ဇင်လင်း ● လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ်ပါ၊ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပါ

 ဇင်လင်း ● လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ်ပါ၊ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပါ
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၇

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ယခုလက်ရှိ အခြေအနေအထိ မရေရာ မသေချာသေးသည့် လက္ခဏာများဖြင့် စိတ်မအေးဖွယ် ဖြစ်နေသည်။  အစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် စီစဉ်လျှက်ရှိသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ ‘နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့’ (DPN) တို့တွေ့ဆုံနိုင်ရန်အတွက် ညှိနှိုင်းမှုများ သဘောတူညီမှု မရသေးဟု ကြားသိနေရသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်’ (NCA) လက်မှတ် မထိုးရသေးသည့် ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ’ (UNFC) ၏ ‘နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့’ (DPN) တို့သည် တရားဝင် မကြာခဏ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရုံမက၊  အလွတ် သဘောတွေ့ဆုံမှုများလည်း ရှိသည်။ NLD အစိုးရကလည်း “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အကျော့ အစည်းအဝေး” ကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်လျှက်၊ ညီလာခံမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်၍ သဘောထားများစုစည်းရန် ကြိုးပမ်းနေကြောင်း သိရသည်။ ၎င်းညီလာခံမတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးခေါ်ယူရန်နှင့်  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်မှုလုပ်ဆောင်ရန် လိုအပ်နေသည်ဟု UPDJC တာဝန်ရှိသူများက ဆိုကြောင်းလည်း ကြားရသည်။

သို့တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေခိုက် တပ်မတော်က စစ်ဆင်ရေးများ တိုးမြှင့်တိုက်ခိုက်နေသဖြင့် ပြည်သူလူထုအတွင်း စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ရှမ်းပြည်မြောက်ပိုင်းဒေ သများတွင် တပ်မတော်နှင့်ကချင် လက်နက်ကိုင်အဖွဲ့(KIA)၊ တအာင်း လက်နက် ကိုင်အဖွဲ့(TNL A)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင် အဖွဲ့(AA) တို့ပါဝင်သော လက်နက်ကိုင် ၄ ဖွဲ့အကြား တစ်လ အတွင်း တိုက်ပွဲပေါင်း (၁၀၀)ထက်မ နည်း ဖြစ်ပွားခဲ့ပြီး၊ နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် အရပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ UNFC အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ကိုးဖွဲ့ရှိရာ လတ်တလောတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA)၊ တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA) တို့သည် တပ် မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ ကြောင့် နှစ်ဖက်တပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံပြည်သူအများအပြား စစ် ဘေးဒုက္ခကြုံတွေ့နေကြရသည်။

UNFC အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအနက် ကချင်အဖွဲ့ (KIO/ KIA)၊ တအာင်းအ ဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့သည် တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ တိုက်ပွဲများကြောင့် နှစ်ဦးနှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိရုံမက၊ ဒေသခံပြည်သူ အမြောက်အမြား စစ်ဒဏ်ခံရသဖြင့် ဆင်းရဲဒုက္ခ ကြုံတွေ့နေကြရသည်။

ဤအတောအတွင်း ဒုတိယအကြိမ် ပင်လုံညီလာခံတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုပြီး ဆွေးနွေးခွင့်မပြုပါက၊ ညီလာခံ တက်ရောက်မည် မဟုတ်ဟု  ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် DVB သတင်းအားပြောကြောင်း ကြားသိရသည်။

NCA အပစ်ရပ်လက်မှတ် မထိုးသေးသည့် တိုင်းရင်းသားတပ်ဖွဲ့များက NCA စာချုပ်ကို ပြန်လည်သုံးသပ်ရန်၊ စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်စေရန်၊ နိုင်ငံတကာ အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးရန် စသဖြင့် အချက် ၈ ချက် တောင်းဆိုထားသည်ဟု ဆိုသည်။ ထိုတောင်းဆိုချက်များကို အစိုးရက လိုက်လျောလျှင် NCA လက်မှတ်ထိုးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၈ ဖွဲ့နှင့် ပြုလုပ်နေခြင်းဖြစ်၍ တပ်ဖွဲ့အားလုံး မပါဝင်သောကြောင့် အဓိပ္ပာယ် အနှစ်သာရ ပြည့်စုံမှုမရှိနိုင်ဟု ဝေဖန်မှုများလည်း ဖြစ်ပေါ်နေသည်။

၂၀၁၆ နိုဝင်ဘာတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့(DPN) တို့ တတိယအကြိမ် တရားဝင်ဆွေးနွေးမှုကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ၎င်းလအတွင်း၌ ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့သော်လည်း UNFC အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် တွေ့ဆုံမည့် အစီအစဉ် ပျက်ပြယ်ခဲ့ရကြောင်း 7Day Daily သတင်းအရ သိရသည်။ အစိုးရငြိမ်းချမ်းရေးကော်မရှင် အကြံ ပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့်ရက်ပိုင်းအတွင်း တွေ့ဆုံနိုင်ရေး ဆောင်ရွက် နေကြောင်း ဇန်နဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်အတွင်း မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်ဟု ဆိုသည်။

‘‘အခု ဒီ ၂၀၁၇ ဖေဖော်ဝါရီ မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအစည်းအဝေး အတွက် ဒီမှာလည်း အရေးကြီး တဲ့သူတွေအားလုံးပါနိုင်ဖို့ ထပ်ကြိုးစားနေတယ်။ ပါနိုင်ဖို့လည်း ကျွန်တော်တို့က မျှော်လင့်တယ်။ ဒီအတွက်လည်း ရက်ပိုင်း အတွင်းမှာ ပြန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိတယ်’’ ဟု ဦးလှမောင်ရွှေက 7Day Daily သို့ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အကောင်အထည်ဖေါ်ရာတွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ ယုံကြည်မှု တည်ဆောက် ရေးဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများက ဇန်န၀ါရီ  ၇ ရက်နေ့က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောကြားကြသည်ဟု Daily Eleven သတင်းအရ သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့ အောင်မြင်မှုရရှိနိုင်မည်နည်းဆိုသည့် မေးခွန်းအပေါ် အထူးပြုဆွေးနွေးကြသည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦး(CNF) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်ဂျာနန်လထော်၊ ဦးရန်ကျော်နှင့် စာရေးဆရာနောင်ကျော်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရန် အမှန်တကယ် လိုလားပါက လက်ရှိအချိန်တွင် နားလည်မှုရှိရှိ  ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယုံကြည်မှုတည်ဆောက်နေသည့် အချိန်တွင် သတင်းစကား အမှားများကြောင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားနိုင်သည့်အတွက် အားလုံးက ယုံကြည်မှု တည်ဆောက်ရေးဖြစ်စဉ်၊ အားလုံးပါဝင်ရေးဖြစ်စဉ်များတွင် ပါဝင် ဆောင်ရွက်သင့်ကြောင်း၊ သို့ဆိုလျှင် အမျိုးသားအဆင့် သဘောတူညီချက်များ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များရရှိရန် အလှမ်းမဝေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

“အဲဒီတော့ အခက်ဆုံးအလုပ်ကတော့ ယုံကြည်မှုတည်ဆောက်ရေးပဲ။ အဲဒီတော့  အဲဒီယုံကြည်မှု တည်ဆောက်နိုင်တယ် ဆိုရင် ကျန်တဲ့ဟာက တော်တော်လွယ်တယ်။ အချက်တွေရှစ်ချက်၊ ကိုးချက်ဒီထဲမှာ တချို့အချက်တွေက NCA ထဲမှာ ပါတယ်လို့ အစိုးရဘက်၊ တပ်မတော်ဘက်တွေက ထောက်ပြတယ်။  တချို့အချက်တွေက ရှေ့မှာ ရှစ်ဖွဲ့က လက်မှတ်ထိုး ထားတယ်။ သူတို့လိုပဲ ထိုးလိုက်ပါလား။ ဆိုတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်တဲ့အချိန်လေးမှာ သူတို့နဲ့ကိုယ်နဲ့ညှိ နေရတာလေးက ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့လိုဆွေးနွေးပွဲတွေ ဖိုရမ်တွေကနေပြီးတော့ ကျွန်တော်တို့လို ဒီနေ့ ဖြစ်နေတဲ့ဟာတွေကိုလည်း မီးမောင်းထိုးပြနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟု ဦးလှမောင်ရွှေက ဆိုကြောင်း အလဲဗင်း မီဒီယာသတင်းက ဖေါ်ပြသည်။

“နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဒီလက်နက်ကိုင် ပဋိပက္ခ အမွေအနှစ်ဆိုးကို ကျွန်တော်တို့ ခံစားပြီးပြီ။ ဒီလိုအမွေဆိုးကို ခံစားနေတဲ့ သူအချင်းချင်း ရန်ပြန်မဖြစ်ဘဲနဲ့ ငါ့ကြောင့်၊ သူ့ကြောင့်ဆိုပြီး အချင်းချင်း အပြစ်မဖို့ဘဲနဲ့ ကျွန်တော်တို့ ၀ိုင်းပြီး ဒီပြဿနာဟာ ကျွန်တော်တို့ အားလုံးရဲ့ ပြဿနာဖြစ်တယ်။ ကျွန်တော်မပါဘဲနဲ့ ဒီပြဿနာဖြေရှင်းလို့ မရဘူး။ ခင်ဗျား မပါဘဲနဲ့ ဒီပြဿနာဖြေရှင်းလို့ မရဘူးဆိုတဲ့ ဒီ ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ ချဉ်းကပ်မှု အတူတကွနဲ့ တပ်မတော်ဘက်က သော်လည်းကောင်း၊ အစိုးရဘက်ကသော်လည်းကောင်း၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဘက်က သော်လည်းကောင်း၊ ပြည်သူလူထု တစ်ရပ်လုံးကသော်လည်းကောင်း အတူတကွချဉ်းကပ်ပြီးတော့ အတူတကွ ဦးတည်ရာ တစ်ခုတည်းကို အတူတကွ တွန်းမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ကျွန်တော်တို့အမှန်တကယ် ရရှိနိုင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်ကို Centre for Development and Ethnic Studies (CDES) မှ ပြုလုပ်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် မည်သည့်အရာများက အရေးကြီးသည်ကို နားလည်သဘောပေါက်ရန်နှင့် ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း CDES ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် အခြေခံမူအဖြစ် အချက် (၁၁) ချက် ချမှတ် ထားကြောင်းတွေ့ရသည်။

Centre for Development and Ethnic Studies (CDES) က ထုတ်ဝေသည့် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်” စာအုပ်၏ အခန်း (၁) "အခြေခံ မူများ" တွင် ===>

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရား မျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။

(ခ) မြန်မာနိုင်ငံ တွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ် နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက် ရန်။ (ဂ) တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်း ပါဝင်သော ပြည်ထောင်စု တပ်မတော် ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင် ထည့်သွင်း ဆွေးနွေးသွားရန်။

(ဃ) ဤပြည်ထောင်စု အတွင်း နေထိုင်ကြသော နိုင်ငံသား အားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှု တို့ကြောင့် ခွဲခြား ဆက်ဆံခြင်း မပြုဘဲ တန်းတူရည်တူ အခွင့်အရေး ရရှိစေရန်။

(င) နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရန်၊ နိုင်ငံရေး နှင့် ဘာသာရေး ရောယှက်ခြင်း မရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်။ (စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသား လက္ခဏာ များ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ရန်။

(ဆ) ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် ရည်မှန်း၍ တိုင်းရင်းသား များ၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကို အခြေခံပြီး ပါဝင် သင့်သူ အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပသွားရန်။

(ဇ) ငြိမ်းချမ်းရေး ဆွေးနွေးဘက်များအကြား ဝိဝါဒ ကွဲပြားမှုများကို ရေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်း စေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်။

(ဈ) ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက် အပြန်အလှန် ထားရှိ သော ကတိကဝတ်များကို စောင့်ထိန်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ပွင့်လင်း မြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင် အထည်ဖော်ရန်။

(ည) ဤသဘောတူစာချုပ်ကြောင့် ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တစ်ဖက်နှင့် တစ်ဖက် အခွင့် အရေးမယူဘဲ သဘောတူစာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

(ဋ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ပြည်သူ လူထု၏ဘဝ မြှင့်တင်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားရန်။ …. စသည်ဖြင့် ဖေါ်ပြပါရှိသည်။

လတ်တလောတွင် NCA အခြေခံမူ (ဆ) အရ “ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူ အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပသွားရန်” - ဆိုသည့် ကိစ္စကို ဖေဖေါ်ဝါရီတွင် ကျင်းပမည့် ဒုတိယအကျော့ ပင်လုံညီလာခံမတိုင်မီ အကောင်အ ထည်ဖေါ်ရန် အထူးအရေးကြီးလျှက်ရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် ရေးသည် အစိုးရနှင့် တပ်မတော်တို့၏ အမြော်အမြင်ရှိမှုနှင့် အပေးအယူမျှမှုအပေါ် များစွာတည်နေသည်ဟု ဆိုရမည်။ အစိုးရနှင့် တပ်မတော်အနေဖြင့် ယခုထက်ပို၍ စိတ်ရှည်သည်းခံရန်နှင့် သဘောထားကြီးရန် လိုသည်။

နိုင်ငံရေးပြဿနာကို စစ်ရေးအရ ဖြေရှင်းခြင်းကြောင့် တိုင်းပြည်ဆင်းရဲမွဲတေပြီး ပြည်သူလူထု သေကြေ အနာတရ ဖြစ်ခဲ့ရ သည်ကို မျက်ကွယ်မပြုသင့်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့်သည်ကို သဘောပေါက်သင့်ပြီ ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ချိန် သင့်ပြီဖြစ်ပါသည်။ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် နိုင်ရေးသို့ရှေးရှု၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကို စောနိုင်သမျှ စောစွာ ဆောင်ရွက်ကြစေလိုကြောင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးအား တိုက်တွန်းနှိုးဆော်အပ်ပါသည်။