ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● အမွေ


လင်းငယ် ● အမွေ
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

ပြတင်းပေါက်က လရဲ့အလင်းရောင်က ဖြာကျနေသည်။ ဖတ်လက်စ စာအုပ်ကို မျက်နှာက ခွာ လိုက်ပြီး မီးပိတ်လိုက်မှ သတိထားမိသည်။ အိပ်တော့မယ်အလုပ် အလင်းရောင် မှိန်မှန်အောက်မှာ သားလေးရဲ့မျက်နှာကို ကြည့်လိုက်မိတော့ ရင်ထဲမှာ ကြည်နူးအေးမြရသည်။ အသက်ရှုသံတိုးတိုး လေးကိုနားထောင်ရင်း ပါးလေးကိုနမ်းလိုက်သည်။ သားလေးက ကိုယ့်ရဲ့ဘဝပဲ။ သားလေး အတွက် အရာရာကြိုးစားနေရသည်။ သားလေးအတွက်ဆိုတာကို စဉ်းစားမိတော့ သားလေး အတွက် ငါဘယ်လိုအမွေတွေပေးခဲ့ချင်လဲ ကိုယ့်ဘာသာ ပြန်မေးမိသည်။ ဟိုဟိုသည်သည် စဉ်းစားကြည့်ရင်း ညနေက အဖြစ်အပျက်တချို့ကို ပြန်သတိရမိသည်။

ညနေတုန်းက ပွဲလေးက အကျဉ်းလုပ်တာဆိုပေမယ့် တော်တော်လေးကို လူစည်သည် ပြောရ မည်။ အသိမိတ်ဆွေများ၊ ရင်းနှီးသည့်သူများချည့်သက်သက်သာ ပြုလုပ်သည့်ပွဲလေးဖြစ်သည့် အတွက် ရယ်ရယ်မောမောပျော်စရာလည်း ကောင်းလှသည်။ ဒီမိတ်ဆွေတွေ၊ ဒီမိသားစုတွေ ဆိုတာက တာဝန်ကိုယ်စီအလုပ်ကိုယ်စီနဲ့ဆိုတော့ တမြို့ထဲနေတာတောင် တစုတစည်းထဲတွေ့ရဖို့ က မလွယ်လှ။ အခုလို မိသားစုတခုက သားငယ်လေးတယောက်ရဲ့မွေးနေ့ကို အကြောင်းပြုပြီး ကျင်းပသည့်ပွဲမျိုးလေးရှိမှသာ တကူးတက ဆုံဖြစ်ကြသည်။ မနက်ခင်းပိုင်းမှာ မွေးနေ့ရှင် သားငယ်လေးရဲ့စိတ်ကြိုက် ပရဟိတကျောင်းလေးမှာ အလူလုပ်၊ ကလေးတွေ၊ သူငယ်ချင်းတွေနဲ့ မွေးနေ့ကိတ်လှီး။ ညနေခင်းဘက်မှာတော့ အခုလိုလူကြီးတွေ ဆုံနေကြခြင်း ဖြစ်သည်။

လူကြီးတွေဆိုသော်ငြားလည်း အိမ်ထောင်အသီးသီးနဲ့ဖြစ်ကြပြန်တော့ သားတွေ သမီးတွေ တွဲလိုတွဲလောင်းများနဲ့သာ ဖြစ်သည်။ အတူပါလာကြသည့် ကလေးတွေကလည်း အရွယ်စုံ။ အငယ်ဆုံးနှစ်ယောက် တစ်နှစ်ကျော်ကနေ အကြီးဆုံးက ၆ နှစ်ကျော်အထိ စုစုပေါင်း ၇ ယောက် တောင်။ အကြီးတွေက ခုန်ပေါက်ပြေးလွှား ကစားကြ။ အငယ်တွေကလည်း ရတတ်သမျှ လိုက်ကစား။ ဟိုဟာဝင်ဆွဲ၊ ဒီဟာဝင်မွှေ။ အမေလုပ်သူများက ဟန့်သူဟန့်၊ ချော့သူချော့နဲ့ တစ်အိမ်လုံး ပြောင်းဆန်နေသည်။ သို့သော်လည်း ကလေးတွေဆိုတာက ချစ်ဖို့ကောင်းသည်။ ကလေးအများကြီးဆိုတော့ ပိုလို့ ချစ်စရာတွေချည့်။ မိဘလုပ်သူများကလည်း ကိုယ့်သားသမီး ကောင်းကွက်ရော၊ ဆိုးကွက်ပါ မချွင်းမချန် ရင်ဖွင့်ကြ၊ ရယ်မော ဝေမျှကြသည်။ အားနာရမည့်သူများမှမဟုတ်ပဲကိုး။

လူစုံတော့ အလုပ်စုံကြသည်။ အမျိုးသမီးများက စားဖို့သောက်ဖို့ ပြင်ဆင်ချက်ပြုတ်နေကြချိန်၊ စကားစမြည်ပြောနေကြချိန်၊ အမျိုးသားတသိုက်က ဝိုင်းထောင်သည်။ အပျင်းပြေ ပိုကာဆွဲကြ သည်။ အမျိုးသားများဆိုပေမယ့် အမျိုးသမီးတယောက်လည်း သူ့အိမ်ရှင်နဲ့အတူ ဝင်ကစားသည်။ ဆိုးတူကောင်းဘက် ဖြစ်ကြခြင်း။ အပျော်တန်းဆိုပေမယ့် သေသေချာချာ စိတ်ပါလက်ပါ ကစားကြခြင်းဖြစ်သည်။ နောက်ကျနေသည့်အတွက် ကိုယ်ရောက်သွားချိန်မှာ ဝိုင်းက တော်တော်ကို ကောင်းနေပြီ။ ဘေးကနေ ခဏတဖြုတ် ငေးကြည့်နေလိုက်သည်။ ကလေးတွေကတော့ ဟိုသည်ပြေးလိုက်၊ ဆော့မြဲ၊ ကစားမြဲ။ တချို့ကလည်း အဖေနား ရစ်သီရစ်သီလုပ်ကာ အဖေဘာလုပ်နေသလဲ ဆိုတာကို စူးစမ်းသည်။ ကိုယ်ကတော့ ကလေးတွေနဲ့သာ ကစားနေလိုက်သည်။

ညနေနေချိုလာတော့ ဝိုင်းက ပြောင်းလာသည်။ အလိုက်သိတတ်သည့် အိမ်ရှင်က ပိုကာဝိုင်း ဘေးနားမှာ ပုလင်းလေးများ လာချပေးသည်။ ပုလင်းများက အရွယ်စုံ အမျိုးစားစုံ၊ တချို့က ဝိုင်လို့ ခေါ်သည်။ တချို့ကို ဝီစကီဟု ခေါ်သည်။ တချို့တော့ ဘီယာ။ အားလုံး ခြုံငုံ၍ ခေါ်လျှင် ယမကာ ဟု ဆိုနိုင်မည်။ မည်သို့ပင်ခေါ်စေ သောက်လျှင် ရီဝေစေသော အသူရာပင်။ ပွဲအခြေအနေ ပြောင်းသွားတော့ ကိုယ့်ကိုယ်လည်း အလိုက်တသိ လာခေါ်သည်။ ကိုယ်လည်း ယောင်ယမ်းပြီး ထလိုက်မိသည်။ သို့သော်လည်း ငြင်းလိုက်မိသည်။ ကျွန်တော် မနေ့ညကလည်း သောက်ထားတာ နည်းနည်းများသွားလို့၊ ဒီညဆက်သောက်လို့ မဖြစ်လို့ပါဗျာ။ အားနာပါတယ်။ အိမ်ရှင်ကိုတော့ အားနာရသည်။ သေချာရှင်းပြပြီး သားကလေးကို လက်ဆွဲခေါ်ကာ ခြံထဲ ထွက်လာခဲ့လိုက်သည်။ လူကြီးတွေ လွတ်လွတ်လပ် သောက်ကြပါစေ။ ကလေးတွေက ဟိုဟာဝင်ဆွဲ ဒီဟာဝင်ရှုပ် လုပ်နေရင်မကောင်း။ အလိမ္မာသမီးလေးတယောက်ကတော့ အဖေလုပ်သူရဲ့ရင်ခွင်ထက်မှာ ထိုင်ရင်း အဖေမြည်းသည့် အသုပ်ပေါင်းစုံကို စားရင်၊ အဖေတွေ၊ ဦးကြီးဦးလေးတွေ ပြောသည့် စကားကို နားထောင်ရင်း ငြိမ်နေပါသည်။ အဖေလုပ်သူကလည်း သောက်လိုက်စားလိုက်၊ ပြောလိုက်နှင့် ကြည့်ရသည်မှာ အေးအေးဆေးဆေး နိုင်လှသည်ကော။

တစ်တန်းရောက်နေပြီဖြစ်သည့် အကြီးဆုံးကောင်က တစခန်း ထလာသည်။ အဖေလုပ်သူ သောက်သည့် ခွက်နဲ့အဲ့သလို ဝါဝါအရည်တွေ သောက်ချင်သတဲ့။ အဖေက ဒါက ဘီယာတွေ၊ အအေးမဟုတ်ဘူး။ လူကြီးပဲသောက်ရတာ၊ ကလေးသောက်လို့ မရဟုပြောလည်း မရ။ ဇွတ်အတင်း သောက်မယ်လုပ်သည်။ သားဆိုသည်က အဖေကို အတုခိုးမြဲကိုး။ အဖေလုပ်တာ အကုန်လိုက်လုပ်ချင်ကြတာမျိုး။ အမြော်အမြင်ကြီးသည့် အမေလုပ်သူက အခြေအနေကို သဘောပေါက်ကာ ပုံစံတူ ခွက်တစ်လုံးယူ၊ အဝါရောင်အချိုရည် တပုလင်းယူလာထည့်ပေးကာ၊ ရော့ရော့ ဒီမှာ သားရဲ့ဘီယာက ဒီမှာ။

အင်း . . .
သက်ပျင်းချသံက ကျယ်သွားပုံရသည်။ သားငယ်လေးဆီက တအင်းအင်းအသံ ထွက်လာမှ အတွေးကပြတ်သွားသည်။ သားလေးကို ပြန်ကာ ချော့သိပ်လိုက်ရသည်။ သားလေးဆိုမှ အဖေကိုလည်း သတိရမိသည်။ သေချာ ပြန်စဉ်းစားကြည့်မိတော့ အဖေဟာ သားတွေ သမီးတွေရှေ့မှာ မကောင်းတာတွေကို တခါမှ မလုပ်ပြခဲ့ဖူးဘူးပဲ။ အဖေအရက်ဘီယာ သောက် တတ်သလား။ ငွေစကြေးစ နည်းနည်းပေါတဲ့အချိန်ဆိုရင်တော့ စားသောက်ဆိုင်မှာ ဘီယာ နည်းနည်းသောက်တတ်တယ်လို့ အသက်ကြီးမှ ပြန်ကြားရဖူးသည်။ ငယ်ဘဝ အဖြစ်အပျက်တခု ကို မှတ်မိနေသည်။ ရွာက ရွာသားတွေ မြို့ကိုတက်ကာ စိုက်ပျိုးချေးငွေ ထုတ်ကြသည်။ ကျွန်တော်တို့အရပ်မှာက ဘဏ်ထုတ်သည်ဟု ခေါ်ကြသည်။ ဘဏ်ထုတ်ပြန်လာပြီဆို လင်မယားတွေ ရန်ဖြစ်ကြတာ ခဏခဏ။ တနှစ်မှာတော့ အဖေက ကိုယ့်ကို စက်ဘီးပေါ်တင်ကာ ခေါ်သွားသည်။ ဘဏ်ကလူတွေနဲ့ အဖေကလည်း ရင်းနှီးနေတော့ ကိုယ်လည်း အနေချောင်သည်။ ပြီးတော့ အဖေက ဘဏ်ငွေထုတ်ဖို့အတွက် ရွာမှာဦးစီးဦးဆောင်လုပ်ပေးရသူဆိုတော့ ငွေပိုရွှင်ပုံ ရသည်။ အပြန်ကျတော့ ထုံးစံမပျက် စားသောက်ဆိုင်ကို ဝင်သည်။ တချို့တွေက သောက်စရာ များ မှာနေကြပြီ။ ဒီမှာတင် အဖေက သားဘာစားချင်လဲပြောကာ မှာပေးသည်။ အမြန်စားစေသည်။ ဟိုလူတွေ သောက်ဖို့ မစခင်ပင် စားချင်တာကျွေးကာ လူကြုံနဲ့ ပြန်ထည့်လိုက် သည်။ ဘာမှတော့မကြီးကျယ်ပါ။ သို့သော် အဖေက ကိုယ့်ကို အမွေဆိုးတရပ်မပေးဖြစ် အောင်တော့ သေသေချာချာ ဂရုစိုက်လိုက်ပုံရသည်။ အဖေကို အဝေးကနေ စိတ်မှန်း၍ ရှိခိုး ဦးချလိုက်မိ သည်။

အတွေးတွေများသွားတော့ အချိန်ကမသိလိုက်။ အိပ်အုံးမှပါလေ။ ညဥ့်ကနက်နေပြီ။ မျက်လုံးမှိတ်ပြီး စိတ်ကို စုစည်းလိုက်သည်။ စိတ်အနည်းငယ် တည်ငြိမ်သွားသည်။ သားလေးအတွက် ပေးသင့်သည့်အမွေကို အဖြေမရသေးသော်ငြား မပေးသင့်သည့် အမွေတချို့ ကိုတော့ ရေးတေးတေး သိလိုက်သလို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ကြီးကျယ်သော အမွေတွေအများကြီး မပေးနိုင်ရင်နေပါစေ။ မသိလိုက် မသိဘာနဲ့ ဖြစ်စေ၊ သိသိကြီးနဲ့ ဖြစ်စေ ဆိုးမွေတွေကိုတော့ မပေးဖြစ်အောင် အရင်ဂရုစိုက်ရမှာပဲလေ။ အနည်းဆုံး သားလေးရှေ့မှာ အနေအထိုင် ဆင်ခြင်ဂရုစိုက်ရင်းနဲ့ပေါ့။

သားငယ်လေး စံသာကျော် (ခ) သန့်နေဇော်၊ သားကြီး ဘုန်းမျိုးဆွေတို့အတွက် ရည်ညွှန်းပါတယ်။

လင်းငယ်
စာပြီး။    ။ စနေည ၉ နာရီ၊ ၅၊ ၁၁၊ ၂၀၁၆။