှုအဆင့်အတန်းရှိမရှိဆိုတာကို အကဲဖြတ်စရာပေတံကတော့ ကိုယ်ချင်းစာတရား၊ ကရု ဏာတရား၊ သိမ်မွေ့နူးညံ့တဲ့စိတ်ထား၊ မျှမျှတတကြည့်တတ်တဲ့အမြင်သဘောထား၊ ရင့်ကျက်တည်ငြိမ်တဲ့စိတ်နဲ့ ဆုံးဖြတ်ဆောင်ရွက်တတ်ခြင်း စတာတွေပဲဖြစ်ပါတယ်။ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြု တတ်မှု၊ ရပိုင်ခွင့်နဲ့အခွင့်အရေးကို အပြန်အလှန်အသိအမှတ်ပြု လက်ခံတတ်မှုနဲ့ စိတ်ယဉ်ကျေးမှု အဆင့်အ တန်းရှိခြင်းတွေဟာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်ရေးမှာ အထောက်အပံ့ကောင်းကြောင်းတွေအ နေနဲ့ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

လူတိုင်းဟာကိုယ့်ဘ၀သက်တမ်းကာလကို စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဖြတ်သန်းချင်ကြပါလိမ့်မယ်။ ဒီနေရာမှာ စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ချမ်းသာခြင်းကို ခွဲကြည့်ချင်ပါတယ်။

ကိုယ်ချမ်းသာခြင်းကိုပြောရင် အနာရောဂါကင်းခြင်း (နည်းခြင်း)၊ စီးပွားရေးအတန်းအသင့်ပြေလည်ပြီး စားဝတ်နေရေးအတွက် မပူပင်ရခြင်း၊ အဲဒီလိုဖြစ်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့အလုပ်အကိုင်နဲ့ဝင်ငွေရှိ ခြင်း၊ ရာသီဥတုနဲ့ သဟဇာတဖြစ်အောင် စီမံဖန်တီးနိုင်တဲ့ အိမ်ရာပိုင်ဆိုင်ခြင်း၊ စိုးရိမ်ကြောင့်ကြပြီးရင်တထိတ် ထိတ်ဖြစ်ရတဲ့ အခြေအနေမျိုးမရှိခြင်း၊ ချစ်ကြည်ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကောင်းမှာ လွတ်လပ်အေးချမ်းစွာ နေ ထိုင်နိုင်ခွင့်ရှိခြင်းတို့ အကျုံးဝင်မယ်ထင်ပါတယ်။

စိတ်ချမ်းသာခြင်းကိုပြောရရင် ပူပင်ကြောင့်ကြစိုးရိမ်မှုမှကင်းစေခြင်း၊ ရန်သူမျိုးငါးပါးရဲ့ နှောက်ယှက်မှု ဒုက္ခနဲ့ကင်းခြင်း၊ မရှိမရှားဘ၀မျိုးနဲ့ သဟဇာတဖြစ်အောင်နေနိုင်ခြင်း၊ ကြောက်ရခြင်ဘေးအဖုံဖုံမှ ကင်းလွတ် ခြင်း၊ ချစ်ခင်သူတွေနဲ့ ပေါင်းသင်းနေထိုင်ခွင့်ရှိခြင်း၊ ပျော်ရွှင်အေးချမ်းတဲ့ အခြေအနေကောင်းထဲမှာ နေရခြင်း၊ မမြင်ချင်မကြားချင်တဲ့ လူမှုအနိဋ္ဌာရုံးအပေါင်းနဲ့ ကင်းဝေးခြင်း၊ ကိုယ်ကျင်လည်နေထိုင်ရာဝန်းကျင်မှာ စိတ်မချမ်း သာစရာ၊ စိတ်ညစ်ညူးစရာ၊ စိတ်ကျဉ်းကျပ်စရာ အခြေအနေအဖြစ်အပျက်တွေမရှိခြင်း… စတာတွေက အကျုံး ၀င်နေမယ်ထင်ပါတယ်။

အဲဒီလိုစိတ်ချမ်းသာ ကိုယ်ချမ်းသာတဲ့ဘ၀မျိုးမှာ နေထိုင်ချင်သူတွေအတွက် အရေးအကြီးဆုံးလို့ပြောရ မယ့်လိုအပ်ချက်တွေကတော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း (တိုင်းပြည်) ဖြစ်နေဖို့၊ စီးပွားရးအဆင်ပြေ တဲ့လူမှုဘ၀ဖြစ်နေဖို့၊ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ကြားမှာ ရန်လိုမုန်းတီးမှုကင်းပြီး ချစ်ကြည်ရင်း နှီး နွေးထွေးမှုတွေနဲ့အတူလွတ်လပ်မှုလည်းရှိ၊ ပျော်ရွှင်စရာလည်းကောင်းတဲ့ လူမှုဝန်းကျင်ဖြစ်နေဖို့လိုအပ်ပါ တယ်။ ဒီလိုအခြေအနေကောင်းမျိုးတွေက စစ်ပွဲတွေရှိနေသမျှ မရနိုင်သလို၊ ငြိမ်းချမ်းရေးမရှိသမျှလည်း ရနိုင်သ လို၊ ငြိမ်းချမ်းရေးမရှိသမျှလည်းရနိုင်လိမ်မယ်လို့မထင်မိပါဘူး။ တိုင်းပြည်မငြိမ်းချမ်းဘဲ စစ်ပွဲတွေဖြစ်နေတဲ့ကြား ထဲမှာ ဒီလိုအခြေအနေကောင်းတွေကို ရနေနိုင်သူတွေရှိနေတယ်ဆိုရင်လည်း အဲဒီလို လူတွေရဲ့ဘ၀မှာ ''အိမ် ရှေ့ပူ၊ အိမ်နောက်မချမ်းသာ''တဲ့ အကျိုးဆက်ကို တနေ့နေ့မှာ မလွှဲမရှောင်သာ ကြုံရမှာတော့ သေချာပါ တယ်။

ငြိမ်းချမ်းရေးမရှိတဲ့ လူ့အဖွဲ့အစည်းမှာ စိုးရိမ်ကြောင့်ကြ ထိတ်လန့်စရာအခြေအနေနဲ့ အဖြစ်အပျက်တွေ ဟာ လူတိုင်းရဲ့ အိမ်တံခါးကို ဒီနေ့လာမခေါက်ရင်တောင်မှ မနက်ဖြန် လာခေါက်တာ၊ ထုနှက်ဖျက်ချိုးတာနဲ့ ကြုံ ရမှာက သေချာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပြည်သူတိုင်းအတွက် အရေးအကြီးဆုံးလိုချင်စရာနဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး ပြောရလေ့ရှိတာက စစ်ပွဲတွေပဲဖြစ်ပါတယ်။ စစ်ပွဲဆိုတာရဲ့ နောက်ဆက်တွဲခံ စားမှုက အော်ဂလီဆန်စရာ အနိဋ္ဌာရုံတွေပါပဲ။ စစ်သွေးဆာပြီး အဓမ္မစစ်ကို ဆင်နွှဲနေတဲ့ စစ်ဝါဒီတွေဟာ ရွံရှာစ ရာကောင်းတဲ့သူတွေပါ။ စစ်ပွဲသဘာဝတရားမှာ အဓမ္မစစ်နဲ့ ဓမ္မစစ်ဆိုပြီး ခွဲခြားကြည့်မြင်ရတာရှိပါတယ်။ ကျူး ကျော်စစ်နဲ့ ခုခံစစ်၊ တရားသောစစ်နဲ့ မတရားသောစစ်။

ဘယ်လိုစစ်ပွဲမျိုးဖြစ်ဖြစ်၊ လူသေစေတဲ့လက်နက်ကို ကိုင်ထားပြီး ဟိုဘက်ဒီဘက် အနိုင်တိုက်ကြတဲ့အ ခါမှာ စစ်ပွဲရဲ့အလုပ်ဟာ ကိုယ်အနိုင်ရအောင် တဘက်ကလူတွေကို အသေသတ်ရေးဖြစ်ပါတယ်။ ငါးပါးသီလ ရှု့ထောင့်ကပြောရင် ''ပါဏာတိပါတာ''အပြစ်ကို ကျူးလွန်တာပါပဲ။ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပုဒ်ကို စောင့်ထိန်းချင်သူစိတ်နဲ့ကြည့်ရင် စစ်ဖြစ်တယ်ဆိုတာ ဘ၀ငြိမ်းချမ်းရေးနဲ့ လောကငြိမ်းချမ်းရေးကို ဖောက်ဖျက် လိုက်တာပါ။ ပါဏာတိပါတာ ဝေရာမဏိဆိုတဲ့သီလကိုစောင့်ထိန်းသူအနေနဲ့

''သူတပါး၏အသက်ကို သက်ခြင်းမှ ရှောင်ကြဉ်ခြင်းဟူရာ သူတပါး၏  အသက်ကိုရှည်အောင်အားထုတ်ခြင်းကိုလည်း ရအပ်၏''

လို့ ဦးရွှေအောင်က 'ဘ၀အမြင်သစ်'စာအုပ်ဆင်ခြင်ပြခဲ့ဖူးပါတယ်။ စစ်ပွဲကိုဆင်နွှဲနေသူတွေအနေနဲ့စစ်ပွဲကို ရပ်သွားစေချင်စိတ် အခြေခံပေါ်ကနေ ''ပါဏာတိပါတာ ဝေရာမဏိ''သီလကို စောင့်ထိန်းလိုက်နာမယ်ဆိုရင်ပဲ ငြိမ်းချမ်းရေး အလင်းကို လှမ်းမြင်ရလိုက်သလို ရှိပါလိမ်ပမယ်။

ဒီကနေ့ ခေတ်သစ်စစ်ပွဲတွေဖြစ်ရတာနဲ့ နောကခံအကြောင်းအရင်းတွေကို ရှာကြည့်ရင် နိုင်ငံရေးပြသ နာဆိုတာတွေ့နိုင်ကြပါလိမ့်မယ်။ သူများအသက်ကို မသတ်ချင်စိတ်နဲ့ ထိန်းသိမ်းလိုက်တာဟာ ယာယီအပစ်ရပ် ရေုးလမ်းကြောင်းထဲက တခုပဲဖြစ်ပါလိမ်ပမယ်။ တကယ်ပဲ ပြည်တွင်းစစ်ကို ရုပ်သိမ်းချုပ်ငြိမ်းပြီး စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင်တော့ စစ်ဖြစ်ရတဲ့အကြောင်းရင်းကို ပြေလည် အောင်ဖြေရှင်းရမှာပါ။ မီးလောင်လို့ မီးခိုးထွက်နေတာကို မမြင်ချင်လို့ဆိုပြီး မိးခိုးကိုလေနဲ့မှုတ်ထုတ်၊ ယတ်ခတ် ထုတ်ရုံနဲ့ မီးခိုးက ပျောက်မသွားနိုင်သလိုပဲ နိုင်ငံရေးပြသနာကြောင့် စစ်ပွဲတွေကာလရှည်ကြာ ဖြစ်နေတာကို နိုင်ငံရေးနည်းနဲ့ပဲ ငြိမ်းသတ်နိုင်မှသာ ရေရှည်ခံတဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ပါဘူး။ နိုင်ငံရေးမီးကို နိုင်ငံရေး နည်းနဲ့ပဲ ငြိမ်းသတ်နိုင်မှသာ ရေရှည်ခံတဲ့ငြိမ်းချမ်းေးကို ရနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ''မီးလျှံထဲက ကြာဖြူ''လို့လည်း တင်စားခဲ့ကြတာရှိပါတယ်။


(စာတမ်းတင်သွင်းခဲ့သူ - နောင်ကျော်)
(ဆက်လက်ဖော်ပြပါမည်။)