ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သင်းရည်လွင် ● လွန်ခဲ့သောနှင်း

သင်းရည်လွင် ● လွန်ခဲ့သောနှင်း
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇

တံစက်မြိတ်မှ နှင်းစက်ကျသံသည် ညဥ့်နက်ချိန်ဖြစ်၍ ကျယ်လောင်လွန်းသလိုကြားရသည်။ အေးစိမ့်မှုနှင့် အတူမြောက်ပြန် လေပါလာသဖြင့် ပို၍အေးသလို ခံစားရသည်။ အိပ်မပျော်စိတ်ကို ဆေးပေါ့လိပ်တိုဖြင့် တို့မြည်းရသည်။ ဘေးခုတင်မှာ တခူးခူးမြည်တွန်အိပ်ပျော်နေသော သူငယ်ချင်းကို မနာလိုစိတ်ဖြင့်ငေးကြည့်ရင်း အပူပင်ကင်းကင်းနေတတ်သောသူ့ကို အားကျမိသလိုဖြစ်သည်။

ဝန်းကျင်တခုလုံး နှစ်သစ်ကူးညမို့ လူငယ်တချို့ ဂီတာဝိုင်းဖွဲ့သီဆိုသံများ ဟိုသည်မှ ကြားနေရသည်။ ဆိုင်ကယ်များ အုပ်စု လိုက် ဟစ်အော်ဆူညံ မောင်းနှင်သံတွေလည်း ကြားရသည်။ လူငယ်တို့ဘဝသည် စိုးရိမ်မှုကင်းစွာ ပျော်တတ်ကြသည်။ သူ တို့အဖို့ ပျော်စရာရှာခြင်းသည်သာ ပစ္စုပန်၊ ပျော်ရွှင်ခြင်းသာ အနာဂတ်ဖြစ်သည်။

သူသည်လည်း တချိန်က လူငယ်တယောက်ဖြစ်၍ ပျော်ခဲ့ဖူးမည် ပျော်ခဲ့သည်ဟုထင်သည်။ ခုလိုရာသီကို သူအကြိုက်ဆုံးဖြစ် သည်။ နှင်းတဖွဲဖွဲအောက်လမ်းလျှောက်ရခြင်းကို သူနှစ်သက်သည်။ သူ့အတွက် စိတ်ပျက် စိတ်ရှုတ်စရာကြုံလာသည့်အခါ ခံစားရသည်တို့သည် နှင်းတို့ဖြင့် ချေဖျက်လွယ်ခဲ့သည်။

ခုဆို အိမ်နှင့်ဝေးခဲ့သည်မှာ ကြာခဲ့ပြီဟုသာ သူမှတ်ထားသည်။ သက္ကရာဇ်တွေက သူနဲ့တိုက်ဆိုင်မှုသိပ်မရှိ သူမှတ်မိသော ရက်စွဲများ ပျော်စရာခေါင်းပါးလွန်းတာတော့ သိနေသည်။ လိုအင်တွေ အမြဲပြည့်နှက်နေသော စိန်ခေါ်မှုတွေ မနာလိုမှုတွေ အတ္တတွေကြားထဲ ရှင်သန်နေသောနေ့တို့ ပျင်းစရာကောင်းလွန်းသည်။ ဘဝဆိုတာ တလှည့်စီမြင့်လိုက် နိမ့်လိုက် ချားရ ဟတ်တခုအသွင်ဖြစ်မည်။

တခါတုန်းက မြို့ကြီးတမြို့ကို မလည်မဝယ် ရောက်လာသောလူငယ်တယောက်ကို သတိရသည်။ သူ့အတွက် ကျယ်ပြော လွန်းသောနယ်ပယ်သည် သူ့အတွက် သူစိမ်းဖြစ်သည် ကြည့်မိရာ မြင်ကွင်းတိုင်း အစိမ်းဖြစ်သည်  စိတ်ပျက်ဖို့အချိန်တော့ မရှိ။ မြို့ပြသည် ကျောတနေရာစာအတွက် ခက်ခဲလွန်းသည်။ ဆွေမျိုးတွေ ရှိနေသည်ဟု ကြားဖူးသည်။ ဘယ်နေရာဆိုတာ သူ့တွင်လိပ်စာမရှိ။ အဆက်အသွယ်မရှိတာ နှစ်ပေါင်းများစွာ။

အမှန်က မြို့ပြလူမှုဆက်ဆံရေးတချို့သူလိုနယ်သားအတွက် အဆင်မပြေတာကြောင့်လည်း ဖြစ်သည်။ ဧည့်သည်တယောက် ဖြစ်ဖို့ မြို့ပြသည် အဆင်သင့်မဖြစ်။

လူခေါ်ခေါင်းလောင်းထိုးပြီး ဆယ်မိနစ်ခန့်ကြာမှ ချောင်းကြည့်ပေါက်မှာ မျက်လုံးတလုံးမြင်ရပြီးမှ တံခါးတချပ်က ခေါင်းတ လုံးထွက်လာ၊ လူကို ခြေဆုံး ခေါင်းဆုံးကြည့်၊ ပြီးတော့ ဘယ်သူဘယ်ဝါမေး တံခါးပြန်ပိတ်။  အပြင်ကလူက မတ်တပ်၊ နောက်မှ တံခါးပြန်လာဖွင့် ဘာဂျာတံခါး သော့ဖွင့်၊ လူတကိုယ်စာ ဝင်ရ၊ မောလိုက်တာ။

သူတို့လည်း အပြစ်ပြောမရ။ ခေတ်က ယုံထင်ကြောင်ထင် အကုန်လုံး လူကောင်းမဖြစ်ပေမယ့် လူဆိုးက အကုန်ဖြစ်နိုင်သည် ဆိုတော့ တဖြည်းဖြည်း လူတွေ စိမ်းကုန်တာ မဆန်း။ သည်လိုနဲ့ လူအချို့ အလွတ်သဘောရှားပါးပြီး အလုပ်သဘောဖြစ် လာ။ ဒါတောင် မမြင်ရတဲ့ဓားတွေ နောက်ကျောမှာ ဘယ်လောက်ရှိမလဲ တွေးမရ။ သည်လိုနဲ့ ကျောတနေရာစာကို ကောက် ရိုးပုံထဲ အပ်ရှာသလိုရှာရင်း နတ်သမီးမီးခြစ်ဗူးနဲ့တူသော အဆောင်တခုရဲ့အခန်းငယ်တခု ခေတ္တပိုင်ဆိုင်ရခဲ့သည်။ ဘဝတူ နေသူတွေဖြစ်သော သူငယ်ချင်းတချို့ကောက်ရသည်နှင့် တူ တူနေသေးတော့သည်။

အဆောင်သားတချို့နှင့်ရင်းနှီးလာတော့မှ ကိုယ်ခံစားနေမိသော ဝေဒနာထပ်တူကျသူတွေဆိုတာ သိလာရသည်။ ဇာတ် လမ်းပမာ နားဆင်စရာတွေ အတိတ်တွေ အလွမ်းတွေ စုံလွန်းသည်။

မနက်လင်းတာနဲ့ ကိုယ့်ဆိုင်ရာ လုပ်ငန်းတွေထွက်ခွာ၊ တချို့က ကျောင်းတစ်ဖက်နဲ့ ဝန်ထမ်းတွေ။ သည်လို ငတ်တလှည့် ပြတ်တလှည့်တွေဟာ ခုတော့လည်း ကန်ရေပြင်လို။ ဘာမှမဖြစ်ခဲ့သလို။

သို့သော် လှပသောညနေ တို့လူတယောက်ဆီမှာ ရှိနေကြောင်းကိုတော့ သတိတရရှိသည်၏။ မည်သို့ပင်ဖြစ်စေ ဒုက္ခတောထဲ ရပ်တည်နေသူတို့၏ ချစ်ခြင်းတရားပင်ဖြစ်သည်။ လက်ဖက်ရည်တခွက်ကို နှစ်ယောက်မျှသောက်၊ ဆေးပေါ့လိပ်တတိုကို မျှဖွာကြ။ ရှိတဲ့ပိုက်ဆံလေး မျှသုံးကြ။ တခါတခါ ဘဝရဲ့ဖြတ်သန်းမှုမှာ အရေးပါသောအကြောင်းအရာများ ဖြစ်သည်။ ဘယ် တော့မှ မေ့မရသောအိပ်မက်များ ဖြစ်သည်။

နှင်းတွေပြန်မြင်ရပြီ။
ဟက်ပီးနယူးရီးယားဟူသောအသံက အတွေးကို ပုတ်နှိုးသည်။ နှစ်တစ်နှစ်ကုန်သွားကြောင်း အသိပေးသံကကျယ်လောင် လွန်းသည်။ အဟောင်းတိုင်းကောင်းသည် ဆိုမရ။ အသစ်ဘယ်လောက်ကောင်းကောင်းဟု ဆိုကြပြန်သည်။ ခံစားနေသူသာ သိနိုင်သော အရာဝတ္ထုများဖြစ်သည်။ လူဆိုသည် ပုံသဏ္ဏန်အမျိုးမျိုး ဖြတ်သန်းမှုအမျိုးမျိုး အတွေ့ ကြုံအမျိုးမျိုးဖြစ်၍ အသိ လည်း မျိုးစုံလှသည်။ ကိုယ်သန်ရာပြော ကိုယ်ဖြစ်ချင်တာတွေး ကိုယ်စိတ်ကူးနဲ့ ကိုယ်ကိုယ်သာ အကောင်းဆုံး အတော်ဆုံး ယူဆသူတွေ များလွန်းသည်။ ဖြည့်စွက်တွေးပေးသူများရှိသော်လည်း နည်းမည်ထင်သည်။ အချိန်တို့ တားဆီးမရ။

ထို့အတူ စိတ်တို့လည်းထိန်းမရ။ မလိုအပ်သော အတွေးတို့ကြောင့် ပေးဆပ်ခဲ့ရသော ပေးဆပ်နေရသောဘဝများရှိခဲ့ပြီ ၊ ရှိခဲ့ ကြသည် ရှိခဲ့ပြီးပြီ။ ကိုယ်ချင်းစာနာစိတ် ပိုမိုထွန်းကားလာဖို့လိုသည်ဟု သူသဘောရမိသည်။ ငါ့စကား နွားရများ၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်များ။

တကယ်ဆို ဆင်ကြီး ဂဠုန်ချီဖြစ်သည်။ နှင်းကိုနှင်းအဖြစ်ကြည့်ဖို့ လိုပါသည်။ စပါးရော ဖွဲရောတွေမြင်နေရတာတော့ စိတ် အပျက်ဆုံးဖြစ်သည်။

စာအုပ်အသစ်တအုပ်ဖတ်မိသည်။ မနေ့ကဖြစ်သည် စာပါအကြောင်းအရာက အဟောင်းဖြစ်သည်။ သည်တော့မှ လွန်ခဲ့ သော နှစ်များစွာက ဖတ်ဖူးသောစာအုပ်ကို အသစ်ပြန်ထုတ်တာ မှတ်မိလိုက်သည်။

နေ့ရက်တို့လည်း အသစ်ပြန်ထုတ်ချင်သည်။ သို့သော် ဖတ်ပြီးသားဇာတ်လမ်းမဖြစ်ရန် လိုလိမ့်မည်။ နှစ်တစ်နှစ်ကို စာလုံး အသစ်ပြောင်းရေးလိုက်လေပြီ။

တကယ်သစ် မသစ်ရင်ခုန်နေပေအုံးတော့မည်။ အသစ်ဆိုသည် သစ်သစ်လွင်လွင် ဖြစ်ရပေလိမ့်မည်။ အဟောင်းဆိုင်မှ သစ်လိုက်သော အင်္ကျီလေးဖြစ်ချင်ခဲ့တာမဟုတ်ကြောင်း အားလုံးက ခံစားမိနေတာဖြစ်သည်။ နှင်းတော့ နှင်းပါပဲလွန်ခဲ့သော နှင်းလို့ မမြင်ချင်တာ သဘာဝကျသည်ဟု ထင်ပါသည်။ လွန်ခဲ့သောနှင်းသည် ကျွန်တော်တို့အတွက် အရောင်စုံပြီး လှပ မနေပဲ ပလီပလာများလွန်းသောကြောင့် ဖြစ်သည်။

သင်းရည်လွင်