ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်တူး ● စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်ခြင်း (၇၆) နှစ်


မောင်တူး ● စာရေးဆရာကြီး ပီမိုးနင်း ကွယ်လွန်ခြင်း (၇၆) နှစ်
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

“စာရေးဆရာဆိုပြီး နာမည်ရလာအောင် ရေးတတ်ဖို့ မလွယ်ဘူး။
နာမည်ရ စာရေးဆရာ ဖြစ်လာတော့လဲ ကြီးပွားဖို့ မလွယ်ဘူး။
ဆရာ့ကိုပဲ ကြည့်တော့။ လုံးလယ် လုံးလယ် လိမ့်တိမ့် လိမ့်တိမ့်နဲ့ လူမဖြစ်နိုင်တော့ဘူး။  
ဒိပြင် ကြီးပွားမဲ့အလုပ်တွေ အများကြီး ရှိပါတယ်။ လက်မလွန်ခင် ပြန်ဆုတ်သွားပါကွာ။”

ဒါက စာရေးဆရာ ဇေယျကို ပီမိုးနင်း ပြောသွားခဲ့တဲ့စကားပါ။  ဆရာကြီးပီမိုးနင်းကွယ်လွန်ခဲ့တာ ၇၆ နှစ်ပြည့်ပါပြီ။ ပထမ ကမ္ဘာစစ်ပြီးခေတ်ကနေ ဒုတိယ ကမ္ဘာစစ်မစခင်လောက်အထိ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေး ဆရာကြီးပါ။ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ခရစ်နှစ် ၁၉၄၀ ခုနှစ် ဇန်န၀ါရီလ ၆ ရက်က ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်တာ ၇၆ နှစ်ကြာသွားခဲ့ပေမဲ့ သူ့စာ သူ့လက်ရာတွေကတော့ ပြန်လည် ထုတ်ဝေနေ ဆဲမဟုတ်လား။ ပီမိုနင်းဟာ မြန်မာတွေအတွက် ထူးချွန် အောင်မြင် ချမ်းသာ ကြီးပွား တိုးတက်ရေး စာပေတွေ အများကြီး ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူမရှိတော့တဲ့နောက် အနှစ် ၇၀ နီးပါး ကြာလာချိန်အထိ မြန်မာပြည်သား အများစုကတော့ ကျူးကျော်တဲနေဘ၀တွေ၊ တိုင်းတပါး ခိုးထွက် အလုပ်လုပ်ကြရသူတွေ၊ နေ့ပြန်တိုးဒဏ်၊ အကြွေးဒဏ်ပိ လက်လုပ်လက်စား တွေအဖြစ်တင်မက ဆင်းရဲ နွမ်းပါး လယ်မဲ့ ယာမဲ့ ဥယဉ်ခြံမြေမဲ့ မွဲတေနေကြရဆဲပေါ့။ ဒါပေမဲ့လဲ သူ့စာပေတွေကို ရှာဖွေ ဖတ်ရှု မှတ်သား လိုက်နာ ကျင့်ကြံပြီး တိုးတက်အောင် လုပ်ကြပါစို့လို့ ဆက်ကာ ဆက်ကာ တိုက်တွန်းချင်ပါရဲ့။

● မြန်မာစာပေကို ရေးသားပုံတမျိုးထွင်သူ ပီမိုးနင်း
စာပေအရေး အသားကို တမျိုးထွင်လို့ စာပေလောကကို တိုးတက်ကျယ်ဝန်းစေခဲ့သူ အင်္ဂလိပ် မြန်မာ ၂ ဘာသာစလုံး (လက်တင်ဘာသာပါ) ကျွမ်းကျင်သူ၊ အနောက်တိုင်းစာပေကို ကောင်းနိုးရာရာတွေ ဘာသာပြန်ပြီး မြန်မာတွေအတွက် ယူဆောင်လာသူအဖြစ် ပီမိုးနင်းကို မြန်မာ့စွယ်စုံကျမ်းမှာ ဖေါ်ပြထားတယ်။

စာရေးဆရာကြီး ဇေယျက “ဆရာပီမိုးနင်းဟာ အလွန်ထက်မြက်တယ်။လောကမှာ မဖွယ်မရာ မမျှမတမှုတွေကို စူးစူးရှရှ မြင် တတ်သူပဲ။ မြင်သလောက်ကိုလဲ စူးစူးရှရှ ရေးတတ်တယ်။ စကားအသုံး ကြွယ်ဝတယ်။ ဥရောပတိုက်မှာ ဖြစ်တဲ့ အထင် အမြင်သစ် သဘောသစ်တွေကို တချက်တည်းနဲ့ မြန်မာတွေ နားလည်အောင် ရိုးရိုးနဲ့ တိုက်ရိုက်ရေးနိုင်သူပေါ့။ မြန်မာ အသုံး အနှုန်းတွေကို အဟောင်းကို အသစ်ဖြစ်အောင်လည်း ပြုပြင် သုံးစွဲတတ်တယ်။ ၀တ္ထုတပုဒ်မှာဆိုရင် ဆရာ ပီမိုးနင်းက “  ပ ညတ်ရာ ဓါတ်ပါ”  လို့ရေးလိုက်တယ်။ ဒါကို အဲ့ဒီအချိန် ဒဂုန်မဂ္ဂဇင်းအယ်ဒီတာ ဆရာဦးဖိုးသစ်က “ပညတ်သွားရာ ဓါတ် သက်ပါ”  ဆိုပြီး ပြင်လိုက်လို့ မဂ္ဂဇင်းထွက်လာတော့ ဆရာပီမိုးနင်းက  “ဘယ်သူများ လူတတ်လုပ်ပြီး ပြင်လိုက်ပါလိမ့်”  လို့ မေးတယ်။ “ဘာဖြစ်လို့လဲ။ ပြင်ထားတာ မှန်သားပဲ” လို့ပြောတဲ့အခါ ဆရာပီမိုးနင်းက   “သူတို့ပြင်ပေးမှလားကွ၊ ငါသိသားပေါ့။ တမင်သက်သက် စကားကျဉ်းအောင်ရေးလိုက်တာ။ အခုတော့ ပျက်သွားတာပေါ့”  ဆိုပြီး ညီးညူဖူးတယ်လို့ ဆိုခဲ့ပါတယ်။ အဲ့ဒီခေတ်က ၀ါကျတွေကို ရှေးရိုးစွဲဆန်ဆန် ရှည်ရှည်လျားလျား ရေးခဲ့ကြတာပါ။ ဒါကို ပီမိုးနင်းက လိုတိုရှင်းဖြစ်အောင် ထွင်ရေးခဲ့တာပေါ့။ “ရောင်ခြည်တထောင် အလင်းဆောင်သော ဘာဏုရာဇာနေမင်းသည် အရှေ့ပြုဗ္ဗာ၊ ၀ိဒေဟာက ထွက် ပေါ်လာပြီ” လို့ ရေးသားနေကြတဲ့ခေတ်မှာ “နေထွက်လာပြီ” ဆိုတဲ့ လိုတိုရှင်း အရေးအသားကို ထွင်ခဲ့သူပါ။

● မိုးနှင်းထူထူကျချိန် မွေးဖွားခဲ့တဲ့ မောင်မိုးနှင်း

“ကျွန်ုပ်သည် ၁၂၄၅ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၆ ရက်၊ တနင်္လာနေ့နံနက် ၉ နာရီ၊ ‘ဆွမ်းတော်ဗျို့’ ဟု အော်ပြီး ဘုန်းကြီးကျောင်းသားကလေးများ ဆွမ်းခံသော အချိန်၌ မွေးဖွားခဲ့လေသည်။ ကျွန်ုပ်ဖွားမြင်သော ထိုနေ့ နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက်နေရကား အချိန် ၉ နာရီ၊ ၁၀ နာရီထိတိုင်အောင် နေရောင်ခြည်ကို ကောင်းစွာမမြင်ရချေ၊ ထိုမျှ ထူ ထပ် ၏စွာ ကျနေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား ‘မိုးနှင်း’ ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ် အမည်ပေးကာ ခေါ်ဝေါ်ခဲ့ကြလေသည်။ ”

ဒါတွေက ပီမိုးနင်း အကြောင်း ပီမိုးနင်း ကိုယ်တိုင်ရေးစာသားတွေပါ။ ပီမိုးနင်းဟာ ပြောင်မြောက်တဲ့စာပေတွေ ရေးခဲ့ပေမဲ့ သူ့ဘ၀ မပြောင်မြောက်ခဲ့ပါ။  သူ့ ဘ၀မှာ ငွေကြေးအရ မအောင်မြင်ခဲ့တာကို မှတ်တမ်းတွေမှာ ၀မ်းပမ်းတနည်း တွေ့ရပါတယ်။ သူ့ရဲ့ ပြောင်မြောက် အောင်မြင်တဲ့ စာပေတွေရဲ့ အကျိုးကျေးဇူးကို ၀၀လှလှ မခံစားရပဲ ဆင်းရဲပင်ပမ်းတဲ့ဘ၀နဲ့ ဘ၀ ကုန်ဆုံးသွားခဲ့တာ မဟုတ်လား။ ပီမိုးနင်းဆိုပြီး နာမည်ကျော် စာရေးဆရာကြီး ဖြစ်လာမဲ့ မောင်မိုးနှင်းကို သုံးဆယ်မြို့၊ ရွာမရပ်မှာ မြန်မာသက္ကရာဇ် ၁၂၄၅ ၊ တန်ဆောင်မုန်း လဆုပ် ၆ ရက် (ခရစ်နှစ် ၁၈၈၃ ခုနှစ်၊ နိုဝင်္ဘာ ၅ ရက်) တနင်္လာနေ့ မွေးခဲ့တယ်။ မွေးချိန် မိုးနှင်းတွေ ထူထဲကျလို့ “မိုးနှင်း” လို့ နာမည်ခေါ်တယ်။ ဇာတာအမည် မောင်ကျော်ညွန့် ။

● ပီမိုးနင်း ကလောင်အမည် ယူပုံ
ပီမိုးနင်းဟာ သုံးဆယ်မြို့ အာစီအမ် (ဗရင်ဂျီ) သာသနာပြုကျောင်းမှာ ၃ နှစ် ပညာသင်ခဲ့တယ်။ ခရစ်ယန်ကျောင်း ဖြစ်လို့ မောင်မိုးနှင်း၊ ( မောင်ကျော်ညွန့် အမည်မသုံးခဲ့ရပါ။ ကျောင်းအုပ် ဘုန်းကြီး ဖါသာရ် ပဲလ၀ါးက သူ့ကို “ဖီးလစ် PHILIP  ” လို့နာမည်မှည့်ပေးခဲ့ပါတယ်။ “ဖီးလစ်” နာမည်နဲ့ မော်လမြိုင် ဆင်မီနာရီကျောင်းမှာ ရဟန်းဖြစ်သင် ၃ နှစ် ထပ်ပြီး တက်ခဲ့ တာပါ။ နောက် ပီနန်ကျွန်းက ဂျင်နရယ် ကောလိပ်ကို ဆက်တက်ခွင့်ရတယ်။ အဲ့ဒီမှာ ကျောင်းမပြီးပဲ ပြည်တော်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ဖခင်ဆုံးပြီး မုဆိုးမ ဖြစ်သူ မိခင်နဲ့ ပထွေး ရှိနေပြီ။ မောင်မိုးနှင်း ပထွေးဟာ မြန်မာစာပေ ကျမ်းဂန်တွေကို လိုက်စားသူမို့ သူ့ပထွေးရဲ့စာတွေကိုဖတ်ရ၊ မသိတာတွေကို မေးမြန်းခွင့် ရသမို့ စာပေ ကျမ်းဂန်တွေ နှံ့စပ်လာခဲ့ရတယ်။ မိခင်ကလည်း ပုံတိုပဋ္ဌ်စ ရယ်စရာမောစရာတွေ အပြောကောင်းသူဖြစ်လို့ ဟာသဉာဏ် အမွေရခဲ့တယ်လို့ “ပီမိုးနင်း၏ ပီမိုးနင်း”  စာအုပ်မှာ ရေးသားခဲ့တယ်။ ပထမ ကမ္ဘာစစ်ဖြစ်အပြီး ရန်ကုန် အလုံ ဗက်ပတစ်ကျောင်းမှာ လက်တင် ဘာသာသင် ဆရာ ၀င်လျှောက်တော့ မောင်ကျော်ညွန့် အမည်ဟာ မြန်မာနာမည်မို့ အလုပ်မခန့်နိုင်ဘူး ဆိုတယ်။ ဒါကြောင့် ခရစ်ယန် ကျောင်းတက်တုံးက Philip အမည်ရှေ့က ပီနဲ့မိုးနှင်းကို ပေါင်းပြီး ပီမိုးနင်း နာမည်နဲ့မှ အလုပ်ရတယ်။ နောင်မှာတော့ ဒီနာ မည်ကိုပဲ ကလောင်အမည်သုံးတော့တာပါ။ ပိုက်ဆံကြီး၊ လူမင်း၊ မောင်ကျော်နာမည်တွေနဲ့လည်း ၀တ္ထုတွေ ရေးခဲ့တယ်။

● ပီမိုးနင်း ဘ၀အထွေထွေ
ဆရာကြီး ပီမိုးနင်းဟာ ကျောင်းဆရာ၊ စာရေးနဲ့ လယ်သမား လုပ်ခဲ့ဘူးတယ်။ ပီနန်ကောလိပ်မှာ သင်ခဲ့တဲ့စာတွေကိုစုပြီး တက္ကဗေဒကျမ်း ပြုစုဘူးတယ်။ ဒီကျမ်းစာအုပ်ကတော့ မရောင်းချခဲ့ရပါ။ ရန်ကုန် ဟံသာဝတီပုံနှိပ်တိုက် ဘာသာပြန်အလုပ် လုပ်ရာကစပြီး စာပေလောကကို ၀င်ခဲ့တယ်လို့ဆိုတယ်။ ပီမိုးနင်းဟာ ဗုဒ္ဓ၀ါဒကို လေ့လာရင်း လယ်တီဆရာတော်ဆီမှာ သင်္ကန်းဝတ်ဖူးတယ်။ သုံးဆယ်မှာ ကျောင်းဆရာလုပ်တုန်း လူရိုက်မှုနဲ့ ထွက်ပြေးရင်း ဓမ္ဘီမြို့သူ မစိန်တင့်နဲ့ အိမ်ထောင်ကျခဲ့တယ်။ သားသမီး ၃ ဦး ထွန်းကားတယ်။ ပညာ့အလင်းသတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလသတင်းစာ တို့ မှာ လုပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့ ချောင်ချောင်လည် မရှိခဲ့။ ဗန္ဓုလသတင်းစာ ပျက်ချိန် က၀ိတံခွန်၊ က၀ိမျက်မှန်၊ ဗြိတိသျှဘားမားနဲ့ ဒဂုန် မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေရေး ရပ်တည်ခဲ့တာပေါ့။ ပဲရော့ဦးဆန်နီ လမ်းညွှန်ဂျာနယ်ကိုလည်း ဦးစီး ထုတ်ခဲ့သူပါ။ စာရေးတာနဲ့ မစားလောက်လို့ ဆေးဖေါ်ရောင်း၊ ရွေအတုလည်း လုပ်ရောင်းပေမဲ့ မစားလောက်ခဲ့ ဘူးလို့ဆိုတယ်။ ဒါပေမဲ့ စာရေးတဲ့ အလုပ်ကိုတော့ ဇွဲသန်ခဲ့သူလို့ပြောရမယ်။ မချောင်လည်တဲ့ကြားက ၀တ္ထု၊ ဆောင်းပါးတွေကို မဂ္ဂဇင်း၊ ဂျာနယ်တိုက်တွေဆီ ရေးပို့ ခဲ့တယ်။ ဒါပေမဲ့ စာမူခ ကောင်းတဲ့ခေတ် မဟုတ်လို့ မွဲသာ မွဲနေခဲ့ရပါတယ်။ ပိုဆိုးတာက အားကိုးရတဲ့ သားမောင်ကျော်စိုးဟာ ဓါးထိုးခံရလို့သေခဲ့သလို ဇနီးကလည်း သားစိတ်နဲ့ဆုံးပါးပြီးနောက် သူကိုယ်တိုင်လည်း လေဖြတ်သွားခဲ့တယ်။ ရန်ကုန်မှာ မရပ်တည်နိုင်တဲ့အဆုံး သုံးဆယ်ပြန်ရမလို ဖြစ်ချိန် စာရေးဆရာဇေယျ၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့  အထောက်အပံ့ပေးလို့ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။ မြန်မာ့အလင်း သတင်းစာအတွက် ဆောင်းပါးတွေ ရေးသားနေတုန်း ၁၃၀၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုပ် ၁၀ ရက်၊ (ခရစ်နှစ် ၁၉၃၉ ဒီဇင်ဘာ ၅ ရက်) မှာ စက်ဘီးတိုက်ခံရပြီး ဆေးရုံတင်ထားရာက ၁၃၀၁ ခုနှစ် နတ်တော်လဆုပ် ၁၂ ရက် (ခရစ်နှစ် ၁၉၄၀ ခု ဇန်န၀ါရီ ၆ ရက်) မှာ ကွယ်လွန်ခဲ့ပါတယ်။ အခု ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်မှာ ပီမိုးနင်း ကွယ်လွန်ခြင်း ၇၆ နှစ်မြောက်ပါ။

● ပီမိုးနင်း ရေးသားခဲ့တဲ့ စာအုပ်တွေ
ဆရာကြီးဟာ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကြီးပွားတိုးတက်ရေးနဲ့ လူမှုဘ၀ အကြောင်းစုံ ၀တ္ထု၊ ကျမ်း၊ ဆောင်းပါးပေါင်းစု စသဖြင့် စာအုပ်တွေ ရေးခဲ့တာပါ။ ရှာလို့ဖွေလို့ တွေ့သမျှ ကျမ်းပေါင်း ၄၅ ကျမ်း၊ ၀တ္ထုစာအုပ် ၄၆ အုပ်၊ စုစုပေါင်း ၉၁ အုပ် ကို ဆရာကြီး ရေးသားခဲ့တာလို့ ပြောရပါမယ်။ ဒါတွေကတော့

( ပီမိုးနင်း၏ ကျမ်းများ )

၁။ လောကီလမ်းပြ နိသျှ (မောင်ကျော် ကလောင်အမည်နဲ့ ရေး)
၂။ အင်္ဂလိပ်လမ်းပြ နိသျှ (မောင်ကျော် ကလောင်နဲ့ ရေး)
၃။ လက်တွေ့ကြီးပွားရေးကျမ်း
၎။ ကမ္ဘာ့မင်တံ
၅။ သခင်စိတ်
၆။  ကမ္ဘာ့အလင်း (လူမင်း - အမည်နဲ့ ရေးသားခဲ့)
၇။ ထူးချွန်ရေး
၈။ သားဂုဏ်ရည်
၉။ သမီးဂုဏ်ရည်
၁၀။ မိန်းမစိတ်
၁၁။ လူပျို့ကြေးမုံ
၁၂။ အပျို့ကြေးမုံ
၁၃။ ကာမသိဒ္ဓိ
၁၄။ မနောသိဒ္ဓိ
၁၅။ စိတ်ပညာ
၁၆။ ကြီးပွားချမ်းသာရေး
၁၇။ ကိုယ့်ဒူးကိုယ်ချွန်
၁၈။ လူမှုရေးရာ
၁၉။ အာဂလူ
၂၀။ အချစ်လမ်းညွှန်
၂၁။ အချစ်သျှတ္တရ
၂၂။ တက်လမ်း
၂၃။ ဣစ္ဆာသယ
၂၄။ ၀တ္ထုသတင်းစာရေးနည်း
၂၅။ အရင်းမစိုက် လှေထိုးလိုက်
၂၆။ တကယ့်လူချွန်
၂၇။ စကားပြောနည်း
၂၈။ ကြီးပွားချမ်းသာသော စိတ်ပညာ
၂၉။ လောကမျက်မှန်
၃၀။ လူစွမ်းလူစ
၃၁။ ဟန်ကျပန်ကျ
၃၂။ တိုးတက်ရေး လက်စွဲ
၃၃။ ထိပ်ဆုံးကလူ
၃၄။ ကုန်သည် အိတ်ဆောင်
၃၅။ မသိသူကျော်သွား
၃၆။ သိသူဖေါ်စား
၃၇။ အချစ် ဖြတ်လမ်း
၃၈။ ပီမိုးနင်းနီတိ
၃၉။ ငွေကလောင်ကျမ်း
၄၀။ အစ္စလာမ်အလင်းပြကျမ်း
၄၁။ နောလိခ်ျစာစောင်များ
၄၂။ အင်္ဂလိပ်သဒ္ဒါ ဖြတ်လမ်း
၄၃။ အင်္ဂလိပ်ပြောသော အင်္ဂလိပ်စကား
၄၄။ ပီမိုးနင်း၏ ပီမိုးနင်း
၄၅။ နိုင်ငံရေး အခြေပြုကျမ်း

(ပီမိုးနင်း ၀တ္ထုများ )

၁။ ပင်လယ်ကူး ဓါတ်ပုံ
၂။ ဘီအေမောင်တင့်နှင့် ကခြေသည်မယ်မြင့်
၃။ ခင်ထား ( မောင်ကျော် - အမည်နဲ့ရေးခဲ့တယ်)
၎။ နေရီရီ
၅။ ပွဲစားကြီးသားအဖနဲ့ မြမြ ( ပိုက်ဆံကြီး - ကလောင်အမည်နဲ့ ရေးခဲ့)
၆။ ပွဲစားကြီးဂရာရွတ်ကို မြားဂျွတ်သောချစ်ချစ်
၇။ နေညိုညို
၈။ ဟေမ၀န်ဘွေ
၉။ တကိုယ်တော်
၁၀။ သဲမြညှာ
၁၁။ တနိုင်ငံ မြိုင်ယံခြား
၁၂။ ချစ်ပန်းနွယ်
၁၃။ ယောက်ျားကောင်း သုံးယောက်
၁၄။ ကျွန်းငွေသောင်ယံ
၁၅။ တဖြစ်လဲ
၁၆။ ကျားကြီးရာဇာ
၁၇။.တခုလပ်နှင့်တလင်ကွာ
၁၈။ လူမိုက်ကြီး
၁၉။ မယ်ယက္ခ
၂၀။ ၀င်္ကဘာကံ
၂၁။ တို့တောင်ပေါ်
၂၂။ တက်လူတွေ
၂၃။ ကြုံလေဘုံဘွေ
၂၄။ နဖူးစာ
၂၅။ ရေနတ်သူ
၂၆။ အံ့သြဖွယ်
၂၇။ မျိုးချစ်
၂၈။ မျိုးချစ်လက်ျာ
၂၉။ စိုးပါနှင့်မေ
၃၀။ ကျုပ်အသက်ကလေး
၃၁။ ၀ါသနာ
၃၂။ သွေးဆောင်ခြင်း
၃၃။ မိတ်ဆွေနှင့် ရီးစား
၃၅။ ၀ါးရမ်းပြေး
၃၆။ သင်းတို့အကြံ
၃၇။ လူလား နတ်လား ကုမ္ဘာန်လား
၃၈။ ချစ်တဲ့မယား
၃၉။ ရွှေဖူးစာကံဆော်စီမံသွင်း
၄၀။ ငါ့သမီး
၄၁။ တို့ဘာသာ
၄၂။ တို့ဘာသာ
၄၃။ မှော်ဘုရင်
၄၄။ စာရေးဆရာ
၄၅။ သူရဲကောင်း သုံးယောက် (ဘာသာပြန် - ပထမပိုင်း)
၄၆။ ပီမိုးနင်းဝတ္တုတိုများ

ပီမိုးနင်း ဆိုတဲ့ စာရေးဆရာ ၁၉၁၇ ခုနှစ်မှာ နာမည် ရစပြုလာတယ်။ ၁၉၁၈ ခုနှစ်မှာ ပီမိုးနင်း ကို စာဖတ်သူတွေ တော်တော့်ကို သိလာပြီပေါ့။ ၁၉၁၉ ခုနှစ် ရောက်တဲ့အခါမှာဆိုရင်တော့ ပီမိုးနင်း နာမည်ဟာ ဟိုးဟိုးကျော်နေပါပြီ။ ဒီလို နာမည်ကျော်ခဲ့သူ ဆရာကြီးဟာ ကွယ်လွန်ချိန်တိုင် ဆင်းရဲကြပ်တည်းခဲ့ပေမယ့် ချမ်းသာဖို့ အတွက် စာရေးခဲ့သူတော့ မဟုတ်ပါ။ တိုင်းပြည်နဲ့ စာပေလောကအပေါ် သစ္စာရှိသူလို့ခေတ်ပြိုင် စာရေးဆရာတွေက သတ်မှတ်ခဲ့ကြတယ် မဟုတ်လား။ အဲ့ဒီခေတ်က နိုင်ငံရေး အချောင်သမားတွေ ကိုလည်း သူ့ကလောင်စွမ်းနဲ့ ဆော်ခဲ့ နှက်ခဲ့တယ်လို့သိရပါတယ်။ ကြုံလို့ပြောရရင် ဆရာ မောင်သန်းဆွေ (ထားဝယ်)က

စာရေးဆရာ ၂ မျိုးရှိကြောင်း ရေးခဲ့ဘူးတာ သတိရမိရဲ့။ အမြဲတမ်းစာရေးဆရာနဲ့ အချိန်ပိုင်းစာရေးဆရာ ဆိုပဲ။ ဒီလိုတွက်ကြည့် ရင် ပီမိုးနင်းက အမြဲတမ်းစာရေးဆရာကြီးတွေရဲ့ တပ်ဦးမှာ အလံကိုင် ချီတက်ခဲ့သူပေါ့။

ဆရာကြီးမြသန်းတင့်ကတော့  “ ပီမိုးနင်းဟာ မြန်မာစကားပြေ အရေးအသားမှာ ရှေ့ဆောင်သူ၊ လမ်းသစ်ထွင်သူ၊ ၀တ္ထုတို မှာလည်း နောက်က စာရေးဆရာတွေကို လမ်းပြသူ၊ ခေတ်သစ် ၀တ္ထုတို ရေးနည်းကို ပီမိုးနင်းက စခဲ့တာ” လို့ ရေးသားခဲ့ ဘူးတယ်။

ဆရာကြီး လူထုဦးလှကလည်း  “ပီမိုးနင်းဟာ သာမန်အကြောင်းအရာ ရိုးရိုးကလေးကို ဖတ်ကောင်းအောင်၊ လူစိတ်ဝင်စား အောင် ရေးတတ်တဲ့ ဖက်မှာတော့ ရှာမှရှားလို့ဆိုရပါမယ်။ ” လို့ ပြောခဲ့ဘူးပါတယ်။

ကျနော့် အနေနဲ့ကတော့ ပီမိုးနင်းရဲ့ နေရီရီဝတ္ထုကို စဖတ်ရာက တခြားစာအုပ်တွေကိုလည်း ဖတ်ခဲ့မိသူပါ။ ဒါကြောင့် နေရီရီ ၀တ္ထုထဲက အားသစ်ခွန်သစ် ဖြစ်စေမဲ့ စာသားလေးတွေကို အောက်မှာ ကောက်နှုတ်ဖေါ်ပြ လိုက်ပါတယ်။   

“- လောက၌ ကျန်းမာခြင်း၊ ဖြောင့်မှန်ခြင်း၊ ၀ီရိယရှိခြင်း၊ ခြွေတာခြင်းဟူသော လက်နက်သုံးပါး ရှိကြသူတို့  သည် ကံကြမ္မာကို အစိုးရသူများ ဖြစ်ကြသည်။ ၄င်းတို့ ကြီးပွားဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာတခုသာလို၏။ ထိုပညာကို လုံလောက်စွာ မရသေးမီ အနည်းငယ် ဆင်းရဲခြင်းများသည် အမြဲ မလွတ်နိုင်အောင် ချည်ထားသော သံကြိုးများ မဟုတ် သဖြင့် မကြာမီ လွတ်မြောက်ရမည် မလွဲဧကန် ဖြစ်လေ၏။ အသက်မွေးရာမွေးကြောင်း ပညာများမှာလည်း မည်သည့် ပညာမဆို သုံးနှစ် ငါးနှစ်မျှ သင်လျှင် ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းနိုင်လေသည်။  -  ” (ပီမိုးနင်း၊ နေရီရီ  ၀တ္ထုမှ)

အဆုံးသတ်ရရင် ကွယ်လွန်ခဲ့တာ ၇၆ နှစ်ကြာပြီဆိုပေမယ့် ဆရာကြီး ပီမိုးနင်းရဲ့ အယူအဆ၊ အတွေးအခေါ်၊ အရေးအသား တွေကတော့ ဒီနေ့အထိ ခေတ်မီဆဲ မဟောင်းနွမ်းသေးဘူးလို့ ပြောနိုင်ပါမယ်။ ဒီအချက် ဟုတ်မဟုတ်ကိုတော့ ဆရာကြီးပီမိုး နင်းရဲ့ စာပေလက်ရာတွေကို ပြန်ဖတ်ကြည့်ကြပါလို့သာ ပြောပါရစေ။ ။

ကိုးကား -
၁။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ - စာပေဗိမာန်
၂။ နေရီရီ ၀တ္ထု (စိတ်ကူးချိုချိုစာအုပ်တိုက်)
၃။ ပီမိုးနင်းဝတ္ထုတို ၁၀၀ (ဓူဝံစာအုပ်တိုက်)
၎။ ပီမိုးနင်း ရဲ့ ပီမိုးနင်း (မိုးကျော်စာပေ)