ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

K ငြိမ်းချမ်း - သားရေကွင်းဥပဒေတွေနဲ့ အမှိုက်နိုင်ငံတော်ကြီး



K ငြိမ်းချမ်း - သားရေကွင်းဥပဒေတွေနဲ့ အမှိုက်နိုင်ငံတော်ကြီး 
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆
ကျနော်တို့ မြန်မာပြည်ကြီးမှာ အမိန့်၊ ကြော်ငြာ၊ ဥပဒေတွေ အများဆုံး ထုတ်လုပ်ခဲ့ကြ တယ်ဆိုရင် မမှားနိုင်ဘူး။ မဆလ ဦးနေ၀င်းလက်ထက်၊ နအဖ ဦးသန်းရွှေ လက်ထက်တွေကစလို့ ထုတ်ပြန်လိုက်ရတဲ့ ဥပဒေတွေ ကြေညာချက် ဆိုင်းဘုတ်တွေ ခုထိကို ဆိုင်းဘုတ်တွေအဖြစ်နဲ့ကို တချို့နေရာတွေမှာ တွေ့မြင်နေရပါသေးတယ်။

ကွမ်းသွေးမထွေးရ၊ အမှိုက်မပစ်ရ၊ သေးမပေါက်ရ၊ ဈေးမရောင်းရ၊ ကားမရပ်ရအစရှိတဲ့ ရပ်ကွက်တွင်း ဥပဒေကြေညာချက်တွေအပြင် ဌာနဆိုင်ရာ ဥပဒေကြေညာချက်တွေဖြစ်တဲ့ သစ်ပင်မခုတ်ရ၊ မကျူးကျော်ရ၊ တပ်မတော်သာလျှင် အဖ၊ တပ်မတော်သာလျှင် အမိ အစရှိတဲ့ အမိန့်ဥပဒေကြေညာချက်တွေကို တွေ့ကြုံမြင်တွေ့ခဲ့ကြပါတယ်။

၁၉၈၈ နောက်ပိုင်း တခေတ်တခါဖြစ်ခဲ့တဲ့ (ချောဆွဲ)တယ်ဆိုပြီး အိမ်မှာရှိတဲ့ကားကို ချောစာပို့ပြီး တအိမ်တယောက်မဖြစ်မနေ ဘယ်တံတားဖွင့်ပွဲကို လိုက်ပါပို့ဆောင်ဖို့ ဘယ်ဌာနကို လာပါတို့၊ စနေနေ့တိုင်း လုပ်အားပေးဆိုပြီး မလိုက်မနေရ အမိန့်တွေ ထုတ်ခဲ့တာကိုလည်း မှတ်မိကြမယ် ထင်ပါတယ်။

ကွယ်လွန်ပြီး သတင်းစာဆရာကြီးဦးဝင်းတင်တောင် ခုလို အမိန့်ကြေညာချက်တွေနဲ့ ပတ်သက်ပြီး “မတရားတဲ့ အမိန့်အာဏာဟူမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး ပြောဆိုခဲ့ရပါတယ်။

ဥပဒေတို့စည်းကမ်းတို့ဆိုတာ ထုတ်ပြန်တာမကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ တဖက်က ပြန်စဉ်းစားရင် ထုတ်ပြန်လိုက်တဲ့ အမိန့်၊ စည်းကမ်းဟာ ပြည်သူလူထု လိုက်နာနိုင်ဖို့ ဝန်ထုပ်ဝန်ပို မဖြစ်ဖို့တော့ လိုပါတယ်။

ဥပမာတခုအနေနဲ့ပြောရရင် နိုင်ငံတော်တော်များများမှာ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ လုပ်နေ ချိန်မှာ ကျနော်တို့ နိုင်ငံက တပ်မတော်သာလျှင် အဖ၊ တပ်မတော်သာလျှင် အဖဆိုတော့ ပြည်သူတွေ အနေနဲ့လက်ခံဖို့ ခက်ခဲမနေဘူးလား။

သာမန်အလုပ်သမားတယောက် စနေတနင်္ဂနွေ ၂ ရက်ဟာ မိသားစုနဲ့နေဖို့၊ ကိုယ်ပိုင်ဝေယျာဝိစ္စလုပ်ဖို့ အနားယူဖို့ ရက်တွေပါ။ ဒါကိုပဲ စစ်အာဏာရှင်ခေတ်မှာ စနေနေ့တိုင်း လုပ်အားပေးဆိုပြီး မလိုက်မနေရ၊ ဒဏ်ငွေ၊ ပြစ်ဒဏ်တွေနဲ့ဆင့်ခေါ်တော့ လိုက်နာရမယ့် ပြည်သူလူထုအနေနဲ့ ဘယ်လိုအကျပ်အတည်းဖြစ်စေမလဲဆိုတာ တွေးကြည့်စရာ လိုမယ်မထင်ပါဘူး။

ကွမ်းသွေးမထွေးရ၊ ဆေးလိပ်မသောက်ရ အစရှိတဲ့ စည်းကမ်းတွေဟာ ပြည်သူတွေလိုက်နာဖို့ မခက်ခဲပါဘူး။ လိုက်လည်း လိုက်နာဖို့ ကောင်းတဲ့အချက်အလက်တွေပါ။ အများပြည်သူကို ထိခိုက်မှုရှိနိုင်တဲ့အရာတွေကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း တွေမထုတ်လည်း ကိုယ့်အသိ စိတ်ဓာတ်နဲ့ကို ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။

စည်းကမ်းဥပဒေတွေကို ဗီနိုင်းစနဲ့ ထင်သာမြင်သာအောင် ချိတ်ဆွဲကပ်ထားပေမယ့် လိုက်နာဆောင်ရွက်ခြင်း မရှိတာတွေကို တွေ့လာရတဲ့အခါ မြင်ကွင်းက တမျိုးကြီး ဖြစ်နေတတ်ပါ တယ်။ ဈေးမရောင်းရဆိုတဲ့ဆိုင်းဘုတ်ဗီနိုင်းအောက်မှာ ဈေးချ ရောင်းနေတာ၊ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်တန်က အမှိုက်ထဲ နစ်မြှုပ်နေတာ အစရှိသဖြင့် လူ ရယ်စရာဖြစ်စေပါတယ်။

ဒါတောင် မြန်မာဘာသာစကားနဲ့ ထုတ်ပြန်ထားတာတွေဖြစ်လို့ အလည်လာတဲ့နိုင်ငံခြားသားများ ဖတ်နိုင်ဖို့ မလွယ်တာကြောင့် အင်္ဂလိပ် မြန်မာ၂ ဘာသာနဲ့ ရေးထားလိုက်လို့ကတော့ ဥပဒေကို လေးစာလိုက်နာတဲ့လူမျိုးဆိုပြီး ကမ္ဘာကျော်သွား မလားပဲ။

နောက်တချက်က လူမျိုးခြားတဦးအနေနဲ့ ဒီနိုင်ငံမှာ ဒီလိုအသေးအဖွဲလေးတွေကိုတောင် ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ကြေညာချက်တောင် ထုတ်ပြန်ရသလား။ လိုက်နာဆောင်ရွက်မှုလည်း မရှိဆိုပြီး အထင်မြင်သေးသွားနိုင်ပါတယ်။

ဒါဆိုရင် ဥပဒေကြေညာချက်တွေဟာ မလိုအပ်တော့ဘူး၊မထုတ်ရတော့ဘူးလားဆိုရင် မဟုတ်ပါဘူး။ ထုတ်လိုက်တဲ့ ကြေညာချက်တွေဟာ လိုက်နာမယ့် ပြည်သူမှာ ဘာတွေအခက်အခဲတွေ့စေမလဲ။ လိုက်နာဖို့ပျက်ကွက်ဖို့ ဘယ်လိုအကြောင်း အရာတွေ ရှိနေမလဲဆိုတာ တာဝန်ရှိသူ (သို့) ထုတ်တဲ့ဌာနကလည်း ပြန်လည်ထည့်သွင်း စဉ်းစားသင့်တယ်။

ဥပမာ ဆိုပါဆို့၊ ဈေးမရောင်းရဆိုတဲ့ ဆိုင်းဘုတ်တခုကို စည်ပင်က ထုတ်လိုက်ပြီပေါ့။ ဒီနားမရောင်းရရင် ရောင်းရမယ့်နေရာ အရင်ဆုံး သတ်မှတ်ထားသလား။ သတ်မှတ်ပေးထားတဲ့နေရာကရော အဆင်ပြေနိုင်မယ့်နေရာလား။ အဲဒီလို အဆင်ပြေနိုင်တဲ့နေရာ သတ်မှတ်ပေးထားပါလျက် မရောင်းရဆိုတဲ့နေရာ လာရောင်းတော့ ဥပဒေအရ အရေးယူလို့ရသွား ပါပြီ။

အဲဒီလို နေရာ သတ်မှတ်မပေးဘဲ ဒီနေရာမှာတော့ ဈေးမရောင်းရဆိုပြီး ကြေညာချက်ထုတ်ရင်တော့ လာစစ်တဲ့နေ့၊ အချိန် မှာပဲ လိုက်နာဟန်ပြကြမှာပဲဖြစ်ပါတယ်။ နောက်ပြီး ကြေညာချက်ကပ်တာလည်း သူပဲ၊ ဈေးရောင်းချခွင့်အတွက် ဆပ်ကြေးတောင်းတာလည်း သူတို့ပဲဆိုရင် ကိုယ်ပေါင်ကိုယ် လှန်ထောင်းနေသလိုဖြစ်နေပါလိမ့်မယ်။

အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်တခုဆိုလည်း ရည်ရွယ်ချက်သိပ်ကောင်းပါတယ်။ ပြောစရာရှိတာက ရက်ကွက်တခုအတွက် သက်ဆိုင်ရာဌာနက အမှိုက်ပစ်စရာ အမှိုက်ကန်၊ အမှိုက်ပုံး လုံလောက်စွာ ချထားပေးရပါမယ်။ ချထားတဲ့ ကန်၊ ပုံးများကို လည်း သတ်မှတ်တဲ့ရက်မှာလည်း လာရောက် ယူဆောင် ရှင်းလင်းရပါမယ်။

ဒါမျိုးဝန်ဆောင်မှုတွေ လုပ်ထားပါလျက်နဲ့ အမှိုက်မပစ်ရဆိုတဲ့နေရာမှာ လာရောက်စွန့်ပစ်ပြီဆိုရင် တော့ ထိရောက်တဲ့ အရေးယူမှုမျိုးနဲ့ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးယူဆောင်ရွက်ရမှာလည်း မြန်မာတို့နှလုံးသည်းပွတ် နားလည်မှုဆိုတဲ့ထုံးနဲ့ မဆောင်ရွက်စေ ချင်ပါ။

အမှိုက်ပုံးလည်း မထားပေး၊ အမှိုက်လည်း မပစ်ရဆိုရင်တော့ ဝတ်ကြေတန်းကြေ လာထောင်ထားတဲ့ ဆိုင်းဘုတ်ကို အမှိုက်များပုံနေတာပဲ တွေ့ရမှာဖြစ်ပါတယ်။

ကြေညာချက်တွေကို အနီရောင်စာသားတွေနဲ့ လူသိထင်ရှား ကပ်ထားကြော်ညာထားသောလည်း ပူးပေါင်းလိုက်နာဆောင်ရွက်မှု ရှိ၊ မရှိဆိုတာ ထုတ်ပြန်တဲ့ဌာနအလိုက် အောင်မြင်မှုရှိမရှိ သိရတဲ့အထိ အချိန်ပေးရပါလိမ့်မယ်။

နိုင်ငံသူနိုင်ငံသားတွေ လိုက်နာစေချင်တဲ့ ဥပဒေ၊ ကြော်ညာချက်ထုတ်ရင် ထုတ်တဲ့ဌာန၊ တာဝန်ရှိသူ က ဒီစည်းမျဉ်းစည်းကမ်းကို လိုက်နာဆောင်ရွက်နိုင်ဖို့ ဘာ အခက်အခဲရှိမလဲဆိုတာလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ ကောင်းစေချင်တဲ့ ဆ န္ဒနဲ့တောင် အမိန့်၊ ကြေညာချက်တွေတောင် ထုတ်ခဲ့ကြတာမို့ ဒီကြော်ညာချက်ရဲ့အကျိုးအပြစ်ကို မျက်နှာလွဲလို့မရပါဘူး။

ဒါမှမဟုတ် ငါတို့လည်း ထုတ်တယ်။ မင်းတို့လည်း လိုက်နာ၊ မလိုက်နာ ငါတို့နဲ့မဆိုင်ဘူး လုပ်နေမြဲ ဆိုရင်တော့ မြို့ရွာတခွင် မြန်စည်ပင် ဘာညာဆိုင်းဘုတ်ကြီးတွေထောင်ထားတာနဲ့ ဆန့်ကျင်ဘက် ဥပဒေမလေးစားတဲ့နိုင်ငံ ဒါမှမဟုတ် အမှိုက်နိုင်ငံတော်ကြီးဖြစ်သွားပါလိမ့်မယ်။

K ငြိမ်းချမ်း