ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရွှေပိုးအိမ် (ပဲခူး) ● လူတချို့နှင့် ဂြိုဟ်သေကောက်သူ

ရွှေပိုးအိမ် (ပဲခူး) ● လူတချို့နှင့် ဂြိုဟ်သေကောက်သူ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅

လူတချို့ ရုပ်ရှင်ကြည့်နေကြသည်။
လူတချို့က အားပါးတရရယ်မောရန်အတွက် ဟာသဇာတ်ကားကို ကြည့်ကြသည်။ မရပ်မနား ရယ်မောရ လွန်းသဖြင့် ဗိုက်ကြောများပြတ်ထွက်ကာ နောက်ဆုံးတွင် မျက်ရည်များ ကျလာတော့သည်။ နာကျင်မှုဝေဒနာကို မရယ်မောနိုင်တော့ဘဲ အသေအကြေ ခံစားရသည်။ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းကြရသည်။ ကိုယ်ရောင်ကိုယ်ဝါတောက်ပသော ဒူးအတိစကတ်အတိုဖြင့် ငရဲမင်း၏အတွင်းရေးမှူးမလေးသည် ရုတ်တရက် ရောက်လာသည်။ ထို့နောက် ရယ်စရာဇာတ် ကားဖြင့် မျက်ရည်ကျကြရသူများစာရင်းတွင် ထိုလူများကို ရေးမှတ်လိုက်တော့သည်။ သို့သော် ကမ္ဘာနှင့် ချီပါက ဟာသ ဇာတ်ကားများမှာ တရက်ပြီးတရက် အဆက်မပြတ် ထွက်ပေါ် မြဲထွက်ပေါ်လျက်…။ လူတချို့သည် ရယ်မော ရန်အလို့ငှာ ထိုဟာသဇာတ်လမ်းများကို အလုအယက်ဝယ်ယူလျက် ရှိနေကြသည်။ ငရဲမင်း၏အတွင်းရေးမှူး မလေးသည် ငရဲမင်းကို ကပ်ချွဲပြီး သူမလက်ကို နောက်ဆုံးပေါ် လက်ရေး စက်တပ်ဆင်ကာ ထိုလူများ၏စာရင်းကို ဆက်လက် ရေးမှတ်နေဆဲပင်ဖြစ် သည်။

လူတချို့ကတော့ ကလေးများနှင့်အတူတူထိုင်ကာ ပျော်ရွှင်စရာကာတွန်းကားများကို စိတ်လိုလက်ရ ကြည့်နေကြသည်။ ထို့နောက် အသံကြောင်နေသောကီးများဖြင့် ရယ်မောလိုက်ကြပြန်သည်။ လူကြီးများ၏ရယ်သံသည် အလွန်ကျယ်လောင်လာ သောကြောင့် ကလေးများပင် နေရာဖယ်ပေးလိုက်ရသည်။ ယင်းလူများသည် နေ့ရက်များကိုလည်း ကီးကြောင်စွာ ဆက် လက် ဖြတ် သန်းကြသည်။ ပျော်ရွှင်မှုများကို ကာတွန်းကားများထဲမှ ရသလောက် နိုက်ထုတ်ရန် ဆက်လက်ပြင်ဆင်ကြသည်။ တနေ့တာပျော်ရွှင်ရသမျှ ပိုပြီးပျော်စေသည်ဟု ဆင်ခြေပေးကြပြီး တချို့ကတော့ တနေ့တာမပျော်ရွှင်သမျှ အနည်းငယ်တော့ ပျော်ရွှင်စေသည်ဟု သုံးသပ်ဆုံးဖြတ်ကြသည်။

လူတချို့က ဝမ်းနည်းပူဆွေးမှုများကို မီးလင်းဖိုကဲသို့ နွေးနွေးထွေးထွေးခိုလှုံရန်အတွက် ဒရမ်မာ ဇာတ်ကားကို ကြည့်ကြ သည်။ ဇာတ်လမ်းကိုကြည့်နေရင်းကပင် လောကဇာတ်ခုံမှာ ကိုယ်တိုင်ပါဝင် ကပြချင်ကြသည်။ သနားစရာဇာတ်ကောင်သည် လူတချို့ကိုယ်တိုင်ဖြစ်ပြီး ရက်စက်ယုတ်မာသောဇာတ်ကောင်များကို အသေအကြေတိုက်ခိုက်ပစ်လိုက်ကြသည်။ ထို့ ကြောင့် ရက်စက်ယုတ်မာသောဇာတ်ကောင်များအားလုံး သေဆုံးပြီး ဇာတ်လမ်းလည်း အဓိပ္ပာယ်မဲ့သွားသည်။ အစအဆုံး ကြည့်လို့မှ လှည့်ကွက်၊ ဇာတ်အကူးအပြောင်း၊ ဇာတ်အကွေ့ အကောက်မပါတော့သော ထိုဒရမ်မာဇာတ်လမ်းကြီးသည် ငြီးငွေ့ဖွယ်အတိ ဖြစ်လာတော့သည်။ အေးစက်စက် အာရုံကို မခံစားနိုင်သော လူတချို့သည် ထိုဒရမ်မာဇာတ်လမ်း၏ငြီးငွေ့ဖွယ်ရာကောင်းမှုကို အပြစ်တင်ချင်လာကြသည်။ သူတို့ကိုယ်တိုင် စိတ်ရှိလက်ရှိသတ်ဖြတ်ခဲ့သည့် ရက်စက်ယုတ်မာသော ဇာတ်ကောင်များကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာတော့သည်။ ဤနည်းဖြင့် ဒရမ်မာဇာတ်ကားများကို လူတချို့ဟာ ဇွဲကြီးကြီးဖြင့် ဆက် လက်ကြည့်ရှုကြသည်။ ရုပ်ရှင်ဒါရိုက်တာများကလည်း လူတချို့၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ကာ ဒရမ်မာ ဇာတ်လမ်းကောင်းများကို အစွမ်းကုန်ကြိုးစား၍ ပိုမိုရိုက်ကူးလာကြတော့သည်။  ကြာလာတော့ ယင်းရုပ်ရှင် ဒါရိုက် တာများကိုယ်တိုင်ပင် ၀မ်းနည်းပူဆွေးမှုများဖြစ်လာတော့သည်။ လူတချို့ကတော့ မီးလင်းဖိုအမှတ်နှင့် ခိုလှုံကြ တုန်းပင်။

လူတချို့က ဟိုလူနှင့် ဒီလူသတ်ပုတ်ပြီး ဟိုတဖွဲ့နှင့် ဒီတဖွဲ့အပြန်အလှန်ပစ်သတ်ကြသည့် ဖိုက်တင်ဇာတ်ကားကို နှစ်သက်စွာ ကြည့်နေကြသည်။ ရုပ်ရည်ချောမောပြေပြစ်ပြီး စိတ်ကောင်းနှလုံးကောင်းရှိသည့် ဇာတ်ကောင် ဘက်မှ ချိန်ခွင်ကိုအဆုံးထိ အလေးသာပေးကြသည်။ ချောမောသူနိုင်ပါစေ။ ရုပ်ဆိုးသူ ရှုံးပါစေ။ စိတ်ကောင်း ရှိသည့်ဇာတ်ကောင်၏ သူရဲကောင်းဆန်ဆန်ကယ်တင်နိုင်မှုများကို အားကျငေးမောကြသည်။ စိတ်ထဲရှိတဲ့အတိုင်း ကုန်းရုန်းအော်ဟစ်ကြသည်။ ဇာတ်ကောင်ခံရသည့်အခိုက်အတန့်ခဏလေးကိုပင် စိတ်မရှည်ကြ။ ဒေါသတွေထွက် လာကြပြီး ဖန်ခွက်တွေဖြင့် တီဗွီဖန်သားပြင်ကို ပစ် ပေါက်ကြသည်။ ဝုန်းဒိုင်းကြဲကြသည်။ အိမ်သားအချင်းချင်း စကားတွေများကြသည်။ ရိုင်းစိုင်းညစ်ညမ်းစွာ ဆဲရေတိုင်း ထွာကြသည်။ လူတချို့နှင့် လူတချို့ ဇာတ်ကားထဲက အတိုင်း တိုက်ခိုက်ကြတော့သည်။ အပြင်ဘက်တွင်တော့ ချောမော ပြေပြစ်သောဇာတ်ကောင်သည် ယုတ်မာရိုင်း စိုင်းသောဇာတ်ကောင်ကို နာရင်းတချက်တီးပြီး စီးကရက်ဝယ်ခိုင်း နေပြီဖြစ် သည်။ လူတချို့နှင့် လူတချို့ကတော့ ကမ္ဘာမကြေသောရန်ပွဲများကို ယခုထက်တိုင် နွှဲနေတုန်းပင်။ ရန်ပွဲများကြား မြေဇာမြက် ပင်တို့ ပြန်မထနိုင်ကြသေး။

လူတချို့က စိတ်ဝင်စားမှုတွေကိုဝှက်ဝှက်ပြီး နောက်ဆုံးမှာဖွားခနဲပြန်ပေါ်ရတာကို နှစ်သက်သူများဖြစ် သည်။ ထို့ကြောင့် လျှို့ဝှက်သည်းဖိုဇာတ်လမ်းကားကို ကြည့်ကြသည်။ နေရောင်ခြည်သည် သူ့ကိုယ်သူ ပန်းခင်း များအပေါ် ဆမ်းထားသလို လိုဟန်ဖြင့် ရွှင်မြူးပြနေခဲ့သည်။ နောက်ဆုံးတွင် လရောင်၏နောက်ကျောကို ဓားဖြင့် ထိုးရန်အတွက် ပန်းပွင့်များကို ညှိုးလျော် စေလိုက်တော့သည်။

ကြည့်နေရင်းကြည့်နေရင်းဖြင့် ဖြူစင်ရိုးသားသည့်မိန်းမလှလေးသည် အနက်ရောင်ဝတ်ရုံကို အထက် အောက်ဝမ်းဆက် ချုပ်ဝတ်ထားသည့် စုန်းမတဦးဖြစ်လို့နေသည်။ စုန်းမက သူချုပ်သည့် အပ်ချုပ်ဆိုင်နာမည်ကို ဘယ်တော့မှပြောမှာမဟုတ်ဟု အပြင်းအထန် ငြင်းဆန်လိုက်သေးသည်။ ကော်ဖီသောက်ပါဟု ယဉ်ကျေးပျူငှာ သောလုပ်ဖော်ကိုင်ဖက်တစ်ဦးကို ချစ်ခင်မြတ်နိုးစွာ ပြုံးပြလိုက်ချိန်တွင် သူ့ပစ်လိုက်သောမြားသည် ရင်ဘတ်ကနေ နောက်ကျောကို အဆုံးထိ စိုက်ဝင်နေပြီဖြစ်သည်။ မည်သို့မှမတတ်နိုင်ခဲ့။ လောကသည် မာယာများသည်ဟု ဆို လျှင် ငြင်းဆန်ရမည်ဖြစ်သည်။ လူတချို့၏မာယာကြောင့် လောကသည် အသလွတ်အမည် တပ်ခံနေရခြင်းပင် ဖြစ်သည်။ ရိုးသားကြိုးစားသော ကြယ်တပွင့်သည် ဆားပုလင်းနှင်းမောင်၏အမှုတွဲတွင် အရက်စက်ဆုံးသော လူ သတ်သမားဖြစ်လို့နေသည်။ စီအိုင်ဒီဘခက်သည် ယောဂီဝတ်စုံဝတ်ထားသော လိမ်လည်သူတဦးကို ရဲစခန်းသို့ ခေါ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက် သည်းဖို ဇာတ်ကားများသည် ပိုမိုအရောင်းသွက်လာကြ သည်။

လူတချို့ရုပ်ရှင်ကြည့်ချိန်တွင် လူတယောက်သည် ရုပ်ရှင်ကြည့်သူများကို ပြန်လည် ကြည့်ရှုနေသည်။

သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွင် လူတချို့၏မျက်လုံးများသည် ပြူးကြောင်ကြောင်ဖြစ်လာကြသည်။ ကြောက်ရွံ့အသည်း အေးသည့်ဟန်ဖြင့် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်ဖြေခန်း တွင် လူတချို့သည် တိတ်ဆိတ်လို့…။ နားရွက်တောင်မလှုပ်ဘဲ အံ့သြမှင်တက်လျက်ရှိကြသည်။

နှလုံးခုန်သံ တဒိတ်ဒိတ်ဖြင့် လန့်ဖြန့်လို့၊ မျက်လုံးတွေအကြောင်းသားနှင့် စိတ်ဝင်တစား ပါးစပ်တွေဟလို့။
တခါတရံ ဒေါသအမျက်များဖြင့် ခရမ်းချဉ်သီးတစ်လုံးလုံး နီမြန်းလို့….။
တခါတရံ ဖြောင်းခနဲပေါက်သွားသော ဘောလုံးတလုံးကဲ့သို့ အူလိုက်သည်းလိုက် ရယ်မောလို့။
။….။

လူတချို့က ယနေ့အတွက် အမြတ်ငွေစာရင်းတွက်နေပြီး လူတချို့က မနက်ဖြန်အတွက်ဈေးရင်း မရှိတော့ ၍ ငိုကြွေးနေပြန် သည်။ လူတယောက်နှင့် အခြားလူတယောက် စကားများရန်ဖြစ်နေသည့်အချိန် လူသားငယ် တဦးက မျက်ရည်တသွင်သွင်ဖြင့် ငေးမော၍နေသည်။ လူသားငယ်လေးများရပ်ကွက်၏လမ်းမပေါ် မြူးတူးပျော်ပါး နေသည့်အချိန် လူသားအိုတဦးက ပုတီးတချောက်ချောက်ဖြင့် ချောင်တချောင်တွင် ချောင်းဟန့်နေခဲ့သည်။ လူတချို့ အကောင်းစားဝိုင်နှင့် စားသောက်ဖွယ်ရာ အစုံအလင်ဖြင့် ဝိုင်းဖွဲ့နေချိန်တွင် လူတချို့သည် ငါးပိရည် တို့စရာ နှင့် ဆီမပါဘဲသုတ်ထားသော ပဲပြုတ်ပန်းကန်ကိုကြည့်ပြီး ငိုင်နေခဲ့ချိန် ဖြစ်သည်။

လူတချို့က မိမိရင်သွေး၏အနာဂတ်အတွက် သိန်းပေါင်းများစွာ ကုန်သည့်ပညာရေးကို စိတ်ကြိုက် ရွေး ချယ်နေချိန်တွင် လူတချို့သည် နောက်နှစ်ကျောင်းဖွင့်ချိန်တွင် မိမိတို့ရင်သွေး၏စာအံ့သံကို ကြားရရန်အရေး တွေးပူနေခဲ့ရပြီ။
လူတချို့က အကောင်းစားရေမွှေးနံ့ကို စိတ်ခံစားမှုအားကောင်းကောင်းဖြင့် ရွေးချယ်ဆွတ်ဖြန်းနေသည်။
လူတချို့မှာ နေလောင်နံ့များဖြင့် သင်းကြိုင်လို့။

လူတချို့သည် ငယ်ရွယ်နုပျိုမှုများဖြင့် လောကကိုစိန်ခေါ်ကြသည်။ လူတချို့ကတော့ ရင့်ကျက် အိုမင်းမှုတွေဖြင့် လောက ကိုခနဲ့သလိုလှောင်ပြောင်ရင်း ကျားကန်ကြသည်။ ပျိုခြင်းနှင့် အိုခြင်းခြားက အကွာအဝေးသည် အံ့သြဖွယ်နီးနီးလေး ဖြစ်နေသည်။ လူတချို့ ထိတ်လန့်စွာငိုကြွေးလိုက်ကြသည်။ ခဏအကြာတော့ ငိုကြွေးခြင်း များကိုလွှင့်ပစ်ကာ ပေါင်ဒါမုန့်ဖြူး ထားသော မျက်နှာများဖြင့် ရုပ်တရားကို ထွေးပွေ့လိုက်ကြသည်။

မီးရောင်အောက်တွင် လူတချို့ ကြယ်အကြွေတွေကိုလိုက်ကောက်နေကြသည်။ အမှန်စင်စစ် ကြယ် အကြွေမဟုတ်ဘဲ အလင်းရောင်အပိုင်းအစတချို့သာ ဖြစ်သည်။ လူတချို့ ညဥ့်နက်နေချိန်တွင် လူတချို့ မိုးလင်းနေကြပြီ။ လူတချို့၏အပူသော ကမီးများသည် အခြားလူတချို့အတွက် ကျေနပ်စရာအတိဖြစ်နေခဲ့သောအခါ လူ တချို့၏ ဦးနှောက်များတွင် ပိုးလောက် လန်များ ပြည့်နှက်နေပြီဟု သတ်မှတ်လိုက်ကြသည်။

ပိုးလောက်လန်အပြည့်နှင့် ဦးနှောက်တခု ကမ္ဘာမြေပေါ် ရောက်လာခဲ့သည်။
ထိုဦးနှောက်ဖြင့် လူသားတဦးသည် လူတချို့ကိုကြည့်ရင်း အလင်းရောင်အပိုင်းအစများကို ကောက်ယူ နေခဲ့သည်။ သို့သော် သူကောက်ယူခဲ့သည့် အရားများသည် အလင်းရောင်မဟုတ်ခဲ့။

အသက်မရှိတော့သည့် ကြယ်သေများ၏ ရုပ်ကြွင်း အပိုင်းအစများသာ ….။

ရွှေပိုးအိမ် (ပဲခူး)
၂၂၊ ၁၂၊ ၂၀၁၆