ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို - တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင် နှင့် ကျီးကန်းဂျာနယ်လစ်ဇင်



တူမောင်ညို - တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင် နှင့် ကျီးကန်းဂျာနယ်လစ်ဇင်
(မိုးမခ) ။ (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်)


ကျီးကန်းတို့၌ သဘာဝအပြုအမူတစ်ရပ်ရှိပါသည်။ မိမိတို့အုပ်ထဲ ကျီးကန်းတစ်ကောင်အား ထိပါးလာလျှင် ဆူညံစွာအာ၍ ထိလာသူအား ဝိုင်းအုံထိုးဆိတ်ကြသည့် အပြုအမူဖြစ်ပါသည်။ ကျီးကန်းတို့သည် ထိုအပြုအမူအား သူတို့ကျီးကန်းတစ်ကောင် အား ထိခိုက်လာတိုင်း ပြုမူမြဲဖြစ်သည်။ တုန့်ပြန်မြဲဖြစ်သည်။ မှားသည်မှန်သည်၊ တရားသည်မတရားသည် ကျီးကန်းတို့မသိ မိမိအမျိုးအဆွေ အား ထိခိုက်လာသဖြင့် သဘာဝအရပြုမူကြခြင်းသာဖြစ်သည်။ “ဝိုင်းအာကြခြင်း” သာဖြစ်သည်။

ထန်းပင်၊ ပေပင်၊ အုန်းပင်ပေါ်ရှိ ကျီးသိုက်အား နွားကျောင်းသားငယ်က တက်နှိုက်၍ ကျီးကန်းတို့က ဝိုင်းအာလျှင် ထိုအပြု အမူ၌မူ ကျီးကန်းတို့၏ အလွန်မဟုတ်ချေ။ သို့တည်းမဟုတ် အသားသည်၏ အသားတစ်အား အလစ်ထိုးသုတ်ယူသွားသော ကျီးကန်း အားလူအများက ဝိုင်း၍ချောက်လှန့်အော်ဟစ်ပစ်ခတ်ကြသောအမှု၌ ကျီးတို့က ဝိုင်း၍အာကြလျှင်မူ လူတို့၏အလွန်မဟုတ်ချေ။ ကျီးကန်း တို့၏မိုက်မဲမှုဟုသာ ဆိုရပေလိမ့်မည်။

လူ၌ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ပိုင်းခြားနိုင်သော ဝေဖန်ဆင်ခြင်နိုင်သော အသိဉာဏ် ရှိသည်။ ကျီးကန်းတို့၌ လူကဲ့သို့ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ပိုင်းခြားနိုင်သော ဝေဖန်ဆင်ခြင်နိုင်သော အသိဉာဏ်မရှိပါ။ သဘာဝပေးအပြုအမူ မျှသာရှိသည်။

ကျွန်တော်တို့မီဒီယာလောကသည် ကျီးကန်းတို့ဝိုင်း၍ “အာ”သကဲ့သို့ ပြုမူသော၊ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင်ပိုင်းခြားခြင်း၊ စောကြောခြင်း၊ စစ်ဆေးခြင်း အလျဉ်းမရှိဘဲ မပြုမူသင့်ချေ။ ထိုသို့ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင် ပိုင်းခြား၊ စောကြော၊စစ်ဆေးခြင်းမရှိဘဲ ပြုမူသည့် အပြုအမူမျိုးကို “ကျီးကန်းဂျာနယ်လစ်ဇင်” ဟု အမည် ပေးချင်သည်။

တည့်တည့်တန်းတန်းပြောရလျှင် နိုဝင်ဘာ ၁၃ ရက်နေ့စွဲဖြင့် မီဒီယာအဖွဲ့ ၅ ဖွဲ့၏ သဘောထားထုတ်ပြန်ချက်သည် တဖက် သတ်ဆန်လွန်းနေပါသည်။ ကြေညာချက်အချက် ၃ ၌ “ယခုအဖြစ်အပျက်တွင် ရေးသားဖြန့်ချိသော အချက်အလက်မှားခြင်း ၊ မှန်ခြင်း ကိုစောကြောခြင်းမဟုတ်ဘဲ အရေးယူဖြေရှင်းသည့်နည်းလမ်း မကျခြင်းကို ထောက်ပြလိုခြင်းဖြစ်သည်”ဟု ဆိုထားပြီး အချက် အမှတ် ၆ တွင် “မီဒီယာအနေဖြင့် --- အချက်အလက်မှန်ကန်တိကျစေရန်နှင့် အမှားအယွင်းရှိပါက တာဝန်ယူမှုရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကာ လူထု ယုံကြည်မှုကိုရယူနိုင်ပါရန် တိုက်တွန်းပါသည်” ဟု ဆင်ဝှေ့ရန်ရှောင်ထားပြန်ပါသည်။

မည်သို့ပင်ဆိုစေ အချက်အမှတ် ၆ ပါသဘောထားကို ကျနော့်အနေဖြင့် အပြည့်အဝသဘောတူပါသည်။

ထိုအချက်အမှတ် ၆ ပါ သဘောထားအတိုင်း မီဒီယာများသည် တည့်တည့်မတ်မတ်ကျင့်သုံးသင့်လှသည်။ မီဒီယာများသည် တိကျသောအချက်အလက်မှန်များဖြင့်၊ အမှန်တရားကို ရှာဖွေဖော်ထုတ်တင်ပြကြကာ ပြည်သူ့ အဆုံးအဖြတ်ကို ခံယူကြရမည်သာဖြစ် သည်။ ဖြစ်ပေါ်လာသည့် အကျိုးအဆက်နှင့် အမှန်နှင့် အမှား သတ္တိရှိရှိရင်ဆိုင်ကြရန်သာဖြစ်ပါသည်။

အချက်အမှတ် ၇ ၏ ဖော်ပြချက်မှာလည်း တဖက်သတ်ဆန်နေပြန်ပါသည်။

“သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခင် အစိုးရလက်ထက်က အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဥပဒေဖြင့် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်စေနိုင်သည့် လုပ်ဆောင်မှုများကို အမြန်ဆုံး ရပ်တန့်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းမီဒီယာ ဥပဒေနှင့်အညီ အဖြေရှာရန် တိုက်တွန်းပါသည်”တဲ့။

ဆက်သွယ်ရေးဥပဒေကို [ပုဒ်မ ၆၆ (ဃ) ကို] မီဒီယာဖိနှိပ်ရေးကရိယာအဖြစ် ယခင်ကြံ့ဖွံ့အစိုးရက အသုံးချခဲ့သည်။ ထို့ အတူ ယနေ့ ပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံနေရသည့် (EMG) ၏ စီအီးအိုနှင့်အယ်ဒီတာတို့သည် ပုဒ်မ ၆၆(ဃ) ကို အခြားသူများအပေါ် ကျင့်သုံး ခဲ့သည့်သာဓကတွေအထင်အရှားရှိသည်မဟုတ်ပါလား။ မိမိအလှည့်ကျမှ နွဲ့နေခြင်းမှာ မဖြစ်စကောင်းပါ။ ယခုမှ ကပြာကယာ ရုပ်သိမ်း နေသည်မှာ သာ၍ သရုပ်ပျက်လှပါသေးသည်။

လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ချုပ်သော ကန့်သတ်သော ဖိနှိပ်သော မည်သည့် ဥပဒေ၊ပုဒ်မတစ်ခုကိုမဆို မိမိဂုဏ်သိက္ခာ ကို လေးစားပြီးတည်ကြည်သည့် မီဒီယာတစ်ခု၊မီဒီယာသမားတစ်ဦးသည် တဖြောင့်တည်းသော သဘောထားဖြင့် တည့်တည့် မတ်မတ် ဆန့်ကျင်ဝေဖန်ရမည်သာဖြစ်ပါသည်။

ထို့အပြင်မီဒီယာများကို ခရိုနီများကအပြည့်အဝ ပိုင်ဆိုင်ချုပ်ကိုင်ထားခြင်းဖြစ်သည်။ အချို့မီဒီယာသမားဆိုသူများမှာ ခရိုနီများ ၏ စပွန်ဆာနှင့်မကင်းနိုင်ကြ။ တချိ့က သတင်းထောက်အလုပ်နှင့် သတင်းပေးအလုပ်မကွဲပြားသည့်သူများဖြစ်သည်။ တဖန် ခရိုနီများ ကလည်း အုပ်စိုးသူများနှင့်မကင်းကြ။ စစ်တပ်နှင့်မကင်းကြချေ။

သို့ဖြင့် မီဒီယာအမှုအခင်းဖြစ်လာသည့်အခါ တကယ့် မီဒီယာသမား သည် အမှန်တရားဘက်က၊ သူ့မီဒီယာပညာရပ်ဘက်က အပြည့်အဝရပ်တည်လိုသည် သို့သော်လည်း ပိုင်ရှင်ခရိုနီကအုပ်စိုးသူနှင့် စစ်ဖိနပ်ကိုကိုင် ပြီးတောင်းပန်လိုသည်၊ ထိုအခါ လက်မဲ့ဖြစ် သော ကျနော်တို့မီဒီယာသမားများ၏ဘဝသည်ခံပြင်း နာကျည်းစရာ ကောင်းလှသည်။ အချက်အလက်အရ၊ မီဒီယာပညာအရမှန်သော် လည်း အုပ်စိုးသူနှင့်စစ်တပ်ကို မလွန်ဆန်ဝံ့သော မလွန်ဆန်လိုသော ပိုင်ရှင်က ဒူးဖက်တောင်းပန်သွားတာကို လက်ပိုက်ကြည့်နေရ သည့်အဖြစ်သို့ ကျရောက်ကုန်တော့သည်။

သို့ပါ၍ မိမိဂုဏ်သိက္ခာနှင့်မိမိယုံကြည်သော သတင်းစာပညာရပ် ကိုတည့်တည့်မတ်မတ်စွဲစွဲကိုင်၍သတ္တိရှိရှိ လုပ်ကိုင်နေ သောမည်သည့် မီဒီယာသမားကိုမဆို ကျနော်လေးစားတန်ဖိုးထားပါသည်။ “တော်တည့်ဖြောင့်မှန်သော ဂျာနယ်လစ်ဇင်” ဟု လည်း အမည်တပ်လိုပါသည်။

ထို့အပြင်သတင်းထောက်အလုပ်နှင့် သတင်းပေး၊ အင်ဖော်မာအလုပ် မကွဲပြားသည့် အယောင်ဆောင် မီဒီယာသမားများ၊ မီဒီယာအင်ဖော်မာများ၊မီဒီယာစွမ်းအားရှင်များနှင့်ပြတ်ပြတ်သားသားစည်းခြားလိုပါသည်။

ထိုသို့ခွဲခြားစေနိုင်ရန်အတွက်“ ကျီးကန်းဂျာနယ်လစ်ဇင်” ဟု ခွဲခြားပြခဲ့ခြင်းဖြစ်ပါသည်။

အမှန်တရားဖော်ထုတ်ရေး၊ ပြည်သူများထံသတင်းအချက်အလက်မှန်များတင်ပြနိုင်ရေး၊ မဟုတ်မတရားမှုများဖော်ထုတ်ရေး အတွက် တက်တက်ကြွကြွ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသော မီဒီယာများကိုမူ ကြိုဆိုရမည်။ လေးစားဂုဏ်ပြုရမည်၊ တန်ဖိုးထားရမည် သာဖြစ်သည်။

“ နာရီအမှု” ဟူ၍သာ ယေဘုယျပြု၍ ရေးပါမည်။

ထိုအမှုနဲ့ အပိုင်း နှစ်ပိုင်းပါဝင်ပါသည်။ ပထမအပိုင်းမှာ မီဒီယာတစ်ခုက “နာရီ”နှင့်ပတ်သက်၍ရေးသားဖော်ပြမှုဖြစ်ပြီး၊ ဒုတိယ အပိုင်းမှာ ထိုရေးသားဖော်ပြမှုအပေါ် တစ်ဖက်က (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့) ဥပဒေကြောင်းအရ တရားစွဲဆိုလာသည့် အပိုင်း ဖြစ်ပါသည်။

ပထမပိုင်းဖြစ်သည့် နာရီနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုအပိုင်းကို ဦးစွာဝေဖန်ဆန်းစစ်လိုပါသည်။ ဤအမှု၏ အရင်း မူလ အစသည် ထိုသို့ရေးသားဖော်ပြခဲ့မှုကနေ စတင်ခဲ့သောကြောင့် ဦးစွာဝေဖန်ဆန်းစစ်ရခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ တရားစွဲ ဆို လာသည့်အပိုင်းမှာ ထိုသို့ရေးသားဖော်ပြခဲ့မှု၏ နောက်ဆက်တွဲဖြစ်စဉ်သာဖြစ်သဖြင့် ထိုအပိုင်းကို ဒုတိယနေရာထား၍ ဝေဖန် ဆန်းစစ် ပါမည်။

မည်သည့် ပညာရပ်၊ နယ်ပယ်၊ လုပ်ငန်းများ၌ သက်ဆိုင်ရာ ကိုယ်ပိုင်ယုံကြည်ချက်၊ ရပ်တည်ချက်၊ အမြင်သဘောထားနှင့် ကျင့်ဝတ်သိက္ခာရှိကြသည်ချည်းသာဖြစ်သည်။ ယင်းသို့ရှိသော သက်ဆိုင်ရာဘာသာရပ်အလိုက် ယုံကြည်ချက်၊ အယူအဆနှင့်ကျင့်ဝတ် များကို လေးစားကြသလို ထိပါးလျှင်လည်း ခုခံကာကွယ်ကြမည်သာဖြစ်သည်။

မိမိမီဒီယာနယ်ပယ်၊မိမိတစ်ဦးချင်း၏ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသောစာနယ်ဇင်းတစ်စောင်၊ အယ်ဒီတာတစ်ယောက်၊ သတင်းထောက်တစ်ယောက်သည် မိမိပိုင်မီဒီယာတစ်ခုခု၌ ရေးသားဖော်ပြသော အကြောင်းအရာ၏ တိကျခိုင်မာမှုကို ပထမဦးစားပေး အဖြစ်ထိပ်တန်းထားရမည်။ အကြောင်းအရာတစ်ရပ်ကို မိမိပိုင်မီဒီယာတစ်ခုခု၌ ရေးသားဖော်ပြထုတ်လွှင့်လိုက်ပြီးပြီဆိုလျှင် ထိုဖော်ပြမှု နှင့်ပတ်သက်၍ သက်ရောက်လာမည့် မည်သည့်အကျိုးဆက်မှန်သမျှကိုမဆို ရင်ဆိုင်ဖို့ ပိုင်းဖြတ်ထားရမည်။ တာဝန်ယူရမည်။ တာဝန်ခံ ရဲရမည်။ သတ္တိရှိရှိရင်ဆိုင်ဖို့လိုသည်။

ယခုအမှုနဲ့ (EMG)အလဲဗင်းမီဒီယာအုပ်စု၏ စီးအီးအိုနှင့်အယ်ဒီတာတို့သည်ထိုသတ္တိမျိုးရှိပုံမရချေ။ သိက္ခာရှိရှိရင်ဆိုင်ဖို့ကောင်း သည်။ ယခုတော့ ထိုသို့မဟုတ်။ မတတ်သာတော့တဲ့အဆုံးမှ ရဲစခန်းသွားပြီး ရင်ဆိုင်လိုက်ကြသည့်သဘောကိုတွေ့ရသည်။

မိမိရေးသားဖော်ပြခဲ့သော သတင်းအချက်အလက်နှင့်ပတ်သက်၍ တိကျခိုင်လုံသော အချက်အလက်တွေကို အများပြည်သူ သိအောင်ထုတ်ဖော်ပြသရမည့်တာဝန်ရှိသည်။ စွပ်စွဲဖော်ပြခဲ့သည်မှာ ဘယ်လိုတိကျခိုင်လုံသော အချက်အလက်များကို အကိုးအကားပြု ၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြသရမည်။ ဥပဒေကြောင်းအရ ခုခံချေပရမည်။ သို့တည်းမဟုတ် မိမိဖော်ပြချက် မှားယွင်းနေလျှင် လည်း ဂုဏ်သိက္ခာရှိစွာ တောင်းပန်ရလိမ့်မည်။ မိမိစတင်ဖော်ပြခဲ့သော ကိစ္စကို မိမိကိုယ်တိုင်တာဝန်ယူရမည်သာဖြစ်သည်။

မီဒီယာအသိုင်းအဝိုင်းအနေဖြင့်လည်းမိမိနယ်ပယ်အတွင်းကဖြစ်ရပ်များ၊ သတင်းအချက်အလက်များကို သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင်ပိုင်းခြား၊ စောကြော၊စစ်ဆေးခြင်း ရှိကိုရှိရမည်။ ထိုသို့ လိုအပ်သလို စိစစ်ဝေဖန်၊စောကြာပြီးမှသာ လိုအပ်သလို သဘောထားပေးကြရမည်။ ကျီးကန်းများကဲ့သို့ အသလွတ် မအာသင့်ချေ။

ဒုတိယပိုင်းကိုဝေဖန်ကြည့်ကြပါစို့။

နာရီကိစ္စ စွပ်စွဲဖော်ပြမှုကို ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြု၍ တရားစွဲဆိုခြင်းမှာ လုံးဝမဖြစ်သင့်။ ပထမဖြစ် သင့်သည်မှာ မည်သည့်အကြောင်းအချက်များအရစွပ်စွဲသည်ကိုဖော်ပြသည့်မီဒီယာထံမှ ထုချေရှင်းလင်းချက်ကို ဦးစွာတောင်းယူရမည် သာဖြစ်သည်။ ရွေးချယ်ခံအစိုးရသည် ပြည်သူက မျှော်လင့်တကြီးရွေးချယ်ပေးခဲ့သော အစိုးရသည် ပြည်သူများ၏ မျှော်လင့်ချက်အား ထိခိုက်စေသည်အပြုအမူများကို သတိထားသင့်သည်။ ရှောင်ရှားသင့်သည်။

ကိုယ့်လိပ်ပြာ ကိုယ်ယုံကြည်သော အစိုးရတစ်ရပ်သည် “ တစ်ချက်ချရင်နှစ်ချက်ပြန်ချမယ်/ ပါးကိုက်ရင်နားကိုက်မယ်” ဆိုတဲ့ သဘောထားမျိုးဖြင့် မတုန့်ပြန်သင့်ပါ။

ပြဿနာ၏အစမှ နာရီကိစ္စ စွပ်စွဲရေးသားဖော်ပြမှုဖြစ်သည်။ ထိုစွပ်စွဲဖော်ပြမှုသည် တစ်ဦးချင်းသို့မဟုတ် အဖွဲ့၏ဂုဏ်သိက္ခာကို ထိပါးသည်ဟု ယုံကြည်၊ ယူဆလျှင် ထိုထိပါးမှုအတွက် ပြဋ္ဌာန်းထားသော ဥပဒေကို သုံးစွဲ၍သာ ဆောင်ရွက်ရမည်။

ဤသို့ ရေးနေသဖြင့် “၂၀၀၈ အခြေခံဥပဒေ” အပါအဝင်၊ အခြားတည်ဆဲဥပဒေများကို လိုလားနှစ်ခြိုက်၍ ပြောနေခြင်းမဟုတ်။ ဥပဒေလမ်းကြောင်းနှင့်အညီဖြေရှင်းရသည့်သဘောအရ ပြောခြင်းဖြစ်သည်။

တကယ်တော့ “၂၀၀၈ အခြေခံဥပဒေ” သည် မတရားသည့်ဥပဒေများအနက်မှ မတရားဆုံးဥပဒေတစ်ခုဖြစ်သည်။ မတရားတဲ့ အမိန့်အာဏာ၊ ဥပဒေမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ကြရမည်သာဖြစ်သည်။ ကျွန်တော်သည် “၂၀၀၈ အခြေခံဥပဒေ”အပါအဝင်၊ မတရား တဲ့ အမိန့်ဥပဒေများနှင့်ပတ်သက်၍ အလျှဉ်းသင့်သလို ဆန့်ကျင်၊ကန့်ကွက်၊ဝေဖန်ရေးသားခဲ့သည်။ ဖျက်သိမ်းပစ်ရမည်ဟုလည်း ယူဆ ထားသည်။

ယခုဖြစ်ရပ်ကလည်း “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲမှာ ၊ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဘောင်ထဲမှာ၊ စစ်အုပ်စုက ပေးထား တဲ့ ဘုရားစူးဒီမိုကရေစီအခွင့်အရေးဆိုတာထဲမှာ ရွေးကောက်ပွဲနိုင်အစိုးရတစ်ရပ်၏ အစိတ်အပိုင်း (တိုင်းဒေသကြီးအစိုးရ) နှင့် မီဒီယာ တို့ ခွပ်နေကြခြင်းသာဖြစ်သည်။ ကြက်ခြင်းထဲက ကြက်များ အချင်းချင်းခွပ်နေကြသကဲ့သို့ပင်။

ဆဲဗင်းဒေးသတင်းစာနှင့်စစ်တပ်ဖြစ်သော ကိစ္စ၌ မီဒီယာဘက်က မှန်သော်လည်း မလွန်ဆန်ဝံ့သောကြောင့် တောင်းပန်လိုက် ကြရသည် မဟုတ်သလော။ ထိုကိစ္စ၌မူ ဆဲဗင်းဒေးသတင်းစာပိုင်ရှင်၏ သူရဲဘောကြောင်မှုမှာထင်ရှားသည်။ ထိုကိစ္စသည် ဗိုလ်ရွှေမန်း၏ မေတ္တာမွန် စာလွှာဆိုတဲ့ရေးသားဖော်ပြချက်ကို မူတည်၍ဖြစ်ပွားခြင်းဖြစ်သည်။ ထိုကိစ္စ၌ အဓိကတာဝန်ရှိသူမှာ စတင်ရေးသားဖော်ပြသူ ဗိုလ်ရွှေမန်း ဖြစ်သည်။ ဗိုလ်ရွှေမန်းကိုမကိုင်ဘဲ။တဆင့်ခံဖော်ပြသည့်မီဒီယာကိုအနိုင်ကျင့်ခြင်းဖြစ်သည်။ တဖက်သတ်ဖိနှိပ်ခြင်းဖြစ်သည်။

ဗိုလ်ရွှေမန်း၏ အရေးအသားကို ဆဲဗင်းဒေးဂျာနယ်က တဆင့်ဖော်ပြခြင်းသာဖြစ်သည်။ စစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ချောက်သည်။ တကယ်တန်းအရေးယူခြင်း ယူမည်ဆိုလျှင် စတင်ရေးသား ဖော်ပြသူ ဗိုလ်ရွှေမန်း ကိုသာအရေးယူရမည်ဖြစ်သည်။ နောက်ဆုံး တော့ စစ်တပ်ပိုင် မြဝတီသတင်းစာထဲကနေ “ သဖန်းသီးပုပ်” လို့ရေးလိုက်တာနဲ့ သူတို့ သဖန်းသီးပုပ်အချင်းချင်း ပြီးသွားကြ သည်။ ကြားက မီဒီယာသမားက မှန်သော်လည်းတောင်းပန်လိုက်ရသည်။

ယခုလည်း နာရီအမှု မည်သို့အဆုံးသတ်မည်ကို စိတ်ဝင်စားပါသည်။ စွပ်စွဲချက်နှင့်ချေပချက်များကို အများပြည်သူသိရှိပြီး မည်သူမှန်ပြီး မည်သူမှားသည်ကို ဝေဖန်စောကြာနိုင်ရန် အကျယ်တဝင့် ထုတ်ပြန်ပေးဖို့လိုပါသည်။ ထိုသို့ထုတ်ပြန်ပေးရန် အစိုးရ၌ တာဝန်ရှိသည်။

အနုပညာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်တို့ဆိုသည်မှာ အရင်းစစ်လိုက်လျှင် နိုင်ငံရေးပြဿနာ၊ ဒီမိုကရေစီပြဿနာပင်ဖြစ်ပါသည်။ လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီ၏ အတိုင်းအတာဆိုသည်မှာ အုပ်စိုးသူတို့၏ လူတန်းစားအနေအထား ပေါ်မူတည်၍ ကွာဟချက်ရှိပါသည်။

“ ၁၉၄၇ အခြေခံဥပဒေ” အောက်က ပါလီမန်ဒီမိုကရေစီအခွင့်အရေးကို “၂၀၀၈အခြေခံဥပဒေဘောင်”ထဲက စည်းကမ်းပြည့် ဝသောဒီမိုကရေစီနှင့်နှိုင်းယှဉ်ပြီး “အနုပညာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်” ရှိပါပေသည်ဟု ဆိုလျှင် လူထုဦးလှ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်တို့က သူတို့ဖြတ်သန်းမှုအရ လက်ခံလိမ့်ကြမည်မဟုတ်ချေ။

နာရီအမှုက မည်သူသည်မည်သည့်မီဒီယာသည် “တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင်” ကိုကျင့်သုံးသလား - “ကျီးကန်း ဂျာနယ်လစ်ဇင်လား” ဆိုသည်ကို ပြတ်သားစွာ ပုဒ်ဖြတ်ချပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

ထို့အတူ တပြိုင်နက်တည်းမှာလည်း ပြည်သူကရွေးချယ်သော အစိုးရ၏ သဘောထားနဲ့လက္ခဏာလည်း အထင်အရှားသရုပ် ပေါ်လာလိမ့်မည် ဟုယူဆပါသည်။ နာရီအမှုကို စောင့်ကြည့်နေပါမည်။

(မိုးမခ အယ်ဒီတာ မှတ်ချက် - စာမူကို ပေးပို့ခဲ့သော ရက်စွဲအရ တင်လိုက်ပါသည်)
Photo credit - http://moddeydoo.deviantart.com/art/The-Peacock-and-the-Crow-191137502