ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရွှေပိုးအိမ် (ပဲခူး) ● ရောက်လေရာ


ရွှေပိုးအိမ် (ပဲခူး)  ● ရောက်လေရာ 
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆

ပုတ်သိုးလွယ်တဲ့ လရောင်ကိုခံယူရင်း ဆယ့်နှစ်လရာသီခွင်ရဲ့ နောက်ဆုံးစာကြောင်းမှာ ကျွန်မရဲ့ အနူးညံ့ဆုံးအလွှာတွေ တဆင့်ချင်းစီ ကွာကျလာတယ်။ ဒီဇင်ဘာတော့ ဒီဇင်ဘာပဲ။ ဒါပေမဲ့  နှင်းကျလာတာမမြင်ရသေးဘူး။ နှင်းဟာပူပြင်းတဲ့ ရာသီဥတုရဲ့တိုက်ခိုက်မှုတွေကို အလူးအလဲ ခံရင်းအစွမ်းကုန် ပွင့်လန်းဖို့ကြိုးစားနေဆဲပဲ။ အဲဒီအချိန်မှာပဲအမေက ကျွန်မကို နှင်း… ဆိုပြီး ပွင့်ပေးလိုက်တယ်။ တကယ့် နှင်းတွေ ညှိုးရော်သွားလိုက်တာ။

အမေမသိဘူးနဲ့ တူပါတယ်။  အင်းလေ… အမေ မသိလို့နေမှာပါ။ ကျွန်မက နှင်းဆိုပေမယ့် နေရောင်နဲ့တွေ့ရင် အရည်မပျော်ဘဲ ပိုပြီးမာကျောလာတတ်လွန်းလို့။ အမှန်က ကျွန်မနာမည်ထဲက နှင်းဆိုတဲ့ အနူးညံ့ဆုံးစကားလုံးလေးကို အမေဖြုတ်ချခဲ့သင့် တာ။ အမေစိတ်မဆိုးနဲ့နော်။ ကျွန်မက ဆောင်းမှာပွင့်ပေမယ့်နှင်းမှမဟုတ်တာ အမေရယ်…။

အေးစက်ခြောက်ကပ်မှုကို ကြိုက်နှစ်သက်တဲ့ ကန္တရ ဆူးပင်လေးတပင်ပါ…။ အထီးကျန်ကြေကွဲမှုတွေနဲ့ မိတ်ဆွေဖွဲ့ချင်နေတဲ့ ကန္တရ ဆူးပင်လေးတပင်ပါအမေ။

အဲဒီနောက် ကမ္ဘာမြေဟာ ကျွန်မတကိုယ်လုံးကိုသိမ်းကျုံးတပ်ဆင်၊ မြေပြင်နဲ့တသားတည်း ဖြစ်အောင် ယစ်ပူဇော်ပစ်လိုက် တာများ၊ အဖေကဓားထမ်းပြီး အနှီးထုတ်ကလေးထဲက နဂါးမလေးကို အားနဲ့မာန်နဲ့ကျော်တယ်။ နဂါးမလေး ဂြိုလ်မထနိုင် အောင်တဲ့။ ယုံကြည်မှု အစွဲအလန်းတွေထဲမှာ ၁၉ နှစ်အရွယ် ကျွန်မမိဘတွေက မရင့်ကျက်သေးတဲ့ကလေးစုံတွဲပဲ။ အနီရင့် ရောင် ရထားပိုးကောင်တွေ ပလုတ်ပလောင်းစားပစ်တဲ့နေ့ကဆို တအိမ်လုံးပြာယာခတ်လို့။ သောက်ရေအိုးထဲကရေတွေ အကုန်သွန်ပြီး တကိုယ်လုံးစိုစိုရွှဲနေတဲ့ ကလေးတယောက် သောက်ရေအိုးအလွတ်ကြီးထဲမှာ…။

အဲဒီနေ့ကအဖေနဲ့ ရန်ဖြစ်ထားတဲ့အမေက ကျွန်မကို ရိုက်တယ်။ လူလစ်ပြီဆို ခါးကိုဆွဲဆွဲဆိတ်တတ်တဲ့ ဆရာမရဲ့ ညီမ ကြောင့် ဆရာမအိမ်ရဲ့လမ်းတဝက်ကနေ စာမသင်ဘဲ အိမ်ပြန်လှည့်လာတဲ့ကျွန်မကို အမေမရိုက်ဘူး။ ကျွန်မသိမ်ငယ်တတ် တာကိုသိပေမယ့် ကျွန်မစိတ်ထဲက ခံပြင်းမှုတွေကို အမေမမြင်ခဲ့တဲ့နေ့တွေ ရှိတယ်။ ကန္တရဆူးပင်လေးဟာ တခါတခါ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုနဲ့ သွေးအေးလွန်းလှတာ အမေနားမလည်ခဲ့ဘူး။ ကျွန်မမှာ အမေမမြင်နိုင်တဲ့ လက်နက်တွေရှိ တယ်ဆိုတာ ယုံသလားအမေ…။

ဂြိုလ်နက္ခတ်တွေရဲ့ စီးနင်းမှုကို ငြင်းဆန်ခဲ့တဲ့ အစိမ်းရောင်မိန်းမတယောက်ဟာ ကျွန်မပါပဲ။

အိပ်၊ စား နှစ်မျိုးတည်းနဲ့ ကာမတဏှာမဖိစီးတဲ့ အချိန်တွေဟာပစ်စလတ်ခတ်နိုင်လှတယ်ဆိုပေမယ့် ပြန်ပြောမိတဲ့အခါ ပြုံး ရယ် စရာကောင်းရုံမှအပ ကျွန်မအတွက်ရော… ကြားရတဲ့သူတွေအတွက်ပါ ဒဏ်ရာ မဖြစ်စေခဲ့ဘူးလေ။

နှင်းဆီကိုချစ်သယောင်ပြပြီးမှ ဆိတ်ဖလူးရဲ့ သိမ်ငယ်ခြင်းအတွက် တဘဝလုံးရက်ရောပေးခဲ့တဲ့ မိန်းမ။ ပညက်ချက်တခုကိုလည်ပင်းမှာမြဲနေအောင် ဆွဲပေးလိုက်ကတည်းက ဆင်တွေမုန်ယိုနေသလိုမျိုး ကံကြမ္မာကလည်း ဆင်ကန်းတောတိုးပဲ။ အရက်ပုလင်းတွေပတ်ချာလည် စီထားတဲ့အခန်းငယ်လေးထဲမှာ ကျွန်မငယ်ဘ၀ရှိတယ်။

အမေမရှိပဲ ပိတောက်ပန်းပွင့်တဲ့နှစ်မှာ ကျွန်မကောင်းကောင်းရှင်သန်နိုင်ခဲ့တယ်။ ညတွေဟာ ကျွန်မ နှလုံးသားကိုဓားနဲ့ ခြစ်ချပြီးစကားလုံးတွေကို မပြောမဆိုဘဲ ယူသွားလေ့ရှိတယ်။ မနက်တွေဟာ ကျွန်မပျော်ရွှင်ခြင်းကို မီးခိုးမှိုင်းတိုက်ပြီး ကျွန်မဖြစ်တည်ခြင်းကို နှုတ်ခမ်းတဖက်တည်းတွန့်ပြီး ရူးအောင် ပြုစားလေ့ရှိတယ်။

ရေ၀တီရေ… ရေ၀တီရေ… ။ အမည် ပညက်ချက်လှလှပပနဲ့ အလွမ်းသီးချင်းလေးကို လိုက်ညည်းရင်း သစ်ပင်တွေနဲ့ ပိတ်ဆို့ နေတတ်တဲ့ နေမင်းကြီးကိုငေးခဲ့ဖူးတယ်။

တကယ်တော့ ရေ၀တီဆိုတာ လွမ်းစရာ မကောင်းတဲ့ ဘဝနဲ့ သံသရာတဖက်ကမ်းမှာ မောကြီး ပန်းကြီး ကူးခတ်နေရတဲ့အပြစ်သားဆိုတာအချိန်နှောင်းမှ သိခဲ့ရပေါ့။ သတ်ပုံကျမ်းကိုဘေးချ၊ စာလုံးပေါင်းမှားခဲ့တဲ့နေ့တွေကိုရေတွက်မိပြီဆို ကျွန်မငို တယ်။ အချို့စာလုံးပေါင်းတွေက သိသိချည်းနဲ့ မျက်စိလျှမ်းပြီးမှားခဲ့တာ။ အချို့ကမသိတာကိုသိချင်ယောင်ဆောင်ပြီး ခပ် တည်တည်နဲ့ ရေးခဲ့မိလို့ မှားခဲ့တာ။ တကယ်မသိလို့ မှားခဲ့တဲ့ စာလုံးပေါင်းတွေအတွက်တော့ စိတ်မကောင်းဖြစ်မိတာအမှန်ပဲ။ ဒါပေမဲ့ အားလုံးကအမှားတွေချည်းပဲလေ။ အမှားဆိုတဲ့ စာတန်းထိုးလိုက်ချိန်မှာ ကျွန်မ လက်ထဲက Correction pen လေး ပြုတ်ကျသွားခဲ့ပြီ။

ပင့်သက်ရှိုက်သံတွေ တိတ်ဆိတ်သွားကတည်းကပန်းတွေ ပွင့်တာ၊ တိမ်တွေ လွှင့်တာ၊ ဂစ်တာကြိုး ညှိတာအားလုံးကို ရဲရဲတောက် မခံစားရတော့ဘူး။ တခါတခါဘုရားပေါ် တက်ခါနီးမှ ဖိနပ်ပြတ် သွားတာကိုပဲပိုပြီးအဆင်ပြေသွားသလိုမျိုးရောချခဲ့ရတယ်။ သိလား…။ သိလားလို့ မေးရင် မသိဘူးလို့ ခေါင်းခါ မယ်မှန်း သိသိကြီးနဲ့သိလားလို့ ကျွန်မမေးတတ်လာတယ်။
မသိဘူးမဟုတ်လားလို့မေးရင် ငြိုငြင်မယ်မှန်း သိသိကြီးနဲ့ မသိဘူးမဟုတ်လားလို့ အရွဲ့တိုက်ပြီး ကျွန်မမေးတတ်လာတယ်။
လောကကြီးကိုအရွဲ့တိုက်ပေမယ့် လောကကြီးက ကျွန်မကြောင့် ဘယ်တုန်းကမှ မရွဲ့ခဲ့ပါဘူး။ ကျွန်မသာသူ့အမြင်မှာ သနားစရာ ဖြစ်ဖြစ်သွားတာ။ လောကကြီးရဲ့စိတ်ဓာတ်က တကယ်ကို အဖြောင့်အတိုင်းပါပဲ။

ပြီးတော့ သိလား…..။ ကျွန်မဘယ်တုန်းကမှ ကြိုးတွေကိုမချစ်တတ်ခဲ့ဘူး။ ကြိုးတွေကို မြင်တာနဲ့ ကျွန်မစိတ်ဟာ ပျော့ဖတ် လာတယ်။ ကျွန်မ နှလုံးသားဟာ နုံးချိလာတယ်။ ကြိုးတွေကိုမချစ်တတ်ခဲ့ပေမယ့် ကြိုးတွေကိုမုန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ ကြိုးတွေမှာအပြစ်မရှိဘူးဆိုတာ ကျွန်မယုံတယ်။

တုတ်နှောင်သူနဲ့ တုတ်နှောင်ခံရသူသာအပြစ်ရှိတာ…။ ကြိုးတွေ….။ တွန့်လိမ် ကောက်ကွေးနေတဲ့ ကြိုးတွေ ကျွန်မသွားမယ့် လမ်းတလျှောက် မြွေတွေလိုပဲရွစိတက်လို့။ ကြိုးတွေကိုဖယ်နေရတာနဲ့ ကျွန်မခရီးဟာ နှေးကွေးခဲ့ရပြီ။ ကျွန်မလမ်းဟာ ကြမ်းတမ်းခဲ့ရပြီ။ ထပ်ပြောပါဦးမယ်။

တကယ်တမ်းက ကြိုးတွေမှာအပြစ်မရှိဘူး။ ကြိုးတွေနဲ့မှ ဆော့ကစားချင်တဲ့ မိန်းမငယ်လေး တယောက်ဟာ ကြိုးတွေကြားမှာပဲလေးလံမှုံမှိုင်းနေရတာ သဘာဝကျပါတယ်။ သဘာဝတရားက တရားမျှတမှုလည်းရှိတယ်။ ကျွန်မအတွက်တော့ သဘာဝတရားဟာမျက်စိနောက် စရာပဲ။ တစ်ခါတခါ အဲဒီလိုကြောင်ပါတယ်။

အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် သနားတယ်။ သနားတယ်ဆိုတာချစ်တာထက်တောင်ပိုနေသေးတဲ့သဘောပဲ။ ကိုယ့် ကိုယ် ကိုယ်ချစ်တာဟာ အတ္တဆိုရင် ကျွန်မကအတ္တကိုတောင် မာရေကျောရေနဲ့ စောင်းငဲ့ကြည့်နေမယ့် မိန်းမမျိုး။

ထိကရုံးပင်တွေကြားကမီးခိုတွေ အူနေတဲ့ ညနေခင်းတွေဆို ငယ်ဘ၀ကို သတိရတယ်။ မီးခိုတွေ အူနေတာ ခြင်အန္တရာယ် ကိုကာကွယ်ဖို့လေ။ အဲဒီလိုပစ္စုပန်ကိုတည့်တည့်မကြည့်နိုင်တဲ့ လွန်မြောက်ခြင်းမျိုးနဲ့ အသက်ကို မြနေအောင် သွေးတယ်။

ကျွန်မပျော်တဲ့အခါ မျက်လုံးတွေ မှိတ်နေအောင် အားရပါးရရယ်ပြီး ကျွန်မမပျော်တော့တဲ့ အခါ မျက်လုံးတွေ မှိတ်နေအောင် ခေါင်းငုံ့ နေတတ်တယ်။ ကျွန်မကျရှုံးတယ်။ ကျွန်မ အောင်မြင်တယ်။  ပြန်ကျရှုံးတယ်။ အောင်မြင်တယ်။ ပြီးတော့ ရှုံးပြန် တယ်။ ကြာလာတော့ ကျွန်မအောင်မြင်တယ်ဆိုတာကိုမယုံတော့ဘူး။ အဲ့ဒီတော့မှပဲ ကျွန်မဆီကနေအရှုံးဟာဖယ်ခွာသွားတော့တယ်။ အောင်မြင်မှုက လက်တစ်ကမ်းမှာ…။ ဟုတ်ကဲ့ ကျွန်မမယုံတော့ပါဘူး။ တကယ်တမ်းတော့ အောင်မြင်မှုကို မယုံတဲ့ စိတ်ဟာ ကျွန်မရဲ့တကိုယ်ရည် ဝေဒနာပါပဲ။

ရေပေါ်မှာဂယက်တွေ ထနေတယ်။ စိတ်ပေါ်မှာဂယက်တွေ ထနေတယ်။ ရေပေါ်ကဂယက်ကကျွန်မလုပ်တာမဟုတ်ဘူး။ သဘာဝ တရားကြောင့် ဖြစ်ရတာ။ စိတ်ပေါ်ကဂယက်ကတော့ …။ ထင်တဲ့ အတိုင်းပါပဲ။ ဂယက်ထအောင် လုပ်ခဲ့တာ ကျွန်မ ကိုယ်တိုင်ပါ။ ကိုယ့်ဘ၀ကိုယ် အဆုံးစီရင်မှုအတွက် ကျွန်မကတရားခံပါပဲ။ ဒါပေမဲ့ ကျွန်မကိုဘယ်သူမှ လာမဖမ်းကြဘူး။ အဲဒီအတွက်လည်း ကျွန်မ ကျေနပ်မှုမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အသက်ရှင်နေထိုင်ခဲ့သမျှ နေ့ရက်တိုင်းလိုလို ကျွန်မ ကိုယ်ကျွန်မ မကျေမလည်စိတ်တွေနဲ့ အပြစ်ပေးနေရတာတော်တော်ဆိုးဝါးတယ် မဟုတ်လား။ တကိုယ်လုံးမီးကျွမ်းလောင် မြိုက် နေတဲ့သူကကျွန်မကို ပြုံးပြနေတယ်။ ကျွန်မထိတ်လန့်သွားတယ်။ ကျွန်မ၀န်းကျင်မှာတစ်ကိုယ်လုံး လောင်မြိုက်နေ သူတွေ အများကြီးတွေ့လိုက်ရလို့ပဲ။ ခါးအောက်ပိုင်းတခုလုံးလောင်မြိုက်နေသူတွေ၊ ဦးခေါင်းတခုလုံးမီးစွဲနေတဲ့သူတွေ…၊ လက်တွေ မီးစွဲနေတဲ့သူတွေ…။ ခြေထောက်တွေ ပြာဖြစ်သွားတဲ့ သူတွေ….။ ဟုတ်တယ်။ ကျွန်မ ခြေဖဝါးပေါ်ကိုမီးပွားလေးစင်သွားရုံလောက်နဲ့ ကျွန်မ ပြာမဖြစ်သင့်သေးဘူး။

နေ၀င် မိုးချုပ် ကျွန်မဆန္ဒတွေအတိုင်း ဖြစ်အောင်လုပ်နေပေမယ့် ဒီနေရာဟာ ကျွန်မဆန္ဒမရှိတာတွေနဲ့ တည်ဆောက် ထား ပြီးသား ရပ်ဝန်းတခုပါ။ မိန်းမတယောက်ရဲ့အားနည်းချက်တွေကိုသာ အမှတ်ရစေပြီး လူသားမဆန်စွာ နေထိုင်လာမိတဲ့ ပြက္ခဒိန်တွေကို ကျွန်မစုတ်ဖြဲခွင့်မရှိတော့ဘူး။

လှိုင်းကတော့ ထန်ပါစေ။ ဒါပေမဲ့ မုန်တိုင်းကိုတော့ တားဆီးရလိမ့်မယ်။

မဖြစ်စလောက် ခွန်အားနဲ့ ဆိုပေမယ့် တကယ်တမ်းတော့ မိန်းမတယောက်ရဲ့ခွန်အားဟာ ကြောက်စရာကောင်းလောက် အောင် ကြီးမားပါတယ်။ယိမ်းထိုးနွဲ့နှောင်းနေတဲ့ ကန္တရပင်လေးပေါင်းများစွာ……။ တပင်တည်းကျန်ခဲ့တဲ့အချိန်အထိအင်အား ကြီးမားခဲ့ဖူးပါတယ်။ အသက်ကိုဖက်တွယ်ထားတဲ့ ဆဲလ်ငယ်လေးတွေဟာ မသဘာဝရဲ့တွန်းလှန်ခြင်းအင်အား ကြောင့် သန်မာလာခဲ့တယ်။ ကန္တရပင်လေးတွေ ဆက်လက်ရှင်သန်ပါစေ…။ ကျွန်မလည်းဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ် ဆက်လက်ရှင်သန်ပါရစေ…။

‘မင်းဘ၀မှာ ဆက်လက် ရှင်သန်ချင်တယ်ဆိုရင် ငြင်းပယ်မှုတွေကိုလက်ခံရဲတဲ့ သတ္တိရှိရမယ်။ လောကဆိုတာ ငြင်းပယ် မှုတွေကိုစိန်ခေါ်ဖို့ စောင့်နေတဲ့အရပ်ပဲ။

မင်းက ငြင်းပယ်ခံရလိမ့်မယ်။ မင်းကိုယ်တိုင်ကလည်း ငြင်းပယ်လိမ့်မယ်။’

သစ္စာနီရဲ့ ပဉ္စရူပံကို ကျွန်မတွေ့လိုက်တယ်။ ကျွန်မဘဝမှာ မငြင်းဆန်ခဲ့တာတွေ အများကြီးပဲ။ ငြင်းဆန်လိုက်ရင် ကျွန်မဒီထက် ပိုပြီးအဆင်ပြေသွားမှာပဲလို့ ဆွေးဆွေးမြည့်မြည့် နောင်တရမိ တယ်။ ကျွန်မခုထက်ထိလည်း  ငြင်းဆန်ခြင်းအတတ်ပညာရပ်ကိုမကျွမ်းကျင်သေးဘူး။ ကျွန်မခြေဖ၀ါးပေါ် မီးစတွေ စင်နေတုန်းပဲ။ ဒါပေမဲ့ သိလား…။ ငြင်းပယ်ခံရတာ တွေတော့ကျွန်မဘဝမှာ ပိုများလာတယ်။ ကျွန်မ အပြုအမူတချို့ကို  ငြင်းပယ်ခံရတယ်။ကျွန်မ စိတ်အသွားအလာတွေကို ငြင်းပယ်ခံရတယ်။ ကျွန်မပျော်ရွှင်မှုအိပ်မက်ကလေးတွေ ငြင်းပယ်ခံရတယ်။ ကျွန်မဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခံရတယ်။ ကျွန်မ…ချစ်တတ်ခဲ့ခြင်းကို ငြင်းပယ်ခံရတယ်…။ ကျွန်မရဲ့အာရုံစူးစိုက်မှုစာမျက်နှာတွေ ငြင်းပယ်ခံရတယ်….။ ကျွန်မရဲ့ ဖြစ် တည်မှု၊ ပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကို ကျွန်မအယုံကြည်ရဆုံးလူတွေဆီက ငြင်းပယ်ခံရတယ်။

အင်းပါ…။ ကျွန်မရဲ့ ငြင်းပယ်ခံရခြင်းစာမျက်နှာတွေ ခြစ်ထုတ်ပစ်လိုက်… ပါ… တော့…မယ်။

၂၉ နှစ်ရဲ့ မှတ်တိုင်တခုကို ကျွန်မစိုက်လိုက်တဲ့နောက် ရှေ့ဆက်ဖို့ အင်အားသစ်တွေနဲ့  အိုမင်းခြင်း  အနက်ရောင်ကကြိုးဟာ ထိခတ်မိကြပြီ။ ကျွန်မအိုမင်းခြင်းကို မငြင်းဆန်နိုင်ဘူး။ ကျွန်မနာကျင်မှု ဝေဒနာတွေကို မငြင်းဆန်နိုင်ဘူး။ ပြီးတော့ ….သွားတက်ကလေးလက်ခနဲ ဖြစ်သွားအောင် ပြုံးပြတတ်တဲ့ သေမင်းရဲ့ဆွဲငင်အားကိုလည်း ငြင်းဆန်နိုင်မှာမဟုတ်ဘူး။

ဂြိုလ်နက္ခတ်တွေရဲ့စီးနင်းမှုကို ငြင်းဆန်ခဲ့တဲ့ အစိမ်းရောင်မိန်းမတယောက်အိမ်ရှေ့ကနေ အိမ်နောက်ဖေးကို လမ်း လျှောက် တယ်။ တာဝန်ဝတ္တရားစံနှုန်းထဲမှာခြေထောက်တဖက်ကို စိမ်ပြီး အရာ အားလုံးရဲ့လွန်မြောက်ခြင်းမှာခြေထောက် တဖက်ဟာ လွတ်လပ်နေပြန်တယ်။ အဲဒီမိန်းမကိုငြင်းဆန်ဖို့ အတွက် မျက်လုံးပေါင်းများစွာဟာအရှိန်ယူနေကြပေါ့။

နှင်း….ဆိုတဲ့ ခေါ်သံကြားတော့ ၂၉ နှစ်ရဲ့နောက်ဆုံးစာမျက်နှာကိုအဆုံးသတ်ဖို့ ကျွန်မ ပြင်ဆင်ခဲ့ပြီးပါပြီ….။

ရွှေပိုးအိမ် (ပဲခူး)