ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) ● ကားပေါ်မှာ ကားပေါ်မှာ

ကျော်မောင်(တိုင်းတာရေး) ● ကားပေါ်မှာ ကားပေါ်မှာ
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၇

၂၀၁၆ ခုနှစ်ဖြစ်တဲ့ မနှစ်က သင်္ကြန်မကျခင် ရန်ကုန်ရောက်တုန်းရောက်ခိုက် စာအုပ်ဆိုင်တွေရှိရာ လှည်းတန်းတ၀ိုက် ခြေဦး လှည့်မိပြီးတဲ့နောက် အိမ်ပြန်ဖို့အတွက် ဘတ်စ်ကားမှတ်တိုင်ရှိရာကို လူကူးကုံးကျော်တံတားကနေ ဖြတ်ကူးခဲ့ပါတယ်။ ည ခုနစ်နာရီဝန်းကျင်ရှိပါပြီ။ အမှောင်ရိပ်ကျနေတဲ့ လှေကားထစ်တွေကို ကုံးကျော်တံတားအတက်အဆင်းမှာ ခြေလှမ်းတွေ ခြေမချော်အောင် သတိထားလှမ်းဖြစ်ပါတယ်။ ဘတ်စ်ကားစီးပြီးသွားရမယ့်နေရာက အင်းစိန်ပန်းခြံမှတ်တိုင်။ ညစာကလည်း မစားရသေး။ အိမ်ရောက်မှ တ၀ကြီးစားမယ်လို့ စိတ်ထဲမှာ ခဲထားလိုက်ပါတယ်။

မီးပွိုင့်စိမ်းရာကနေ မောင်းထွက်လာကြတဲ့ ဘတ်စ်ကားများဟာ မှတ်တိုင်လို့ ဆိုရမယ့် နေရာကို သူ့ထက်ငါ ဦးအောင် ရပ်ကာ ခရီးသည်ကို အပြိုင်အဆိုင်ခေါ်ကြပါတယ်။ လိုင်းကားစီးခရီးသည်တွေဟာ ကားအတက်အဆင်းလုပ်တဲ့ တံခါးပေါက် ရဲ့ သံတိုင်လက်ကိုင်ကို ညာဖက်ကကိုင်ကာ တဖြည်းဖြည်းရွေ့နေတဲ့ကားတွေပေါ် ကားစပယ်ယာရဲ့ အကူအညီနဲ့ စွေ့ကနဲ စွေ့ကနဲ တက်သွားကြတာ မြင်မိပါတယ်။ လျင်မြန်ဖျတ်လတ်တဲ့ ကားစီးခရီးသည်တွေကို စိတ်ထဲမှ ချီးကျူးမိပါတယ်။ တချို့ ခရီးသည်များဆို ကားဘီးအတော်လေးလှိမ့်နေတဲ့အချိန်မှာတောင် အသာလေးခုန်တက်နိုင်ကြတာတွေ့ရပါတယ်။

မီးပွိုင့်သုံးခါလောက် စိမ်းပြီးတဲ့အခါမှာမှ စီးရမယ့် ယာဉ်လိုင်းနံပါတ်ရေးထားတဲ့ဘတ်စ်ကားက ဆိုက်လာပါတယ်။ ကားဘီး လေးဘီးစလုံး ကတ္တရာလမ်းပေါ် ရပ်နေတုန်းမှာမှ ကားပေါ်တက်ခဲ့တာဖြစ်ပါတယ်။ ကားတက်ကားဆင်း ကျွမ်းကျင်သူ အဆင့်ကနေ လေ့ကျင့်မှုအား နည်းသွားတဲ့အတွက် ပညာသင်ဘ၀ကို ပြန်ရောက်သွားပြီဆိုတာ သိလိုက်ရတဲ့အခြေအနေပါပဲ။ ဒါမျိုးကလည်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ်နေမှ တစတစတိုးတက်လာတဲ့ ပညာရပ်တရပ်ဖြစ်ပါတယ်။ နေရာလွတ်တွေ လည်း ရှိတဲ့အတွက် ကားပေါ်တက်ပြီး နှစ်ယောက်တွဲခုံက လွတ်တဲ့ဖက်မှာ ထိုင်လိုက်ပါတယ်။ ပြတင်းပေါက်ဘက်မှာက လူငယ်တစ်ယောက်ထိုင်နေပြီး ဖုန်းမှာ နားကြပ်လေးတပ် သီချင်းနားထောင်ကာ ငြိမ့်နေပုံရပါတယ်။

ရန်ကုန်အမြန်ယာဉ်လို့ ခေါ်တဲ့ လိုင်းကားတွေနောက်ကနေ ခြေနင်းခုံမှာ ခြေထောက်တဖက်စာ ခြေချဖို့နေရာရယ်၊ လက်တဖက်စာ တွယ်ဖို့နေရာရရင်ကိုပဲ ဟိုးတစ်ချိန်တစ်ခါတုန်းကဆို အကြောက်အရွံ့မရှိ ပျော်ပျော်ကြီး တွယ်စီးခဲ့ဖူး တာဖြစ်ပါတယ်။ အတွယ်တွေ ခေါင်းလေးတွေ ငုံ့မယ်လို့ ယာဉ်နောက်လိုက် (ခေါ်) ကားစပယ်ယာက သတိပေးရင် ဒူးလေး တွေကွေးပြီး ကားခေါင်မိုးမကျော်အောင် ခေါင်းလေးတွေ ငုံ့ကာ ယာဉ်ထိန်းရဲရဲ့ ဖမ်းဆီးခံရမှုက လွတ်အောင် ကြံဆောင်ပေးခဲ့ တာကလည်း အတော်ဟုတ်လှပြီလို့ အထင်ရောက်စေခဲ့ပါတယ်။

လှည်းတန်းမှတ်တိုင်က မထွက်ခင်မှာဘဲ ဘယ်ဖက်ကြောရှိ လိုင်းကားတစ်စီးက မှတ်တိုင်ဝင်ရပ်ဖို့ ပြင်ပါတယ်။ အဲဒီကားပေါ် က ယာဉ်နောက်လိုက်ရဲ့ သူ့ကားဆရာကို လှမ်းပြောလိုက်တဲ့စကားကိုကြားမှ ကိုယ်စီးနေတဲ့ကားကို ခေါ်တာမှန်း ပြန်အမှတ်ရမိပါတယ်။ ယာဉ်နောက်လိုက်ပြောတာက “ဆွဲဆရာရေ့  ဂေါ်ဆယ်ကို ကျော်မယ်”ဆိုတာ ဖြစ်ပါတယ်။ ဆွဲဆရာရေ့ ဆိုတာတို့၊ ဂေါ်ဆယ် ဆိုတာတို့၊ ဗိုက်ပူ ဒါမှမဟုတ် ချက်ကြီး ဆိုတာတို့ စသည်ဖြင့် နှစ်အတော်ကြာကြာ ရှိနေကြ၊ သုံးနေကြတဲ့စကားလုံးတွေကိုစုပေါင်းကာ လိုင်းကားဝေါဟာရများဆိုပြီး ပြုစုကြဖို့ကောင်းပါတယ်။ နောက်ပိုင်းဆို ဒီထက်ပိုပြီး မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝေါဟာရအသစ်တွေ ထွန်းကားလာမယ်လို့ တွေးမိပါသေးတယ်။

မှတ်တိုင်ကနေ ကားထွက်ထွက်ခြင်းမှာပဲ ယာဉ်နောက်လိုက်က ကားစီးခ လိုက်ကောက်ပါတယ်။ ဟိုးတစ်ချိန်တုန်းက ကားစီးတဲ့အခါ ကားစီးခအတွက် ပိုက်ဆံပေးလိုက်ရင် လက်မှတ်လို့ ခေါ်တဲ့ ဘောက်ချာစာရွက်လေးကို ယာဉ်နောက်လိုက်က ပြန်ပေးပါတယ်။ “ကားခတွေ လှမ်းပါဦး” လို့ အခုလိုမပြောကြပါ။ “ကားလက်မှတ်လေးတွေ ၀ယ်ကြပါ” လို့ ပြောပါတယ်။ ကားစီးခ ပေးပြီးမပြီး ခရီးသည်ဆီမှာ လက်မှတ်ရှိ မရှိ ဆိုတာကို ကြည့်ပြီး အကဲခတ်ကြပါတယ်။

ကြုံဖူးတာမှာ ယာဉ်နောက်လိုက်မလိုတဲ့ ဘတ်စ်ကားပေါ်တက်တဲ့အခါ ယာဉ်မောင်းရှိတဲ့ အရှေ့တံခါးပေါက်က တက်ရတယ်။ ယာဉ်မောင်းကို “Bus Captain” လို့ အဲဒီအရပ်ဒေသမှာ ညွှန်းကြပါတယ်။ အရှေ့ဘက်တံခါးပေါက် တက်တက်ချင်းမှာ ကတ်ကို စက်ရှေ့မှာ ထားလိုက်ရ တင်လိုက်ရတယ်။ ဒါကို “Tapping” လုပ်တယ်လို့ ခေါ်ကြပါတယ်။ အသံမြည်သွားတယ်။ အသံမြည်သွားတာက အခြားတစ်ဖက်မှာ ရှိတဲ့ Bus captain  ကြားနေရအောင် ဖြစ်ပါတယ်။ ကတ်မပါတဲ့သူ၊ ကတ်ထဲမှာ ပိုက်ဆံမရှိတဲ့သူတွေအတွက် ကားခဖိုး အကြွေထည့်တဲ့ခွက်ရှိပါတယ်။ ကျသင့်သလောက်ကို ကားကပ္ပတိန်မျက်စိရှေ့ မှောက်မှာ ထည့်လိုက်ရပါတယ်။

ဆင်းရမယ့်နေရာရောက်လို့ ကားပေါ်က မဆင်းခင်မှာ ကတ်ကို စက်ရှေ့မှာ ထားလိုက်ရပြန်ပါတယ်။ ကားစီးခ ကျသင့်ငွေကို ကတ်ထဲက နုတ်သွားပါတယ်။ ကားပေါ်တက်စဉ်က “Tapping” မလုပ်ထားခဲ့ဘဲ ကားပေါ်ကဆင်းတဲ့အခါမှ “Tapping” လုပ်မိရင် အဲဒီခရီးသည်ကို Bus Captain ဆီကို သွားပါလို့ စက်က စာတန်းပြပါလိမ့်မယ်။ တနည်းအားဖြင့် ကားခ ပေးဖြစ်အောင် လုပ်ထားတဲ့ သဘောပဲဖြစ်ပါတယ်။

ခရီးသည်များလို့ တက်လာတဲ့ခရီးသည်တွေထဲမှာ ကတ်ကို စက်ပေါ်မတင်ဘဲ ကားခခိုးစီးတယ်လို့ “Bus Captain” က သံသယရှိရင် အဲဒီ သံသယဖြစ်ခံရသူ ခရီးသည်ကို ကတ်သုံးပြီး မပြီး၊ ကတ်ဖတ်စက်ပေါ် တင်ပြီး မပြီး မေးနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လက်မှတ်စစ်လိုမျိုး ကတ်စစ်တဲ့သူတွေ ကားတွေပေါ် တက်လာပြီး သူတို့မှာပါလာတဲ့ ကတ်စစ်ကိရိယာစက်လေးနဲ့ စစ်ဆေးကြပါတယ်။ ကားခလို့ပြောလို့ရတဲ့ ကားစီးကတ်ပြားကို မသုံးဘဲ ဘတ်စ်ကားခိုးစီးတဲ့ခရီးသည်တွေ၊ အကြွေစေ့ထည့်မစီးတဲ့ ခရီးသည်တွေကို စစ်ဆေးတွေ့ရှိရင် ဒဏ်ကြေးခပ်များများရိုက်ခြင်းဖြင့် မှတ်လောက်သားလောက်အောင် ဖြစ်သွားစေပါတယ်။

တွေးမိတာလေးတစ်ခုက ကားခိုးစီးဖို့ သိပ်မဖြစ်နိုင်တဲ့ အခြေအနေရောက်နေတာတောင် ဘာကြောင့်များ ဒီကတ်ပြားစစ်တဲ့ ဆိုင်ရာဝန်ထမ်းတွေ ဘတ်စ်ကားစီးပြီး လိုက်စစ်သလဲဆိုတာကိုပါ။ နောက်ပိုင်းမှ ဒါဟာ သူတို့တွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ရှိတယ်၊ တွေ့ရှိရင် ပြင်းပြင်းထန်ထန် ဒဏ်ငွေရိုက်ရုံမက ကားခိုးစီးသူဟာ တခြားခရီးသည်တွေရှေ့မှာ အရှက်ရစေတယ်ဆိုတဲ့ အသိကို သိစေလိုလို့များလား ဆိုပြီး တွေးမိပါတယ်။

တစ်ခေါက်မှာ ခရီးသည်များများစားစားပါမလာတဲ့ ဘတ်စ်ကားဟာ ခရီးသည်ထပ်တင်ပြီးတဲ့အခါ မှတ်တိုင်က မထွက်ဘဲ ကားကပ္ပတိန်က ကားမောင်းနေတဲ့ထိုင်ခုံနေရာကနေထလာပြီး ဘတ်စ်ကားနောက်ဘက်ပိုင်းကို လျှောက်သွားပါတယ်။ ကားကပ္ပတိန်က အမျိုးသမီးပါ။ ကားမောင်းတဲ့အခါ နေကာမျက်မှန်တပ်ပြီး စတိုင်ကျကျနဲ့ မောင်းလေ့ရှိပါတယ်။ သူက ကားနောက်ဆုံးခုံမှာ ထိုင်နေတဲ့ လူငယ်တစ်ယောက်ကို ကားစီးခ ပေးတဲ့ ကတ်ပြား မသုံးရသေးကြောင်း၊ “Tapping” မလုပ်ရသေးကြောင်း အေးအေးဆေးဆေး သွားပြောတာဖြစ်ပါတယ်။ ပြီးမှ ကားမောင်းတဲ့ထိုင်ခုံမှာ ပြန်ထိုင်ပါတယ်။ ကားမထွက်သေးပါ။ ခရီးသည်အားလုံး ၀ိုင်းကြည့်ကြတဲ့အတွက် ဟိုလူငယ်လည်း ကတ်ပြားကို စက်မှာ သွားတင်လိုက်ရပါတယ်။ တီ ဆိုတဲ့ အသံကြားမှ ကားကိုမောင်းပါတယ်။

ပြန်ဆက်ရရင် ကားက လှည်းတန်းမှတ်တိုင်ကနေ ထွက်လာပါတယ်။ ကျောပိုးအိတ်ကို ထိုင်နေတဲ့ ထိုင်ခုံရှေ့ ကြမ်းပြင်က ခြေထောက်နှစ်ချောင်းကြားမှာ ညှပ်ထားလိုက်ပါတယ်။ မတ်တပ်ရပ်စီး ခရီးသည်က ငါးယောက်ခြောက်ယောက်လောက်ပဲ ရှိတဲ့အတွက် ကားချောင်တယ်လို့ ပြောနိုင်ပါတယ်။ မတ်တပ်ရပ်စီးနေတဲ့ လူငယ်တယောက်က ကျောပိုးအိတ်ကို ကျောမှာ ပိုးထားလျက်သားပါ။ ကားပေါ်မှာ ကားစီးတဲ့အခါ ကျောပိုးအိတ်တွေကို ကိုယ့်အောက်တည့်တည့် ကားကြမ်းပြင်မှာ ချထားတာဟာ ကိုယ့်အတွက်ရော၊ တခြားခရီးသည်တွေအတွက်ရော အဆင်ပြေစေပါတယ်။

ကိုယ့်အတွက်အဆင်ပြေစေတယ်ဆိုတာက ကျောပိုးအိတ်လွယ်ထားတဲ့အခါ ကျောပိုးအိတ်ထဲမှာ ထည့်ထားတဲ့ကွိစိကွစတွေပေါ်မူတည်ပြီး အဲဒီကျောပိုးအိတ်ကို ထမ်းထားရတာပဲဖြစ်တယ်။ ကားပေါ်မှာ မတ်တပ်ရပ်စီးရတဲ့အခါ ကြာလာရင် ပုခုံးနာတတ်၊ ခါးနာတတ်၊ ခါးညောင်းတတ်ဖြစ်တတ်ပါတယ်။ နောက်တစ်ခါ လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ နောက်ဘက်ကို မမြင်နိုင်တာကလည်း အန္တရာယ်များလှပါတယ်။

တခြားခရီးသည်တွေအတွက်ဆိုတာကတော့ ကျောပိုးအိတ်ကြီး တလွယ်လွယ်နဲ့ လူတစ်ယောက် ကားပေါ်မှာ ရှိနေရင် ဟိုလူ့ထိ ဒီလူ့ထိနဲ့ ကားစီးရတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာပါပဲ။ အဲဒီအတွက် ကျောပိုးအိတ်ကို မလွယ်ဘဲ ကိုယ့်ရှေ့အောက်တည့်တည့်မှာ ချထားလိုက်တာ အကောင်းဆုံးပါပဲ။

ဒါနဲ့ပတ်သက်လို့ တွေ့ဖူးကြုံဖူးတာက မီနီဘတ်စ်လိုင်းကားတစ်စီးပေါ်ကို နိုင်ငံခြားသားခရီးသည်တစ်ယောက် တက်လာတဲ့အခါမှာပေါ့။ သူ့ကျောပိုးအိတ်ကို ကားပေါ်မတက်ခင်ကတည်းက လက်ကကိုင်လာပြီး ကားပေါ်ရောက်တဲ့အခါ ကားကြမ်းပြင်ဆီ ချလိုက်တာတွေ့လိုက်ပါတယ်။ ပြီးတော့ ကျောပိုးအိတ်ကို သူ့ခြေထောက်နှစ်ဖက်နဲ့ ညှပ်ထားလိုက်ပါတယ်။ ဂျပန်လူမျိုးလို့ ထင်ပါတယ်။ အဲဒီအခါ ကျောပိုးအိတ်က တခြားခရီးသည်တွေအတွက် စိတ်အနှောက်အယှက် မဖြစ်စေတဲ့အပြင် သူ့အတွက်ကလည်း မတ်တပ်ရပ်စီးတဲ့အခိုက် ပေါ့ပေါ့ပါးပါးဖြစ်သွားတာ တွေ့လိုက်ရပါတယ်။ ဘတ်စ်ကားကြမ်းပြင်တော့ သန့်စင်နေဖို့ လိုတာပေါ့လို့လည်း အခုအခါမှာ တွေးမိပါတယ်။

လူကြီးတစ်ယောက်ပြောခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ကားစီးနေရင်းနဲ့ သွားသတိရမိပြန်ပါတယ်။ သူ တက္ကသိုလ်တက်တုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုလို့ပြောပါတယ်။ အင်္ဂလိပ်ဘာသာရပ်မှာ အက်ဆေးရေးရတဲ့အခါ “On the bus” ဆိုတဲ့ ခေါင်းစဉ်နဲ့ အက်ဆေးရေးရတယ်။ အကောင်းဆုံးအက်ဆေးတစ်ပုဒ်ကို အတန်းထဲမှာ ဆရာက ပြန်လည်ဖတ်ပြပါတယ်။ အက်ဆေးထဲမှာ ရေးထားတာတွေက ကားစီးခရီးသည်တွေ ကားထဲရှိနေပုံကို သရုပ်ဖော်တာတွေ ပါတယ်လို့ ပြောပါတယ်။ စာကြောင်းတစ်ကြောင်းမှာ ဘယ်လိုသရုပ်ဖော်ထားသလဲဆိုရင် “ဘတ်စ်ကားမှာ လိုက်ပါစီးနင်းနေတဲ့ ကားစီးခရီးသည်တွေဟာ စကောထဲမှာ ဆီးသီးတွေ အလှိမ့်ခံရသလို ယိမ်းထိုး လူးလှိမ့်နေကြရပါတယ်” ဆိုတာ ပါပါတယ်တဲ့။ ကားစီးတိုင်း အဲဒီသရုပ်ဖော်ရေးထားပုံ ပြောထားတာလေးကို အမှတ်ရမိပါတယ်။

ဆင်းရမယ့် ပန်းခြံမှတ်တိုင်မရောက်ခင် မီးပွိုင့်မိတဲ့အခါ ခရီးသည်တွေအတော်များများက ဆင်းချင်တဲ့အတွက် အပေါက်ဝနားမှာ ဆင်းမယ် တပြင်ပြင်ပါ။ ကားစပယ်ယာက ပေးမဆင်းပါ။ မှတ်တိုင်ရောက်မှ ဆင်းစေပါတယ်။ တစ်ချို့ခရီးသည်တွေကတော့ ပါးစပ်က ပွစိပွစိရေရွတ်ပြီး မကျေမနပ်နဲ့ ဆင်းသွားကြပါတယ်။

“ရပ်ကြီးသူတို့ ဟန်မူပိုမို” ဆိုတဲ့ “ရပ်ကြီးသူ”သီချင်းထဲက အဆိုတစ်ပိုဒ်မှာ “လှည်းပေါ်မှာ လှည်းပေါ်မှာ လှည်းပေါ်မှာ” လို့ ဆိုထားတာ ပါပါတယ်။ ခေတ်တွေပြောင်းလာတဲ့အခါ လှည်းပေါ်မှာ မဟုတ်တော့ဘဲ ကားပေါ်မှာ ဖြစ်တဲ့အတွက် မြေပေါ်ခြေချမိတာနဲ့ ညဖက်မှာ တိုက်ခတ်လာတဲ့ လေပြေအေးရဲ့ နှုတ်ဆက်မှုကို ခံစားရင်း စည်းဝါးမပါ ဆိုင်းမပါဗုံမဆင့်ပါဘဲ “ကားပေါ်မှာ ကားပေါ်မှာ ကားပေါ်မှာ” လို့ တိုးတိုးလေး သီဆိုမိပါတော့တယ်။ ဓါတ်မီးတိုင် မှိန်မှိန်အောက်မှာ ဈေးရောင်းနေသူတွေ၊ လမ်းလျှောက်နေသူတွေ၊ ကားစောင့်နေသူတွေနဲ့ အိမ်အပြန်ညဟာ ဆာလောင်မှုအပြည့်ရှိစွာပဲ လန်းဆန်းတက်ကြွနေပါတော့တယ်။